← Chapters

တစ်ဦးတည်း အကူအညီမဲ့

Vol. 1 Ch. 111

တစ်ဦးတည်း အကူအညီမဲ့

Vol. 1 Ch. 111

ကျောင်းအုပ်ချီနှင့် ဒုကျောင်းအုပ် နှစ်ယောက်သည် ပြန်ရောက်လာခဲ့သည်။ သူတို့သည် အလောင်းများစွာကို မြင်တွေ့ရသောအခါ ဆွံ့အ သွားကြလေသည်။ သို့သော် သူတို့ သုံးယောက်သည် အခြေအနေကို မြန်မြန်ပင် ဖြေရှင်းပေး၍ ဆရာများ၊ အစောင့်များလည်း အလုပ်ရှုပ် သွားကြလေသည်။ သူတို့သည် ကျောင်းသားများကို စိတ်ငြိမ်ငြိမ် ထားရန်နှင့် အရှုပ်အထွေးများကို ရှင်းလင်းရန် အားထုတ် လိုက်ကြသည်။ သူတို့သည် ညလယ်ခန့်တွင် ကိစ္စတိုင်းကို ရှင်းလင်းပြီး သွားလေသည်။

ပြဿနာသည် တော်တော်လေး ကြီးကျယ် သွားခဲ့သည်။ စုစုပေါင်း ဆရာရှစ်ယောက်နှင့် အစောင့်ဆယ့် နှစ်ယောက်ကျော်သည် သေဆုံး သွားခဲ့ကြသည်။ ပဋိပက္ခအတွင်း သေဆုံးခဲ့သော ကျောင်းသားများမှာ အကြမ်းအားဖြင့် တစ်ရာခန့် ရှိလေသည်။ ကျောင်းအုပ်ချီသည် အချက်အလက် များကို စုစည်းလိုက်ပြီး မကြာခင်တွင် အခြေအနေ တစ်ခုလုံး မည်သို့ ဖြစ်သွားကြောင်း သိရှိ သွားလေသည်။ သို့သော် သူမ၏ ဖြေရှင်းချက်သည် ကျောင်းသားများကို စိတ်ကျေနပ်မှု မပေးနိုင်ပေ။

ကျောင်းအုပ်ချီသည် ကြေငြာချက် တစ်ခု ထုတ်လိုက်ပြီး ထိုလုပ်ကြံသူများသည် ဓားပြများသာ ဖြစ်ကြောင်း ပြောလိုက်ရသည်။ သင်တန်းကျောင်းသည် ကျောင်းသားများကို သေသေချာချာ တောင်းပန်၍ လျော်ကြေးများ ပေးရပေမည်။

ဘယ်ဓားပြတွေကများ ပုရွက်ဆိတ်တွေလို အများကြီး ထွက်လာမှာလဲ  ....   .... ဓားပြတွေရဲ့ ခေါင်းမှာ အပေါက်တွေ ဖြစ်သွားလို့လား  ....   .... သူတို့သည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာများနှင့် ကျောင်းသားများကို တိုက်ခိုက်ရဲသည်လား  ....   .... ထို့ပြင် သူတို့ကို စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် လူသုံးယောက်က ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဓားပြများ ဖြစ်သည် ဆိုစေဦးတော့ ထိုသူများသည် ဘာကိုမှ လုယက် မသွားခဲ့ပေ။ သူတို့က တမင်လာပြီး အသေခံ သွားတာလား  ....

အရေးအကြီးဆုံးသည်ကား ဓားပြ တစ်ယောက်သည် ရှန်ဝူနိုင်ငံတော် နံပါတ်တစ် ဂိုဏ်းကြီး၏ ဆက်ခံသူ သခင်လေး ကျန်းစွန်းဝူကျိအား ဓားစာခံ လုပ်သွားခဲ့သည်။ ထိုဓားပြသည် ကျန်းစွန်းဂိုဏ်း၏ လျှို့ဝှက် သက်တော်စောင့်ကိုပင် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားစေရန် ဖိအားပေးခဲ့သည်။ ဤအရာများကိုသာ ဓားပြများ လုပ်ခဲ့သည်မှန်လျှင် ထိုဓားပြအဖွဲ့သည် နယ်မြေတစ်ခွင်တွင် ကျော်ကြားပေရမည်။

မတော်တဆ ဖြစ်ရပ်သည် ကျန်းစွန်းဂိုဏ်းက ပါဝင်ကြောင်း ထင်ရှားသည်။ ဂိုဏ်းကြီး နှစ်ခု၏ အားပြိုင်မှုတောင် ဖြစ်နိုင်သေးပေသည်။ ၎င်းသည် သင်တန်းကျောင်းက  ဝင်မပါသင့်သော အရာတစ်ခု ဖြစ်သည်။ သူတို့သာ ဝင်ပါရန် ကြိုးစားလိုက်၍ ကျန်းစွန်းဝူကျိကို ဒေါသထွက်အောင် ပြုမိလျှင် အကျိုးဆက်ကို ခံစားရနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ယနေ့တွင် ကျန်းစွန်းဝူကျိသည် ရက်ရက်စက်စက် အနိုင်ကျင့် ခံလိုက်ရပေသည်။

ကျန်းရီသည် ညလယ်ခန့်တွင် သတိရလာခဲ့သည်။ သူသည် ဤတစ်ကြိမ်တွင် မည်သည့် နာကျင်မှုကိုမှ မခံစားရပေ။ သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှင့်ထား၍သာ အားနည်းနေခဲ့ခြင်း ဖြစ်သည်။ သူမျက်လုံး ဖွင့်လိုက်သောအခါ ရင်းနှီးနေသည့် မျက်နှာများစွာကို တွေ့လိုက်ရပေသည်။

ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ ဘေးတွင် ထိုင်နေခဲ့သည်။ ကျန်းရီ နိုးလာသည်ကို သူတွေ့သော အခါ သူသည် မျက်လုံး ကျဉ်းကျဉ်းများ ပိတ်သွားသည် အထိ ပြုံးလိုက်သည်။

"အစ်ကိုကြီး .... ဘယ်လိုနေလဲ  ....   .... သက်သာရဲ့လား  ....  "

ကျန်းရီသည် ခေါင်းရမ်း ပြလိုက်သည်။ သူသည် မျက်လုံးများကို ပြန်မှိတ် နေလိုက်ပြီး မကြာခင်တွင် မျက်လုံးများ ပြန်ဖွင့်ကာ မေးလိုက်သည်။

"ဆရာမစု .... အဆင်ပြေရဲ့လား  ....

"သူမ အဆင်ပြေတယ် .... သူမအခု ကျောင်းအုပ်ချီနဲ့ ရှိနေတယ်  ....   "

ချမ်ဝမ်ကွမ်သည် ရှင်းပြလိုက်ပြီး ရုတ်တရက် လက်မ ထောင်လိုက်သည်။

"အစ်ကိုကြီး .... ဒီတစ်ခေါက်မှာ မင်းအရမ်းမိုက်တာပဲ .... ခရမ်းရောင် နန်းတော်ရှင် အဆင့် လူတွေ အများကြီးကို မင်းရှင်းပစ်လိုက်တယ် .... ဘယ်လို လုပ်လိုက်တာလဲ  ....  "

ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာသည် စိတ်အား ထက်သန်စွာ ကြည့်နေကြသည်။ ချမ်ဂိုဏ်းတွင် သင်တန်းကျောင်း အတွင်း သူလျှိုများစွာ ရှိလေသည်။ သူသည် ထိုနေ့ညက ဖြစ်ခဲ့သည်များ အားလုံးကို အတိအကျ မသိသော်လည်း ဖြစ်ရပ်များ၏ ခုနှစ်ဆယ်ရာနှုန်း၊ ရှစ်ဆယ် ရာနှုန်းခန့်ကိုတော့ ခန့်မှန်းနိုင်ပေသည်။

"ငါကံကောင်းသွားလို့ပါ"

ကျန်းရီသည် အများကြီး ရှင်းပြ မနေချင်ပေ။ ထို့ကြောင့် သူသည် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ငါ့ကို ကယ်ခဲ့တာ ဆရာမစုလား  .... "

"မင်း ဘာကိုမှ တိတိကျကျ မသိလိုက်ဘူးလား  ....  "

ချမ်ဝမ်ကွမ်သည် သံသယ ဖြစ်လာကာ ခေါင်းရမ်း လိုက်သည်။

"ငါလည်း တိတိကျကျတော့ မသိဘူး .... .မင်း ဆရာမစုကို မေးကြည့်လေ .... မင်းအဘိုးက အရမ်းအံ့သြဖို့ ကောင်းတာပဲ .... သူက ကျန်းစွန်းဝူကျိရဲ့ လူဆယ့်နှစ်ယောက် ကျော်ကိုတောင် သတ်ပစ်လိုက်တယ် .... ပြီးတော့ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်က သူ့ရဲ့ လျှို့ဝှက် သက်တော်စောင့်ကိုတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဖိအားပေးခဲ့သေးတယ် .... "

"အဘိုး  ....  "

ကျန်းရီသည် ရင်ထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကျန်းယွင်ဟိုင်သည် သူ့ကို ဝိညာဉ် သားရဲမြို့တွင် ထွက်မတွေ့ခြင်းမှာ မထူးဆန်းတော့ပေ။ ကျန်းယွင်ဟိုင်သည် သူ့ကို တိတ်တဆိတ် ကာကွယ် ပေးနေခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ  ....

ကျန်းရီသည် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိသွယးကာ ချမ်ဝမ်ကွမ်ကို အလန့်တကြား မေးလိုက်သည်။

"ရှောင်နူရော  ....   .... အဘိုးက သူမကို စောင့်ရှောက် မနေရင် သူမ အန္တရာယ်ရှိနိုင်တယ် မဟုတ်လား  ....  "

ချမ်ဝမ်ကွမ်သည် လက်ကာ ပြလိုက်သည်။

"မစိုးရိမ်ပါနဲ့ .... ငါက သတင်းအတိ အကျ မရသေးပေမယ့် ကျန်းယွင်ဟိုင်က ဒီလိုလုပ်မှတော့ သူသင့်တော်တဲ့ အစီအစဉ်တွေ လုပ်ထားမှာပါ .... ဟုတ်တယ်မလား  ....  "

"ဟုတ်တယ် .... "

ကျန်းရီသည် စိတ်လေးလံစွာ ထထိုင်လိုက်သည်။ သူသည် အလွန်အကျွံ စိုးရိမ်နေခြင်းက မကောင်းဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေခဲ့သည်။ သူသည် စိတ်ကို အလျင်အမြန် တည်ငြိမ်အောင် လုပ်လိုက်ကာ ချမ်ဝမ်ကွမ်အား အခြေအနေများကို မေးမြန်းလိုက်သည်။ ကျန်းရီ၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင် လာခဲ့သည်။ ကျန်းယွင်ဟိုင်သည် သူ့အတွက် ကျန်းစွန်းဂိုဏ်းကို ဆန့်ကျင်ခဲ့သည်။ ကျန်းစွန်းဂိုဏ်းမှ လူများသည် ကျန်းယွင်ဟိုင် နောက်ကို လိုက်နေလောက်ပေပြီ။

"မစိုးရိမ်ပါနဲ့ .... အစ်ကိုကြီး  ....  "

ချမ်ဝမ်ကွမ်သည် ကျန်းရီအား ပခုံးပုတ်၍ ပြောလိုက်သည်။

"ကျန်းယွင်ဟိုင်က သာမန် လူတစ်ယောက် မဟုတ်ဘူး .... ကျွန်တော့်ဂိုဏ်းက ရထားတဲ့ သတင်းတွေ အရ သူက ငယ်ငယ်လေးတည်းက အနောက်ဘက် မြို့စောင့်တပ်ထဲကို ဝင်ခဲ့ပြီး သူ့ရဲ့ အစွမ်းအစကို အားကိုးပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ် .... သူ့ကို အရင်လော့ကဲအရှင်က အသိအမှတ်ပြု မြှောက်စားလိုက်ပြီး အိမ်တော်မှာ အိမ်တော်ထိန်း အနေနဲ့ တာဝန်ပေးခဲ့တယ် .... လော့ကဲအရှင်ရဲ့ အိမ်တော်ထိန်း အကြီးအကဲ ဆိုတဲ့နေရာကို လူတိုင်းရနိုင်မယ်လို့ မင်းထင်လား  ....   .... ကျန်းစွန်းဂိုဏ်းက သူ့ကို သတ်ဖို့ မလွယ်ပါဘူး ....  သူဘယ်မှာရှိလဲ ဆိုတာ ငါ့လူတွေ စုံစမ်း ပေးလိမ့်မယ်"

ချမ်ဝမ်ကွမ်သည် သက်ပြင်း တစ်ချက်ချကာ ဆက်ပြောခဲ့သည်။

"အစ်ကိုကြီး .... မင်းအဖိုးကို စိုးရိမ်နေတာထက် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပူပါဦး ....  သူတို့တွေ ဒီလို လှုပ်ရှားလာတယ် ဆိုတည်းက မင်းကို သတ်ဖို့ ဘယ်လောက်ထိ ဆုံးဖြတ်ထားတယ် ဆိုတာ သိသာနေပြီ .... မင်း ဒီတစ်ခေါက် ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲ ဝင်သွားမယ်ဆိုရင် ....  ငါစိုးရိမ်နေမိတယ် .... "

ကျန်းရီသည် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

"ငါ့မှာ လွတ်မြောက်ဖို့ နည်းလမ်းရော ရှိသေးလို့လား  ....  "

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ မျက်လုံးများသည် အမှောင်ထဲတွင် တောက်ပ နေခဲ့သည်။ ကျန့်လင်းအာသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမသည် သူတို့ ပြောနေသည်များကို တစ်လုံးမှ နားမလည်ပါချေ။

ကျန်းရီတွင် တကယ်တမ်းလည်း လွတ်မြောက်ရန်လမ်း မရှိပေ။ သူတို့သည် သင်တန်းကျောင်းမှ ဝေးရာတွင် ရောက်ရှိနေခဲ့သည်။ ကျန်းယွင်ဟိုင်သည်လည်း လိုက်လံ ဖမ်းဆီးခံနေရ၍ ကျန်းရီကို ကူညီပေးနိုင်မည် မဟုတ်ပေ။ သူသာ ယခုပြန်သွားလျှင် ဆယ်ကြိမ်တွင် ကိုးကြိမ်လောက်က သေနေလောက်ပြီ ဖြစ်သည်။ သင်တန်းကျောင်းမှ လူအုပ်စုနောက် လိုက်သွားလျှင်မူ အသက်ရှင်ရန် အခွင့်အရေး ရနိုင်သေးသည်။

"မစိုးရိမ်နဲ့ .... ငါက ပိုးဟပ် နက္ခတ်ရှိတယ် .... ငါ့ကို လွယ်လွယ်သတ်လို့ မရဘူး"

ကျန်းရီသည် ကောင်းကင်ယံကို ငေးကြည့်ကာ ရယ်မောလိုက်သည်။ ထို့နောက် သူသည် ခပ်တိုးတိုး ပြောလိုက်သည်။

"ဒီတစ်ခေါက် သူတို့တွေ ငါ့ကို ရှင်းပစ်ဖို့ ကြိုးစားတာလည်း ကောင်းပါတယ် .... နှစ်နည်းနည်း အတွင်း အမှန်တကယ် ရက်စက်တာက ဘယ်လိုမျိုးဆိုတာ သူတို့ကို မြည်းစမ်းခိုင်းမယ်  ....  "

***

နောက်တစ်နေ့ မနက်တွင် သင်တန်းကျောင်းမှ ရထားလုံးများသည် ဆက်လက် ထွက်ခွာကြသည်။ သို့သော် သူတို့သည် မတက်ကြွ နိုင်တော့ပေ။ ကျောင်းအုပ်ချီသည် သူတို့ ဘေးကင်းစေရန် အစောင့်များကို ဆယ်မိုင်အတွင်း သေချာ စောင့်ကြည့်စေသည်။ နောက်ထပ် ပြဿနာ တစ်ခုသာ ထပ်ဖြစ်ခဲ့လျှင် သူမသည် ကျောင်းအုပ် ကျူးကော့ကို တွေ့ရန်ပင် ရှက်ရွံ့ နေရမိမည် ဖြစ်သည်။

ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျှိုသည်လည်း ငြိမ်နေခဲ့ကြပြီး ရထားလုံး အပြင်တောင် ထွက်မလာကြတော့ပေ။ အထူးသဖြင့် ကျန်းစွန်းဝူကျိသည် ဒေါသ ထွက်လွန်းနေရာ လူများပင် သတ်ချင်နေခဲ့သည်။ သို့သော် သူ့တွင် ရွေးစရာမရှိဘဲ ရထားလုံးအတွင်း၌သာ ပုန်းအောင်း နေရပေသည်။

ကျန်းရီသည်လည်း ငြိမ်နေခဲ့သည်။ သူသည် ဒဏ်ရာများကို ကုစားရင်း ကျင့်ကြံနေခဲ့သည်။ သူသည် ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူ အတွက် အရမ်းစိုးရိမ် နေသော်လည်း ကျင့်ကြံနေရုံမှ တစ်ပါး သူဘာမှ မလုပ်နိုင်ပေ။

သို့သော် စုလောရွှယ်သည် သူ့ထံ သတင်းကောင်းတစ်ခု ယူလာပေးခဲ့သည်။ သူသည် ဝိညာဉ်ပျောက် တောင်ကြား၏ ချိုင့်ဝှမ်းထဲတွင် သတ်ဖြတ်ခြင်း အရှိန်အဝါကို ထပ်မံ အသက်ဝင် စေခဲ့သည်ဟု ဆိုသည်။ သူ့တွင် မျှော်လင့်ချက် ရေးရေး ရှိလာပြီ ဖြစ်သည်။ သူသည် တိုက်ပွဲအတွင်း သတ်ဖြတ်ခြင်း အရှိန်အဝါကို အသက်သွင်း နိုင်သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ နိုးကြား လာခြင်းကပင် သူ့အတွက် များစွာ အကျိုးရှိစေသည်။ သူသာ အပြည့်အဝ ထိန်းချုပ်နိုင်သွားခဲ့လျှင် သူ့အင်အားသည် ပြောမပြ တတ်အောင် တိုးပွား လာပေလိမ့်မည်။

ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျိုသည် သူတို့၏ အစီအစဉ် ကျရှုံးသွားပြီးနောက် နောက်ထပ် လူများ ထပ်မလွှတ်တော့ပေ။ သူတို့သည် ကျောင်းအုပ်ချီ၏ ဒေါသကို ကြောက်နေ၍လည်း ဖြစ်နိုင်ပေသည်။ ခရီးစဉ်သည် တိတ်ဆိတ် နေခဲ့သည်။ ဆယ်ရက်ကျော် ကြာပြီးနောက်တွင် သူတို့သည် နဂါးတစ်သောင်း တောင်ကြားသို့ ရောက်ရှိခဲ့ပေပြီ .... ကျောင်းသားများသည်လည်း ခရီးစဉ်အတွင်းရှိ အရာများကို မေ့လျော့ကာ ပြန်လည် စိတ်လှုပ်ရှား လာကြပေပြီ ....

ကျန်းရီသည် သတင်းဆိုးနှစ်ခု ထပ်ရရှိခဲ့သည်။

ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ ဂိုဏ်းသားများသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း အတွင်းတွင် ကျန်းရီအား မကူညီရန် ဂိုဏ်းမှ အကြောင်း ကြားလာခဲ့သည်။ ချမ်ဂိုဏ်း၏ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် ငါးယောက်သည်လည်း ပြန်ပို့ခံ လိုက်ရသည်။

ကျန်းစွန်းဂိုဏ်းသည် အင်အားသုံး၍ အခြားဂိုဏ်းနှစ်ခုအား မလှုပ်ရှားနိုင်စေရန် ဖိနှိပ်လိုက်သည်။ သို့သော် အကြောင်းအရင်း များစွာ ရှိပေသည်။ ဂိုဏ်းနှစ်ခုလုံးသည် ကျန်းရိလျိုနှင့် ကျန်းရိတို့ ညီအစ်ကို နှစ်ယောက်၏ မိသားစုအရေးတွင် မပါဝင်လိုကြပေ။ ကျန်းပိုင်လီသာ ဤကိစ္စကို ကြားသိလျှင် ဒေါသ ထွက်ပေလိမ့်မည်။

ဂိုဏ်းနှစ်ခုသည် တရားမဝင်သား ကျန်းရီကို အသိအမှတ် မပြုလိုသည်လည်း ဖြစ်နိုင်ပေသည်။ သူတို့သည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် နေရာကို ရနိုင်ချေ အမြင့်ဆုံး ဖြစ်သော ကျန်းရိလျှိုကို မဆန့်ကျင် လိုကြပေ။

ယခုတွင် ကျန်းရီသည် တစ်ဦးတည်းနှင့် အကူအညီကင်းမဲ့ သွားပြီဖြစ်သည်။ ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်း ဝင်ရောက်လိုက်သည်နှင့် သူသည် သူ့အသက်ကို လိုချင်နေသော ဂိုဏ်းနှစ်ခုမှ လူများစွာနှင့် ရင်ဆိုင်ရပေမည်။

*****

All Chapters