← Chapters

နောက်ဆုံးအခြေအနေ အစီရင်ခံစာ

Vol. 78 Ch. 1146

နောက်ဆုံးအခြေအနေ အစီရင်ခံစာ

Vol. 78 Ch. 1146

"ခဏ... ခဏလေးနေဦး ယန်ကျန့်။ တစ်ဖက်လူက မင်းကို ပစ်မှတ်ထားနေတာလို့ ဘယ်လို သေချာသွားတာလဲ။ ငါတို့ကို ထောင်ဖမ်းတာမျိုးရော မဖြစ်နိုင်ဘူးလား"

ရုံးခန်းထဲတွင် ဝမ်ဘင်တစ်ယောက် ယန်ကျန့်၏ ယုံကြည်မှုအပြည့်ရှိသော စကားများကို နားထောင်ရင်း မမေးဘဲ မနေနိုင်တော့ပေ။

ယန်ကျန့်က ခဏရပ်လိုက်ပြီး လျိုရှောင်ယွိကို တစ်ချက်ကြည့်လိုက်သည်။

"ဒါက ရှင်းနေတဲ့ ကိစ္စပဲလေ။ သူတောင် ဒါကို သိတယ်။ ဒါမှမဟုတ် ဦးလေးဝမ်က ဌာနချုပ်က ခေါင်းဆောင်တစ်ယောက်ရဲ့ အဆင့်အတန်းကို အထင်သေးနေတာလား။ ကျွန်တော်က နာမည်ခံ သက်သက်ဆိုပေမယ့် သဘာဝလွန် အသိုင်းအဝိုင်းထဲမှာတော့ နာမည်ခံဖြစ်ခြင်း မဖြစ်ခြင်းက အတူတူပဲ။"

"တာအောင်းမြို့က တာဝန်ခံတစ်ယောက်က လောင်းကစားရုံ ဖွင့်နေတဲ့ သာမန်လူတချို့ကိုတောင် မနိုင်ဘူးဆိုရင် ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတယ်။ သူက မကိုင်တွယ်ချင်တာ။ဒါမှမဟုတ် အဲ့ဒီ သာမန်လူတွေရဲ့ နောက်ကွယ်မှာ သဘာဝလွန် အသိုင်းအဝိုင်းက လူတွေ ရှိနေတာပဲ။"

"သဘာဝလွန် အသိုင်းအဝိုင်းနဲ့ ပတ်သက်လာပြီဆိုရင် ဒါက ခင်ဗျားတို့ ပြဿနာ မဟုတ်တော့ဘူး။ ကျွန်တော့် ပြဿနာ ဖြစ်သွားပြီ။"

လျိုရှောင်ယွိက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ လော့ရှန်းက ခေါင်းဆောင်ယန်ရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တာ ကျွန်မလည်း အံ့ဩမိတယ်။ လော့ရှန်းက ခေါင်းဆောင်ယန်ရဲ့ လက်အောက်မှာ မရှိဘူး ဆိုပေမယ့် ဒါက ခေါင်းဆောင်တစ်ယောက် ဝင်ရှင်းပေးနေတဲ့ ကိစ္စသေးသေးလေးပဲလေ။ တာဝန်ခံတစ်ယောက် အနေနဲ့ လျိုစန်းမှာ ငြင်းပိုင်ခွင့် မရှိသင့်ဘူး။"

"ဒါပေမဲ့ ယန်ကျန့် မင်း တာအောင်းမြို့ကို ပေါ်ပေါ်ထင်ထင် သွားလိုက်ရင် ဒါက ထင်ရှားလွန်းနေလိမ့်မယ်။ ဒီကိစ္စကို ဌာနချုပ်ကနေပဲ ကိုင်တွယ်ခိုင်းစေချင်တယ်။"

"သူတို့က ငါ့ရဲ့ ရှန်ထုံမျှော်စင်ကိုတောင် မျက်စိကျနေပြီ။ ဒါ ဘာအဓိပ္ပာယ်လဲ မင်းသိလား။"

ယန်ကျန့်က သူ့ကိုလာကို တစ်ငုံသောက်ရင်း အေးစက်စက် ပြုံးလိုက်သည်။

"တစ်ယောက်ယောက်က ငါ့ကို စမ်းသပ်ချင်နေတာ။ ဒါမှမဟုတ် ငါ့ကို ဖြုတ်ချချင်နေတာ။ သူတို့က ငါ့ကို တာအောင်းမြို့ကို ဆွဲခေါ်ပြီး ရှင်းပစ်ဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ လျိုစန်းက တစ်ဖက် ပါသွားလောက်ပြီ။"

"ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဘယ်သူမှ ခေါင်းဆောင်အဆင့် လူတစ်ယောက်ကို ရန်မလုပ်ရဲဘူး။ အကယ်၍ ပေါ်သွားခဲ့ရင် ဌာနချုပ်က တစ္ဆေဆရာတွေ အားလုံးရဲ့ တုံ့ပြန်မှုကို ခံရလိမ့်မယ်"

လျိုရှောင်ယွိက ယန်ကျန့်၏ ခန့်မှန်းချက်ကြောင့် တုန်လှုပ်သွားသည်။

ယန်ကျန့်က ပြောလိုက်သည်။

"ငါက အဆိုးဆုံး အခြေအနေကို ထည့်တွက်ကြည့်တာ။ ဒါမှမဟုတ် ပိုက်ဆံနဲ့ ပတ်သက်တဲ့ ထောင်ချောက်တစ်ခု သက်သက်လည်း ဖြစ်နိုင်တာပဲ။"

လျိုရှောင်ယွိက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။

"အဲ့လောက်ထိ ဆိုးရွားလောက်မှာ မဟုတ်ပါဘူးနော်"

ဝမ်ဘင်လည်း လန့်သွားပြီး သူ့တစ်ကိုယ်လုံး မထိန်းနိုင်ဘဲ တုန်ယင်လာသည်။

အကယ်၍ ယန်ကျန့်၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် သူနှင့် ကျန်းရှန်းကူသည် အမြည်းသက်သက်သာ ဖြစ်သည်။ တကယ့် ပစ်မှတ်အစစ်မှာ ယန်ကျန့် ဖြစ်ပြီး သူ့ကို တစ်ခုခု ထိခိုက်သွားပါက ဘီလီယံ ဆယ်ဂဏန်း ဆုံးရှုံးရုံသာမက ယန်ကျန့်နှင့် ပတ်သက်သူတိုင်းပါ ဒုက္ခရောက်သွားနိုင်သည်။

ကျန်းရှန်းကူက ထိုအချိန်တွင် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အခြေအနေက အဲ့ဒီလောက်ထိ မဆိုးသေးပါဘူး ကျွန်တော်တို့ ဒါကို အချိန်ဆွဲလို့ ရလောက်သေးတယ်။ တစ်ဖက်လူက ကျွန်တော်တို့ ပိုက်ဆံတွေ အများကြီး ရှုံးအောင် ထောင်ချောက် ဆင်ထားမှတော့ ကျွန်တော်တို့က အဲ့ဒီပိုက်ဆံတွေ ပြန်နိုင်အောင် လုပ်နိုင်သမျှ ကိစ္စက ရပ်သွားပြီး ပိုမဆိုးလာအောင် တားနိုင်မှာပဲ။"

"အကြံကောင်းပဲ။ ဒါပေမဲ့ မင်းသာ ဝင်ပါလိုက်ရင် ကိစ္စတွေ ရှုပ်ကုန်လိမ့်မယ်။ အရင်ကိစ္စက ပိုက်ဆံပဲ၊ နောက်ကိစ္စက အသက်ပါသွားနိုင်တယ်။"

ဝမ်ဘင်က ပြောလိုက်သည်။

သူလည်း သူ့သမီး ဝမ်ရှန်းရှန်းက တစ်ဆင့် ယန်ကျန့်အကြောင်း အနည်းငယ် သိထားပြီး သဘာဝလွန် အသိုင်းအဝိုင်းက လူတွေရဲ့ သဘောသဘာဝကို နားလည်ထားသည်။ ထို့ကြောင့် သူက ယန်ကျန့်ကို ဒီကိစ္စအား သာမန်နည်းလမ်းများဖြင့်သာ ဖြေရှင်းရန် တိုက်တွန်းချင်နေသည်။

"ခင်ဗျားတို့က သူတို့နဲ့ ထပ်သွား လောင်းကစား လုပ်ချင်နေတုန်းလား"

ယန်ကျန့်က ခေါင်းခါလိုက်သည်။

"အဲ့ဒါ တော်တော် တုံးတဲ့ အလုပ်ပဲ တစ်ဖက်လူက ခင်ဗျားတို့ကို အနိုင်ပေးမှာ မဟုတ်ဘူး ခင်ဗျားတို့ ဒီတစ်ခါ ရှုံးတာက ကျွန်တော့်ကို အသိပေးဖို့ ကျွန်တော့်ကို သိစေဖို့ပဲ။ နောက်တစ်ခါ ထပ်သွားရင် ခင်ဗျားတို့ ရှုံးရုံတင် မဟုတ်ဘူး အဖမ်းပါ ခံရလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်။"

"သာမန်နည်းလမ်းနဲ့ နိုင်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သာမန် မဟုတ်တဲ့ နည်းလမ်း သုံးရင်ရော။ ငါသိတယ်..."

ဝမ်ဘင်က သူ့ကို ပြန်မော့ကြည့်ရင်း ပြောလိုက်သည်။

"မရဘူး သဘာဝလွန် စွမ်းအားတွေကို ဒီကိစ္စအတွက် သုံးလို့ မဖြစ်ဘူး။"

လျိုရှောင်ယွိက ချက်ချင်း ကန့်ကွက်လိုက်သည်။

ယန်ကျန့်က လှမ်းကြည့်လိုက်သည်။

" ဒီအကြံက မဆိုးဘူး။ တစ်ဖက်လူက သဘာဝလွန် စွမ်းအားတွေ သုံးပြီး ဝင်မစွက်ဖက်ဘူးလို့ မင်း ဘယ်လို သေချာ သိနိုင်မလဲ။"

"မင်းမှာ သက်သေမှ မရှိတာ ခန့်မှန်းချက် သက်သက်ပဲ"

လျိုရှောင်ယွိက ပြောသည်။

"ခေါင်းဆောင်တစ်ယောက် အလုပ်လုပ်ဖို့ သက်သေ မလိုဘူး။ သံသယ ရှိရုံနဲ့ လုံလောက်တယ်။"

ယန်ကျန့်က ကိုလာဘူးကို ချလိုက်သည်။

"ဒါက ခေါင်းဆောင်တစ်ယောက်ရဲ့ အထူးအခွင့်အရေးပဲ။ မသိချင်ယောင် မဆောင်စမ်းနဲ့"

လျိုရှောင်ယွိ စကားမပြောနိုင်တော့ပေ။

ဟုတ်သည်။

ယန်ကျန့် ပြောတာ မှန်သည်။ အကယ်၍ ခေါင်းဆောင်တစ်ယောက်က သဘာဝလွန် ပတ်သက်မှု ရှိသည်ဟု သံသယ ဝင်ပါက အကြောင်းပြချက် မလိုဘဲ အရေးယူနိုင်သည်။

ဘာကြောင့်လဲဆိုတော့ သဘာဝလွန် ဖြစ်ရပ်တွေ ကိုယ်တိုင်က အကြောင်းပြချက်မဲ့ ဖြစ်ပွားတတ်သောကြောင့် ဖြစ်သည်။ အရာအားလုံးကို သက်သေ လိုအပ်နေမည်ဆိုလျှင် အရေးယူမှု ဆိုတာ ရှိလာနိုင်ပါဦးမည်လား။

"ဒါဆို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ"

ယန်ကျန့်က ထပ်စဉ်းစားကြည့်ပြီး ဒါက ဖြစ်နိုင်ချေ ရှိသည်ဟု တွေးလိုက်သည်။

"သူတို့နဲ့ ထပ်သွားကစားလိုက် သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားနေရင် လှုပ်ရှားလာလိမ့်မယ်။ အကယ်၍ ဒါက နားလည်မှု လွဲတာ သက်သက်ဆိုရင်တော့ ရှုံးထားတာတွေ ပြန်ရတာနဲ့ ဒီကိစ္စက ပြီးပြီ"

"ကောင်းပြီလေ ဒါက အတည်ငြိမ်ဆုံး နည်းလမ်းပဲ"

ကျန်းရှန်းကူက ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။

ဝမ်ဘင်လည်း သဘောတူလိုက်သည်။

"ငါတို့ မနက်ဖြန်မနက် ထွက်မယ်။ ငါ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ တာအောင်းမြို့ကို သွားမယ်။ ခရီးထွက်တယ်လို့ပဲ သဘောထားလိုက်"

ယန်ကျန့်က ပြောလိုက်သည်။

လျိုရှောင်ယွိက မေးလိုက်သည်။

"မင်းတစ်ယောက်တည်း သွားဖို့ စီစဉ်ထားတာလား ဒါမှမဟုတ် အဖော်တွေ ခေါ်သွားဦးမလား။"

"ငါ လောင်းကစား မလုပ်တတ်ဘူး ကျွမ်းကျင်သူတစ်ယောက် ရှာရမယ်။"

ယန်ကျန့်က ပြောသည်။

ကျွမ်းကျင်သူ…..

လျိုရှောင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ယန်ကျန့်၏ အသင်းဖော်များထဲတွင် လိုက်ရှာကြည့်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ရုံးခန်းတံခါး အနောက်မှ အေးစက်စက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဟက် ကျွမ်းကျင်သူ အဲ့ဒါ ငါ မဟုတ်ဘူးလား"

ရယ်သံအဆုံးတွင် တံခါးပွင့်လာပြီး ခေါင်းဘီးတစ်ချောင်း ကိုင်ကာ ဆံပင်ဖြီးရင်း ဝင်လာသည့် ဝတ်ရုံရှည်နှင့် ကျန်းဝေ့ကို တွေ့လိုက်ရသည်။

"ယန်ကျန့် မင်း အခုမှ လူမှန်နေရာ ရှာတတ်တော့တယ် ငါ အာဝေ့က တခြား အရည်အချင်းတွေ လိုကောင်း လိုလိမ့်မယ်။ ဒါပေမဲ့ လောင်းကစားနဲ့ ပတ်သက်လာရင်တော့ ငါက ကျွမ်းကျင်သူ အစစ်ပဲ။ ပွဲဦးထွက် ကတည်းက နိုင်ပွဲပဲ ရှိတယ် တစ်ခါမှ မရှုံးဖူးဘူး။"

"အဖေ ခင်ဗျား တော်တော် ညံ့တာပဲ နှစ်ပေါင်း နှစ်ဆယ်ကျော်လုံး ကြိုးစားလာပြီး ခင်ဗျား ဘယ်လောက် အောင်မြင်တယ် ပိုက်ဆံ ဘယ်လောက် ရှာနိုင်တယ် ဆိုပြီး အမြဲ ကြွားလုံးထုတ်တယ် အခုတော့ တစ်ရက်တည်းနဲ့ အကုန် ပြောင်သလင်းခါပြီး ဒေဝါလီ ခံလိုက်ရပြီ။ ကံကောင်းတာက ခင်ဗျားမှာ ကျွန်တော့်လို ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သားတစ်ယောက် ရှိနေတာပဲ။ စိတ်မပူနဲ့။ ကျွန်တော် ရှိနေတယ်၊ ခင်ဗျား ဘာမှ ဖြစ်မသွားဘူး"

ကျန်းဝေ့က သူ့အဖေ ကျန်းရှန်းကူ ဘေးတွင် ရပ်လိုက်ပြီး သူ့ပခုံးကို လေးလေးနက်နက် ပုတ်ပေးလိုက်သည်။

"ဒီကောင်စုတ် မင်း ဘယ်ပျောက်နေတာလဲ။ အစောကတည်းက မင်းကို ဘာလို့ မတွေ့ရတာလဲ"

ကျန်းရှန်းကူက ချက်ချင်း ထရပ်လိုက်ပြီး ကျန်းဝေ့၏ ခေါင်းကို လှမ်းပိတ် ရိုက်လိုက်သည်။

ကျန်းဝေ့ ယိုင်နဲ့သွားပြီး လဲမကျအောင် ကြိုးစားလိုက်ရသည်။ သူက ဘီးကို အမြန် ပြန်ကောက်ပြီး အနည်းငယ် ပွသွားသော ဆံပင်ကို ပြန်ဖြီးလိုက်သည်။

"သွားပြီ ခင်ဗျား ရှုံးလွန်းလို့ ရူးသွားပြီ။ ဒီတစ်ခါတော့ ကျွန်တော့်ကို အကြောင်းမရှိဘဲ လာရိုက်တယ်။ ကျွန်တော် အောက်ထပ်က အင်တာနက် ဆိုင်မှာ ညလုံးပေါက် ဂိမ်းဆော့နေတာ မဟုတ်ဘူးလား။"

"လျှောက်မရှုပ်နဲ့။ အိမ်ပြန်ပြီး အိပ်တော့။"

ကျန်းရှန်းကူက ကျန်းဝေ့ကို ဆွဲပြီး အပြင်ကို တွန်းထုတ်လိုက်သည်။

" ကယ်ပါဦး"

ကျန်းဝေ့က ချက်ချင်း အော်လိုက်သည်။

ယန်ကျန့်က ပြောလိုက်သည်။

"ဦးလေးကျန်း စိတ်မဆိုးပါနဲ့။ ကျန်းဝေ့က ကူညီချင်လို့ပါ။ ပြီးတော့ လောင်းကစားဆိုတာ လူနဲ့ မဆိုင်ဘူး။ ဘယ်သူက ပိုကောင်းအောင် လိမ်နိုင်လဲ ဆိုတာနဲ့ပဲ ဆိုင်တာ။ ကျွန်တော် တကယ်တော့ ကျန်းဝေ့ကို ခေါ်သွားတာ အကြံကောင်းလို့ ထင်တယ်။ အနည်းဆုံးတော့ သူတို့ သူ့ကို မသိဘူးလေ။ ဒါက အားသာချက်ပဲ။"

ကျန်းရှန်းကူက ကျန်းဝေ့ကို လွှတ်ပေးလိုက်သည်။

"ကျန်းဝေ့ကို ခေါ်သွားတာ မသင့်တော်ဘူး မဟုတ်လား အန္တရာယ် တစ်ခုခု ရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။"

"ကျွန်တော်လည်း အတူတူ လိုက်မှာလေ။ အန္တရာယ် မရှိစေရဘူး။ ကျွန်တော် ရှိနေတာတောင် အန္တရာယ် ရှိသေးတယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ဘယ်နေရာမှ လုံခြုံမှာ မဟုတ်တော့ဘူး။"

ယန်ကျန့်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ကျန်းရှန်းကူက ခဏ စဉ်းစားလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

" မင်း ငါ့ကို သိသားပဲ။ ငါ တစ်သက်လုံး တစ်ခါမှ မလိမ်ဖူးဘူး။ ငါ့ အရည်အချင်းနဲ့ပဲ အမြဲ နိုင်ခဲ့တာ။ ငါ့ကို တစ်ရာပဲ ပေး။ ငါ သူတို့ဆီက အကုန် နိုင်အောင် ယူပြမယ်။ သူတို့ကို ငါ့ကို အဖေလို့ ခေါ်စေရမယ်။"

ကျန်းဝေ့က ခေါင်းမော့ပြီး သူ့ဝတ်ရုံရှည်ကို နေရာပြန်ချကာ ပြီးတော့ သူ့ဆံပင်ကို သပ်တင်လိုက်ရင်း တက်ကြွ ယုံကြည်မှုရှိသော ပုံစံဖြင့် ပြောလိုက်သည်။

"ကြွားမနေစမ်းနဲ့ မင်း ကြွားလို့ သေသွားမှာ မဟုတ်ဘူး"

ကျန်းရှန်းကူက သူ့ကို စိုက်ကြည့်လိုက်သည်။

ကျန်းဝေ့က ပြောလိုက်သည်။

"အဖေ ကျွန်တော့်ကို သိပ်နားမလည်သေးဘူး ထင်တယ်။ ကိစ္စမရှိဘူး ကျွန်တော့်ကို အမြင်သစ်နဲ့ မြင်လာအောင် လုပ်ပြမယ်။"

လျိုရှောင်ယွိက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။

"ယန်ကျန့် မင်း ရှုန်ဝမ်ဝမ်ကို ခေါ်သွားချင်တာ မဟုတ်လား သူက ကြိုသိနိုင်တယ်လေ။ ရလဒ်တွေကို ကြိုသိနေတော့ ဒီခရီးစဉ်နဲ့ အတော်ပဲ။"

"ကြိုတင် သိနိုင်တာက တကယ်ကြီး အဲ့လောက်တောင် ကြမ်းတာလား။"

ကျန်းဝေ့၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

ယန်ကျန့်က ခေါင်းညိတ်လိုက်သည်။

"သဘာဝလွန် စွမ်းအားတွေက တကယ်ပဲ အဲ့လောက် ကြမ်းတယ်။ ငါ ရှုန်ဝမ်ဝမ်ကို ခေါ်သွားဖို့ စီစဉ်ထားတယ်။ သဘာဝလွန် ကိစ္စတွေနဲ့ မပတ်သက်ရင် သူ့ရဲ့ ကြိုမြင်နိုင်စွမ်းက မမှားဘူး။"

ကျန်းဝေ့ နားလည်သွားသည်။

"ဒါက တရားမျှတပါတယ်။ တစ်ဖက်လူက ပြန်လိမ်တာကို တားဆီးဖို့ ကိုယ်က လိမ်တဲ့သူ တစ်ယောက် ရှိတာ ကောင်းတယ်။ ဒါပေမဲ့ အဓိက အင်အားကတော့ ငါပဲ။ ငါ ဒါကို သိပါတယ်။"

"မင်းက လူစေ့အောင် လိုက်လာတာပဲ။ ဒုက္ခ မရှာရင် ရပြီ။"

ကျန်းရှန်းကူက ကျန်းဝေ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"အဖေ ခင်ဗျား အများကြီး ရှုံးထားတော့ စကားတွေ လျှောက်ပြောပြန်ပြီ"

ကျန်းဝေ့က ခေါင်းခါလိုက်ပြီး ထိုစကားများကို သိပ်ဂရုမစိုက်ဘဲ သူ့အလိုလို လျစ်လျူရှုလိုက်သည်။

"ဒီကောင်စုတ်လေး မင်း ငါ့ကို လာလှောင်ရဲတယ်။ပြန်ရောက်ရင် မင်းကို ရိုက်မယ်။"

ကျန်းရှန်းကူက ဒေါသတကြီး ပြောလိုက်သည်။

"သူ စိတ်ထိခိုက်သွားပြီ ကျွန်တော့်အဖေက အခု ဒေဝါလီ ခံရရုံတင် မကဘူး စိတ်ပါ ထိခိုက်သွားပြီ။ သူ အရင်က ကျွန်တော့်ကို တစ်နေ့လုံး ပိုက်ဆံ လိုက်ဖြုန်းနေတဲ့ အရူးလို့ ပြောတယ်။ အခု သူ အများကြီး ဖြုန်းပစ်လိုက်တာတောင် ကျွန်တော် တစ်ခွန်းမှ မပြောဘူး။ သူက ကျွန်တော့်အဖေ ဆိုပေမယ့် မျှတမှုက မျှတမှုပဲ။ ကျွန်တော်က မိသားစုအတွက် တက်တက်ကြွကြွ ပံ့ပိုးနေတုန်းပဲ"

ကျန်းဝေ့က ပြောလိုက်သည်။

ကျန်းရှန်းကူက ဒေါသထွက်ပြီး ကျန်းဝေ့ကို သေအောင် ရိုက်ချင်စိတ်ဖြင့် တုတ်တစ်ချောင်း ရှာနေသလိုမျိုး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ဥက္ကဋ္ဌကျန်း စိတ်ထိန်းပါ စိတ်ထိန်းပါ ဒီပြဿနာက တကယ်တော့ ကျွန်တော်တို့ အမှားပါ။"

ဝမ်ဘင်က ကျန်းရှန်းကူကို အမြန် ဆွဲထားလိုက်သည်။

ဘာပဲဖြစ်ဖြစ် ကိစ္စတွေက လက်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ ပိုင်ဆိုင်မှုတွေ အကုန် ကုန်သွားပြီ။ သူ့သားက ပြန်ပြောဆိုတာကို ခံရဖို့က ကြိုတွေးထားသင့်သည်။

ယန်ကျန့်လည်း ဘာမှမဖြစ်သလို နေလိုက်သည်။

ကျန်းဝေ့နှင့် ကျန်းရှန်းကူတို့က အမြဲတမ်း သဘောထား မတိုက်ဆိုင်ကြပေ။ ဒါက ပထမဆုံးအကြိမ် ဖြစ်တာ မဟုတ်ပေ။

သို့သော်လည်း သူတို့ စကားပြောနေစဉ်မှာပင် ဒီကိစ္စက အခြေကျသွားခဲ့သည်။

ယန်ကျန့်၏ အမြင်တွင် ဒါက သာမန် ခရီးစဉ်လေး တစ်ခုသာ ဖြစ်ပြီး ကြီးကြီးမားမား ကိစ္စ မဟုတ်ပေ။ သူ့၏ လက်ရှိ အခြေအနေအရ သဘာဝလွန် အသိုင်းအဝိုင်းထဲတွင် ခွေးတစ်ကောင် ရှိနေသဖြင့် သူက စိန်ခေါ်သူမရှိ လျှောက်သွားနေလို့ ရနေပြီ ဖြစ်သည်။

စကားစမြည် ပြောဆိုမှု ပြီးဆုံးသွားပြီးနောက် ဝမ်ဘင်နှင့် ကျန်းရှန်းကူတို့ ထွက်သွားကြပြီး ကျန်းရှန်းကူက ကျန်းဝေ့ကိုပါ ဆွဲခေါ်သွားသည်။

ရုံးခန်းက တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားသည်။

ကျန်းလီချင်က စားပွဲပေါ်က ကော်ဖီနဲ့ လက်ဖက်ရည်ခွက်တွေကို ရှင်းလင်းလိုက်ပြီး ကျန်းယန်ကတော့ ယန်ကျန့်၏ လည်ပင်းကို နောက်ကနေ စိတ်လှုပ်ရှားစွာ သိုင်းဖက်လိုက်သည်။

"ငါတို့ မနက်ဖြန် ဘယ်အချိန် ထွက်ကြမှာလဲ။ ဒါမှ ကျွန်မ အဝတ်အစား လှလှလေးတွေ ကြိုပြင်ဆင်ထားလို့ ရမှာ။ ရှင်ဘယ်လို ပုံစံမျိုး ကြိုက်လဲ။ ကျွန်မ ရှင့်အတွက် ဝတ်ပေးမယ်လေ။"

"ကျန်းယန် မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို နောက်မှ ထားပါ။ ယန်ကျန့်မှာ ကိုင်တွယ်စရာ တခြားကိစ္စတွေ ရှိသေးတယ်။"

လျိုရှောင်ယွိက ပြောလိုက်သည်။

"တခြား ဘာကိစ္စတွေလဲ။"

ကျန်းယန်က စူးစမ်းစွာ မေးလိုက်သည်။

လျိုရှောင်ယွိက ပြောလိုက်သည်။

"သဘာဝလွန် အသိုင်းအဝိုင်းထဲက ကိစ္စတွေပေါ့။"

"မကြာသေးခင်က ဖြစ်ပျက်နေတာတွေ ရှိရင် အမြန်ဆုံး အစီရင်ခံ"

ယန်ကျန့်က လက်တစ်ဖက် ယမ်းပြလိုက်သည်။

လျိုရှောင်ယွိက ပြောလိုက်သည်။

"ယန်ကျန့် မင်း မေ့နေပြီလား။ တာချန်းမြို့နားမှာ အနက်ရောင် ထီး လို့ သတ်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ရှိနေတယ်။ ဖုန်းချွမ်းက အဲ့ဒီနားက လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တာ။ ဒါပေမဲ့ မင်း တစ္ဆေရေကန် ဖြစ်ရပ်မှာ ဝင်ပါပြီးနောက်မှာ ဖုန်းချွမ်းကို နေရာရွှေ့လိုက်ရတယ်။ အခု ထုံချန်က စောင့်ကြည့်ဖို့ တာဝန်ယူထားတယ်။ ဒါပေမဲ့ မနေ့ကပဲ ထုံချန်က သူ အရင် တာဝန်ယူခဲ့ရတဲ့ ကျုံးရှန်းမြို့ကို ပြန်သွားရတယ်။"

"လက်ရှိမှာ ဝမ်ယုံက စောင့်ကြည့်နေတယ်။ ဒါပေမဲ့ မနေ့ညက ဝမ်ယုံရဲ့ အစီရင်ခံစာအရ ထူးခြားမှုတစ်ခု ရှိနေတယ် တစ္ဆေနယ်မြေက စပြီး ရွေ့လျားနေပြီ။"

သူမက ထိုသို့ပြောရင်း ဂြိုလ်တု ဓာတ်ပုံ အနည်းငယ်ကို ကမ်းပေးလိုက်သည်။

ဓာတ်ပုံများထဲတွင် တစ်စုံတစ်ခုက လိုင်းကို နှောင့်ယှက်နေသလိုမျိုး ရှင်းလင်းမှု မရှိသော နေရာတစ်ခုကို ပြသထားသည်။ ဓာတ်ပုံများကို ဆက်တိုက် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အနှောင့်အယှက် ခံနေရသော ဧရိယာသည် ရွေ့လျားနေသည်မှာ ထင်ရှားသည်။ တစ်ရက်အတွင်း ကီလိုမီတာ ဆယ်ဂဏန်းခန့် ရွေ့လျားသွားခဲ့ပြီး ဖြစ်သည်။

"ဒါက တောင်ဘက်ကို ရွေ့နေတာပဲ။ တာချန်းမြို့ ဘက်ကို ဦးတည်နေတာ မဟုတ်ဘူး။"

ယန်ကျန့်က ကြည့်လိုက်သည်။

"မင်း ဒါကို ဖြေရှင်းဖို့ အချိန်တစ်ခု ရှာသင့်တယ်။"

လျိုရှောင်ယွိက ပြောသည်။

ယန်ကျန့်က ခေါင်းညိတ်လိုက်သည်။

"မင်း ပြောတာ မှန်တယ်။ ငါ ပြန်ရောက်မှ ဒါကို ဖြေရှင်းမယ်။ ဒါပေမဲ့ အဖြူရောင် တစ္ဆေဖယောင်းတိုင်ကို သုံးပြီး အနက်ရောင် ထီးကို ဆွဲဆောင်ပြီး ပုံသေ နေရာသတ်မှတ်တဲ့ နည်းလမ်း ရှိခဲ့တယ် မဟုတ်လား။ ဒီတစ်ခါ ဘယ်လို ဖြစ်လို့ ထိန်းချုပ်လို့ မရဘဲ ရွေ့လျားနေရတာလဲ။"

"အဖြူရောင် တစ္ဆေဖယောင်းတိုင်က အနက်ရောင် ထီးကို တကယ် ဆွဲဆောင်နိုင်တယ်။ ဒါပေမဲ့ ဖယောင်းတိုင် ငြိမ်းသွားတာနဲ့ အနက်ရောင် ထီးက လမ်းကြောင်း တစ်ခုတည်းအတိုင်း ဆက်သွားလိမ့်မယ်။ ဝမ်ယုံက အဲ့ဒီနေရာမှာ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက တစ္ဆေကို ဆွဲဆောင်နေတယ်လို့ သံသယ ဝင်နေတယ်။"

လျိုရှောင်ယွိက ပြောသည်။

ယန်ကျန့်က ထိုအကြောင်းကို တွေးတောနေမိသည်။

ဝမ်ယုံ၏ သံသယက မမှားပေ။ သို့သော် အနက်ရောင် ထီးကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အလွန် အန္တရာယ်များသည်။

တစ္ဆေနယ်မြေက ထီးအတွင်းတွင် အလွှာလိုက် အလွှာလိုက် တည်ရှိနေပြီး အကယ်၍ အထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားပါက ပျောက်ဆုံးသွားနိုင်သည့် ဖြစ်နိုင်ခြေ ရှိသည်။ ထို့ကြောင့် ယန်ကျန့်က ထိုကိစ္စကို ဦးစားမပေးချင်ခြင်း ဖြစ်သည်။ တစ်ခုခု မှားယွင်းသွားပါက သူကိုယ်တိုင် ပိတ်မိသွားနိုင်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ သူက လက်ထဲက ကိစ္စများ ပြီးစီးသွားသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှ ဤကိစ္စကို ထည့်သွင်း စဉ်းစားချင်သည်။

"စကားမစပ် ထုံချန်က ဒီတစ်ခါ ဘာလို့ ပြန်သွားတာလဲ။ ဆီဇာဟိုတယ် ကိစ္စကြောင့်လို့တော့ မပြောနဲ့နော်။"

ယန်ကျန့်က စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။

လျိုရှောင်ယွိက လေးနက်စွာ ပြောလိုက်သည်။

"မင်း ခန့်မှန်းတာ မှန်တယ်။ ဆီဇာဟိုတယ်မှာ သဘာဝလွန် ဖြစ်စဉ်တစ်ခု ရှိနေတယ်။ ထုံချန်က ဒီတစ်ခါ အဲ့ဒါကို သွားစုံစမ်းမလို့။"

"သူ့ကို တစ်ယောက်တည်း မသွားဖို့ ပြောလိုက်။"

ယန်ကျန့်က ချက်ချင်း ပြောလိုက်သည်။

ဆီဇာဟိုတယ်က နေရာသည် ထူးဆန်းပြီး အန္တရာယ်များလှသည်။ သူကိုယ်တိုင်တောင် အလွယ်တကူ ခြေချဖို့ မရဲပေ။ အကယ်၍ ထုံချန်က မဆင်မခြင် တစ်ယောက်တည်း လှုပ်ရှားလိုက်ပါက သူ၏ အဆုံးသတ်က အလွန် ဆိုးရွားသွားလိမ့်မည်။

"ထုံချန်က မဆင်မခြင် လှုပ်ရှားနေတာ မဟုတ်ပါဘူး။ သူက သဘာဝလွန် သက်ရောက်မှုရဲ့ အတိုင်းအတာကို သိနိုင်ဖို့ အခြေအနေကို လေ့လာကြည့်ရုံတင်ပါ။"

လျိုရှောင်ယွိက ပြောသည်။

ယန်ကျန့်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ရပါတယ်။ ဒီကိစ္စက ပိုပြီး ဦးစားပေးသင့်တယ်။ ဒီတစ်ခါ တာအောင်းမြို့က ပြန်လာပြီးရင် ငါ ဆီဇာဟိုတယ်ကို သွားစစ်ဆေးကြည့်မယ်။"

"မတော်တဆမှုတွေ မဖြစ်အောင် မင်း အရင် သွားကြည့်သင့်တယ် ထင်တယ်။"

လျိုရှောင်ယွိက အကြံပြုသည်။

ယန်ကျန့်က ပြောလိုက်သည်။

"တကယ်လို့ မတော်တဆမှု ဖြစ်မယ်ဆိုရင် ဒါက ဖြစ်ပြီးလောက်ပြီ။ ရက်အနည်းငယ် စောသွားတာ နောက်ကျသွားတာက ဘာမှ ထူးခြားမှု မရှိဘူး။ အစီရင်ခံစာတွေက ဒါအကုန်ပဲလား။ တခြား ဘာမှ မရှိတော့ဘူးလား။"

"ရှိသေးတယ်။ ဂျပန်က တစ္ဆေနှင်ကလပ်က မင်းနဲ့ ဆက်သွယ်ချင်လို့ လူတစ်ယောက် လွှတ်လိုက်တယ်။ သူတို့ ဆက်သွယ်ရေးတာဝန်ခံက ရှန်ထုံမျှော်စင်မှာ တည်းနေတယ်။ မင်း တွေ့ဖို့ အချိန် ရှိလား။"

လျိုရှောင်ယွိက ထပ်ပြောသည်။

"အချိန်မရှိဘူး။ ငါ အခုမှ ပြန်ရောက်တာ တခြားသူတွေကို တွေ့ဖို့ စိတ်မပါဘူး သူတို့ကို စောင့်ခိုင်းလိုက်။"

ယန်ကျန့်က လက်ကာပြလိုက်သည်။

လျိုရှောင်ယွိက ပြောသည်။

"လုပ်ဆောင်စရာ စာရင်းထဲမှာတော့ ဒါအကုန်ပဲ။ သိပ် အရေးမကြီးတဲ့ ကိစ္စတချို့တော့ ရှိသေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေကတော့ မင်းရဲ့ အတွင်းရေးမှူးက မင်းကို အစီရင်ခံပါလိမ့်မယ်။"

"သိပြီ။"

မကြာသေးမီက အစီရင်ခံစာများကို နားထောင်ပြီးနောက် ယန်ကျန့် ခဏမျှ တိတ်ဆိတ်နေလိုက်သည်။

ကိစ္စတွေက စုပုံလာနေသည်။

မသိလိုက် မသိဘာသာပင် သဘာဝလွန် ဖြစ်ရပ်များက ထိန်းချုပ်မရ ဖြစ်လာစ ပြုနေပြီး အခြေအနေက ထင်ထားသည်ထက် ပိုမို လျင်မြန်စွာ ဆိုးရွားလာနေသည်။

All Chapters