အနာဂတ်ကို တွက်ချက်နိုင်သော လျှို့ဝှက် အတတ်ပညာ
Vol. 1 Ch. 112
နဂါးတစ်သောင်း တောင်ကြားသည် နယ်မြေအတွင်း ကျော်ကြားသည်။ ထိုနေရာသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း ရှိနေရုံသာမက လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က စတုတ္ထအဆင့် နတ်ဆိုးသားရဲ၊ တောင်ပံပြာနဂါး နေထိုင်နေခဲ့သော နေရာလည်း ဖြစ်သည်။
အမည်အတိုင်းပင် နဂါးတစ်သောင်း တောင်ကြားတွင် နဂါးတစ်သောင်းခန့် ရှိလေသည်။ ဤနေရာသည် တစ်ခါက နဂါးအနွယ်ဝင် နတ်ဆိုးသားရဲများ၏ အဓိက စခန်းချရာ နေရာလည်း ဖြစ်သည်။ နဂါးတစ်သောင်း တောင်ကြား ကောင်းကင်ဧကရာဇ်သည် တောင်ပံပြာနဂါးကို သတ်၍ ဂူသင်္ချိုင်းတစ်ခု တည်ဆောက်ခဲ့သည်။ ထို့ကြောင့်ပင် နဂါးတစ်သောင်း တောင်ကြားသည် ပို၍ ကျော်ကြား လာခဲ့သည်။
နဂါးတစ်သောင်း တောင်ကြားသည် ကြီးမားလွန်းပြီး နဂါးအနွယ်ဝင် နတ်ဆိုးသားရဲများ ကျက်စားရာ နေရာတစ်ခု ဖြစ်သည်။ ယခုမူ နတ်ဆိုးသားရဲ တစ်ကောင်တလေမှ ပေါ်မလာခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံသုံးခုမှ သိုင်းသမားများစွာ အပြင် အခြားနိုင်ငံများမှ သတင်းရကြသော ရတနာ ရှာဖွေသူများလည်း ရောက်လာ ကြသောကြောင့် ဖြစ်လေသည်။
ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူအုပ် ရောက်ရှိလာသော အခါတွင် လူအများက အာရုံစိုက် လာကြသည်။ အကြောင်းအရင်း သည်ကား သင်တန်းကျောင်း အတွင်းတွင် ရှန်ဝူနိုင်ငံတော်နှင့် ရှားနိုင်ငံတော်တို့မှ ဂိုဏ်းကြီးများ၏ ဆက်ခံသူများစွာ ရှိပေသည်။ သူတို့၏ အစောင့်အရှောက် များစွာကသာ လိုက်ပါလာလျှင် ဂူသင်္ချိုင်း အတွင်းတွင် ပို၍ အန္တရာယ် များနိုင်ပေသည်။
ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းဖွင့်ရန် နှစ်ရက်လိုသေးသည်။ သင်တန်းကျောင်းမှ လူများသည် ဂူသင်္ချိုင်း အနီးရှိ ရေကန်ငယ်လေး ဘေးတွင် စခန်း ချလိုက်ကြသည်။ သင်တန်းကျောင်းမှ အုပ်စုတွင် လူတစ်ထောင်ကျော် ပါဝင်ပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူသုံးယောက်လည်း ပါနေသေးသည်။ ထို့ကြောင့် ထိုနေရာတွင် အရင်စခန်း ချထားသူများသည် သူတို့ ဆက်မနေသင့်ဟု ယူဆကာ သူတို့ဟာသူတို့ ထွက်ခွာ သွားကြလေသည်။
ကျောင်းသူများသည် အလွန် ပျော်ရွှင် နေကြသည်။ ခရီးစဉ် အတွင်းတွင် စမ်းချောင်း အနည်းငယ်သာ တွေ့ခဲ့ရပြီး သူတို့သည် ကိုယ်လက် သန့်ရှင်း ချင်နေကြသည်။ ယခုလက်ရှိ အခြေအနေအရ ဆိုလျှင် သူတို့၏ ပထမဦးစားပေးမှာ ရေချိုးလိုက်၍ အဝတ်အစား လဲရန်သာ ဖြစ်လေသည်။ ဆရာမ တစ်ယောက်က ဦးဆောင် ညွှန်ကြား၍ သူတို့သည် ရေကန်ကို ဝန်းရံလိုက်ကြကာ ရေချိုး ကြတော့သည်။ ကျောင်းသားများသည်ကား ယင်ကောင်များနှယ် တဝဲလည်လည် လုပ်နေကြလေသည်။
"ဒါက ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းလား .... ,,.ဘာမှ မထူးခြားဘူးလို့ ထင်ရတယ်မလား .... "
ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် မြေပြန့် တစ်နေရာတွင် ထိုင်နေကြသည်။ ကျန်းရီသည် ခပ်လှမ်းလှမ်း ကျောက်နံရံကြီးကို ကြည့်နေရင်း အတော်လေး စိတ်ပျက်နေခဲ့သည်။ ဒီကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသည် ခမ်းနား ထည်ဝါသော အငွေ့အသက်များ ရှိမနေပေ။ ၎င်းသည် သာမန် အတိုင်း ကျောက်တုံး နံရံကြီးတစ်ခုသာ ရှိပြီး မျက်နှာပြင်သည် မှန်တစ်ချပ်ကဲ့သို့ ချောမွေ့ နေလေသည်။
ကျန့်ဝူရွှမ်းသည် ကြည့်ကာ ရယ်မော လိုက်သည်။
"ဒါက ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်း မဟုတ်သေးဘူး .... တကယ့်ဂူသင်္ချိုင်းအစစ်က အထဲမှာပဲ .... မင်းဝင်သွားရင် သိလိမ့်မယ် .... ဒါက ငါတို့ဝင်ဖို့ ဂိတ်တံခါးလို ဟာမျိုးပဲ"
"ဒါကြီးဖွင့်ဖို့က နှစ်ရက်တောင် လိုသေးတယ် .... "
ချမ်ဝမ်ကွမ်သည် ရုတ်တရက် သူ၏ အသံဝဲဝဲနှင့် နှောင့်ယှက်လိုက်သည်။
"အစ်ကိုကြီး .... မင်းကစားဖို့ ငါအလှလေး တစ်ယောက်လောက် စီစဉ်ပေးမယ် .... အပန်းဖြေလို့ ရတာပေါ့"
ကျန့်ဝူရွှမ်းသည် ချမ်ဝမ်ကွမ်ကို ကြည့်ကာ ဆွံ့အ သွားရသည်။ တစ်ဖက်တွင် ကျန်းရီသည် ချမ်ဝမ်ကွမ် ဘာတွေးနေသည်ကို သိပေသည်။ သူသည် ကျန်းရီ ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက် သွားပြီး သေဆုံးသွားပါလျှင် လူပျိုစစ်စစ် အဖြစ် သေဆုံး သွားရမည်ကို နှမြောနေခြင်း ဖြစ်သည်။
"မင်းဟာမင်းသာ သွားပြီးပျော်တော့ .... ငါကျင့်ကြံလိုက်ဦးမယ် .... "
ကျန်းရီသည် အူမြူးစွာ ရပ်လိုက်ပြီး အနီးရှိ တဲထဲသို့ ဝင်သွားခဲ့သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ သူသည် နှစ်ရက်အတွင်း ရအောင် ကြိုးစား ကြည့်ချင်သေးသည်။
***
ရလဒ်သည်ကား စိတ်ပျက်စရာပင် .... ကျန်းရီသည် နှစ်ရက်လုံးလုံး ရေကုန်ရေခန်း ကြိုးစားခဲ့သော်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်သို့ မရောက်နိုင်သေးပေ။ သို့သော် သူကျင့်ကြံရာမှ ထွက်လာချိန်တွင် သတင်းဆိုး နှစ်ခုကို ထပ်မံ ရရှိလိုက်လေသည်။
ချမ်ဝမ်ကွမ် ယူလာခဲ့သော ပထမသတင်းသည် ကျန်းရိလျှိုသည် အနောက်ဘက် မြို့စောင့်တပ်မှ စစ်သည်များကို သုံးတော့မည်ဟု ဖြစ်လေသည်။ သူတို့သည် အရေအတွက် အတိအကျနှင့် ပုန်းနေသော နေရာကိုတော့ မသိရပေ။ သို့သော် ထိုသတင်းသည် မှန်ကန်ကြောင်း အတည်ပြုနိုင်ဟု ဆိုသည်။
ဒုတိယ အချက်သည်ကား ကျန်းစွန်းဝူကျိသည် နဂါးတစ်သောင်း တောင်ကြားအတွင်း ဒုတိယအဆင့် အထွတ်အထိပ် ရောက်နေသာ နတ်ဆိုးသားရဲ အရိပ်နဂါးကို တွေ့ခဲ့သည်ဟု ဆိုသည်။ သူသည် ၎င်းကို သူ၏ ဝိညာဉ်သားရဲ အနေနှင့် ယဉ်ပါးအောင် လေ့ကျင့် ပေးနိုင်ခဲ့သည်။ ထိုအရိပ်နဂါးသည် သိုင်းသမားများအတွက် အိပ်မက်ဆိုးပင်။ ၎င်း၏ အင်အားသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ကိုပင် အနိုင်ယူရန် လုံလောက်ပေသည်။
"အရိပ်နဂါး .... .... ဟုတ်သားပဲ .... ကျောင်းက ကျောင်းသား အများစုမှာ ဝိညာဉ်သားရဲတွေ ရှိကြတယ်မလား .... .... ငါဘာလို့ သူတို့တွေ ခေါ်လာတာကို မတွေ့ရတာလဲ .... "
ကျန်းရီသည် သတင်းကို ကြားသောအခါ မေးမြန်း ကြည့်လိုက်သည်။ ထူးချွန် ကျောင်းသားများသည် နတ်ဆိုး သားရဲများကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်သော ပညာရပ်များကို သင်ယူခွင့်ရှိကြရာ ပုံမှန်ဆိုလျှင် သူတို့၏ ဝိညာဉ် သားရဲများကို တိုက်ပွဲတွင် ကူညီရန် ခေါ်လာ ကြပေလိမ့်မည်။ သူသင်တန်းကျောင်းကို ရောက်ချိန်တည်းက သူတို့၏ ဝိညာဉ် သားရဲများနှင့် လမ်းလျှောက် သူများကို တွေ့ရသည်မှာ အလွန်ရှားသည်။
"အစ်ကိုကြီး .... မင်းမှာ ယေဘုယျ ဗဟုသုတလေးတောင် မရှိဘူးလား .... "
ချမ်ဝမ်ကွမ်သည် မျက်စောင်းထိုးကာ ရှင်းပြလာခဲ့သည်။
"သင်တန်းကျောင်းက ထူးချွန် ကျောင်းသားတွေကို နတ်ဆိုးသားရဲကို လေ့ကျင့်ပေးနိုင်တဲ့ ပညာရပ်တင် မဟုတ်ဘူး .... ဝိညာဉ် သားရဲ အဆောင်လေးလည်း ပေးတယ်...
အဲ့အဆောင် လေးထဲမှာ ဝိညာဉ်သားရဲတွေကို သိမ်းထားလို့ရတဲ့ နေရာပါတယ် .... ဝိညာဉ် သားရဲတွေက ငါတို့ကျောင်းရဲ့ လျှိူ့ဝှက်လက်နက်၊ ဝှက်ဖဲပဲ .... အရူးကပဲ သူ့ဝိညာဉ်သားရဲကို ထုတ်ပြလိမ့်မယ် .... သိုင်းသမား အများစုက သူတို့ရဲ့ ဝိညာဉ်သားရဲကို တိုက်ပွဲအတွင်းမှာပဲ သူတို့ကို ကူညီဖို့ ဆင့်ခေါ်ကြတယ်"
"ဒီလိုကိုး .... "
ကျန်းရီသည် သဘောပေါက် သွားခဲ့သည်။ သူသာ သင်တန်းကျောင်းမှ ကျောင်းသား တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သူ့ပြိုင်ဘက်သည် ဝိညာဉ်သားရဲကို ဆင့်ခေါ်နိုင်သောကြောင့် သတိထား ရပေမည်။
"ရှပ်...ရှပ်...ရှပ် .... "
အဝေးမှ မိန်းကလေး တစ်ယောက်သည် လျှောက်လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီကို ပခုံးပုတ်၍ ပြောလိုက်သည်။
"ဂူသင်္ချိုင်းဖွင့်ဖို့ တစ်ရက်တောင် လိုသေးတာပဲ .... အစ်ကိုကြီး... ဒီအခွင့်အရေးကို ယူပြီး ဒီကောင်မလေးကို အပိုင် သိမ်းလိုက်တော့ .... ဒါဆို နောင်တ ရစရာ မလိုတော့ဘူး .... "
"သွားစမ်း .... "
ကျန်းရီသည် ချမ်ဝမ်ကွမ်ကို ကန်ထုတ် လိုက်သည်။ ကျန့်ဝူရွှမ်းသည်ကား ပါးနပ်စွာပင် ရှောင်ထွက် သွားသည်။ ထို့နောက် ကျန်းရီသည် လမ်းလျှောက် လာနေသော မိန်းကလေးကို လှည့်ကြည့် နေလိုက်သည်။ သူသည် အဝါရောင် ပုံရိပ်လေးကို မြင်လိုက်ရသောအခါ သက်ပြင်း ကြိတ်ချလိုက်သည်။ ဒီလိုအခြေအနေမျိုးတွင် ကျီထင်ယွီ သူ့ကို လာတွေ့ခြင်းမှာ အဓိပ္ပာယ် တစ်ခုခုများ ရှိနေသည်လား .... .... သူမသည် ကျန်းစွန်းဝူကျိ သို့မဟုတ် ကျန်းရိလျှိုကို ဆွဲဆောင်ရန် ကြိုးစားနေသည်ဆိုမှ သူတို့သည် နောင်တွင် မိတ်ဆွေများ မဖြစ်နိုင်တော့သည်ကို သူမသိသင့်သည်။
"ကျန်းရီ .... "
ကျီထင်ယွီသည် ပေါ့ပေါ့ပါးပါး လမ်းလျှောက် လာခဲ့သော်လည်း သူမ၏ မျက်ဝန်းများသည် အလွန်အမင်း လေးနက် နေခဲ့သည်။ သူမသည် သူမ၏ နီမြန်းသော နှုတ်ခမ်းပါးလေးကို ကိုက်လိုက်ကာ ပြောလာခဲ့သည်။
"ရှင်တကယ် သွားမှာလား .... .... ရှင်ဝင်သွားရင် သေသွားလိမ့်မယ် .... "
ကျန်းရီသည် ပြန်မဖြေဘဲ သူမကိုသာ တည်ငြိမ်စွာ ကြည့်နေလိုက်သည်။ သူသည် ကောင်းကင် တောင်ပံမြို့၏ နံပါတ်တစ် အလှလေး၊ သူ့ကို အရေးတယူရှိသော ဂိုဏ်းကြီးတစ်ခု၏ သခင်မလေးအား ကြည့်ရင်း ဝေခွဲမရဖြစ်နေခဲ့သည်။
"ဟူး .... ကျွန်မ ရှင့်ကို စိတ်ပြောင်းအောင် ပြောလို့မရဘူးဆိုတာ သိပါတယ် .... "
ကျီထင်ယွီသည် သက်ပြင်းချလိုက်ပြီး ရုတ်တရက် သူ့အနီးသို့ ကပ်လာခဲ့သည်။ သူမသည် လက်များကို မြှောက်လိုက်ကာ သူ့ကို ပွေ့ဖက်ရန် ပြင်လိုက်သည်။
"ဟမ် .... "
ကျန်းရီ၏ ကိုယ်သည် တောင့်ခဲ သွားခဲ့သည်။ သူသည် မိန်းကလေး တစ်ယောက်၏ ကိုယ်သင်းနံ့ ဖျော့ဖျော့ကို ရနေခဲ့သည်။ သူသည် ချက်ချင်း ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း ကျီထင်ယွီ၏ ပြောစကားကြောင့် နေရာတွင်သာ ရပ်နေလိုက်သည်။
"မလှုပ်နဲ့ .... ဒီနားမှာ ကျွန်မတို့ကို စောင့်ကြည့်နေတဲ့ လူတွေ ရှိနေတယ်"
ကျီထင်ယွီသည် သူ့ကို အမှန်တကယ် မဖက်ခဲ့ပေ။ သို့သော် ဒီအခြေအနေသည် သူ့ကို ရှက်ကိုးရှက်ကန်း ဖြစ်စေလေသည်။ သူမ၏ ပါးစပ်သည် ကျန်းရီ၏ နားရွက်နားတွင် ရှိနေခဲ့သည်။ ကျန်းရီသည် တုန်ယင် နေခဲ့သည်။
"ရှင် ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲကို ရောက်တာနဲ့ ပထမဆုံး ပုန်းဖို့ လိုအပ်တယ် .... ကျန်းရိလျှိုက အနောက်ဘက် မြို့စောင့်တပ်ရဲ့ စစ်သည်တော် ရာချီကို ခေါ်လာတယ် .... ရှင်သာ အဝိုင်းခံ လိုက်ရရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး .... "
ကျီထင်ယွီသည် စကားဆုံးသည်နှင့် ကျန်းရီ၏ ကျောကို ပုတ်လိုက်ပြီး နောက်ပြန် ဆုတ်ကာ သက်ပြင်း ချလိုက်သည်။
"ရှင်သေသွားခဲ့ရင် နောက်နှစ် ဒီလိုနေ့မှာ ရှင့်အတွက် စက္ကူတွေ မီးရှို့ပေးမယ်"
"ကျေးဇူးတင်ပါတယ် .... "
ကျီထင်ယွီ ထွက်ခွာသွားခဲ့သည်။ ကျန်းရီ၏ ကိုယ်တွင် သူမ၏ ကိုယ်သင်းနံ့က စွဲထင် ကျန်ရစ်နေခဲ့သည်။ သူသည် လှပသော ကျောပြင်လေးကို ကြည့်နေရင်း ပို၍ပင် ရှုပ်ထွေး လာရသည်။
ရုတ်တရက် ခွာမှုတ်သံသည် ထွက်ပေါ်လာခဲ့သည်။
ခွာမှုတ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ဆက်မတွေးတော့ဘဲ ခေါင်းရမ်း လိုက်သည်။ သူသည် ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်း ဖွင့်တော့မည် ဖြစ်၍ သင်တန်းကျောင်းသားများ လူစုနေသည်ကို ကြည့်နေလိုက်သည်။
"အစ်ကိုကြီး .... .... အသက်ရှင်လျက် ပြန်လာခဲ့ပေး .... ကျွန်တော် ဒီကစောင့်နေမယ် .... "
ချမ်ဝမ်ကွမ်သည် တစ်နေရာမှ ထွက်လာခဲ့ပြီး ကျန်းရီကို ခံစားချက် အပြည့်နှင့် ကြည့်နေခဲ့သည်။
ကျန်းရီသည် ပြုံးကာ ခေါင်းညိတ် လိုက်သည်။
"ဝမ်ကွမ် .... ငါဒီတစ်ခေါက် မသေခဲ့ရင် .... အနာဂတ်မှာ အောင်မြင်လာတဲ့အခါ မင်းကို ထိရဲတဲ့ လူတိုင်း မိသားစုလိုက် ပြန်ပေးဆပ် စေရမယ် .... "
ကျောင်းသားများသည် မြေကွက်လပ် တစ်ခုတွင် စုစည်းကာ ဂူသင်္ချိုင်း ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်ကို တစ်ချက် ကြည့်လိုက်ပြီး ထွက်ခွာလာခဲ့သည်။
ချမ်ဝမ်ကွမ်သည် ကျန်းရီ ထွက်ခွာ သွားသည်ကို ကြည့်နေခဲ့သည်။ သူခပ်ဝေးဝေးသို့ ရောက်သောအခါ ချမ်ဝမ်ကွမ်သည် တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
"ကျန်းရီ .... ငါတို့ ချမ်ဂိုဏ်းက ဂိုဏ်းကြီး ခုနှစ်ဂိုဏ်းထဲက တစ်ခု ဖြစ်လာပြီး နှစ်ပေါင်း တစ်သောင်းကျော် လောက်ထိ တည်မြဲနေခဲ့တာက ငါတို့ရဲ့ ချမ်းသာမှုတွေကြောင့်ပဲ မဟုတ်ဘူး .... ငါ့တို့ဂိုဏ်းမှာ ထူးဆန်းတဲ့ အနာဂတ်ကို တွက်ချက်နိုင်တဲ့ လျှို့ဝှက် အတတ်ပညာ တစ်ခုရှိလို့ပဲ .... ငါ့ရဲ့ အရည်အချင်းက အရမ်း မထူးချွန်သေးပေမယ့် ငါမမှားဘူးလို့ ငါယုံတယ် .... မင်းရဲ့ နောက်ဆုံး တိုက်ပွဲက .... ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းလို နေရာ သေးသေးလေး တစ်ခု သေချာပေါက် မဟုတ်ဘူး .... "
*****