← Chapters

ယဇ်ပလ္လင်နှင့် ထီးနက်

Vol. 53 Ch. 625

ယဇ်ပလ္လင်နှင့် ထီးနက်

Vol. 53 Ch. 625

ဝေယွင်က ချိုင့်ဝှမ်းအတွင်းရှိ ကြေးကြာပန်းခုံ သုံးဆယ့်ခြောက်ခုကို အံ့သြစွာ စိုက်ကြည့်လိုက်သည်။

“ ငါ့ဘိုးဘေးရဲ့ စကားအရ ဒီတံဆိပ်ကို အံ့မခန်း လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဓားရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖန်တီးပေးခဲ့တာပဲ။”

၎င်းတံဆိပ်၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး ဧကရာဇ်ကိုပင် အလွယ်တကူ သတ်နိုင်၏။

သူမစကားကြောင့် နတ်ဆိုးအုပ်စုကြီးမှာ တုန်လှုပ်ကုန်သည်။ နတ်ဓားရှင်သည် ဧကရာဇ် များ၏ ဘုရင်ဖြစ်သည်။ သူ့ရှေ့၌ ကမ္ဘာကြီး တစ်ခုလုံး ခေါင်းငုံ့ထားရ၏။ မြင့်မြတ်ပြီး ဒဏ္ဍာရီဆန်ချေသည်။

“ နတ်ဓားရှင်လား ... ။ ”

စွေ့ကျင်းယန်ခမျာ မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ သူမ၏ ဘိုးဘေးပင် လေးစားရသော ကြောက်မက်ဖွယ် တည်ရှိမှုဖြစ်၏။

မျက်မမြင် အဘိုးကြီးသည်လည်း စိတ်ခံစားချက်များ ကမောက်ကမ ဖြစ်လာကာ စုရီထံခိုးကြည့်သည်။ တစ်ဖက်လူသည်သာ ဤမျှငယ်ရွယ်နေခြင်း မရှိသော် နတ်ဓားရှင် အဖြစ် ထင်မှားမိပေမည်။

စုရီက မလှုပ်မယှက် ငြိမ်သက်နေကာ လက်နှစ်ဖက်နောက်ပို့လျက် မတ်တပ်ရပ်ကြည့် နေခဲ့သည်။

“ နတ်ဓားရှင်က ဒီနေရာမှာ အတားအဆီးတစ်ခုကို ထူထောင်ထားတာလား ဒါဆို သူ့ရတနာတွေကို တံဆိပ်ခတ်ထားတာ ဖြစ်နိုင်မလား။ ”

ကျောက်စိမ်းရေသခင်မှ စိတ်လှုပ်ရှားစွာ ရေရွတ်၏။ ဤသည်မှာ အမှန်ပင် နတ်ဓားရှင်၏ ရတနာသာဆိုသော် သာမန်ဖြစ်နိုင်စရာမရှိချေ။ ရှားပါးပြီး အစွမ်းထက်ပေမည်။

“ ဒါဟာ ရတနာတစ်ခုဖြစ်နိုင်သလို တခြားအရာတစ်ခုလည်း ဖြစ်နိုင်ပါတယ် ... ဘာပဲဖြစ်ဖြစ် တစ်သက်မှာ တစ်ခါပဲရမဲ့ အခွင့်အရေးပဲ။ ”

ဝေယွင်မှ လေးနက်စွာ ပြောကြားသည်။ သူမစကားကို လူတိုင်းက တညီတညွတ်တည်း အသိအမှတ်ပြု လိုက်ကြ၏။

နတ်ဓားရှင် ကဲ့သို့သော တစ်စုံတစ်ယောက်၏ ရတနာမှန်သမျှသည် ဧကရာဇ်များကို သွားရည်ယိုစေလောက်အောင် တန်ဖိုးရှိပေမည်။

တစ်ချိန်က နတ်ဓားရှင်ထားခဲ့သော လက်ရေးလှပန်းချီကားတစ်ချပ်ကို လေလံတင် ရောင်းချဖူးသည်။

၎င်းသည် ရိုးရှင်းသော လက်ရေးလှ ရေးဟန်တစ်ခုမျှသာ ဖြစ်သော်လည်း ဧကရာဇ် များစွာကို ဆွဲဆောင်ခဲ့၏။

လေလံပွဲတစ်ခုလုံး အင်အားကြီးသူများ စုဝေးပြီး ဧကရာဇ်နယ်ပယ်အောက် မည်သူမျှ တက်ရောက်ရန် အဆင့်မမီချေ။

ယင်းသည် သာမန်လက်ရေးလှ ရေးဟန်မျှသာဖြစ်ပြီး စကားလုံးရှစ်လုံးသာ ပါရှိသော ဝါကျတိုတစ်ကြောင်းဖြစ်၏။

“ ကောင်းကင်၏ နှလုံးသားသည် လမင်းနှင့်တူ၍ ငါ့နှလုံးသားကို အလင်းပေး လေသည်။ ”

ဤသည်မှာ ရတနာမဟုတ်သကဲ့သို့ အမွေလည်း မဟုတ်ချေ။ သာမန်ကဗျာမျှသာ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ရှေ့တွင် ပေါ်လာသောဝင်္ကပါသည် အမှန်တကယ်ပင် နတ်ဓားရှင် ထားခဲ့ခြင်းဖြစ်သော် လက်ဆောင် တစ်ခု ပါ၀င်နိုင်ဖွယ်ရှိသည်။

ဝေယွင်က အသက်ပြင်းပြင်းရှူပြီး၊

“ လူတိုင်း ငါ့နောက်ကို လိုက်ခဲ့ကြ ... လမ်းမှာ ဘာကိုမှ ... အလျင်စလို မလုပ်ပါနဲ့၊ မဟုတ်ရင် မင်းတို့ ချက်ချင်း အသတ် ခံရလိမ့်မယ်။ ”

-ဟုဆိုလိုက်သည်။

ထို့နောက် ဦးဆောင်ပြီး ချိုင့်ဝှမ်းဆီသို့ ပြေးသွားခဲ့သည်။ အခြားသူများက သူမနောက်မှ လိုက်ပါသွားကြ၏။

လမ်းတစ်လျှောက် လူတိုင်းသတိကြီးစွာ ထားခဲ့သည်။ စုရီနှင့်အဖွဲ့သည် နောက်ဆုံးမှ လိုက်ပါ၏။

သွေးမြူများ ထူထပ်လျက် ထာဝရည၏အဆုံးမဲ့ အမှောင်ကဲ့သို့ လူတိုင်း၏ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားသည်။

ရူပါရုံနှင့် ဝိညာဉ်သည် လုံးလုံးလျားလျား ပျောက်ကွယ်လျက် တည်ရှိမှုကို ခံစားကြည့်၍ မရတော့ချေ။

ထိုခံစားချက်သည် နတ်ဆိုးများ၏ နှလုံးသားကို အေးခဲသွားစေသည်။ အမည် မသိ ခံစားချက်များ ဝင်လာ၏။

ဝိညာဉ်သည်သာ တိမ်မြုပ် ပျက်ပြယ်သွားသောအခါ သေဆုံးခြင်းပေပင်။ ထို့ကြောင့် ဝေယွင်က ကြေးနီမီးခွက်ကို ချက်ချင်း ထုတ်လိုက်ရသည်။

မီးတောက်သည် ထိုသွေးနီ အမှုန်အမွှားများကို ချက်ချင်း လောင်ကျွမ်းပစ် လိုက်တော့၏။

ဤနည်းဖြင့် ဝေယွင်မှ အဖွဲ့ကို ဆက်လက်ဦးဆောင်ကာ ကြေးကြာပန်းစင်ရှေ့ ရောက်ရှိရန် နာရီဝက်ခန့် လျှောက်လှမ်း ခဲ့ရလေသည်။

ကြာပန်းများ အလယ်ဗဟိုတွင် ဂူဝင်ပေါက်တစ်ခုရှိနေပြီး တားမြစ်နယ်မြေသို့ သွားရောက်ရန် မြေအောက်ဥမင်ရှိနေ၏။

“ ဝှစ် ... ။ ”

ဝေယွင်က ဥမင်ဝတွင် ရပ်လိုက်သည်။ ထို့နောက် စုရီပေးထားသော ယန်မီးတောက် ငါးကြင်းများထုတ်ယူပြီး ကြာပန်းခုံများအပေါ် ပစ်တင်ပေးလိုက်၏။

လူတိုင်း၏ မျက်လုံးများ တုန်ခါလျက် စုရီကိုဒုတိယအကြိမ် လှမ်းကြည့်လိုက်ကြသည်။ ကြာပန်းခုံသည် ကိုးခုရှိပြီး ယန်မီးတောက်ငါးမှာ ကိုးကောင်ဖြစ်၏။

ဤသည်မှာ တိုက်ဆိုင်မှုပင်လော။ သို့တည်းမဟုတ် ထိုလူငယ်သည် ကြိုမြင်နိုင် ခဲ့သည်လော။

တစ်ဖက်တွင် စွေ့ကျင်းယန်နှင် မျက်မမြင်အဘိုးကြီးသည် တိုက်ဆိုင်မှု မဟုတ်ကြောင်း ပြောနိုင်၏။

ငါးကြင်းများ ရောက်ရှိသွားသည်နှင့် ကြေးဝါခုံများသည် အလင်းများဖြာထွက်လျက် ယန်မီးတောက်ငါးကိုးကောင်ကို လောင်ကျွမ်း ပျောက်ကွယ်သွားစေတော့သည်။

တစ်ဆက်တည်းမှာပင် ဝင်ပေါက်ရှိ သွေးအခိုးအငွေ့များ ရုတ်တရက် ပျောက်ကွယ် သွား၏။

“ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ။ ”

ဝေယွင်မှ ခပ်မြန်မြန်ပြောပြီး ဥမင်ပေါက်ထဲသို့ ခုန်ဝင်သွား၏။ နှောင့်နှေးခြင်း မရှိ လူတိုင်းလိုက်ပါလာချေပြီ။

ဥမင်အတွင်း ခုန်ဝင်လိုက်သည်နှင့် အမြင်အာရုံများမှုန်ဝါးလာပြီး ထူးဆန်းသော ကမ္ဘာတစ်ခုထဲ ပြန်လည်တွေ့ရှိလာ၏။

ဤသည်မှာ လျှို့ဝှက်နယ်မြေဖြစ်သည်။ ပေတစ်ရာမျှသာ ကျယ်ဝန်းပြီး မြေပြင်တစ်ခုလုံး အနက်ရောင်ဖြစ်၏။

အလယ်တွင် ကိုးပေခန့် မြင့်မားသော ပလ္လင်တစ်လုံး ရှိသည်။ ပလ္လင်ပေါ်တွင် အခြား ရတနာများ မပါရှိဘဲ အနက်ရောင်ထီး တစ်လက်သာ ရှိနေ၏။

ထို့ကြောင့် လူတိုင်း၏အကြည့်များက အနက်ရောင်ထီးပေါ်သို့ ချက်ချင်းရောက်ရှိသွား တော့သည်။

အရှည်လေးပေခန့်ရှိပြီး အရွက်သည် အနက်ရောင်ဖြစ်၏။ ထို့ထက်ပို၍ ထူးခြားသော အသွင်အပြင် မရှိချေ။

စုရီက အံ့သြသွားသည်။ ပြင်ပကမ္ဘာ၌ တံဆိပ်ကျိုးနေသဖြင့် ဤထီးပျောက်သွားပြီဟု ယူဆမိခဲ့သည်။ သို့သော် ရတနာသည် ဤနေရာတွင် ရှိနေဆဲဖြစ်၏။

“ ဒါကဘာလဲ ... မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်စဉ်က ဒီထီးနက်နဲ့ ပတ်သက်နေတာမျိုးလား။ ”

ကျောက်စိမ်းရေသခင်မှ မေးလိုက်သည်။ ဝေယွင်က ခေါင်းညိတ်ပြပြီး၊

“ သေချာပေါက်ပဲ ... ။ ”

-ဟု ပြန်ဖြေနေစဉ် စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

“ အား ... ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သွေးနီဥများဖုံးလွှမ်းလျက် အသားနှင့်အရိုးများ ပြာအဖြစ် လွင့်ထွက်ပျောက်ကွယ်သွား၏။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့၏ရတနာများကို ချက်ချင်းခေါ်ကာ သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။

“ ဘာတွေဖြစ်နေတာလဲ ... ။ ”

“ ယင်ခြောက်ပါးတစ္ဆေရဲ့ ကျင့်ကြံမှုက နှောင်းပိုင်းဝိညာဉ်ပြောင်းလဲခြင်း အဆင့်မှာပါ ဒါဆို ဘယ်လိုလုပ်ပြီး သေဆုံးရတာလဲ။ ”

“ စိတ်ဝင်စားစရာပဲ ... ဒီသွေးမြူတွေ ဘယ်လိုပေါ်လာတာလဲ။ ”

ဤမျှ ရိုးရှင်းပုံရသော လျှို့ဝှက်နယ်မြေလေးသည် အန္တရာယ်များ အမှန်တကယ် ဖုံးကွယ်ထားချေ၏။

စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးအိုမှာ ကျောရိုးတစ်လျှောက် အေးစက်သွားတော့၏။ စွေ့ကျင်းယန်မှ တုန်ယင်စွာဖြင့်၊

“ အစ်ကိုစု၊ ဘာဖြစ်တာလဲ သိလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ သူ့ရဲ့နတ်အာရုံနဲ့ ထီးနက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတုန်း ... ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က လောင်မြိုက်ပျက်စီးသွားတာပဲ။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ထိုအဖြေကြောင့် စွေ့ချင်းယန်တစ်ယောက် စိုးထိတ်လာပြီး၊

“ ဒီယဇ်ပလ္လင်က အရမ်း အန္တရာယ်များတယ်ဆိုတာသိရင် စောစောက ငါ့ကိုဘာလို့ မပြောရတာလဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒီမှာ မင်းနဲ့အတူ ငါရှိနေတာပဲ ... ဘာကိုကြောက်နေတာလဲ။ ”

စုရီမှ မတုန်မလှုပ်တုန့်ပြန်၏။

“ အားလုံး သတိထားပါ ... ယဇ်ပလ္လင်နဲ့ ပတ်သက်ပြီး ... ထူးဆန်းတာကို ငါခံစားရတယ် မင်းတို့ရဲ့စိတ်ဝိညာဉ်နဲ့ မစုံစမ်းနဲ့ ... ။ ”

ထိုစဉ် ဝေယွင်မှ သတိပေးသည်။ လူတိုင်းနီးပါး အမူအရာများ မှုန်မှိုင်းလျက် ချက်ချင်း မသေချာတော့ချေ။

လူလတ်ပိုင်းအရွယ် အမျိုးသား သေဆုံးမှုသည် ပလ္လင်နှင့် ဆက်စပ်မှုရှိကြောင်း အကြမ်းဖျင်း ကောက်ချက်ချနိုင်၏။

“ မြို့သခင် ... ဒီယဇ်ပလ္လင်ရဲ့ အန္တရာယ်ကို မင်းမြင်နိုင်သလား။ ”

မျက်နှာဖြူ မိစ္ဆာမှ ရုတ်တရက် မေးသည်။

“ ငါလည်း ဒီအကြိမ်က ... မင်းတို့လို ပထမဆုံးအကြိမ်ပဲ ... ဒါဆို ဒီပလ္လင်အကြောင်း ဘယ်လိုများ သိနိုင်မှာလဲ။ ”

ဝေယွင်မှ ခေါင်းယမ်းလိုက်သည်။ လက်တစ်ဖက်မိစ္ဆာမှ မယုံချေ။

“ မဖြစ်နိုင်ပါဘူး ... မင်းရဲ့ဝေမျိုးနွယ်စုက ဒီနယ်မြေတွေနဲ့ မဝေးတဲ့အရပ်မှာ နေထိုင်တာ မဟုတ်လား ...

... ပြီးတော့ ... မင်းတို့တွေမှာ ယန်မီးတောက်ငါးကြင်းဖမ်းဖို့ နည်းလမ်းတွေ ပိုင်ဆိုင်ထားတယ် ဒီနေရာကို ဝင်ဖို့ မခက်ခဲသင့်ပါဘူး။ ”

ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက ဝေယွင်ထံ စိုက်ကြည့်လာ၏။ လေထုသည် တင်းမာပြီး ဖိစီးလာသည်။

သူတို့အားလုံးသည် ကြင်နာတတ်သော လူသားများမဟုတ်ချေ။ ကျေနပ်လောက်သော ဖြေရှင်းချက် မပေးနိုင်သော် တိုက်ခိုက်ပေမည်။

“ လမ်းမှာ ... မင်းတို့ကို ငါပြောခဲ့တယ် ဒီတံဆိပ်က ငါတို့ကို ဝင်ခွင့်ပြုတာ ရက်ပိုင်းပဲ ရှိသေးတယ် ဟိုအရင်က ဧကရာဇ် တစ်ပါးတောင် ဝင်လို့မရဘူး ...

... ဒါ့ပြင် ငါဝေယွင်က မင်းတို့ကို အန္တရာယ်ပြုဖို့ ကြံနေတယ်ဆိုရင် ဘာလို့ ငါ့အသက်စွန့်ပြီး လိုက်လာရမှာလဲ။ ”

သို့မှသာ နတ်ဆိုးများသည် မျက်ဝန်းများမှေးစင်းလျက် သံသယများ ပါးလျသွားလေသည်။

၎င်းတို့သည် ဤတံဆိပ်ကို ယခင်တည်းက ကောလဟာလများအဖြစ် ကြားထားဖူးသည်။ ထိုစဉ်က လူတိုင်းကို တားမြစ်ထား၏။

ဝေမျိုးနွယ်စုသည်သာ ဤနေရာသို့ ဝင်ရောက်ရန် နည်းလမ်းရှိခဲ့သော် ယနေ့အထိ စောင့်မျှော်နေရန်မလိုချေ။

ယခုကဲ့သို့ အခွင့်အလမ်းကို အတူတကွဆုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်းကြောင့် ဝေယွင်စကားမှာ အဓိပ္ပါယ်ရှိချေပြီ။

သို့သော် တစ်ဖက်တွင်လည်း နတ်ဆိုးဝေမျိုးရိုးသည် သူမ စကားများအတိုင်း အခွင့်အရေးကို သဘောထားကြီးစွာ ဝေမျှခြင်း အပေါ် သံသယဖြစ်စရာပေပင်။

မည်သို့ပင်ဆိုစေကာမူ အခွင့်အလမ်းများသည် အန္တရာယ်နှင့်အတူ ရောက်ရှိလာတတ်ပြီး အဆုံးတွင် မည်သူ အောင်ပွဲခံမည်ကို မသိနိုင်ချေ။

“ မေ့လိုက်ပါ ... ထီးနက်ကို ယူနိုင်မလား စမ်းကြည့်ရအောင်။ ”

လက်တစ်ဖက်မိစ္ဆာသည် ဝေယွင်ကို လျစ်လျူရှုလျက် ယဇ်ပလ္လင်ဆီ လျှောက်လှမ်း သွားတော့၏။

ထိုအပြုအမူကြောင့် ကျန်နတ်ဆိုးများမှာ အသက်မရှူဝံ့တော့ဘဲ ယဇ်ပလ္လင်၏ တုန့်ပြန်မှု အပေါ် သတိကြီးစွာ စောင့်ကြည့်နေချေပြီ။

***

All Chapters