← Chapters

နတ်ဆိုးရုပ်သေး ...

Vol. 53 Ch. 626

နတ်ဆိုးရုပ်သေး ...

Vol. 53 Ch. 626

အမြင့်ကိုးပေခန့်ရှိသော အနက်ရောင်ယဇ်ပလ္လင်သည် ထူထဲသည့် ရောင်ဝါများဖြင့် သိုင်းခြုံထားသည်။

ထီးနက်အနား ချည်းကပ်သွားသည့် လက်တစ်ဖက်မိစ္ဆာ၏ အမူအရာသည် ပို၍ လေးနက်လာ၏။

ယဇ်ပလ္လင်သည် ရောက်ရှိလာခြင်းအပေါ် အာရုံခံစားပြီး ချက်ချင်း သတ်ပစ်လိုက်မည်ကို စိုးရိမ်လျက် နတ်အာရုံ မသုံးဝံ့ချေ။ အစောပိုင်း ယင်ခြောက်ပါးတစ္ဆေ သေဆုံးခြင်းသည် ဥပမာပေပင်။

“ အသက်ဝင် ... ။ ”

ယဇ်ပလ္လင်နှင့် ပေအနည်းငယ်အကွာတွင် လက်တစ်ဖက်မိစ္ဆာသည် ခြေကိုဆောင့်နင်းကာ တစ်စုံတစ်ရာ ရွတ်ဆိုလိုက်၏။

“ ရွှပ် ... ။ ”

သွေးရောင် သပိတ်ကြီးတစ်လုံး လေထဲလွင့်ပျံလာသည်။ ၎င်းမှ အနက်ရောင် အခိုးအငွေ့များ ယိုဖိတ်ထွက်ပေါ်လာကာ လှိုင်းလုံးအသွင် ပြန့်ကားလာ၏။

သွေးဝါးမြိုခြင်းသပိတ်။ ဤသည်မှာ ပေတစ်ထောင်အတွင်း ကောင်းကင်နှင့် မြေကြီး အကြား သက်ရှိတိုင်း၏ အသွေးများကို စုပ်ယူဝါးမြိုနိုင်သည်။

“ ဘောင်း ... ။ ”

ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ သွေးဆာနေသောသပိတ်မှာ လေထဲပျံဝဲ အက်ကွဲသွားသည်။

အပိုင်းအစများသည် မြေကြီးပေါ် မကျဆင်းမီ အမှုန်အမွှားများအလား ပြန့်ကျဲပြီး အမှုန်များဖြစ်ကုန်တော့၏။

လက်တစ်ဖက်မိစ္ဆာမှ ညည်းတွားလျက် ချက်ချင်း ဆုတ်ခွာလိုက်ရသည်။ မူလနေရာသို့ ပြန်ရောက်သောအခါ သူ့အဝတ်အစားများ၌ ချွေးများဖြင့် စိုရွှဲနေခဲ့သည်။

မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေပြီး ကြောက်ရွံ့ ထိတ်လန့်သော အကြည့်များ ဖြစ်ပေါ်နေ၏။

ထိုစဉ်က သွေးသပိတ်အပေါ် ထိန်းချုပ်ထားသောစိတ်ဝိညာဉ်ကို ချက်ချင်း မဖြတ်တောက်နိုင်သော် တုံ့ပြန်မှုကို သည့်ထက် ပြင်းစွာ ထပ်မံ ခံစားရပေလိမ့်မည်။

ပလ္လင်မှ ထွက်သောအလင်းသည် သွေးသပိတ်ကို ဖြိုခွဲပစ်သည့် မြင်ကွင်းမျိုးမှာ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

ထိုစွမ်းအားသည် အနှိုင်းမဲ့နှင့် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား ထုတ်လွှတ်လျက် ရပ်တန့်၍ မရနိုင်ချေ။

“ ဒီလိုစွမ်းအားမျိုးနဲ့ဆိုရင် ... ဧကရာဇ်တစ်ပါးတောင် အနားမကပ်ဝံ့တာ မထူးဆန်းပါဘူး။ ”

ကျောက်စိမ်းရေသခင်မှ မျက်နှာ မည်းမှောင်သွား၏။ လူတိုင်းကြောက်မက်ဖွယ် အငွေ့အသက်များ ရရှိလာသည်။

ဤထီးနက်သည် နတ်ဓားရှင်မှ ကျန်ရစ်ခဲ့သော ရတနာဖြစ်နိုင်ခြေရှိကြောင်း ယုံကြည်လာတော့၏။ ထို့ကြောင့် မည်သူမျှ မလှုပ်ဝံ့ချေ။

ယဇ်ပလ္လင်အတွင်းမှ တန်ခိုးသည် ကြောက်မက်ဖွယ်ကောင်းပြီး သေစေတတ်သော ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေသည်။

“ အခွင့်အရေးက ဒီမှာရှိနေတယ် ... ဒါပေမယ့် ငါတို့ မဆုပ်ကိုင်နိုင်ဘူး ... ။ ”

“ မှန်တယ် ... ငါတို့က ... နတ်ဓားရှင်ထားခဲ့တဲ့ ရတနာကိုပိုင်ဆိုင်ဖို့တောင် အားနည်းလွန်းနေတာလား။ ”

တစ်စုံတစ်ယောက်မှ ရေရွတ်သည်နှင့် အခြားသော နတ်ဆိုးများသည်လည်း စိတ်ပျက် လက်ပျက် ညည်းတွားသွားကြ၏။

“ ဒီလိုတားမြစ်စွမ်းအားက ... ကောင်းကင်ဘုံကို အံတုနိုင်လွန်းတယ် ငါတို့ကို အခွင့်အရေးတောင် မပေးဘူး။ ”

ဓားမိစ္ဆာမှ သက်ပြင်းချလိုက်သည်။

“ ငါတို့ကျင့်ကြံမှုကို မသုံးဘဲ ယဇ်ပလ္လင်အနား ချဉ်းကပ်ကြည့်မယ်ဆိုရင် ဘယ်လိုလဲ။ ”

ဝေယွင်မှ အကြံပြုသည်။ ဧကန်စင်စစ် ဤယဇ်ပလ္လင်သည် တာအို၏အတက်အကျကို သတိပြုမိမှသာ တုန့်ပြန်ခြင်းဖြစ်၏။

ထို့ကြောင့် တစ်စုံတစ်ဦးသည် ကျင့်ကြံမှုကို အသုံးမပြုသော် ယဇ်ပလ္လင်သည် တိုက်ခိုက်မည် မဟုတ်ချေ။

“ ငါ ... ကြိုးစားပါရစေ။ ”

မျက်လုံးတစ်ထောင် မိစ္ဆာက ရုတ်တရက် ရှေ့သို့လှမ်းသွားပြီး မြေအိုးတစ်လုံးကို ဆွဲထုတ် လိုက်သည်။

မြေအိုးသည် တောက်ပလာပြီး အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာ၏။

ကလေးငယ် မျက်နှာသည် ဖြူဖျော့နေ သော်လည်း မျက်လုံး၊နှာခေါင်းနှင့်နှုတ်ခမ်းသည် သွေးရောင် တောက်ပနေသည်။

သူ ပေါ်လာသည်နှင့် တပြိုင်နက် ရက်စက်ကြမ်းကြုတ်သော သွေးရောင်ဝါတစ်ခု လေထုအလယ် ရစ်သိုင်းလာ၏။

“ သွေးမြစ်တစ္ဆေကလေးငယ်။ ”

နတ်ဆိုးများက ကလေးငယ်၏မူလကို အသိအမှတ်ပြုကာ မျက်လုံးများ မှေးစင်းသွား ကြသည်။ ၎င်းကိုသန့်စင်ရန် အလွန်ရက်စက် ကြမ်းကြုတ်သော လျှို့ဝှက် နည်းစနစ်များစွာ အသုံးပြုရန် လိုအပ်၏။

အလွန်ဆိုးရွားသော ဝိညာဉ်တစ်ကောင် ပေပင်။ မျက်မမြင်အဘိုးကြီးနှင့် စွေ့ကျင်းယန်မှ ဒေါသထွက်လာကြသည်။

သွေးမြစ်တစ္ဆေကလေးငယ်ကို သန့်စင်ရန်မရေမတွက်နိုင်သော အပြစ်မဲ့ ကလေးများကို သတ်ပစ်ရပေမည်။

ထို့ကြောင့် တစ်ဖက်လူသည် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း မြင်နိုင်ချေ၏။

“ သွား ... ။ ”

မျက်စိတစ်ထောင်မိစ္ဆာက ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။ သွေးမြစ်တစ္ဆေကလေးက ယဇ်ပလ္လင်ဆီသို့ ပျံသန်းသွားတော့၏။

“ ဝှစ် ... ။ ”

လူတိုင်းက အသက်ရှူရန်ပင် မေ့လျော့သွားသည်။ သွေးမြစ်ကလေးငယ်သည် လမ်းတလျှောက် မည်သည့် အတားအဆီးမျှ မရှိဘဲ ပလ္လင်ပေါ် ဆင်းသက်နိုင်ခဲ့၏။

“ သေချာပြီ ... ကျင့်ကြံမှုစွမ်းအားကို အသုံးမပြုရင် ... ယဇ်ပလ္လင်က တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ”

ထိုရလာဒ်ကြောင့် မျက်လုံးတစ်ထောင် မိစ္ဆာက ပြုံး၏။ လူတိုင်း စိတ်သက်သာရာရကုန် တော့သည်။ မဟုတ်သော် ရတနာကို မြင်သော်မှ လက်လွှတ်ရပေမည်။

“ အစ်ကိုစု ... သူတို့ ထီးနက်ကို ယူသွားတော့မယ်။ ”

စွေကျင်းယန်မှ မသက်မသာဖြင့် ရေရွတ်သည်။ စုရီက ဂရုမစိုက်ချေ။ ယင်းအစား၊

“ သူတို့ ယူမသွားနိုင်ပါဘူး။ ”

-ဟု တုန့်ပြန်သည်။

ထိုစဉ် သွေးမြစ်တစ္ဆေကလေးငယ်၏ လက်သည် အနက်ရောင်ထီးကိုဆွဲယူလိုက်၏။ သို့သော် အနက်ရောင်မြူများ ထွက်ပေါ်လာပြီး ထိုကလေးအပေါ် ဖုံးအုပ်သွားသည်။

“ မလုပ်နဲ့ ... ။ ”

မျက်စိတစ်ထောင် မိစ္ဆာ၏ ထိတ်လန့်နေသော အော်ဟစ်သံကြားတွင် သွေးမြစ်တစ္ဆေကလေးငယ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

မျက်စိတစ်ထောင်မိစ္ဆာအတွက် ဤသွေးမြစ်တစ္ဆေကလေးငယ်ကို နှစ်ထောင်ချီ ပြုစုပျိုးထောင်ပေးခဲ့ရ၏။

အခြားသော နတ်ဆိုးများသည်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး အမူအရာများ ပြောင်းလဲသွားသည်။

“ အစ်ကိုစု ... ဒီထီးနက်မှာ ထူးဆန်းတာတစ်ခုရှိနေတယ်ဆိုတာ မင်း အရင်က သိနေတာလား။ ”

ထိုမြင်ကွင်းကြောင့် စွေ့ကျင်းယန်က စိတ်ဝင်စားသွားလေသည်။ စုရီမှ အနည်းငယ် ခေါင်းညိတ်ပြကာ ပြန်မဖြေတော့ချေ။ ထိုအချိန်တွင် မျက်နှာဖြူမိစ္ဆာမှ၊

“ ငါတို့ကျင့်ကြံမှုကို အသုံးမပြုသရွေ့ ယဇ်ပလ္လင်က တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ် ဒါပေမယ့် ထီးနက်ကို ရယူနိုင်မဲ့ နည်းလမ်းကို ရှာရအောင်။ ”

-ဟု အကြံပြုလိုက်သည်။

“ တာအိုအစ်ကို ... မင်းမှာ အကြံဉာဏ်ရှိလား။ ”

ကျောက်စိမ်းရေသခင်မှ စိတ်ဝင်တစားမေး၏။ မျက်နှာဖြူမိစ္ဆာမှ ခေါင်းခါပြပြီး၊

“ ငါ့မှာ ထက်မြက်တဲ့ အမြင်တွေ ရှိနေရင်တောင် ... ဒီထီးနက်ကို မမြင်နိုင်ပါဘူး သတိမထားရင် သေစေနိုင်တုန်းပဲ ...

... ဒါကြောင့် ငါ့အကြံကတော့ ရိုးရိုးရှင်းရှင်းပြောရရင် တစ်စုံတစ်ဦးကိုရှာပြီး ဒီရတနာကို ရနိုင်မလားဆိုတာ စမ်းကြည့် ကြိုးစားရမှာပဲ။ ”

ထိုသို့ပြောပြီးနောက် စုရီနှင့်အဖွဲ့ထံ လှည့်ကြည့်လိုက်၏။ အကယ်၍သာ သူသည် ယဇ်ပူဇော်ရန် ဆိတ်တစ်ကောင်ကို ရှာလိုသော် ဤသုံးယောက် ရှိနေသည်။

မျက်မမြင်အဘိုးကြီးနှင့် စွေကျင်းယန်မှ နတ်ဆိုးများအကြည့်ကြောင့် မျက်မှောင်ကြုတ် ကုန်၏။ စုရီမှ မတုန်မလှုပ် ရပ်နေဆဲပေပင်။ သို့သော် ဝေယွင်မှ ခေါင်းခါပြီး၊

“ အဲဒီနည်းလမ်းက မကောင်းဘူး ဒီမိတ်ဆွေသုံးယောက်ရဲ့ အကူအညီကြောင့် ငါတို့ ဒီနေရာအထိဝင်လာနိုင်တာပါ ဒါဆို ဘယ်လိုများ စွန့်စားခိုင်းဝံ့မှာလဲ။ ”

-ဟု ငြင်းဆန်သည်။

“ ဒါဆို… မြို့သခင်က ဘယ်လို စမ်းကြည့်မယ် စဉ်းစားထားလဲ။ ”

ဤတစ်ကြိမ်တွင် ဝေယွင်တစ်ယောက် ပြန်မဖြေနိုင်ချေ။ မျက်လုံးတစ်ထောင် နတ်ဆိုးမှ စိတ်မရှည်တော့ဘဲ မျက်မမြင်အဘိုးကြီးထံ လှည့်ကြည့်လိုက်ကာ၊

“ ကြာတယ် ... မျက်မမြင်အဘိုးကြီး မင်းအရင်သွားယူပါ ... မဟုတ်ရင် ငါတို့မင်းကို ချက်ချင်းသတ်မယ်။ ”

-ဟု အမိန့်ပေးသည်။

သွေးမြစ်ကလေးငယ်ကို ဆုံးရှုံးလိုက်ရသောကြောင့် သူ့စကားသံတွင် လူသတ်လိုသော အရိပ်အမြွက်များရှိနေ၏။

မျက်မမြင်အဘိုးအို မျက်နှာမှာ မည်းမှောင်သွားသည်။ သူ မတုံ့ပြန်နိုင်မီတွင် ဝေယွင်က ရုတ်တရက်ပြုံးရယ်ကာ၊

“ ကောင်းပြီ ... ငါတို့ ဒါကို ဆက်ကစားနေစရာမလိုဘူး နောက်ကျနေပြီ အဆုံးသတ်လိုက်ရအောင်။ ”

-ဟုဆိုလိုက်တော့၏။

ဤပုံမှန်မဟုတ်သော စကားများနှင့် အမူအရာသည် နတ်ဆိုးကြီးများကို မျက်နှာများ ပြောင်းလဲသွားစေသည်။

“ မြို့တော်သခင် ... မင်းဘာကို ဆိုလိုတာလဲ။ ”

ကျောက်စိမ်းရေသခင်မှ စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာ၏။

“ ဟမ့် ... ရေသခင် ... မင်းအဲဒါကို နားမလည်သေးတာလား ... ဒါမှမဟုတ် မင်းက နုံအနေတာလား ... ငါတို့အားလုံး ဝေယွင်ရဲ့ ထောင်ချောက်ထဲ ကျသွားပြီ။ ”

လက်တစ်ဖက် မိစ္ဆာက အေးစက်စွာ အော်ငေါက်လိုက်သည်။ ဝေယွင်မှ ပြုံးလျက်၊

“ ဒါက ထောင်ချောက် မဟုတ်ဘူး တကယ့်အခွင့်အရေးပါ မင်းတို့ရှေ့ကထီးနက်ကို နတ်ဓားရှင် တကယ်ချန်ထားခဲ့တာ ... မင်းတို့မှာ အရည်အချင်းရှိရင် ... အခုယူလို့ရတယ် ငါ မတားဘူးလို့ ကတိပေးတယ်။ ”

-ဟု လှောင်ပြောင်၏။

“ ဝေယွင်၊ မင်း ဘာလုပ်ချင်တာလဲ။ ”

မျက်နှာဖြူမိစ္ဆာက ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။ ဝေယွင်မှ သက်ပြင်းချပြီး၊

“ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့အားလုံးကို ဒီလိုက်လာစေချင်လို့ ငါတမင် ဖိတ်ခေါ်လိုက်တာပဲ ... ။ ”

-ဟု ပြန်ဖြေသည်။

နတ်ဆိုးကြီးများသည် မျက်မှောင်ကြုတ် လိုက်သော်လည်း အထိတ်တလန့် မဖြစ်ကြချေ။ အထူးသဖြင့် မျက်နှာဖြူမိစ္ဆာမှ ရယ်မောလျက်၊

“ ဟားဟားဟား ... ဒီည တစ်ခုခု ထူးထူးခြားခြား ဖြစ်ပျက်မယ်ဆိုတာ ငါတို့တွေ မျှော်လင့်ထားပြီးသားပါ မင်းရဲ့ဝေမျိုးနွယ်က ဒီလို ကောင်းမွန်တဲ့အခွင့်အရေးကို ...

... ငါတို့နဲ့အတူ ဝေမျှဖို့ ... ဘယ်လိုများ ကြင်နာနိုင်မှာလဲ အခုတော့ မင်းရဲ့ဇာတိရုပ်ကို နောက်ဆုံးထုတ်ဖော်လိုက်ပြီပေါ့။ ”

“ ဟား ဟား ဟား ... မြို့တော်သခင် မင်းငါတို့ကို လူမိုက်တွေထင်နေတာလား။ ”

“ ဟားဟားဟား ... ။ ”

နတ်ဆိုးအိုကြီးများမှ အော်ဟစ် ရယ်မောကုန်တော့သည်။ ဤမြင်ကွင်းများအရ ထိုနတ်ဆိုးများအားလုံး လျှို့ဝှက်မဟာမိတ် ဖွဲ့ထားခဲ့ကြောင်း ထင်ရှားနေ၏။

“ မြို့သခင် ... မင်းငါတို့ကို ဒီလိုထောင်ချောင်ဆင်တာက အကြောင်းပြချက် ရှိရမယ် မဟုတ်လား။ ”

လက်တစ်ဖက်မိစ္ဆာမှ သိချင်စိတ်ဖြင့် လေးနက်စွာမေးမြန်းလေသည်။ သူ့မေးခွန်းကို ဝေယွင်မှ ပြန်၍ပြုံးပြ၏။

“ မင်းတို့လို မကောင်းဆိုးရွားတွေကို သတ်လိုက်တာဟာ ကမ္ဘာကြီးရဲ့ ဒုက္ခတွေကို လျော့ပါးစေတယ် မဟုတ်လား ... ဒါဆိုဘာလို့ အကြောင်းပြချက် လိုနေဦးမှာလဲ။ ”

ထိုအဖြေသည် နတ်ဆိုးကြီးများကို သတ်ဖြတ်ရန်ရည်ရွယ်ချက်များဖြင့် အုံကြွလာ စေတော့၏။

“ မင်းတစ်ယောက်တည်းနဲ့ ... ငါတို့ကိုရင်ဆိုင်ချင်နေတာလား။ ”

အဆုံးတွင် မျက်နှာဖြူမိစ္ဆာက မေးခွန်းထုတ်လျက် ထီးနက်ကြီးထံ ပြန်လှည့် ကြည့်ကာ၊

“ ဒါမှမဟုတ် ... မင်း ဒီယဇ်ပလ္လင်နဲ့ ထီးနက်ကြီးရဲ့တန်ခိုးတော်ကို ငှားယူနိုင်လား။ ”

-ဟု တွေးဆဟန် မေးမြန်းလိုက်သည်။ ဝေယွင်မှ ခေါင်းယမ်းပြလိုက်၏။

“ ငါ့ရဲ့ကျင့်ကြံမှုနဲ့ ... နတ်ဓားရှင်ရဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး ခေါ်ယူနိုင်မှာလဲ ... ဒါပေမယ့် မင်းတို့ကို ဖျက်ဆီးဖို့က ငါနဲ့တင် လုံလောက်နေပါပြီ ... ကျေးဇူးပြုပြီး ဒီနတ်ဆိုးတွေကို သတ်ပေးပါ။ ”

စကားဆုံးသည်နှင့် ဝေယွင်၏ ဆံပင်အတွင်းမှ ကြေးဆံညှပ်တစ်ခု ရုတ်တရက် မီးလျှံများ လောင်ကျွမ်းလာပြီး အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။

မီးခိုးငွေ့များအတွင်း တောက်ပသော အလင်းတန်းများဖြာထွက်နေသည့် ပုံသဏ္ဍာန် တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာ၏။

ကြေးဝါချပ်ဝတ်ကို ၀တ်ဆင်ထားသည့် ရုပ်တုတစ်ခုပေပင်။ မျက်ဝန်းများသည် နေကဲ့သို့ တောက်ပလျက် ဧကရာဇ်ရောင်ဝါကို ထုတ်လွှတ်ထားသည်။

သူ ထွက်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသော ဖိအားတစ်ခုက လျှို့ဝှက်နယ်မြေအပေါ် လွှမ်းခြုံသွား၏။

“ ဧကရာဇ် ... ။ ”

လှောင်ပြောင်ရယ်မောနေသော နတ်ဆိုးများမှာ ခန္ဓာကိုယ်များ တောင့်တင်း ကုန်လေသည်။

တစ်ချိန်လုံး အပြင်လူတစ်ယောက်လို ရပ်ကြည့်နေသောစုရီသည် ကြေးဝါဧကရာဇ်ကို မြင်ချိန်၌ မျက်ခုံးပင့်များလိုက်တော့၏။

“ နတ်ဆိုးရုပ်သေး ... ။ ”

***

All Chapters