← Chapters

ပဟေဠိများ ... ။

Vol. 53 Ch. 630

ပဟေဠိများ ... ။

Vol. 53 Ch. 630

စုရီအဖြေကြောင့် မီးငှက်ဝိညာဉ်၏ မျက်လုံးများ ပြူးကျယ်သွားကာ၊

“ မင်း ... တကယ်ပြောနေတာလား။ ”

-ဟု စိတ်လှုပ်ရှားစွာ ပြန်မေး၏။ သူ့အသံသည် နည်းနည်းမြန်နေသည်။ စုရီက လက်နှစ်ဖက်နောက်ပို့လျက်၊

“ ဒါပေမယ့် ငါ့မေးခွန်းကို ... မင်းမဖြေရင်တော့ ငါစိတ်ပြောင်းသွားလိမ့်မယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

မီးငှက်ဝိညာဉ်ခမျာ အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ခဏမျှတိတ်ဆိတ်ကာ အဆုံး၌၊

“ ဒီတံဆိပ်ကို ချိုးလိုက်တဲ့သူက ... လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ပဲ၊ သူ့ဇစ်မြစ်ကို ငါမသိဘူး ... ယောက်ျားလား၊ မိန်းမလား ...

... သူ့ရုပ်ရည်က ဘယ်လိုပုံစံနဲ့ ကျင့်ကြံမှုအဆင့် ဘယ်လောက် ဆိုတာလည်း ငါ မပြောနိုင်ဘူး။ ”

-ဟု ပြန်လည်ပြောပြလာခဲ့သည်။ ထိုအဖြေကြောင့် စုရီခမျာ မျက်မှောင်ကြုတ် လိုက်တော့၏။

“ ဒါဘယ်တုန်းက ဖြစ်တာလဲ။ ”

“ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၃၀)လောက်က။ ”

မီးငှက်မှ ချက်ချင်း ပြန်ဖြေသည်။ စုရီတစ်ယောက် ငေးမောသွား၏။ ထို့နောက် တစ်စုံတစ်ရာကို သတိရကာ၊

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီနေရာလေးမှာ အံ့အားသင့်စရာကောင်းတဲ့ ဖြစ်စဉ်တစ်ခု ပေါ်လာခဲ့တယ် မဟုတ်လား။ ”

-ဟု ထပ်မံမေးမြန်းလိုက်သည်။

“ ဟုတ်တယ် ... ဒီဖြစ်စဉ်အတွက်တော့ နတ်ဆိုးဝေမျိုးနွယ်စုရဲ့ ကိစ္စပဲ ... ဝေမျိုးနွယ်ဝင် တွေကို မေးသင့်တယ်။ ”

စုရီ၏ မျက်လုံးများ မှေးစင်းသွားကာ မရေရာသော နားလည်မှုများ ဝင်ရောက်လာ၏။

“ ဝေမျိုးနွယ်စုက ဒီလိုဖြစ်ရပ်တွေနဲ့ ထောင်ချောက်ဖန်တီးပြီး နတ်ဆိုးတွေအပေါ် သတ်ပစ်ဖို့ ဆွဲဆောင်ခဲ့တာလား။ ”

“ မှန်ပါတယ် ... ဒီနည်းလမ်းက အနည်းနဲ့အများ ရွံရှာဖွယ်ကောင်းပေမယ့် ဝေမျိုးနွယ်စုဝင်တွေက ...

... နတ်ဆိုးတွေကို သတ်ပြီး ... ဒီကမ္ဘာကြီးအပေါ် သန့်စင်ပေးနေတာမို့ ရည်ရွယ်ချက် မဆိုးပါဘူး ...

... ဒါပေမယ့် ကံမကောင်းစွာပဲ ... ငါဘယ်သူ့ကိုမှ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ အဖိုးကြီးစုဆီမှာ ကျိန်ဆိုခဲ့တယ် မဟုတ်ရင် ကူညီဖို့စိတ်၀င်စားမိလိမ့်မယ်။ ”

မီးငှက်ဝိညာဉ်မှ ဝင့်ကြွားစွာ ပြန်ဖြေ၏။

“ ဒါနဲ့ ... မင်းပြောခဲ့တဲ့လူက ဒီနေရာကို လွန်ခဲ့တဲ့ အနှစ် ... သုံးရာသုံးဆယ်လောက်က ဘာဝင်လုပ်ခဲ့တာလဲ။ ”

စုရီမှ မေးသည်။

“ ငါ မသိဘူး ... သူ ပလ္လင်ရှေ့မှာ ရပ်နေပြီး အချိန်အကြာကြီးစိုက်ကြည့်နေခဲ့တယ် ပြီးတော့ သူက ငါ့တည်ရှိမှုကို သတိထားမိပုံပဲ အစကနေ အဆုံး ဘာမှမပြော ... ဘာမှမလုပ်ဘဲ လှည့်ထွက်သွားတယ်။ ”

“ ဟမ့် ... ဒါဆို ထီးကိုယူဖို့လာခဲ့တာ မဟုတ်ဘူးပေါ့။ ”

စုရီခမျာ အံ့သြသွားတော့၏။ တစ်ဖက်လူသည် တံဆိပ်ချိုးဖြတ်ကာ ထီးနက် ယူရန်လာသည်ဟု သူ ထင်ခဲ့သည်။ ထီးနက် အမည်မှာ ကောင်းကင်ခိုးယူခြင်း ဖြစ်၏။

စကြာဝဠာ နှလုံးသား ကဲ့သို့ပင် ယခင်ဘဝတွင် သူကိုယ်တိုင် ဖန်တီးခဲ့သော ဧကရာဇ်အဆင့် ရတနာတစ်ပါးဖြစ်သည်။

စကြာဝဠာနှလုံးသားထက် အနည်းငယ်အားနည်းသော်လည်း စွမ်းအားနှင့် ခန့်မှန်းမရသော တန်ခိုးတော်ကို ပိုင်ဆိုင်ထားသေးသည်။

၎င်းကိုဖွင့်လိုက်ရုံဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြား တာအိုနိယာမများအပေါ် နှောင့်ယှက်နိုင်မည်။

သို့မဟုတ် သူကိုယ်တိုင် အသုံးပြုနိုင်ရန်အတွက် ကောင်းကင်တာအို စွမ်းအားကိုပင် ငှားယူနိုင်၏။

ကောင်းကင်ခိုးယူခြင်းဟူသော စကားစုရှိ ကောင်းကင်သည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို ရည်ညွှန်းသည်။

သို့သော် ဤရတနာ၏ အကြိုက်ဆုံး အစားအစာသည် မကောင်းဆိုးရွားများ ဖြစ်၏။ နတ်ဆိုးရနံ့ကို ခံစားမိသော် ဆာလောင်နေသည့် တစ္ဆေအလား ဖြစ်လာပေမည်။

အကြောင်းရင်းသည် ထီးလက်ကိုင်နှင့် ရိုးတံများကို နတ်သားရဲလိပ်နက်၏ အရိုးဖြင့် ဖန်တီးထားခြင်းကြောင့်ပေပင်။

လိပ်နက်သည် အမှောင်နှင့် မကောင်းဆိုးရွားသတ္တဝါများကို အမုန်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ခိုးယူခြင်း ထီး၏ ဝိညာဉ်သည်လည်း မကောင်းမှုကို ဝါးမျိုလိုသော သဘောထားရှိ၏။

“ အဲဒါက မသေချာဘူး။ ”

မီးငှက်ဝိညာဉ်မှ ခေါင်းခါလိုက်သည်။

“ ရှင်းရှင်းပြောရရင် သူက လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားတယ် သူ့ကို ငါ မမြင်နိုင်တာကြောင့် မှတ်ချက်မပေးနိုင်ဘူး။ ”

စုရီတစ်ယောက် ငြိမ်သက်သွား၏။ လွန်ခဲ့သောနှစ်ပေါင်း(၃၃၀)က သူထားခဲ့သော တံဆိပ်ကို ချိုးဖျက်ပြီး တစ်စုံတစ်ယောက်သည် ဤနေရာသို့ ဝင်ရောက်ခဲ့သည်။ ယင်းသည် သာမာန် စွမ်းဆောင်မှု မဟုတ်ချေ။

ထို့ပြင် သူ့ကိုယ်သူ ထုတ်ဖော်ရန် ဆန္ဒလည်းမရှိသည်မှာ အထူးခြားဆုံးဖြစ်သည်။ အဆုံးတွင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ပြန်ထွက်သွားခြင်းမှာ ပို၍ထူးဆန်းနေ၏။

ထိုစဉ်က သစ်ရွက်လေး၊ သူနှင့် ဘိုးဘေးဝေသည်သာ ဤတံဆိပ်ခတ်ထားသည့် နေရာကိုသိရှိထားသည်။

“ သစ်ရွက်ကလေးလား ... ဒါမှမဟုတ် ဝေမျိုးနွယ်လား။ ”

အကယ်၍သာ ထိုလူသည်သာ ဝေမျိုးနွယ်ဝင်ဖြစ်သော် စိတ်ဝင်စားစရာပေပင်။ သစ်ရွက်လေးသာဆိုသော် ကိုယ်ပိုင်လက္ခဏ အပေါ် ဤသို့ဖုံးကွယ်ထားစရာ မလိုချေ။

မည်သို့ပင် ဆိုစေကာမူ လျှို့ဝှက် ဆန်းကြယ်သောလူသည် ဤနေရာကို ရှာတွေ့ နိုင်ပြီဖြစ်သောကြောင့် အချက်အလက်များ စုဆောင်းထားနိုင်ပြီဖြစ်သည်။

ဤအချက်အလက်များကို ပေးနိုင်သောလူသည် သစ်ရွက်ကလေးနှင့် ဘိုးဘေးဝေသာ ရှိ၏။

“ ဝေမျိုးရိုးဆီ သွားလည်ရတော့မယ် ထင်တယ်။ ”

စုရီမှ တွေးတောလိုက်လေသည်။ ယခင်ဘဝတွင် သူနှင့် သစ်ရွက်ကလေးသည် တစ္ဆေမြွေမျိုးနွယ်မှ သစ္စာဖောက်တစ်ဦးကို ရှာဖွေရန် မရဏတောင်၏ နက်နဲရာသို့ ခရီးထွက်ခဲ့ဖူး၏။

သစ္စာဖောက်ကို ဖယ်ရှားပြီးနောက် ဤမီးငှက်သည် သစ်ရွက်ကလေးထံ အန္တရာယ် ပြုရန် ကြံစည်လေသည်။

ထို့ကြောင့် စုရီသည် ၎င်းကို လျင်မြန်စွာနှိမ်နင်းကာ သည်တားမြစ်နယ်မြေ အတွင်း၌ ပိတ်ထားခြင်းဖြစ်၏။

အဆုံးတွင် လမ်းပြလိုက်ပါလာသော ဝေတာ့ယွမ်ထံ ဤငှက်ဝိညာဉ်ကို အပ်နှင်းကာ မရဏတောင်ပေါ်စောင့်ရန် ညွှန်ကြားခဲ့သည်။

“ မင်း ... ကောင်းကင်ခိုးယူခြင်းထီးကို တကယ်ယူနိုင်ပါ့မလား။ ”

စုရီတစ်ယောက် တိတ်ဆိတ်နေသည်ကို မြင်ချိန်တွင် မီးငှက်ဝိညာဉ်မှ မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။

“ မင်းရဲ့အမြင်အရ ... အဲဒီလူက ကောင်းကင်ခိုးယူခြင်း ထီးကို ... ဘာလို့ယူ မသွားတာလို့ ထင်လဲ။ ”

“ သူ ... အဖိုးကြီးစုကို ကြောက်နေတာနေမယ်။ ”

မီးငှက်ဝိညာဉ်မှ မဆိုင်းမတွ ပြန်ဖြေသည်။

“ ဒီလိုလား ... ။”

စုရီက မျက်မှောင်ကြုတ်လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်းငါးရာက လူဝင်စားရန် ထွက်ခွာခဲ့ပြီး ကမ္ဘာကြီးက သူ့ကို သေလူအဖြစ် ယုံကြည်လိုက်ကြသည်။

ထို့ကြောင့် ဤလူသည် သူ့အပေါ် ကြောက်စရာ အကြောင်းမရှိချေ။ ဆိုလိုသည်မှာ အဆိုပါ လူသည် သူ တကယ်မသေသေးဟု ယူဆထားပုံပေပင်။

ထိုအတွေးက စုရီကို ကြိုတင် သတိပေးချက်တစ်ခု ဖြစ်စေ၏။ သူ့သေဆုံးခြင်း ရှိ၊ မရှိ သိရှိလိုသူများသည် မိတ်ဆွေများအပြင် သူ့ တပည့်များသာ ရှိသည်။

“ ဒီလူက ဘယ်သူပဲဖြစ်ပါစေ သူက တစ်နေ့နေ့ ငါဒီရတနာကို လာယူမလားဆိုတာ သိနေပုံရတယ် ... ဒါကြောင့် ငါ့ကို စောင့်ကြည့်ချင်နေပုံပဲ။ ”

စုရီက ခဏမျှစဉ်းစားပြီး မီးငှက်ကို ပြန်ကြည့်ကာ၊

“ စိတ်မပူပါနဲ့ ... မင်းကို လွှတ်ပေးရုံတင်မကဘူး ပြန်လည် မွေးဖွားခွင့်ပါ ပေးမှာပါ။ ”

-ဟု ကတိပေးသည်။ သို့သော် မီးငှက်ဝိညာဉ်မှ ဒေါသတကြီးဖြစ်လာကာ၊

“ မင်း ဒီထီးကိုယူမယ်လို့ ပြောခဲ့တာမဟုတ်လား အခုပြန်ပြင်ချင်တာလား ပြန်လည်မွေးဖွားခွင့်ကို စိတ်မဝင်စားဘူး။”

-ဟု အော်ဟစ်လိုက်၏။

“ ဘာတွေ ဒေါသဖြစ်နေတာလဲ ဖီးနစ်မီးလျှံအနှစ်သာရ မြှုပ်ထားတဲ့နေရာကို ငါသိတယ် ... မင်းမလိုအပ်ဘူးဆိုတာ သေချာလား။ ”

စုရီမှ သူ့ဒေါသကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးမေးမြန်းလိုက်၏။ မီးငှက်ဝိညာဉ်မှ ချက်ချင်းအေးခဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“ ဟမ့် ... စောစောက ငါ့ကို ဘာလို့မပြောခဲ့ရတာလဲ မင်းအတွက် ဘာလုပ် ပေးစေချင်တာလဲ ပြောပါ။ ”

***

All Chapters