← Chapters

မျက်နှာတစ်ထောင်မျောက် ... ။   

Vol. 53 Ch. 633

မျက်နှာတစ်ထောင်မျောက် ... ။   

Vol. 53 Ch. 633

စုရီ၏စကားများသည် ဝေမိသားစု ခေါင်းဆောင်သုံးဦး၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေခဲ့လေသည်။

“ မိသားစု ခေါင်းဆောင် တာအိုစုက ... ဘိုးဘေးကို တကယ်တစ်ခုခုလုပ်ရင် ငါတို့သူ့ကို မတားဘဲနေမှာလား။ ”

ခဏအကြာတွင် ဝေချောင်မှ တီးတိုးမေးလိုက်၏။ ဝေကျန်းရှီက ထိတ်လန့်မှု သံသယများကို ပယ်ကာ၊

“ ငါတို့ဘိုးဘေးက ရွှမ်ကျောက်အဆင့်မှာ ပြီးပြည့်စုံထားတယ် စုရီတစ်ခုခု လုပ်ရင်တောင် ဘိုးဘေးအတွက် ပြိုင်ဘက်ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ”

-ဟု တုန့်ပြန်သည်။

ဤသည်မှာ အဓိပ္ပါယ်ရှိ၏။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေသည်။ စုရီသည်ထိုနေရာ၌ ရပ်နေပြီး လက်နှစ်ဖက်နောက်ပို့ကာ ပေါ့ပေါ့ပါးပါး စောင့်ဆိုင်းနေ၏။

များမကြာခင် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ရိပ် တောင်စောင်းမှ ရုတ်တရက် ထွက်ပေါ်လာ တော့သည်။

“ ဘိုးဘေး ... ။ ”

ဝေကျန်းရှီနှင့်အဖွဲ့သည် အမူအရာများ ရုတ်တရက် ပြောင်းသွားကာ ချက်ချင်း စိတ်ဝင်စားလာ၏။

ဘိုးဘေးသည် တံခါးပိတ် ကျင့်ကြံနေသည် မဟုတ်လော။ ဤအခိုက်တွင် ဝေတာ့ယွမ်သည် စုရီကိုမြင်ပြီး၊

“ ဟမ့် ... မင်းဘာလို့ မသွားသေးတာလဲ။ ”

-ဟု ဆိုလျက် ချက်ချင်းရပ်လိုက်သည်။

ဤမေးခွန်းသည် ဝေကျန်းရှီနှင့် အခြားသူများ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေသည်။

“ ငါထွက်သွားဖို့ စီစဉ်နေပေမယ့် ရုတ်တရက်မေးချင်စရာ ရှိလာလို့။ ”

စုရီမှ တစ်ဖက်လူအနား တည်ငြိမ်စွာ ချည်းကပ်သွားလေသည်။

“ မေးပါ ... ။ ”

“ မျက်နှာတစ်ထောင် မျောက်မျိုးနွယ်ဟာ မျိုးသုဉ်းသွားခဲ့တာကြာပြီ မဟုတ်လား ဘယ်လို လုပ်ပြီး ဒီကမ္ဘာမှာ ပေါ်လာနိုင်တာလဲ။ ”

စုရီအသံသည် ညင်သာသော်လည်း ဝေတာ့ယွမ်ကို အနည်းငယ် ပြောင်းလဲစေ၏။ သူနှင့် ဆယ်ပေအကွာတွင် ရပ်လိုက်သော စုရီထံ ပြန်ကြည့်လိုက်သည်။

“ မျက်နှာတစ်ထောင်မျောက်လား ... ။ ”

မျက်နှာတစ်ထောင်မျောက်ဟူသော အမည်ကြောင့် ဝေကျန်းရှီခမျာ တုန်လှုပ်မှုကို မထိန်းနိုင်တော့ဘဲ တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့သည်။

စုရီအမြင်၌ မျက်နှာတစ်ထောင် မျောက်တစ်ကောင်သည် ဘိုးဘေးအဖြစ် ဟန်ဆောင်နေသည်လော။

မရဏ ကမ္ဘာတွင် မျက်နှာတစ်ထောင် မျောက်သည် မျိုးသုဉ်းသွားပြီဖြစ်၏။ နှစ်များ တစ်လျှောက် ဤကဲ့သို့သော မျောက်မျိုးရိုး ရှိခဲ့ဖူးကြောင်းကို လူအနည်းငယ်မျှသာ သိရှိလေသည်။

ထိုမျောက်မျိုးနွယ်သည် အခြားသော မည်သူမဆို ၎င်းမှအသွင်ယူနိုင်သည့် အံ့သြဖွယ် စွမ်းရည်များရှိသည်။

လူများစွာ၏ အသွင်အပြင်နှင့် အမူအရာသည် ထိထိရောက်ရောက် ခံယူ လှည့်ဖြားနိုင်၏။ ဧကရာဇ်တစ်ပါး ပင်လျှင် အရူးဖြစ်စေနိုင်မည်။

ထို့ကြောင့် မျက်နှာတစ်ထောင် မျောက်မျိုးရိုးကို တန်ခိုးကြီးသော အဖွဲ့ဝင်များမှ အကြောက်ဆုံးဖြစ်သည်။

သူတို့၏ အစွမ်းထက်သော အဖွဲ့ဝင်တစ်ဦးနေရာတွင် အခြားသူတစ်ဦး အစားထိုးဝင်ရောက်ခြင်းသည် ကောင်းမွန်သော အရာမဟုတ်ချေ။

ထိုစဉ်က မျက်နှာတစ်ထောင်မျောက် တစ်ကောင်သည် အစွမ်းထက်သူတစ်ဦးအပေါ် စော်ကားမိသဖြင့် မျိုးနွယ်စုတစ်ခုလုံး ချေမှုန်းခံလိုက်ရသည်။

ယင်းကြောင့် မျက်နှာတစ်ထောင် မျောက်မျိုးနွယ်သည် မရဏကမ္ဘာ၏သမိုင်း၌ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

ယခုအခါတွင် ဘိုးဘေးနေရာ၌ မျက်နှာတစ်ထောင် မျောက်တစ်ကောင်သည် အယောင်ဆောင်ထားကြောင်း စုရီမှ အခိုင်အမာဆိုနေခဲ့ချေပြီ။

“ ဟမ့် ... မိတ်ဆွေ ... မင်းမျက်နှာတစ်ထောင်မျောက်ကို မေးနေတာလား ... ။ ”

တစ်ဖက်တွင် ဝေတာ့ယွမ်မှ မျက်မှောင်ကြုတ်ကာ ပဟေဋ္ဌိဖြစ်နေသည်။

“ ဘာလို့ ရုတ်တရက် ဒီလိုမေးခွန်းမေးရတာလဲ။ ”

သူ့အသွင်သည် အထိတ်တလန့် အရိပ်အယောင်မျှမပြဘဲ ငြိမ်သက်နေချေပြီ။ သို့သော် စုရီက လှောင်ပြောင်လိုသော အရိပ်အမြွက်များဖြင့်၊

“ ရှင်းပါတယ် ဒီညမှာ မျက်နှာတစ်ထောင်မျောက် တစ်‌ကောင်ကို ငါတွေ့လိုက်ရလို့ပဲ ... ။ ”

-ဟု ပနြ်ဖြေ၏။

ထိုအဖြေကြောင့် တေတာ့ယွမ်မှ အလိုမကျဟန်ပြသလာသည်။

“ မိတ်ဆွေ ... မင်းငါ့ကို ရည်ရွယ်နေတာလား။ ”

သူ့စကားသံနှင့်အတူ အေးစက်နေသော ဧကရာဇ်အငွေ့အသက်များ ထွက်ပေါ်လာ၏။ သဏ္ဍန်မဲ့စွမ်းအားတစ်ခုသည် နေရာအနှံ့သို့ ပြန့်ကားပိတ်ဆို့သွားချေပြီ။

ဝေကျန်းရှီခမျာ ထိုဖိအားကြောင့် တုန်လှုပ်ချောက်ချားသွားပြီး အသက်ရှူကြပ် လာတော့၏။ စုရီက ပြုံးလျက် ဝေတာ့ယွမ်ထံ လျှောက်လှမ်းသွားခဲ့သည်။

ဝေတာ့ယွမ်၏ မျက်နှာသည် ဒေါသနှင့်ပြောင်းလဲလာပြီး။

“ ရိုင်းလိုက်တာ ... ဒီည မင်းက ငါ့ရဲ့ဝေမျိုးရိုးအပေါ် ကယ်တင်ခဲ့တဲ့အတွက် မင်းကို လေးစားသမှုပေးခဲ့တယ် မင်းအရမ်း မာနကြီး ... ။ ”

“ ရွှပ် ... ။ ”

“ ဟမ့် ... ။ ”

သို့သော် သူ့စကားမဆုံးမီ စုရီက လက်ဓားဖြင့် ခုတ်ချလာသည်။ တောက်ပသော ဓားအလင်းတစ်လက် ပြေးထွက်သွား၏။

၎င်းသည် နံနက်ခင်း လင်းရောင်ခြည်နှင့်အတူ ကမ္ဘာကြီးပေါ်သို့ ဆင်းသက်လာသော ကြယ်တာရာတစ်စင်း ကဲ့သို့ပေပင်။

ဝေတာ့ယွမ်ခမျာ ထိုဓား၏ အဖျက်စွမ်းအားအပေါ် ခံစားမိသောအခါ ထိတ်လန့်တကြား နောက်ဆုတ်လိုက်၏။

ဓားစွမ်းအင်သည် သူရပ်နေသည့် မြေပြင်ပေါ်သို့ဖြတ်သွားစဉ် ရုတ်တရက် ရပ်တန့် သွားကာ တိတ်တိတ်ဆိတ်ဆိတ် ပျောက်ကွယ်သွားခဲ့သည်။

“ မင်းသာ ... ဝေတာ့ယွမ်ဆိုရင် ဒီဓားကို ဘာလို့နောက်ဆုတ်ရတာလဲ။ ”

“ ငါ ... ။ ”

ဝေတာ့ယွမ်မှ ဖြေရှင်းချက်ပေးရန် ပြင်လိုက်စဉ် စုရီက အထင်အမြင်သေးမှု အပြည့်နှင့် ထပ်မံလှုပ်ရှားလာ၏။

“ ဝှစ် ... ။ ”

ဝေတာ့ယွမ် အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး ရုတ်တရက် ကောင်းကင်ပေါ် ပျံတက်သွားတော့သည်။

တစ်ဆက်တည်းမှာပင် လက်ဖဝါးထဲ မီးခိုးရောင်တံဆိပ်တစ်ခု ထွက်ပေါ်လာကာ ချိုးဖျက်ရန် ပြင်လေသည်။

ဤသည်မှာ လွတ်မြောက်အဆောင် ဖြစ်သည်။ ချေမှုန်းလိုက်ရုံဖြင့် ကမ္ဘာအဆုံးအထိ ချက်ချင်းရောက်နိုင်၏။ ဧကရာဇ်တစ်ပါးပင် မတားနိုင်ချေ။

စုရီနှင့် စတွေ့စဉ်က ၎င်းတံဆိပ်၏ တန်ဖိုးကြောင့်အသုံးပြုရန် တွန့်ဆုတ်နေသဖြင့် ယခုကဲ့သို့ ဟန့်တားခံရခြင်းဖြစ်သည်။

“ ဟမ့် ... ။ ”

ရုတ်တရက် သူ့လမ်း၌ ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာကာ ညာဘက်လက်ကောက်ဝတ် နေရာ၌ အေးခနဲ ခံစားလိုက်ရသည်။

“ ရွှပ် ... ။ ”

“ အား ... ။ ”

နာကျင်မှုဖြင့် ငုံ့ကြည့်လိုက်ရာ အဆောင်တံဆိပ်နှင့် ညာလက်ဖဝါးတစ်ဖက် မြေပြင်ပေါ် လွင့်ကျသွားလေသည်။

“ ဝှစ် ... ။ ”

စုရီက တံဆိပ်ကို ဖမ်းယူလိုက်၏။ ဝေတာ့ယွမ်တစ်ယောက် တုန်တုန်ယင်ယင်နှင့် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ တစ်စုံတစ်ရာ ထွေးထုတ်ပစ်လိုက်သည်။

“ ထွီ ... ။ ”

သွေးနီရောင် အလင်းတန်းနှင့်အတူ မီးလျှံများတောက်လောင်နေသော တစ်စုံတစ်ခု ပါးစပ်အတွင်းမှ ထွက်ပေါ်လာ၏။

ဤသည်မှာ မွေးကင်းစကလေးငယ်၏ လက်သီးဆုပ်အရွယ်မျှသာရှိသော ပုလဲတစ်လုံး ဖြစ်လေသည်။

၎င်း၏စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းပြီး ရွှမ်ကျောက်အဆင့် ဧကရာဇ်တန်ခိုး နီးပါး သန်မာ၏။

ထိုအချိန်တွင် ဝေကျန်းရှီနှင့် အခြားသူများသည်လည်း ထိတ်လန့်ကုန်သည်။ ဤပုလဲစွမ်းအားသည်သာ ပြန့်နှံသွားသော် ဝေမိသားစု၏ တားမြစ်နယ်မြေတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ထိုစဉ် စုရီက လက်ကိုမြှောက်လျက် ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်၏။

“ ဒါ ... ။ ”

ဝေတာ့ယွမ်ခမျာ မျက်ဝန်းများ ထိတ်လန့်တကြား ပြူးကျယ်လျက် မျက်နှာ၌ မယုံနိုင်စရာများဖြင့် ပြည့်နှက်လာ၏။

“ ငါသာမမှားရင် ... ဒီပုလဲလုံးက သွေးမြစ်ပုလဲဆိုတဲ့ မျက်နှာတစ်ထောင်မျောက် မျိုးနွယ်စုရဲ့ လျှို့ဝှက်ရတနာမဟုတ်လား ဧကရာဇ်တစ်ပါးကသာ သန့်စင်ပေးနိုင်တယ်။ ”

စုရီက လက်ထဲရှိ သွေးမြစ်ပုလဲကို လှည့်ပတ်ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ ဝေတာ့ယွမ်ခမျာ ဖြူဖျော့နေသောမျက်နှာနှင့် ချက်ချင်း လှည့်ထွက်ပြေးတော့၏။

“ ဝှစ် ... ။ ”

သို့သော် သွယ်လျသော လက်တစ်ဖက်သည် သူ့လည်ပင်းကိုဖမ်းဆုပ်ပြီး ဘဲတစ်ကောင်ကဲ့သို့ မြှောက်တင်ခြင်းခံလိုက်ရလေသည်။

အသက်တရှိုက်စာ အတွင်း ဖမ်းဆီးခံလိုက်ရကာ အစမှအဆုံးထိတိုင် တုန့်ပြန်ရန် အခွင့်အရေးမရှိခဲ့ချေ။

ထိုမြင်ကွင်းကြောင့် ဝေကျန်းရှီတို့ သုံးယောက်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ယုံကြည်ချက်များ ကွဲအက်သွားသည်။

တစ်ဖက်တွင် ဝေတာ့ယွမ်သည် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ မျောက်နှင့်တူသော အဘိုးအိုတစ်ဦးအသွင် ပြောင်းလဲသွားချေပြီ။

ရောင်ဝါများသည်ပင် ဝိညာဉ် ပြောင်းလဲခြင်းအဆင့်သို့ လျော့ကျသွားသည်။ ဝေမိသားစုဝင် သုံးဦးခမျာ ရှက်ရွံ့ကုန်တော့၏။ မျောက်တစ်ကောင်သည် ဘိုးဘေးအသွင်ယူ သည်လော။

“ မင်း ... ဘယ်သူလဲ။ ”

မျောက်မျက်နှာဖြင့် အဘိုးအိုက ကြောက်လန့်တကြား မေးမြန်းတော့သည်။

“ ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး။ ”

စုရီက ပြန်မဖြေဘဲ ဝေမိသားစုဝင် သုံးဦးထံ လှည့်ကြည့်ကာ၊

“ မင်းတို့လည်း လိုက်ခဲ့။ ”

-ဟု ပြောကြားလိုက်သည်။

“ ဝှစ် ... ။ ”

ထို့နောက် မျောက်မျက်နှာနှင့် အဘိုးအိုကို လက်တစ်ဖက်တည်းကိုင်လျက် တောင်ကြား အတွင်း တိုးဝင်သွားတော့၏။

ကျောက်စိမ်းရောင်ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် အမဲလိုက်ပြီး ပြန်လာသည့် လင်းယုန်ငှက် တစ်ကောင်အလား ဝင့်ကြွားလွန်းနေချေပြီ။

***

All Chapters