မဟူရာ ကျောက်မျက်။
Vol. 53 Ch. 634
စုရီပျောက်ကွယ်သွားပြီးနောက် ဝေကျန်းရှီတစ်ယောက် ဦးစွာသတိဝင်လာ၏။
“ အစောပိုင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုက မျိုးနွယ်စုဝင်တွေကို သေချာပေါက် ဆွဲဆောင် နိုင်လိမ့်မယ် ...
... ဝေချောင် ... မင်းဒီနေရာကို စောင့်ရှောက်ပြီး ဘယ်သူ့ကိုမှ ရွှေတိမ်လှိုဏ်ဂူ အနား မချဉ်းကပ်စေနဲ့။ ”
“ ဟုတ်ကဲ့ ... ။ ”
ဘိုးဘေး၏ အသက် သို့မဟုတ် သေဆုံးခြင်းအပေါ် မသိရသေးသဖြင့် မည်မျှ အရေးကြီးကြောင်း ကောင်းကောင်းသိသည်။
မျိုးနွယ်စုဝင်များသည် ဖြစ်ပျက်ခဲ့သည်များကိုသာသိရှိပါက မလွဲမသွေ ကမောက်ကမ ဖြစ်ရပေလိမ့်မည်။
“ ဝေယွင်၊ မင်း ငါနဲ့အတူလိုက်ခဲ့ ... ။ ”
ထိုထက်ပို၍ ပျံ့နှံ့သွားသည်နှင့် မခန့်မှန်းနိုင်သော အုံကြွမှုများ ဖြစ်စေမည်မှာ သေချာချေ၏။ ဝေချောင်မှ အသက်ပြင်းပြင်း ရှူလျက် ကျန်ရစ်ခဲ့သည်။
ရွှေတိမ်လှိုဏ်ဂူသည် ဘိုးဘေး၏ ကျင့်ကြံရာမြေဖြစ်သည်။ အတွင်း၌ ပေတစ်ရာ ကျယ်၏။
၎င်းကို နန်းတော်တစ်ခုကဲ့သို့ ပြင်ဆင်ထားသည်။ သူတို့ ရောက်ရှိနေချိန်တွင် စုရီသည် ကြိမ်ကုလားထိုင်တွင် လဲလျောင်းနေပြီဖြစ်သည်။
မျက်နှာတစ်ထောင်မျောက်သည် ကုလားထိုင်ရှေ့တွင် လဲကျနေ၏။ စုရီမှ ပျင်းရိဟန်ဖြင့်၊
“ ငါစစ်ဆေးပြီးပြီ၊ မင်းရဲ့ဘိုးဘေးက ဒီဂူထဲမှာမရှိဘူး။ ”
-ဟု အသိပေးလိုက်သည်။ ထို့ကြောင့် ဝေကျန်းရှီမှ တုန်လှုပ်စွာ မျက်နှာတစ်ထောင် မျောက်ထံ ပြန်ကြည့်၏။
တစ်နည်းဆိုရသော် ဘိုးဘေး အသက်ရှင်ခြင်း၊သေခြင်းကို ဤဆိုးယုတ်သော သတ္တဝါသည်သာ ပြောနိုင်ပေမည်။
တစ်ဖက်လူသည် ချွန်ထက်သောပါးစပ်၊ မျောက်နှင့်တူသော မျက်နှာပေါက် အကျကို ပိုင်ဆိုင်ထားချေပြီ။
မီးခိုးရောင် ဝတ်ဆင်ထားပြီး မျက်နှာဖြူဖျော့လျက် ကြောက်ရွံ့မှုများနှင့် စိတ်မသက်သာမှုများ ပြသနေ၏။
“ ငါ ... သခင်ဝေတာ့ယွမ် အသက်ရှင်နေသေးလား သေသွားပြီလား တကယ်မသိပါဘူး။ ”
မျက်နှာတစ်ထောင်မျောက်မှ ပြောကြားလာသဖြင့် ဝေကျန့်ရှီနှင့် ဝေယွင်က မျက်မှောင်ကြုတ်လိုက်သည်။
များမကြာခင် ဝေကျန်းရှီ၏ မျက်လုံးများသည် အေးစက်သော အလင်းရောင် များဖြင့် တောက်ပလာကာ၊
“ တာအိုစု ... ဒီမျောက်က အမှန်ဖြေမယ်မထင်ဘူး ငါတို့ သူ့ဝိညာဉ်ကို ရှာဖွေကြည့်မလား။ ”
-ဟု အကြံပေး၏။
မျောက်တစ်ကောင်သည် ၎င်းတို့၏ မိသားစုဘိုးဘေးအဖြစ် နှစ်ပေါင်းရာနှင့်ချီ၍ အယောင်ဆောင်ခဲ့ခြင်းအပေါ် ဒေါသများ ပြည့်နှက်နေသည်မှာ သဘာဝပေပင်။
မျက်နှာတစ်ထောင်မျောက်မှ တုန်တုန်ယင်ယင်ဖြင့်၊
“ မဟုတ်ဘူး ... ငါ့ဝိညာဉ်ထဲမှာ တားမြစ်ထားတဲ့ တံဆိပ်တစ်ခုရှိတယ် အဲဒါကို ထိရင် အားလုံး ချက်ချင်းသေလိမ့်မယ်။ ”
-ဟု ရှင်းပြသည်။
သူ့စကားကြောင့် ဝေကျန်းရှီနှင့် ဝေယွင်တို့နှစ်ယောက်စလုံး အံ့သြသွားကြ၏။ မီးခိုးရောင်ဝတ်ထားသည့် ဤမျောက်ကြီးသည် ဝိညာဉ်တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းဖြစ်သည်။
လှည့်စားမှု နည်းစနစ်များအရ မျက်နှာတစ်ထောင် မျောက်မျိုးနွယ်အတွင်း၌ အစွမ်းထက်သော အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်နိုင်မည်။
အဘယ်သို့သော ကျွမ်းကျင်သူသည် ဤမျှလောက်သေစေနိုင်သော တားမြစ်တံဆိပ် တစ်ခုကို သူ့စိတ်ဝိညာဉ်အတွင်း၌ ထားခဲ့နိုင်သနည်း။
စုရီနှင့်အဖွဲ့ မယုံကြည်မည်ကို စိုးရိမ်သောကြောင့် မျက်နှာတစ်ထောင် မျောက်မှ၊
“ ရိုးသားစွာပြောရရင် ... ငါ ဒါကို အတင်းအကြပ် စေခိုင်းခံရတာပါ။ ”
-ဟု ဝန်ခံလိုက်၏။
“ ဘယ်သူခိုင်းတာလဲ။ ”
စုရီမှမေးသည်။
“ မင်း ... ယုံမှာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ အနှစ်သုံးရာကျော်က ငါ့ကိုအတင်းအကြပ် ဖမ်းဆီးခံခဲ့ရတာပါ သူက ယောက်ျားလား၊ မိန်းမလားတောင် မသိဘူး။ ”
“ ဒါဆို သူပဲ ... ။ ”
စုရီတစ်ယောက် မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်း သွားလေသည်။ ဝေကျန်းရှီမှ မျက်ခုံးပင့်လျက်၊
“ အဲဒီလူရဲ့ လက္ခဏာကို မင်းမသိဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။ စုရီမှ ခေါင်းခါပြီး၊
“ သူသိမှာ မဟုတ်ဘူး ... အဲဒီလျှို့ဝှက်နယ်မြေရဲ့ တံဆိပ်ကို ချိုးဖျက်ပြီး တားမြစ်နယ်မြေထဲဝင်သွားတာ ... သူ ပြောနေတဲ့လူပဲ။ ”
-ဟု ပြောပြလိုက်သည်။
ထိုအကြောင်းကို မသိထားသဖြင့် ဝေကျန်းရှီနှင့် ဝေယွင်တို့နှစ်ယောက်စလုံး အံ့သြသွားကြသည်။
“ ဒါဆို မင်းအပြောအရ ... မင်းကိုဝေတာ့ယွမ် အယောင်ဆောင်ခိုင်းတာ အဲဒီလူပေါ့ ... ။ ”
“ မှန်ပါတယ်။ ”
မျက်နှာတစ်ထောင် မျောက်မှ ချက်ချင်းခေါင်းညိတ်ပြ၏။ စုရီက၊
“ ဒါဆို ဝေတာ့ယွမ်ပုံစံ ... အယောင်မဆောင်ခင်မှာ မင်းသူ့ကို ကိုယ်တိုင် တွေ့ဖူးတယ် မဟုတ်လား ... အဲဒီတုန်းက သူ့အခြေအနေ ဘယ်လိုလဲ။ ”
“ အဲဒီတုန်းက ညနတ်ဆိုးမြို့ရဲ့ စားသောက်ဆိုင်တစ်ခုမှာ သခင်ဝေတာ့ယွမ်ကို တွေ့ဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ငါ့ကို ခေါ်သွားခဲ့တာပါ ...
... သခင်ဝေမှာ ဒဏ်ရာမရှိပေမယ့် အမူအရာက နည်းနည်းတော့ ထူးဆန်းတယ် လမ်းလျှောက်နေတဲ့ အသက်မဲ့ အလောင်း တစ်လောင်းလိုပဲ။ ”
ထိုစကားကို ကြားချိန်၌ ဝေကျန်းရှီနှင့် ဝေယွင်တို့၏ အမူအရာများ ပြောင်းသွားပြီး နှလုံးသားများ တင်းကြပ်လာသည်။
“ အဲဒီလူက ... သခင်ဝေရဲ့ အသွင်အပြင်နဲ့အမူအကျင့်ကို မှတ်သားထားဖို့ အမိန့်ပေးခဲ့တယ် ... ဒါပေမယ့် သခင်ဝေက ငါ့ကိုမော့ကြည့်ပြီး စကားတစ်ခွန်းပြောတယ်။ ”
“ ဘာပြောလဲ။ ”
“ ဒီလိုမျက်နှာတစ်ထောင် မျောက်တစ်ကောင်က ဝေမိသားစုကို လှည့်စား နိုင်ပေမယ့် သူ့ကိုတော့ လှည့်စားလို့မရဘူးတဲ့။ ”
ဝေကျန်းရှီတစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး၊
“ ဒါပဲလား ... ။ ”
“ တကယ်ပါ ... ဒါပဲ။ ”
“ ဒါဆို ... သူက ဘယ်သူလဲ။ ”
ဝေယွင်မှ ဝင်မေးသည်။ မျက်နှာ တစ်ထောင်မျောက်က ကြိမ်ကုလားထိုင်တွင် ထိုင်နေသောစုရီကို ခိုးကြည့်လျက်၊
“ သူက ငါ့အထင် ... ငါတို့ရှေ့က လေးစားရတဲ့ ဒီသခင်လေးဖြစ်မယ်ထင်တယ်။ ”
-ဟု ပြန်ဖြေ၏။
မျက်နှာတစ်ထောင် မျောက်သည် စုရီ၏ယခင်ပြသခဲ့သော နည်းလမ်းများကြောင့် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။
တစ်ဖက်လူသည် ဝိညာဉ်တာအို နယ်ပယ်မျှဖြင့် သူ့လက္ခဏာကို မြင်နိုင်သကဲ့သို့ သွေးမြစ်ပုလဲကိုပင် သိရှိနေသည်။
ဝေကျန်းရှီနှင့် ဝေယွင်သည် သူ့အဖြေကြောင့် အံအားသင့်သွား၏။ စုရီသည် အသက်(၁၈)နှစ်သာ ရှိသေးပြီး ဘိုးဘေးသည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာကျော်က ထိုစကားများကို ပြောခဲ့ခြင်းပေပင်။
ယင်းသည် သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။ စုရီက ထိုအရာကို စိတ်ဝင်စား လာခဲ့သည်။
“ အဲဒီတုန်းက လျှို့ဝှက်လူကရော ဘာပြောသေးလဲ။ ”
“ ငါ မသိတော့ဘူး ... သခင်ဝေရဲ့ စကားဆုံးသွားတာနဲ့ ငါသတိလစ်ပြီး ... သတိ ပြန်ရလာတော့ ဒီဂူထဲရောက်နေပြီ။ ”
စုရီမှ ငြိမ်သက်သွားသည်။ ထိုလျှို့ဝှက် ဆန်းကြယ်သော လူသည် သူ့နောက်သို့လိုက်နေ သည်မှာ သေချာချေပြီ။
“ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက မင်းကိုသတိလစ်မသွားခင်မှာ ညွှန်ကြားချက် တစ်ခုခု ပေးခဲ့သေးလား။ ”
“ ဟုတ်ကဲ့ ... တားမြစ်နယ်မြေထဲက မီးငှက်ဝိညာဉ်နဲ့ စကားပြောနိုင်တဲ့ ဘယ်သူမဆို တွေ့ဆုံဖို့ မှာကြားထားပါတယ်။ ”
ဤစကားကိုကြားသောအခါ ဝေကျန်းရှီနှင့်ဝေယွင်တို့ နှစ်ယောက်လုံး မျက်ခုံးပင့်သွားကြသည်။
ထိုညက စုရီသည် တားမြစ်နယ်မြေ အတွင်း၌ မီးငှက်ဝိညာဉ်နှင့် စကားပြောခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာက ထိုလျှို့ဝှက် ဆန်းကြယ်သောလူသည် ယနေ့ကို ကြိုမြင် နေပုံရသည်။ ထိတ်လန့်စရာ ပေပင်။
စုရီမှ မအံ့သြချေ။ အကယ်၍သာ သူသည်လည်း ထိုအခြေအနေတွင်ရှိနေပါက အလားတူ ကြိုတင်သိမြင်နိုင်မည်။
“ အဲဒီလူက ကျောက်မျက်တစ်ပိုင်း ပေးခဲ့သေးတယ် ကျောက်မျက်ကို ငါဘာလုပ် ရမယ်ဆိုတာ မပြောခဲ့ဘူး ...
... မီးငှက်နဲ့ စကားပြောတဲ့လူကို တွေ့ပြီးတာနဲ့ ... ငါ့ကို ချက်ချင်းထွက်ပြေးဖို့ အခွင့်အရေးရှာရမယ်လို့ မှာခဲ့တယ်။ ”
ဝေကျန်းရှီနှင့် ဝေယွင်မှ နားလည်သွား၏။ မျက်နှာတစ်ထောင် မျောက်သည် ယနေ့ဂူထဲမှ ထွက်လာရသည့် အကြောင်းရင်းမှာ ထွက်ပြေးရန် ဖြစ်သည်။
ယင်းကို စုရီမှ မျှော်လင့်ထားပုံရပြီး တောင်ခြေတွင် ချောင်းမြောင်းနေခဲ့ခြင်းပေပင်။ ထိုအသိဖြင့် နှစ်ယောက်သား မထိန်းနိုင်ဘဲ စုရီထံ လှမ်းကြည့်မိပြန်သည်။
( ဒီကောင်လေး ဘယ်လိုသိနေတာလဲ။ )
သူတို့ နှစ်ယောက်သာမက မျက်နှာတစ်ထောင်မျောက်သည်ပင် လုံးလုံး စိတ်ရှုပ်နေခဲ့သည်။
စုရီသည် သူတို့အားလုံး၏ အတွေးအမြင်များကို မြင်နိုင်သော်လည်း ရှင်းပြခြင်းမရှိချေ။ ယင်းအစား မျက်နှာ တစ်ထောင်မျောက်ကို ကြည့်ကာ၊
“ အဲဒီကျောက်မျက် ငါ့ကိုပြပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒီမှာပါ ... ။ ”
မျက်နှာတစ်ထောင်မျောက်မှ အနက်ရောင်သစ်သားသေတ္တာကို အလျင်အမြန် ထုတ်ကာ လက်နှစ်ဖက်ဖြင့် ပေးအပ်လာ၏။
အနက်ရောင်သစ်သားသေတ္တာသည် ရတနာမဟုတ်သကဲ့သို့ လျှို့ဝှက်တံဆိပ်လည်း မရှိချေ။ စုရီက တိုက်ရိုက်ဖွင့်လိုက်သည်။
“ ကျွီ ... ။ ”
အထဲတွင် ငန်းဥကဲ့သို့ ပုံသဏ္ဍာန်ရှိသော အနက်ရောင် ကျောက်မျက်တုံးကြီးတစ်တုံး ရှိနေသည်။
ထိုအချင်းအရာကြောင့် စုရီက ကြိမ်ကုလားထိုင်မှနေပြီး ရုတ်တရက် မတ်မတ် ပြင်ထိုင်လိုက်၏။
“ မင်းတို့ ... သူ့ကိုခေါ်ပြီး ဂူထဲက အရင်ထွက်သွားပါ။ ”
စုရီက ဝေကျန်းရှီကို ညွှန်ကြားသည်။ ယင်းသည် အမိန့်တစ်ခုဖြစ်၏။ ဝေကျန်းရှီနှင့် ဝေယွင်မှ အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။
လူတိုင်းထွက်ခွာသွားသည်နှင့် စုရီက သစ်သားသေတ္တာထဲမှ မဟူရာကျောက်မျက်ကို လှမ်းယူလိုက်၏။
ဓားကဲ့သို့ ထက်မြက်သော သူ့လက်ချောင်းထိပ်ဖြင့် ကျောက်မျက်တွင် တံဆိပ်အချို့ ရေးထွင်းသည်။
ချက်ချင်းပင် မဟူရာကျောက်မျက်သည် ကျောက်စိမ်းအပိုင်းအစများကဲ့သို့ အလင်းများ ပြသလာသည်။
မျက်နှာပြင်ပေါ်တွင် လေးနက်ပြီး အနုစိတ်နိုင်သော တားမြစ်အမိန့်ပုံကြမ်းတစ်ခု အသက်ဝင်လာ၏။
ဤအခိုက်အတန့်တွင် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အာကာသလှိုင်းများ ထွက်ပေါ်လာသည်။
မဟူရာကျောက်မျက်သည် ကြံ့သားရဲဦးချိုဖြင့် ဖန်တီးထားသော မိခင်နှင့် ကလေးတံဆိပ်ဖြစ်၏။
ဤမဟူရာကျောက်မျက်ကို ကိုင်ဆောင်ထားသူသည် ၎င်း၌ အမိန့်တစ်ခု ရေးထိုးကာ အတားအဆီးများဖြတ်ကျော်ပြီး အခြားတစ်ဖက်ရှိ တစ်စုံတစ်ဦးနှင့် ဆက်သွယ်နိုင်မည်။
ထိုကဲ့သို့သော ရတနာသည် အလွန်ရှားပါးသည်။ အတိအကျဆိုရသော် ဝိညာဉ်ကြံ့သားရဲသည် ရှားပါးပြီး ရှာဖွေရ ခက်ခဲချေ၏။
“ ဘရူး ... ။ ”
များမကြာခင် မဟာရာကျောက်မျက် တုန်ခါသွားပြီး အခိုးအငွေ့များ လှိုဏ်ဂူအတွင်း အုံ့ဆိုင်းသွားစေသည်။
“ ချွင် ... ချွင် ... ။ ”
“ ဝုန်း ... ။ ”
တစ်ချိန်တည်းမှာပင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားနေသံများကိုလည်း ရုတ်တရက် ကြားလိုက်ရလေသည်။
ကျယ်လောင်သော အော်ဟစ်သံများ၊ မိုးခြိမ်းသံများနှင့် ရတနာများ ရိုက်ခတ်သံများ အပါအဝင်ဖြစ်၏။
အသံများကြားရုံဖြင့် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ စစ်မြေပြင် ဖြစ်နိုင်ကြောင်းကို ပြောနိုင်သည်။
စုရီတစ်ယောက် မျက်မှောင်ကြုတ်၏။ ထို့နောက်တွင် ဆူညံသံများသည် သိသိသာသာ လျော့ပါးလာသည်။
မိခင်ကျောက်စိမ်း ကိုင်ဆောင်ထားသော တစ်စုံတစ်ယောက်သည် စစ်မြေပြင်မှ ဆုတ်ခွာ လာပုံရချေပြီ။
အချိန်အတော်ကြာပြီးနောက် တိုက်ပွဲသံဖြစ်ပွားသံများပင် မှိန်ဖျော့သွားကာ လေတိုက်သံများသာ ကျန်ရစ်ခဲ့၏။
သို့သော် တစ်ဖက်ရှိ ကျောက်မျက် ကိုင်ဆောင်ထားသူသည် စုရီထံမှ စကားများကို စောင့်ဆိုင်းနေသကဲ့သို့ တိတ်ဆိတ်နေချေပြီ။
***