ဧည့်သည်များ ... ။
Vol. 53 Ch. 636
စမ်းချောင်းတစ်ခု အနားတွင် စွေ့ကျင်းယန်နှင့် မျက်မမြင်အဖိုးအိုတို့နှစ်ဦး စကားစမြည်ပြောကြားနေ၏။
မဝေးလှသော အရပ်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် တရားထိုင်ရာမှ စုရီ၏ မျက်လုံးများ ပွင့်လာသည်။
ယနေ့တွင် ငရဲကမ္ဘာသို့ ဝင်ရောက်နိုင်ခဲ့သည်မှာ ရက်ပေါင်းနှစ်ဆယ်တိုင် ချေပြီ။ ဝမ်ချွမ်းဒိုမိန်းမှ ထွက်ခွာလာသည်မျာ လဝက်တိုင်ပြီဖြစ်၏။
ဤနှစ်ပတ်အတွင်း ခရီးစဉ်ကို အလျင်စလိုမရှိခဲ့ဘဲ တောင်နှင့်မြစ်များ၏ သဘာဝတရားအပေါ် ခံစားနေခဲ့သည်။
ထို့ကြောင့် လက်ရှိနယ်ပယ်သည် အလယ်အလတ် ဝိညာဉ်ပေါင်းစသည်းခြင်း အဆင့်၌ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွား၏။
ဤသည်မှာ ခွက်တစ်ခွက်အတွင်း ပြည့်လျှံနေသကဲ့သို့ ထိုအဆင့်ထံ ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကျင့်ကြံမှုသည် မဟာတာအို၏ အုတ်မြစ်ဖြစ်၏။ ကျင့်ကြံမှု၌ အောင်မြင်မှုရခြင်း ဟူသည် တာအိုတွင် အသွင်ကူးပြောင်းခြင်း ဖြစ်လေသည်။
ယခင်နှင့် နှိုင်းယှဉ်သော် လက်ရှိအချိန်၌ ကနဦးရွှမ်ကျောက်ဧကရာဇ်များနှင့် ရင်ဆိုင်ရန် ပိုမိုယုံကြည်မှု ရှိလာချေသည်။
ရွှမ်ကျောက်ဧကရာဇ်များအပေါ် တာအိုကျွမ်းကျင်မှုအရ အကြမ်းဖျင်းသုံးမျိုး အထိ ခွဲခြားနိုင်၏။
ပထမအဆင့် ရွှမ်ကျောက်ဧကရာဇ်သည် မကြာသေးမီမှ နက်နဲတာအိုနယ်ပယ် ဝင်ရောက် ခဲ့ပြီး တာအိုနိယာမကို ပြီးပြည့်စုံခြင်း မရှိသေးသူများဖြစ်သည်။
မင်ပိုနန်းတော်၏ တတိယမြောက် အကြီးအကဲယွမ်လင်နင်းသည် ထိုကဲ့သို့သော အဆင့်တွင်ရှိ၏။
ဒုတိယအဆင့် ရွှမ်ကျောက်ဧကရာဇ်သည် တာအိုနိယာမကိုပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည့် အဆင့်ဖြစ်သည်။
ဤအဆင့်သည် ပထမအဆင့် ဧကရာဇ်များထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်၏။
အဓိကအကြောင်းရင်းသည် ပြီးပြည့်စုံသော တာအိုနိယာမကို ဆုပ်ကိုင်ထားနိုင်ခြင်းကြောင့် ပေပင်။
ပထမအဆင့်သည် ဧကရာဇ် ဖြစ်နေသော်လည်း ဝိညာဉ်တာအိုနယ်ပယ်နှင့် သိသိသာသာ ကွာခြားခြင်းမရှိချေ။ သူတို့တွင် တာအိုအမှန်တရားသာ ပိုင်ဆိုင်သေးသည်။
ဤမတိုင်မီ သူ့ခွန်အားများအရ ထိုဒုတိယအဆင့် ရွှမ်ကျောက်ဧကရာဇ်တစ်ပါး အပေါ် အနိုင်ယူရန်ထက် ရှုံးနိမ့်နိုင်ကြောင်း ရိုးသားစွာဝန်ခံရပေမည်။
နယ်ပယ်ခြားနားချက်ဟူသည် တာအိုစွမ်းအား ခြားနားချက်ဖြစ်ပြီး ကြီးမားကာ ချိန်ညှိရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် အခြားသော ပြင်ပခွန်အားများကို အားကိုးရပေမည်။
တတိယအဆင့်သည်သာ စစ်မှန်သော ရွှမ်ကျောက်ဧကရာဇ်ဖြစ်ပြီး တာအိုနိယာမကို ပေါင်းစည်းထားသူများဖြစ်သည်။
ထိုအဆင့်ဧကရာဇ်များသည်သာ သူ့အာရုံဖြင့်ထိုက်တန်၏။ အရိုင်းမြေကိုးပါး၌ ထိုအဆင့်ဧကရာဇ်သည် အထက်တန်းစား တစ်ပါးဖြစ်လာချေပြီ။
၎င်းတို့သည် ရွှမ်ကျောက်အဆင့် ဧကရာဇ်များအချင်းချင်း ပြိုင်ဘက်ဆယ်ဦးကို လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်နိုင်ပြီး လွှမ်းမိုးနိုင်မည်။
သူသည် ဝိညာဉ်ပေါင်းစည်းခြင်း အလယ်အလတ်အဆင့်ဖြင့် ပထမအဆင့် ရွှမ်ကျောက်ဧကရာဇ်အမျိုးအစားကို အနိုင်ယူနိုင်သည်။
ထို့ကြောင့် ယနေ့ နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် ဒုတိယအဆင့်ရွှမ်ကျောက် ဧကရာဇ်နှင့် ယှဉ်ပြိုင်ရန် လုံလောက်ချေပြီ။
အနာဂါတ်တွင် နှောင်းပိုင်းအဆင့် ဝင်ရောက်နိုင်သော် တတိယအဆင့် ဧကရာဇ်ကို ရင်ဆိုင်နိုင်မည်ဖြစ်၏။
“ အစ်ကိုစု၊ မင်းရဲ့ကျင့်ကြံမှုက နည်းနည်းမြန်တယ် မဟုတ်လား မြန်လွန်းတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ ”
မလှမ်းမကမ်းရှိ စွေ့ကျင်းယန်သည် စုရီတစ်ယောက် အဆင့်ချိုးဖြတ်သွားသည်ကို သတိထားမိကာ အံ့သြတကြီးပြော၏။ စုရီမှ ပြုံးသည်။ တုန့်ပြန်ခြင်း မပြုချေ။
“ ဖရူး ... ။ ”
ထိုစဉ်တောအုပ်အတွင်း တစ်ညတာ လှည့်ပတ်ပျံသန်းနေသော ငွေရောင်လင်းနို့သည် မျက်မမြင်အဖိုးအိုထံ ပြန်ရောက်လာ၏။
မျက်မမြင်အဖိုးအိုမှ သတင်း အချက်အလက်များကို ပြန်လည်ရယူသည်။ ဝမ်ချွမ်နယ်စပ်ကို ဖြတ်ကျော်လာစဉ် တစ်စုံတစ်ယောက်သည် သူ့အပေါ် အသိအမှတ်ပြုသွားသည်။
အမှောင်လင်းနို့တံဆိပ်မှ ကျန်ရစ်ခဲ့သော ရုပ်ပုံများကို ကြည့်ရှုစစ်ဆေးကြည့်ရာ လူသုံးဦး မြင်လိုက်ရ၏။
၎င်းတို့မှာ လူလတ်ပိုင်းအရွယ် တာအိုအမျိုးသမီး၊ သူတောင်းစားအဘိုးအိုနှင့် မုတ်ဆိတ်မွှေးအဖိုးအိုတို့ ပေပင်။
သူတို့နယ်စပ်ကို ဖြတ်ကျော်စဉ် ဤပုဂ္ဂိုလ်သုံးဦးသည် ခေါင်းတလားထမ်းမျိုးရိုး အဖြစ် သူ့ကိုမှတ်မိသွားခြင်းဖြစ်၏။ မျက်မမြင် အဘိုးအိုက စုရီကိုပြန်ပြောပြလိုက်၏။
“ အစ်ကိုစု ငါတို့နောက်ကို လိုက်နေတဲ့ လူတွေရှိတယ်။ ”
“ ဒါဆို ဒီမှာ ခဏလောက်စောင့်ရအောင်။ ”
ဤအရပ်သည် တျန်လောမြို့နှင့် မိုင်တစ်ထောင် ကွာဝေးသည်။ နေ့လယ်ခင်း အချိန်ဖြစ်၍ ကောင်းကင်သည် တောက်ပနေပြီး တောင်နှင့်မြစ်များသည် သက်ဝင်လွန်း၏။
မျက်မမြင်အဘိုးကြီး၊ စုရီနှင့် စွေ့ကျင်းယန်သည် တောင်ကုန်းတစ်ခုပေါ်ရှိ ကမ်းပါးပြင်မြင့်တစ်ခုသို့ လျှောက်လှမ်းသွားကာ ကြိမ်ကုလားထိုင်ကိုထုတ်ယူလျက် ထင်းရှူးပင် အောက်တွင် ထိုင်နေတော့သည်။
စုရီမှ ပျင်းရိစွာ မျက်ဝန်းများ မှိတ်ထား၏။ ထိုမြင်ကွင်းကြောင့် စွေကျင်းယန် တစ်ယောက် မျက်ခုံးပင့်လိုက်သည်။
ဤလူငယ်ကဲ့သို့ ပျင်းရိသောလူ တစ်ယောက်မျှ ရှိနိုင်တော့မည် မဟုတ်ချေ။ တစ်ဖက်တွင် မျက်မမြင်အဘိုးအိုသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ထိုလူသုံးယောက်သည် အဘယ်ကြောင့် သူ့အပေါ် ပစ်မှတ်ထားနေသည်ကို မသိနိုင်ချေ။ မရဏကမ္ဘာသို့ ခြေချတည်းကပင် သူ့လက္ခဏာ ဖော်ထုတ်ခံရမည်ကို စိုးရိမ်ကာ သတိထားခဲ့၏။
နောက်ဆုံးတွင် သူ့ဆရာသည် သွေးသခင်ဝူကျန်းဖြစ်ပြီး ပင်းမိုသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
သူ သည်သာ ခေါင်းတလားထမ်းမျိုးရိုးမှ ဆင်းသက်သူမှန်းသိကြသော် အကျိုးဆက်များ အတွက် ခန့်မှန်း၍ မရနိုင်ချေ။
သို့သော် ဆရာစုသည် သူ့အထောက်အထား ဖော်ထုတ်ခံရမည်ကို စိတ်ပူမနေရန် ပြောကြား ခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့် သူ့ထံလာသမျှ လူများ၏နောက်ခံနှင့် ရည်ရွယ်ချက်များအပေါ် သဲလွန်စအချို့ ဖော်ထုတ်နိုင်ပေမည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်နေ၏။ အဆုံးတွင် စုရီသည် မျက်လုံးများဖွင့်ပြီး အဝေးရှိ ကောင်းကင်ကို ရုတ်တရက် ကြည့်လိုက်သည်။
ငှက်အုပ်တစ်အုပ်သည် ထိုအရပ်၌ အုပ်စုဖွဲ့ပျံသန်းနေကာ ဆူညံသောအော်ဟစ်သံ များဖြင့် ပျောက်ကွယ်သွားကြကုန်၏။
သာမာန်အားဖြင့် ဤသို့သော မြင်ကွင်းမျိုးသည် တောင်တန်းများအတွင်း၌ သာမန်မြင်ကွင်းဖြစ်သည်။ သို့သော် စုရီမှ၊
“ ကင်းထောက်တွေက ငါတို့ကိုတွေ့သွားပြီး စောင့်ကြည့်နေတယ်။ ”
-ဟု ပြောကြားလာသည်။ စွေ့ကျင်းယန်မှ မျက်ဝန်းများ တောက်ပလျက်၊
“ ဒါဆို ငါတို့သွားလိုက်မလား။ ”
-ဟု မေးမြန်းသည်။ မျက်မမြင် အဘိုးအိုခမျာ မျက်လုံးပြူးသွား၏။ စုရီမှ ခေါင်းရမ်းပြသည်။
“ ခဏစောင့်ပါဦး ... သူတို့က သူလျှိုတွေပဲဆိုတော့ မလာဝံ့တာသဘာဝပါပဲ မကြာခင် သူတို့နောက်က လူတွေ ရောက်လာလိမ့်မယ်။ ”
စကားဆုံးသည်နှင့် မျက်ဝန်းများ ပြန်မှိတ်သွားသည်။ နေရောင်ခြည်များသည် ထင်းရှူးပင်အရွက်များကြားမှ ကျဆင်းနေပြီး အိပ်စက်အနားယူရန် အကောင်းဆုံး ရှုခင်းအလှဖြစ်နေချေပြီ။
“ ကျိကျိ ... ။ ”
တစ်ချိန်တည်းမှာပင် ဝေးကွာသော အရပ်တွင် ငှက်တစ်ကောင် အတောင်ပံခတ်ကာ မြူခိုးများဖုံးလွှမ်းနေသော ကျောက်ဆောင် ချိုင့်ဝှမ်းတစ်ခုပေါ် ဆင်းသက်လာသည်။
လက်တစ်ဖက်သည် ထိုငှက်အတွက် ရပ်နားနိုင်ရန် ဆန့်ထွက်လာသည်။ ဤသည်မှာ လူလတ်ပိုင်းအရွယ် တာအိုအမျိုးသမီးဖြစ်၏။
ဓားကဲ့သို့ ချွန်ထက်သော သူမ၏ လက်ချောင်းထိပ်များသည် ငှက်၏ဦးခေါင်းခွံကို လှီးဖြတ်လိုက်ကာ ပဲပုပ်စေ့ကဲ့သို့သော သွေးပုလဲကို ထုတ်ယူလိုက်သည်။
အနီးကပ်စစ်ဆေးကြည့်သော အခါတွင် စုရီနှင့် သူ၏အဖော်များအပါအဝင် သွေးထဲတွင် ထင်ဟပ်နေသည့် မြင်ကွင်းများကို မြင်နိုင်၏။
တာအိုအမျိုးသမီးမှ စိတ်သက်သာရာရသွားပြီး၊
“ သူတို့က ဒီပုံရိပ်ယောင်တိမ်တောင်မှာ ရှိနေတုန်းပဲ ... ငါတို့လိုက်မီတယ် ... ချင်းကျွယ် သွားပြီး အခြေအနေကို အကြောင်းကြားပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
မြူခိုးများအတွင်းမှ ပိန်ပိန်ပါးပါး လူတစ်ယောက်၏ အသွင်အပြင် ထွက်ပေါ်လာ လေသည်။
ထိုလူသည် ကမ္ပည်းပြားကို ထုတ်၍ တစ်စုံတစ်ရာကို ရွတ်သည်။ ခဏအကြာတွင် သူ့လက်ချောင်းထိပ်တွင် နတ်မီးတောက်တစ်ခု ရုတ်တရက်ပေါ်လာပြီး ကမ္ပည်းပြားကို လောင်ကျွမ်းသွားစေခဲ့၏။
“ အစ်မဖုန်း ... သခင် ဘယ်ရောက်နေပြီထင်လဲ။ ”
ချင်းကျွယ်မှ မေးသည်။
“ သခင်ရဲ့ ကျင့်ကြံမှုအရ အရှိန်အပြည့် ခရီးထွက်မယ်ဆိုရင် တျန်လောမြို့ရောက်နေ လောက်ပြီထင်တယ်။ ”
ချင်းကျွယ်မေးခွန်းအပေါ် တာအိုအမျိုးသမီးတစ်ယောက် ပြန်မဖြေနိုင်ခင် သူတောင်းစားအဖိုးအိုမှ ပြန်ဖြေ၏။ လက်ထဲ၌ ဘူးသီးခြောက်တစ်လုံးရှိနေသည်။
“ ခေါင်းတလားထမ်း အမျိုးအနွယ်ရဲ့ မျက်မမြင်အဘိုးကြီးက ရှေးဟောင်းစွေ့မိသားစု မိန်းကလေးနဲ့အတူ ရှိနေတာ တကယ်ကို ဒုက္ခပဲ ဒါပေမယ့် သခင်ဒီမှာရှိနေသရွေ့ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိမှာ သေချာပါတယ်။ ”
ချင်းကျွယ်တစ်ယောက် အနည်းငယ် စိတ်လက်ပေါ့ပါးသွားကာ ညည်းညူလိုက်သည်။
“ ထူးဆန်းလိုက်တာ၊ နှစ်ရာနဲ့ချီပြီး ပျောက်ကွယ်နေတဲ့ ခေါင်းတလားထမ်းမျိုးရိုးက ဒီကမ္ဘာမှာ ပြန်ပေါ်လာတယ် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရမှာမကြောက်ဘူးလား။ ”
တာအိုအမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။ ချင်းကျွယ်မှ ခေါင်းညိတ်ပြီး၊
“ မရဏကမ္ဘာမှာ သွေးသခင်ဝူကျန်ရဲ့ သေဆုံးခြင်းအကြောင်း ဂရုမစိုက်တော့ဘူးလို့ သူ ထင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ”
-ဟု မှတ်ချက်ပေး၏။
“ ဒီမျက်မမြင်အဘိုးကြီးဟာ သူ့မျိုးရိုးကို စောင့်ကြည့်နေတဲ့ အင်အားစုအချို့ ရှိနေတယ် ဆိုတာ မသိတာဖြစ်နိုင်မယ်။ ”
သူတို့စကားပြောနေစဉ် ချင်းကျွယ်က တောက်ပလာသော စိမ်းပြာရောင်ကျောက်စိမ်း တံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို လက်ခံပြီးနောက်၊
“ သခင်က ... နာရီဝက်အတွင်း ပုံရိပ်ယောင်တိမ်တောင်ကို ရောက်လာ လိမ့်မယ်။ ”
-ဟု ဝမ်းသာအားရ ဝေမျှလာသည်။
တာအိုအမျိုးသမီးနှင့် သူတောင်းစားအဖိုးအိုမှာ ရွှင်မြူးသွားတော့၏။ အချိန်များ တရွေ့ရွေ့ကုန်လွန်လာသည်။
ထင်ရှူးပင်အောက်တွင် လေပြေများ တိုက်ခတ်နေခြင်းကြောင့် စုရီတစ်ယောက် အမှန်ပင် အိပ်ပျော်နေ၏။
ထိုစဉ် ကြိမ်ကုလားထိုင်ပေါ်တွင် အိပ်နေလျက်ဖြင့် မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်ကာ ခါးကြောဆန့်လိုက်သည်။
“ နောက်ဆုံးတော့ ရောက်လာပြီ။ ”
***