← Chapters

စကြာဝဠာတုပခြင်း ... ။

Vol. 54 Ch. 638

စကြာဝဠာတုပခြင်း ... ။

Vol. 54 Ch. 638

ရန်တျန်းဖုန်းဘေးရှိ သုံးယောက်က ချက်ချင်းဆုတ်ခွာသွား၏။ မျက်မမြင်အဖိုးအိုနှင့် စွေ့ကျင်းယန်သည်လည်း ချွင်းချက်မရှိချေ။

“ မင်းကို ငါသတိမပေးဘူး မပြောနဲ့ မင်းရဲ့ခွန်အားအပြည့် မသုံးရင် မင်းရှုံးလိမ့်မယ်။ ”

စုရီမှ သတိပေးသည်။ ထို့နောက် ကောင်းကင်ပေါ် ခုန်တက်ပြီး ရန်တျန်းဖုန်ထံ လက်သီးဖြင့် ထိုးချလိုက်၏။

“ ဟိတ် ... ။ ”

ပြိုးပြက်လင်းလက်နေသော အပြာရောင်အလင်းများသည် ကောင်းကင်ကို တောက်ပလာစေ၏။

ရန်တျန်းဖုန် မျက်နှာပေါ်တွင် အံအားသင့်တုန်လှုပ်သွားသော အရိပ်အမြွက် အနည်းငယ် ထွက်ပေါ်လာသည်။

သူ့ ကျင့်ကြံမှုနှင့် တိုက်ပွဲဝင် အတွေ့အကြုံများအရ ထိုလက်သီး မည်မျှ အစွမ်းထက်သည်ကို ချက်ချင်းသိ၏။ ယင်းက ယုံရန် အနည်းငယ် ခက်ခဲစေသည်။

ငယ်ရွယ်သော ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် ထိုကဲ့သို့သော စွမ်းအားကို မည်သို့ထုတ်လွှတ်နိုင်သနည်း။

“ သွား ... ။ ”

သို့သော်လည်း သူ့တုန့်ပြန်မှုမှာ နှေးကွေးခြင်းမရှိချေ။ အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်သည်။

“ ဝုန်း ... ။ ”

လေလှိုင်းတစ်ခုနှင့် လက်သီး တိုက်မိကာ ပေါက်ကွဲကုန်၏။ အပျက်သဘောဆောင်သော စွမ်းအင်အတက်အကျလှိုင်းများ နေရာအနှံ့ ပျံ့ကားကုန်သည်။

သစ်ပင်များ၊ မြက်များနှင့် တောင်ထိပ်ရှိ ကျောက်တုံးများအားလုံး ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားပြီး အမှုန့်ဖြစ်သွားသည်။

“ ဟမ့် ... ။ ”

တဟုန်းဟုန်းတောက်နေသော ဖုန်မှုန့်မီးခိုးတိမ်တိုက်များကြား ရန်တျန်းဖုန် အသွင်မှာ ယိမ်းယိုင်သွားတော့၏။

သူ့မျက်နှာတွင် မသေချာမရေရာမှုများ သိသိသာသာဖြစ်ပေါ်လာသည်။ တကယ့်ကိုပင် အစွမ်းထက်သော လက်သီးဖြစ်၏။

ဤစွမ်းအားသည် ဝိညာဉ် ပေါင်းစည်းခြင်းအဆင့်ထံ လုံးဝကျော်လွန်နေ ချေပြီ။ မယုံနိုင်စရာပေပင်။ တိမ်ပင်လယ်ထဲ ရပ်နေသောစုရီထံ မော့ကြည့်ကာ၊

“ စောစောက မင်းကို ငါတကယ် အထင်လွဲခဲ့ပုံရတယ် မင်းဟာ ဝိညာဉ်တာအို နယ်ပယ်မှာ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပါရမီရှင်တစ်ပါးပဲ ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဝှစ် ... ။ ”

သူစကားပြောနေစဉ် စုရီနှင့် ပေတစ်ရာခန့်သာ ဝေးသောလေထုအလယ် ခုန်တက်လာကာ ရပ်တန့်၏။

အဝတ်အစားများ သူ့ပတ်ဝန်းကျင်၌ တဖျပ်ဖျပ်လွင့်နေပြီး သူ၏ဧကရာဇ်ရောင်ဝါကို ဖြန့်ကျက်လိုက်သည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် ပတ်ဝန်းကျင် လေဟာနယ်ကို ဖိနှိမ်ကာ တိမ်ပင်လယ်ကြီးအပေါ် အလုံးအရင်းဖြင့် ဖြိုခွင်း၏။

“ ဒါဆို လုံလောက်ပြီလား ... ။ ”

“ မဆိုးဘူး ... ။ ”

ရန်တျန်းဖုန်မှ မေးသည်။ ယခင်နှင့်မတူဘဲ ဧကရာဇ်တစ်ပါးရောင်ဝါကို အပြည့်အ၀ပြသ လိုက်ခြင်းဖြစ်၏။ စုရီမှ ခေါင်းညိမ့်ပြသည်။

“ ချွင် ... ။ ”

ကောင်းကင်မိစ္ဆာဓားကို ထုတ်ယူလျက် သူ့ရောင်ဝါအငွေ့အသက်သည် အထိန်းအကွပ်မဲ့ သွားတော့သည်။

တိမ်ပင်လယ်အောက်ရှိ တောင်ကုန်းငယ်များစွာ တုန်ဟည်းလျက် ကောင်းကင်ကြီး ပွင့်ထွက်သွား၏။

အဝေးက ရပ်ကြည့်နေသော အမျိုးသမီးနှင့်အဖွဲ့သည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ် နှုတ်ယူခံလိုက်ရသကဲ့သို့ ထင်မှားလာ၏။

လက်ရှိစုရီသည် ယွမ်လင်နင်းကို တိုက်ခိုက်ခဲ့သောစုရီထက် များစွာသာလွန်သော အဆင့်တွင်ရှိနေပြီဖြစ်ကြောင်း စွေ့ကျင်းယန်မှ သိရှိလိုက်သည်။

ရန်တျန်းဖုန်းမှ ကျောက်စိမ်းပုလွေကို ဝှေ့ယမ်းကာသိမ်း၏။ သွေးသားစွမ်းအင်များက လောင်မြိုက်လျက်နက်နဲပြီး နားမလည်နိုင်သော စွမ်းအားများဖြင့် ပြည့်လျှံသွားသည်။

သူ အသက်ရှုလိုက်ချိန်တိုင်း ကောင်းကင်ကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြင့် လေဟာနယ် အက်ကွဲနေတော့သည်။

“ လာမယ် ... ။ ”

“ ခရစ် ... ။ ”

ရန်တျန်းဖုန်မှ သူ့လက်သီးကို ထိုးချလာသည်။ လေဟာနယ်တစ်ခုလုံး ပြိုကျ ကုန်ပြီး ကောင်းကင်ကြီး ပျက်ပြယ်သွား၏။

“ ဝုန်း ... ။ ”

လက်သီးနှင့် ဓားချီထိပ်တိုက်တွေ့ကာ ပေါက်ကွဲသွားချေပြီ။ အကျိုးဆက် အနေဖြင့် ရန်တျန်းဖုန်းတစ်ယောက် ယိမ်းယိုင်သွား၏။

ယင်းသည် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းပေပင်။ ဝိညာဉ်တာအိုနယ်ပယ်ရှိ တစ်စုံတစ်ယောက်သည် မည်သည့်အချိန်မှ စကာ ဧကရာဇ်ကို တုန်လှုပ်စေသနည်း။

ယခုချိန်၌ ပြိုင်ဘက်သည် မည်မျှ သန်မာနေသည်ကို သဘောပေါက်လာခဲ့ပြီး လေးနက်သော အမူအရာပြသလာ၏။

“ ဟမ့် ... ။ ”

ထိုစဉ် စုရီသည် ဓားဖြင့် ထပ်မံ တိုက်ခိုက်လာပြီဖြစ်သည်။ နောက်ဆုံးတွင် ပြိုင်ဘက်သည် ဧကရာဇ်တစ်ပါးဖြစ်ပြီး တာအိုကိုပေါင်းစည်းထားပြီးဖြစ်၏။

ခန္ဓာကိုယ်သန့်စင်ထားသည့် ဧကရာဇ်များစွမ်းအားသည် တူညီသောနယ်ပယ် အတွင်း များစွာသာလွန်မည်။

ထို့ကြောင့် တိုက်ခိုက်သောအခါတွင် စိတ်ကျေနပ်စေပြီး အနည်းငယ်မျှထိန်းထားခြင်း မပြုတော့ချေ။

ဤနည်းဖြင့် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာတော့သည်။ ဓားချီ များသည် ကောင်းကင်ယံတွင် ပျံ့နှံ့နေသည်။

လေပြင်းများက တခါတရံ တိုက်ခတ်သွားကြ၏။ တခါတရံ သက်တံများ ပေါ်လာပြီး မိုးများရွာကျလာသည်။

တာအို၏နက်နဲပြီး နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှု အမှန်တရားများသည် ဓားချီကြိုးမျှင်တိုင်းကို လွှမ်းခြုံထား၏။

ဤမြင်ကွင်းသည် မင်သပ်ဖွယ်ပေပင်။ စုရီသည် ကောင်ကင်မိစ္ဆာကို နှိမ်နင်းနေသော သူရဲကောင်းနှင့် တူချေ၏။ ရန်တျန်းဖုန်မှလည်း နောက်မဆုတ်ချေ။

လက်ဗလာဖြင့် တိုက်ခိုက်သော်လည်း ခန္ဓာကိုယ်ကို သန့်စင်ထားသူဖြစ်ရာ လက်သည် နတ်လက်နက်တစ်ခုကဲ့သို့ ထက်ရှနေ၏။

လှုပ်ရှားမှုတိုင်း တောင်များကို လောင်မြိုက်စေလျက် ပင်လယ်ပြင်အပေါ် ဆူပွက်စေသည်။ သူ့ဝန်းကျင်၌ အနက်ရောင် မဟာတာအိုသည် နတ်မိစ္ဆာများစွာ၏ ပုံရိပ်များအသွင် ရစ်သိုင်းနေ၏။

“ ဝုန်း ... ။ ”

တောင်ကုန်းငယ်များ တစ်တောင်ပြီး တစ်တောင် ပြိုကျလျက် ကျောက်တုံးများနှင့် သစ်ပင်များ အမှုန်ဖြစ်ကုန်သည်။

ရှုခင်းတစ်ခုလုံး ကသောင်းကနင်း ဖြစ်လာခဲ့၏။ ကျောက်ဆောင်နှင့် သဲများသည် လေထုအတွင်းပျံ့လွင့်လျက် ကောင်းကင်ကြီး မှောင်မိုက်သွားချေပြီ။

“ ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် လူငယ်တစ်ယောက်က ဒီလိုစွမ်းအားမျိုးတွေ တကယ်ရှိနေတာလား။ ”

တာအိုအမျိုးသမီးမှ တုန်လှုပ်သွား၏။ သူတောင်းစာနှင့် ချင်းကျွယ်သည် အဆိုးဆုံး ဖြစ်လေသည်။ ဤတိုက်ပွဲသည် သူတို့အပေါ် ပြင်းစွာသော ထိုးနှက်ချက်ဖြစ်စေ၏။

ရန်တျန်းဖုန်းသည်လည်း တိုက်ပွဲဝင်နေလျက်မှ တုန်လှုပ်ချောက်ချားမှု လှိုင်းများဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်လူ၏ တာအိုအုတ်မြစ်နှင့် ဓားရည်ရွယ်ချက်သည် အနည်းငယ် လေးစားစရာပေပင်။

“ ဟမ့် ... ။ ”

“ ဝုန်း ... ။ ”

ဧကရာဇ်တစ်ပါးအနေဖြင့် မရေမတွက်နိုင်သော ပါရမီရှင်များစွာကို မြင်တွေ့ဖူးသည်။

သို့သော် ဧကရာဇ်များအပေါ် ဆန့်ကျင်နိုင်စွမ်းရှိသော ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်ကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

အသွင်အပြင်သည် မည်မျှပင် တည်ငြိမ်နေပါစေ နှလုံးသားကို တည်ငြိမ်စေရန် ခက်ခဲနေသေးသည်။

အရေးအကြီးဆုံးမှာ တိုက်ပွဲအတွင်း သူ့ကို ခွန်အားအပြည့်သုံးရန် ဖိအားပေးနေခြင်းဖြစ်၏။ ခန္ဓာကိုယ်သန့်စင်ထားသူ တစ်ယောက်ပင်လျှင် တစ်ဖက်လူသန်မာသည်ကို ဝန်ခံရပေမည်။

တိုက်ပွဲကြာလာသည်နှင့်အမျှ ရွေးချယ်စရာမရှိတော့ဘဲ ပို၍ပိတ်မိနေသလို ခံစားလာရသည်။

“ ရွှပ် ... ။ ”

ရုတ်တရက် ဓားတစ်ချက် ပခုံးပေါ် ကျဆင်းကာ သွေးများ ပန်းထွက်သွားတော့၏။ ယင်းသည် သူ့လက်မောင်းကို ပခုံးမှ ပြတ်ကျစေရန် လုံလောက်နေသည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်တိမ်းရာတွင် မြန်သွားခဲ့၏။ ထို့ကြောင့် ပြတ်ရှရာဖြင့်သာ အဆုံးသတ်သွားသည်။

ရလာဒ်သည် စိတ်တည်ငြိမ်မှုကို သိသိသာသာပျောက်ဆုံးစေ၏။ မျက်လုံးများ ပြူးကျယ်လျက် ဖြစ်နိုင်ခြေတစ်ခုကို သတိရလာတော့သည်။

ယင်းသည် ရှုံးနိမ့်ခြင်းဖြစ်၏။ ဧကရာဇ်တစ်ပါးသည် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက်ထံ ကျရှုံးခြင်းသည် ရှက်စရာပေပင်။

“ ဝှစ် ... ။ ”

ထိုအတွေးဖြင့် အသက်ပြင်းပြင်းရှူကာ ဝှက်ဖဲကိုထုတ်လိုက်ရသည်။ ကောင်းကင်ပေါ် ခုန်တက်လျက် ပေတစ်ထောင်မြင့်သော သတ္တဝါအဖြစ် ပြောင်းလဲလိုက်၏။

ကျောပြင်ပေါ်တွင် ပေတစ်ရာရှည်သော အနက်ရောင်အတောင်ပံတစ်စုံ ဖြန့်ကျက်ကာ အနက်ရောင် အကြေးခွံများဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ကာကွယ်ထားသည်။

ချွန်ထက်သော အနက်ရောင် ဦးချိုတစ်ချောင်းသည်လည်း နဖူးတွင်ပေါက်ပြီး ထက်ရှသော ခံစားချက်ပေး၏။

ကြောက်မက်ဖွယ်ကောင်းသော သွေးအလင်းမှုန်များသည် လေဟာနယ်အတွင်း ရစ်သိုင်းလာပြီး ရှုခင်းတစ်ခုလုံး ပျက်စီးစေသည့် အရိပ်အယောင်များ လွှမ်းခြုံလာသည်။

“ ဖျစ်ဖျစ် ... ။ ”

လျှပ်စီးများလက်ကာ ကောင်းကင်ကြီး တုန်ခါလျက် မီးလောင်နေသော လေဟာနယ် အကွဲအပြဲများပေါ်လာ၏။

“ ဒါ ... ။ ”

စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးကြီးမှာ အံ့အားသင့်သွားသည်။ သေစေနိုင်သော ဝှက်ဖဲ တစ်ချပ်ဖြစ်ကြောင်းမြင်သာ၏။

ဧကရာဇ်တစ်ပါး အနေဖြင့် အရှုံးကို လက်မခံလိုသော ရုန်းကန်မှုပေပင်။ မည်မျှ ကြောက်စရာကောင်းမည်ကို မှန်းဆနိုင်၏။

“ ကောင်းကင်ငရဲ ကိုးပါး အသွင်ပြောင်းခြင်းကျမ်း ... စကြာဝဠာ တုပခြင်း။ ”

ရန်တျန်းဖုန်၏ အော်ဟစ်သံနှင့်အတူ တာအိုအမျိုးသမီးတို့မှာ စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ ဂိုဏ်း၏ အမြင့်မြတ်ဆုံးသော အမွေဖြစ်သည်။

ခန္ဓာကိုယ် သန့်စင်ထားသူ၏ အသွင်သဏ္ဍာန်နှင့် အရည်အချင်းမှန်သမျှကို နှစ်ဆတိုးပေး၏။

ထို့ပြင် အသုံးပြုသူ၏ တန်ခိုးကြီးပြီး မယုံနိုင်ဖွယ်ရာ မြင့်မြတ်သော စွမ်းရည်မျိုးစုံကို ပြသနိုင်မည်။ သို့သော် စုရီမှ ခေါင်းရမ်း၏။

“ မင်းက သွေးငရဲငှက်ပဲ ... ကောင်းကင်ငရဲကိုးပါး အသွင်ပြောင်းကျမ်းရဲ့ စကြာဝဠာတုပခြင်းကို ဆုပ်ကိုင်နိုင်ရင်တောင် မင်းမှာ အကန့်အသတ်ရှိတယ် ... ။ ”

အတိတ်ဘဝတွင် ကောင်းကင်ငရဲ ဂိုဏ်း၏ တည်ထောင်သူနှင့် ထိပ်တန်းကျွမ်းကျင်သူအချို့ အသွင်းပြောင်းခြင်းသည် အမြင့်ပေ တစ်သိန်း အထိ ရှိချေ၏။

ထို့ကြောင့် လက်ရှိ သွေးငရဲငှက်၏ ပေတစ်ထောင်သည် ထိုစဉ်ကဖြင့်နှိုင်းယှဉ်သော် ရယ်စရာပေပင်။

***

All Chapters