← Chapters

ငါလက်စားချေပေးမယ် ... ။

Vol. 54 Ch. 639

ငါလက်စားချေပေးမယ် ... ။

Vol. 54 Ch. 639

စကြာဝဠာတုပခြင်း နည်းစနစ်သည် ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်များအနက် အဆင့်မြင့် လျှို့ဝှက်နည်းစနစ် ဖြစ်သည်။

သို့သော် ကျွမ်းကျင်မှု မလုံလောက်ပါက ရန်သူသည် အားနည်းချက်များကို အသုံးချရန် အလွန်လွယ်ကူ၏။ဧကရာဇ်များ အတွက်ပင် ချွင်းချက်မရှိချေ။

ရန်တျန်းဖုန်း၏ ခွန်အားသည် ယွမ်လင်းနင်ထက် တစ်ဆင့်မြင့်သည်။ သူသည် လေးနက်သော တာအိုကို ပေါင်းစည်းထားပြီ ဖြစ်၏။ ပြီးပြည့်စုံသော အဆင့်အထိမူ မရောက်သေးချေ။

ယင်းကြောင့် စကြာဝဠာတုပခြင်းသည် အမြင်တွင် တုနှိုင်းမရနိုင်အောင် အားကောင်း နေပုံရသော်လည်း လက်တွေ့၌ အားနည်းချက်များ ရှိနေ၏။

“ သတ် ... ။ ”

အနက်ရောင် တောင်ပံနှစ်ဘက်ကို ဓားသွားကဲ့သို့ ခုတ်ပိုင်းလာ၏။ ပေတစ်ထောင် အတွင်း ကောင်းကင်နှင့်မြေကြီး ပြင်းစွာသော လှုပ်ခါမှုဖြစ်ပေါ်လာသည်။

“ ရွှပ် ... ။ ”

စုရီပုံသဏ္ဍာန်သည် ထိုနေရာမှ ပျောက်ကွယ်ပြီး ရှည်လျားကျဉ်းမြောင်းသော လေဟာနယ် အက်ကွဲကြောင်းသာ ကျန်ရစ်လာတော့၏။

ထိုစွမ်းအားသည် မြေပြင်ပေါ် ဆက်လက်ကျဆင်းကာ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ကြီးမားသော အက်ကွဲရာ ဖြစ်ပေါ်လာသည်။

ထိတ်လန့်ဖွယ်ရာ မြင်ကွင်းပေပင်။ စုရီကိုသာ ထိမှန်သော် အမှုန့် ဖြစ်သွားနိုင်မည်။

“ ဟမ့် ... ။ ”

“ ရွှပ် ... ။ ”

ရုတ်တရက် ရန်တျန်းဖုန်တစ်ယောက် ဘေးဘက်သို့ ရှောင်တိမ်းလိုက်၏။ သူ့အနားမှ ဓားတစ်လက် ဖြတ်ကျော်သွားသည်။

အရေပြားအပေါ် ဖုံးအုပ်ထားသော အနက်ရောင်အကြေးခွံများ ဖွာလန်ကျဲကုန် တော့၏။

“ ..... ။ ”

နာကျင်စွာ တုန်လှုပ်သွားပြီးနောက် တစ်ဖက်လူသည် သူ့နောက်၌ တစ်နည်းတစ်ဖုံ ပေါ်လာသည်ကို နားလည်လိုက်၏။

“ ဘယ်လို ရွေ့လျားမှုနည်းစနစ်လဲ။ ”

ဧကရာဇ်နတ်အာရုံကို နေရာအနှံ့ လွှမ်းခြုံထားသော်လည်း စုရီကို ဖမ်းမမိချေ။ ထိုစဉ် စုရီအသွင်သည် နောက်တစ်ကြိမ် လေထုအလယ် ပျောက်ကွယ်သွားပြန်၏။

ရန်တျန်းဖုန်အတွက် တွေးတောရန် အချိန်မရှိဘဲ သွေးနှင့်ချီများ လောင်ကျွမ်းလျက် အနက်ရောင် နတ်ဆိုးအလင်း အလွှာများကို ပေါ်လွင်စေကာ ခံစစ်စွမ်းအားများ အံ့မခန်း မြှင့်တင်လိုက်သည်။

“ ဟမ့် ... ။ ”

“ သေလိုက်တော့ ... ။ ”

တစ်ချိန်တည်းမှာပင် နတ်အာရုံသည် ဒီရေလှိုင်းကဲ့သို့ ပြန့်သွားသည်။ စုရီအသွင်ကို ဖမ်းမိလိုက်ပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။ သို့သော် အနည်းငယ်နောက်ကျသွားသည်။

“ ရွှပ် ... ။ ”

“ ..... ။ ”

ဓားအလင်းတန်းတစ်ခု ပေါ်လာပြီး ဘယ်ဘက်ဒူးခေါင်း အနောက်ဘက်တွင် အနက်ရောင်အကြေးခွံများ ပေါက်ထွက်ကာ သွေးထွက်သံယို ဖြစ်လာ၏။

အရိုးထိမရောက်သော်လည်း နာကျင်ကိုက်ခဲမှုသည် သူ့မျက်နှာကို ပျက်ယွင်း သွားစေသည်။

“ ဝှစ် ... ။ ”

ဤအခိုက် အတန့်တွင် စုရီ၏ ရွေ့လျားမှုအရှိန်သည် အလင်းတန်းတစ်ခုကဲ့သို့ မြန်ဆန်လွန်းနေပြီး ပျောက်ကွယ်ပြန်၏။

သူ့အရွယ်အစားသည် ပေတစ်ရာ မြင့်မားသကဲ့သို့ အရှိန်သည်လည်း မနှေးလှချေ။ သို့တိုင် စုရီသည် မယုံနိုင်လောက်အောင် မြန်နေဆဲပေပင်။

အဝေးမှကြည့်သော် စုရီအသွင်သည် တောင်ကြီးတစ်လုံးရှေ့၌ ပျံသန်းနေခဲ့သော အင်းဆက်ကဲ့သို့ ဖြစ်နေသည်။

သူ့ဓားသည် လျှပ်စီးအလားမြန်ပြီး တိုက်ခိုက်မှုတိုင်းသည် တစ်စတစ်စ ပိုမြန်ကာ ပိုပြင်းထန်လာသည်။

ဓားအလင်းတန်းများအကြား ရန်တျန်းဖုန်တစ်ယောက် ခန္ဓာကိုယ်အနှံ့အပြား ပြတ်ရှရာများ ပြည့်လာ၏။

ထိုတိုက်ခိုက်မှု တစ်ခုစီတိုင်းသည် အသက်အန္တရာယ်နှင့် ဝေးကွာသော်လည်း အလွန်အမင်း စိတ်မကောင်းစရာပေပင်။

ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေပြီးနောက် ခွန်အားအကုန်အစင် ထုတ်လိုက်ရ၏။ ဝှက်ဖဲများပင် မထားတော့ချေ။

စုရီမှ တိုက်ရိုက် မတိုက်ဘဲ တစ်ချက်ရိုက် တစ်ခါပြန်ဆုတ်နေသည်။ တခဏအတွင်းမှာပင် ရန်တျန်းဖုန် ခန္ဓာကိုယ်သည် အကြေးခွံများ ကွဲအက်လာတော့၏။

တာအိုအမျိုးသမီးနှင့်အဖွဲ့သည် ထိုမြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် မျက်လုံးပြားကာ စိုက်ကြည့်နေမိခဲ့သည်။

ဤတိုက်ပွဲတွင် စုရီ၏ နည်းဗျူဟာသည် ရိုးရှင်းချေ၏။ သို့သော် အခြားမည်သူမဆို ထိုသို့ အကြိမ်ပေါင်း မရေမတွက်နိုင်သော တိုက်နိုင်မည် မဟုတ်ချေ။

အဆုံးတွင် ပြိုင်ဘက်သည် ဧကရာဇ် တစ်ပါးဖြစ်သည်။ မည်သည့် ဝိညာဉ် တာအို နယ်ပယ် ကျွမ်းကျင်သူမဆို ခံစစ်အလွှာကို ကျော်ဖြတ်ရန် ရုန်းကန်ရနိုင်ဖွယ်ရှိ၏။

စုရီသာလျှင် ဧကရာဇ်၏ နတ်အာရုံကို ရှောင်လွှဲကာ အဆက်မပြတ်ဒဏ်ရာပေးနိုင်ခြင်း ဖြစ်လေသည်။

များကြာခင်မှာပင် ရန်တျန်းဖုန်သည် ဆက်မထိန်းနိုင်တော့ဘဲ မျက်နှာဖြူဖျော့လျက် မူလအရွယ်အစားသို့ ပြန်လည် ရောက်ရှိ သွားတော့၏။

“ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ ပြောပြပါ မင်းကိုလွှတ်ပေးနိုင်တယ် မဟုတ်ရင် မင်းတို့အားလုံးသေလိမ့်မယ်။ ”

စုရီတစ်ယောက် ဓားကိုဘေးချလျက် ရန်တျန်းဖုန်နှင့် ဆယ်ပေအကွာတွင် ပေါ်လာပြီး ပြောကြားလိုက်သည်။

အဝေးတွင် တာအိုအမျိုးသမီးနှင့် အခြားသူများသည် မိဘများဆုံးရှုံးသွားသကဲ့သို့ လုံးဝစိတ်ပျက်သွားကြ၏။

ဆက်၍တိုက်ပွဲဝင်နေလျှင်ပင် သူတို့သခင်သည် အောင်နိုင်သည်ထက် ရှုံးနိုင်ချေ ပိုများ၏။

“ မင်း ငါတို့နဲ့အတူ ... ကောင်းကင်ငရဲ ဂိုဏ်းကို လိုက်လာရင် ဒီအဖြေကိုသိလိမ့်မယ်လို့ ငါပြောခဲ့တယ် မဟုတ်လား။ ”

ရန်တျန်းဖုန်းမှ အသက်ပြင်းပြင်းရှူကာ၊

“ မင်း ... ငါတို့အားလုံးကို သတ်မယ်ဆိုရ်ငတောင် မင်းရှာနေတဲ့အဖြေကို ရလာမှာမဟုတ်ဘူး။ ”

-ဟု ပြတ်သားစွာပြော၏။

လေထုသည် ရုတ်တရက် မယုံနိုင်လောက်အောင် လေးလံလာခဲ့သည်။

“ ကောင်းကင်ငရဲဂိုဏ်းဝင်တွေက ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တယ် ... မင်းတို့မှာ မာနရှိတယ် မင်းထွက်သွားလို့ရပြီ။ ”

စုရီမှ ဂရုမစိုက်တော့ဘဲ ပြောကြားလိုက်သည်။ သူ့ စကားကြောင့် လူတိုင်း အံ့ဩသွားကြ၏။

“ မင်း ... ငါတို့ကို တကယ် မသတ်ဘူးလား။”

ရန်တျန်းဖုန်မှ မယုံဝံ့သေးချေ။

“ အဖြေကို ငါခန့်မှန်းနိုင်တယ် ဒါပေမယ့် ငါ့ကိုနားမလည်နိုင်စေတာက ... မင်းရဲ့ဂိုဏ်းက ဘာလို့ တခြားသူရဲ့အမိန့်ကို နာခံနေတာလဲ ...

... အနာဂတ်မှာ အားလပ်လာရင် ကောင်းကင်ငရဲဂိုဏ်းကို ကိုယ်တိုင်သွားပြီး မင်းရဲ့ဂိုဏ်းခေါင်းဆောင်ကို ငါမေးမယ်။ ”

ထိုစကားကြောင့် ရန်တျန်းဖုန်း အမူအရာသည် မသေချာမရေရာ ဖြစ်သွား၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချကာ၊

“ မင်းရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထိုကဲ့သို့သော ဧကရာဇ်တစ်ပါးသည် ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်ကို ဦးညွှတ်နေသည့် မြင်ကွင်းသည် လူတိုင်းကို အသက်မဲ့စေ၏။

ဧကရာဇ်ဟူသည် ဖြတ်မကျော်နိုင်သော အတားအဆီးတစ်ခုကဲ့သို့ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးများဖြစ်သည်။

ယနေ့တွင် တစ်စုံတစ်ယောက်သည် ထိုသို့မကျော်လွှားနိုင်သော အတားအဆီးအပေါ် ဖြတ်ကျော်အောင်နိုင်ခဲ့ချေပြီ။

စုရီက ကောင်းကင် မိစ္ဆာဓားကို သိမ်းကာ မြေပြင်ပေါ်ဆင်းသက်လိုက်၏။ ရန်တျန်းဖုန်မှ တွေဝေနေရာမှ၊

“ တာအိုမိတ်ဆွေ ... မရဏကမ္ဘာမှာ ခေါင်းတလားထမ်းမျိုးရိုးကို စောင့်ကြည့်နေတာ ငါ့ကောင်းကင်ငရဲ ဂိုဏ်းတစ်ခုတည်း မဟုတ်ဘူး ဆိုတာ မင်းသိထားပါ။ ”

-ဟု သတိပေးသည်။

စုရီမှ လှည့်မကြည့်တော့ဘဲ လက်ကို ဝှေ့ယမ်းပြကာ၊

“ မင်းရဲ့ ကောင်းကင်ငရဲဂိုဏ်းဝင်တွေ ငါ့လက်ထဲ ထပ်မကျရောက်ဖို့ပဲ မျှော်လင့်တယ် နောက်တစ်ကြိမ်သာ ရှိခဲ့ရင် ... ငါဒီနေ့လောက် မယဉ်ကျေးတော့ဘူး။ ”

-ဟု ဆိုလျက် ထွက်ခွာသွားတော့သည်။

တရွေ့ရွေ့ အဝေးသို့ တိုးဝင် ပျောက်ကွယ်သွားသည်အထိ ရန်တျန်းဖုန်းခမျာ စားကားမပြောဘဲ ငြိမ်သက်စွာ ကျန်ရစ်ခဲ့၏။ ယနေ့သည် ဧကရာဇ်တစ်ပါးအနေဖြင့် ကြီးစွာသော ရှုံးနိမ့်မှုပေပင်။

ဤရလာဒ်သည် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေပြီး သူ့ကို အသက်မဲ့စေ၏။

“ သခင် ... ငါတို့ဘာဆက်လုပ်ရမလဲ။ ”

တာအိုအမျိုးသမီးမှ သတိထားပြီး ချဉ်းကပ်လိုက်လေသည်။ ရန်တျန်းဖုန်းခမျာ အချိန်အတော်ကြာ တိတ်ဆိတ်နေရာမှ ပြန်လည်ဖြေကြားလိုက်၏။

“ ပြန်ရအောင် ... ။ ”  

***

ထိုအချိန်တွင် စွေ့ကျင်းယန်သည် စုရီကို အမီလိုက်ကာ စပ်စုနေတော့၏။

“ အစ်ကိုစု မင်းသူ့ကို ဘာလို့ မသတ်တာလဲ ကောင်းကင်ငရဲဂိုဏ်းကိုတော့ ကြောက်နေတယ် မပြောနဲ့ ... ။”

“ သူတို့က အမိန့်ကို လိုက်နာနေတာပါ တကယ့်လူက နောက်မှာရှိနေတယ်။ ”

စုရီမှ ပြန်ဖြေသည်။ ဤတစ်ကြိမ် ကရုဏာပြခြင်းမှာ ကောင်းကင်ငရဲဂိုဏ်းချုပ်နှင့် သူ့ကြားတွင် ရင်းနှီးမှုအချို့ ရှိ၏။

ကောင်းကင်ငရဲကိုးပါး အသွင်ပြောင်းခြင်းကျမ်းကိုပင် ထိုလူထံမှ လေ့လာခွင့်ရခဲ့သည်။

ထို့ကြောင့် ရန်တျန်းဖုန်းအပေါ် အလွယ်တကူ ဖြတ်‌ကျော်နိုင်ခြင်းလည်းဖြစ်၏။ မဟုတ်သော် ဤတိုက်ပွဲတွင် ကြီးလေးသော တန်ဖိုးတစ်ခုပေးရပေမည်။

“ သူတို့နောက်မှာ ဘယ်သူရှိလဲ။ ”

စွေ့ကျင်းယန်မှ စိတ်ဝင်တစား မေးသည်။

“ ပင်းမို ... ။ ”

စုရီက ပေါ့ပေါ့ပါးပါး ဖြေ၏။ စွေ့ကျင်းယန်တစ်ယောက် မျက်လုံးပြူးသွား ‌တော့သည်။  

ထိုနာမည်ကို ကြားသည်နှင့် မျက်မမြင်အဘိုးအိုခမျာ ထိန်းမနိုင်သိမ်းမရ နာကျင်မှုနှင့် မုန်းတီးမှုများ ဖြစ်ပေါ်လာ၏။

“ ဘာလို့ ... သူဒီလိုလုပ်တာလဲ။ ”

စုရီမှ ပြန်မဖြေတော့ချေ။ မျက်မမြင် အဘိုးအိုသည်သာ အံကြိတ်လျက်၊

“ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ... ငါ့သခင်ကို သတ်ခဲ့တယ် အခု ငါ့ကို သတ်ပစ်ချင် နေတယ် ... ငါ့အမြင်အရတော့ အဲဒီပင်းမိုဟာ ငါ့မျိုးရိုးကို ပျောက်ကွယ်စေချင်နေတာ။ ”

-ဟု ပြန်ဖြေသည်။

စုရီမှ သက်ပြင်းချလျက် မျက်မမြင် အဘိုးအိုပခုံးကို ပုတ်လိုက်ကာ၊

“ အရမ်း ဝမ်းနည်းမနေပါနဲ့ ... ငါကတိအတိုင်း သူလာရင် မင်းဆရာသခင် အတွက် လက်စားချေပေးမယ်။ ”

-ဟု နှစ်သိမ့်လိုက်၏။ ထိုစကားကြောင့် စွေ့ကျင်းယန်တစ်ယောက် တုန်လှုပ်သွားသည်။ ဤလူငယ်သည် ပို၍ပို၍ မာနကြီးလာချေပြီ။ သူပြောနေသော ပင်းမိုဟူသည် ပုရွက်ဆိတ် တစ်ကောင် မဟုတ်ချေ။

 ***

All Chapters