← Chapters

ခရမ်းရောင်မြို့တော်သို့ အဝင်။

Vol. 54 Ch. 640

ခရမ်းရောင်မြို့တော်သို့ အဝင်။

Vol. 54 Ch. 640

နှစ်ရက်ကုန်လွန်သွားပြီးနောက် ညနေခင်းအချိန်တွင် ကြီးမားသောအနက်ရောင် မြို့တံခါးကြီးကိုမြင်လာရသည်။

မြို့ရိုးများသည် ပေတစ်ရာကျော် မြင့်မားလှကာ နဂါးတစ်ကောင်ကဲ့သို့ မျက်စိတဆုံး အဆုံးမဲ့ချေ၏။

မြို့တံခါး၏ တစ်ဖက်တစ်ချက်တွင် နတ်သားရဲ ရုပ်တုနှစ်ခု ဝပ်တွားနေတော့သည်။ တစ်ခုသည် မကောင်းမှုအပေါ် မုန်းတီးနိုင်သော နတ်ဆိတ်ဖြစ်သည်။  

ကျန်တစ်ခုသည် အဖြူ၊ အမည်းကို ပိုင်းခြားသိမြင်နိုင်ပြီး သမာသမတ်ကျသော နဂါးသားတော် ရုပ်တုဖြစ်၏။  

ကျောက်ရုပ်တု နှစ်ခုစလုံးသည် နေ့ရောညပါကိုးကွယ် ဆည်းကပ်နေကြသော ဗုဒ္ဓကျောင်းမှ နတ်ဘုရားများကဲ့သို့ တန်ခိုးတော်များ ပြည့်နေသည်။

သာမာန်လူများကို မဆိုနှင့် ကျင့်ကြံသူများပင် ဤရုပ်တု၏ အကြည့်တွင် မိအားများခံစားရပေမည်။

ယင်းသည် စွေ့မိသားစုဘိုးဘေးမှ သွန်းလုပ်ထားသော ရုပ်တုကြီးများဖြစ်သည်ဟု ဒဏ္ဍာရီအရဆို၏။   

ကျောက်တုံးများသည် ရှားပါးသော နတ်ဘုရားပစ္စည်းဖြစ်ရာ အချိန်၏တိုက်စားမှုကို ခံနိုင်ရည်ရှိ၏။

မြို့တံခါးမှ လူမများ ဝင်ထွက်သွားလာ စည်ကားနေပြီး ထွက်ပေါ်နေသော လှိုင်းများမှာ မြို့၏သာယာဝပြောမှုကို ပြသနေသည်။  

စုရီမှ နတ်ဆိတ်နှင့် နဂါးသားရုပ်တုကို စိုက်ကြည့်ပြီးနောက်၊

“ ဒါတွေက ... တကယ့် အဖိုးတန် ရတနာတွေပဲ သူတို့က မင်းရဲ့စွေ့မိသားစုကို ရှေးခေတ်တည်းက မရေမတွက်နိုင်အောင် ကောင်းချီးတွေ ယူဆောင်လာပေးတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ ဟမ့် ... ဒီရုပ်တုတွေရဲ့ ရည်ရွယ်ချက်ကို မင်းမြင်နိုင်တာလား။ ”

စွေ့ကျင်းယန်မှ အံ့သြစွာမေးတော့၏၊ စုရီတစ်ယောက် ပြန်မဖြေချေ။ ယခင်ဘဝတွင် ဤရုပ်တုနှစ်ခုကို လိုချင်ခဲ့ဖူးသည်။

စွေ့လုံရှင်း၏ သနားစရာကောင်းသော တားဆီးမှုများကြောင့်သာ မဟုတ်သော် ထိုစဉ် သူ ယူသွားပြီး ဖြစ်ပေလိမ့်မည်။

“ သခင်မလေး ... နောက်ဆုံးတော့ မင်းပြန်လာပါပြီ ငါမျိုးနွယ်စုခေါင်းဆောင်နဲ့ သခင်မ ... မင်းကိုစောင့်နေတယ်။ ”

ရုတ်တရက် ပျံလွှားမေးရိုးနှင့် ကျားမုတ်ဆိတ်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် မြို့‌တံခါးအတွင်းမှ လှမ်းထွက်လာပြီး နှုတ်ဆက်၏။

သူစကားပြောနေစဉ် စွေ့ကျင်းယန်ကို လေးလေးစားစား နှုတ်ဆက်ကာ ဦးညွှတ်ထား လေသည်။ စွေ့ကျင်းယန်မှ အနည်းငယ် ခေါင်းညိတ်ပြပြီး၊

“ ပြန်သွားပြီး သူငယ်ချင်း နှစ်ယောက် ပါလာတာကို ပြောပြလိုက်ပါ။ ”

-ဟု တုန့်ပြန်၏။

ဤအခိုက်အတန့်တွင် စွေ့ကျင်းယန် အသွင်အပြင်သည် ပြောင်းလဲသွားလေသည်။ ရေအေးကဲ့သို့ ငြိမ်သက်ပြီး အမူအရာတိုင်းသည် ချဉ်းကပ်၍မရသော မြင့်မြတ်သည့် အရိပ်အယောင် ပေါ်လွင်နေ၏။

“ ဟုတ်ကဲ့ပါ ... ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက အမိန့်ကို လေးနက်စွာ လက်ခံပြီးနောက် မြို့တံခါးဆီသို့ လက်ပြကာ၊

“ ဧကရာဇ်ရထားလုံး အမြန်လာပါ။ ”

-ဟု အမိန့်ပေးသည်။  

သူ့အသံသည် မိုးခြိမ်းနေသလိုပင်။ မြို့တံခါးအနားရှိ လူတိုင်းဖယ်ခွာလျက် မျှော်ကြည့် လာတော့၏။ များမကြာခင် အနက်ရောင် အကြေးခွံသားရဲကို စီးနင်းလာသော တပ်ဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။  

အနက်ရောင်အကြေးခွံသားရဲသည် တိမ်ပင်လယ်ကိုဖြတ်‌ကျော်ကာ မြေပြင်အောက် ငုပ်လျှိုးစွမ်းရှိသော မရဏကမ္ဘာ၏ အထက်တန်းစား သားရဲဖြစ်၏။

အိမ်တစ်လုံး အရွယ်အစားရှိကာ ဆင်ပုံသဏ္ဍန်နှင့်တူသည်။ ခန္ဓာကိုယ်အပေါ်၌ အနက်ရောင်အကြေးခွံများ ဖုံးအုပ်ထား၏။

ထိုကဲ့သို့ သားရဲ အကောင်သုံးဆယ် အတူအတွထွက်ပေါ်လာသော မြင်ကွင်းသည် အမှန်တကယ် ကြီးကျယ်ခမ်းနားချေပြီ။

ထိုသားရဲများနောက်တွင် လက်ရာ မြောက်စွာဖန်တီးထားသော ငှက်ရုပ်တုတစ်ခု ပါရှိလာသည်။ ဤသည်မှာ ဧကရာဇ်ရထားလုံး ပေပင်။

“ မင်္ဂလာပါ သခင်မလေး။ ”

သားရဲစီးနင်းသူ အယောက်သုံးဆယ်က မြေပြင်ပေါ်ဆင်းသက်ကာ စွေ့ကျင်းယန်ထံ ဦးညွှတ်လိုက်ကြသည်။

မြို့တံခါးအနီးရှိ ယခင်က ဆူညံနေသောလေထုသည် တိတ်ဆိတ်သွားပြီး လူတိုင်းက အသက်မဲ့ကုန်၏။

ထိုမြင်ကွင်းသည် အလွန်ကြီးကျယ် ခမ်းနားလွန်းသဖြင့် မျက်မမြင်အဘိုးအိုသည်ပင် အံ့အားသင့်သွားခဲ့သည်။   

“ အစ်ကိုစု၊ ကျေးဇူးပြုပြီး ... ။ ”

စွေ့ကျင်းယန်မှ စုရီကိုရှေ့ဆက်ရန် လက်ဟန်ပြကာပြုံးသည်။ စုရီက အခမ်းအနား တစ်ခုသို့ တက်ရောက်နေသည့်အလား ရှေ့သို့ လျှောက်သွားခဲ့၏။

ယင်းသည် စွေ့ကျင်းယန်ကို နှုတ်ဆက်ရန် လာသော စွေ့မျိုးနွယ်စု၏ ကျွမ်းကျင်သူများကို အံသြသွားစေခဲ့သည်။ ယဉ်ကျေးခြင်း သဘော တရားကို ထိုလူငယ်သည် လုံးဝသတိမမူချေ။ ဤလူကား မည်သူနည်း။  

သို့သော် စွေ့ကျင်းယန်သည် စကားတစ်ခွန်းမှ မပြောဘဲ ထိုလူငယ်နောက်မှ လိုက်သွားသည်ကို မြင်လိုက်ရသဖြင့် ထိုကျွမ်းကျင်သူများ အားလုံး နှုတ်ဆိတ်နေခဲ့ရသည်။

“ ထွက်ခွာပါ ... ။ ” 

အဆုံးတွင် ကျယ်လောင်သော အမိန့်ပေးသံထွက်လာပြီး ဧကရာဇ်ရထားကို စောင့်ကြပ်လျက် မြို့တော်ဆီသို့ ဦးတည်သွားကုန်တော့သည်။  

ထိုချီတက်ပွဲ ပျောက်ကွယ်သွား ပြီးနောက်တွင် မြို့တံခါးများအနီး တိတ်ဆိတ် ငြိမ်သက်မှု ပျက်သွားကာ လူများအချင်းချင်း ဆွေးနွေးစပြုလာတော့၏။

“ ဒါ စွေ့သခင်မလေး မဟုတ်လား။ ”

“ ဒီလို ... အလှပဆုံး မိန်းကလေး တစ်ယောက် ... ငါတို့မြို့မှာ ပိုင်ဆိုင်ထားတာ မယုံနိုင်စရာပဲ။ ”

“ သူ့ဘေးက လူငယ်က ဘယ်သူလဲ။ ”

“ သူက ထူးထူးခြားခြား လူတစ်ယောက် ဖြစ်ရမယ် ... မဟုတ်ရင် စွေ့မိန်းကလေးနဲ့အတူ လျှောက်လှမ်းဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ ”

လူအုပ်ကြီးက ဝိုင်းအုံဆွေးနွေးလျက် ကျန်ရစ်ခဲ့လေသည်။ ခရမ်းရောင် မြို့တော်သည် လမ်းစဉ်ခြောက်ပါးဒိုးမိန်းတွင် အချမ်းသာဆုံး မြို့တော်ဖြစ်၏။

ရှေးဟောင်းစွေ့မျိုးနွယ်သည် ခရမ်းရောင်မြို့တော်၏ အုပ်စိုးရှင်ဖြစ်လေသည်။ ဤဒိုမိန်းအတွင်း ထိုစွေ့မျိုးနွယ်ကိုယှဉ်နိုင်သော အင်အားစုအနည်းငယ်သာရှိ၏။

လမ်းစဉ်ခြောက်ပါးဒိုမိန်းသည် ဝမ်ချွမ်ဒိုမိန်းထက် ကြီးမားပြီး အလွန်ကျယ်၏။ လမ်းတစ်လျှောက် အနက်ရောင် အကြေးခွံ သားရဲ အဖွဲ့သည် မြို့တွင်း မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နေသည်။

ဧကရာဇ် ရထားလုံးပေါ်တွင် ထိုင်နေသောစုရီသည်ပင် မျက်ခုံးပင့်လျက်၊

“ မင်းအရမ်း နာမည်ကြီးမှန်း ငါမသိလိုက်ဘူး။ ”

-ဟု ကျီစယ်လိုက်ရသည်။

စွေ့ကျင်းယန်မှ သွယ်လျသောခါးကို ပျင်းရိစွာဆွဲဆန့်လိုက်ပြီး သက်ပြင်းချလျက်၊

“ ဒါပေမယ့် ငါ့အတွက် ကျော်ကြားမှုဆိုတာ ဝန်ထုပ်ဝန်ပိုးပဲ ငါဘာလုပ်လုပ် ကောင်းကောင်း မလုပ်နိုင်ဘဲ စွေ့မိသားစုကိုအတွက် အရှက်ရမှာ အမြဲတမ်း စိုးရိမ်နေရတယ် ... အဲဒီခံစားချက်က လုံးဝမကောင်းဘူး။ ”

“ ဟား ဟား ဟား မင်းမှာရှိတာကို တန်ဖိုးမထားတာလို့ခေါ်တယ် မင်းပြောတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဖို့ တောင့်တနေတဲ့ လူတွေ ဒီကမ္ဘာပေါ်မှာ မရေမတွက် နိုင်အောင်ရှိတယ်။ ”

စုရီက ပြတင်းပေါက်မှတဆင့် မြို့အတွင်း မြင်ကွင်းများကို ကြည့်ရှုနေခဲ့ရာမှ ရုတ်တရက် မျက်ခုံးပင့်ကာ၊

" ထူးဆန်းတယ် ... ။ ”

-ဟု ရေရွတ်လိုက်သည်။

“ ဘာဖြစ်လို့လဲ ... ။ ”

စွေ့ကျင်းယန် ဦးခေါင်းသည် ပိုမိုနီးကပ်လာပြီး၊ သူမမျက်နှာသည် စုရီနှင့် ထိလုနီးပါး ဖြစ်သွားသည်။

တောက်ပသော မျက်ဝန်းများက အပြင်ဘက်သို့ စူးစိုက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ချေ။

စုရီက ကန့်လန့်ကာများကို ဖြေလျှော့ချလိုက်ပြီး စွေ့ကျင်းယန်၏နဖူးပေါ် ပုတ်လိုက်၏။

“ ထိုင်နေ ... ။ ”

စွေ့ကျင်းယန်ခမျာ စိတ်ဆိုးပြီး နဖူးကို ပွတ်သည်။

“ ဟမ့် ... ငါ့ကိုဘာလို့ရိုက်တာလဲ နင်ခုနကဘယ်သူ့ကို တွေ့တာလဲ ပြောပါ။ ”

စုရီမှ ပျင်းရိစွာဖြင့် မှီချလျက်၊

“ မိုးပြာတိုက်ကြီးကနေ ငါတို့နဲ့အတူ မရဏကမ္ဘာကို ပြန်လာခဲ့တဲ့ ဆရာနဲ့တပည့်ကို မှတ်မိသေးလား။ ”

“ မှတ်မိတယ် ... ဟမ့် သူတို့ ခရမ်းရောင်မြို့တော်ကို ရောက်နေတာလား။ ”

စုရီမှ ခေါင်းညိတ်သည်။ မျက်မမြင် အဘိုးအိုမှ ထိတ်လန့်သွားတော့၏။ ဤဆရာနှင့် တပည့်သည် လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ် ရှိပြီး ကြီးစွာသော ကံကြမ္မာနှင့် ဝန်ထုပ်ဝန်ပိုး ခံနေရကြောင်း ရှင်းရှင်းလင်းလင်း ပြောပြထားသည်။

ထိုစဉ်က တစ်ဖက်လူများနှင့် အဆက်အသွယ် မပြုခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း သတိပေးခဲ့၏။ မန်ပို နန်းတော်မှ ထွက်သွားပြီးနောက် ထိုဆရာနှင့် တပည့်သည် ခရမ်းရောင်မြို့၌ ပေါ်လာမည်ကို မည်သူမျှ တွေးမထင်ထားချေ။

“ ဆရာစု၊ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”

မျက်မမြင်အဘိုးအိုမှ မမေးဘဲ မနေနိုင်တော့ချေ။ စုရီက ခဏမျှ တွေးတော လျက်ဖြင့်၊

“ အဲဒီအဖိုးအိုက သူ့တပည့်ကို ဧကရာဇ်ဖြစ်လာအောင် တားမြစ်နည်းလမ်းကို သုံးချင်နေတာ ...

... အောင်မြင်ရင် သူ့တပည့်က ကံကြမ္မာကိုအံတုနိုင်ပြီး ရှားပါးတဲ့ရွှမ်ကျောက် ဧကရာဇ်အဆင့် ဖြစ်လာမယ် ... ဒါပေမယ့် မအောင်မြင်ရင် တပည့်သာမကဘူး သူပါ အသက်ဆုံးရှုံးရလိမ့်မယ်။ ”

မျက်မမြင်အဖိုးအိုနှင့် စွေ့ကျင်းယန်တို့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြလေသည်။ တားမြစ်နည်းလမ်းဖြင့် ကံကြမ္မာအပေါ် အံတုခြင်းသည် မည်မျှ အန္တရာယ်ကြီးကြောင်း ပြောနိုင်၏။

“ ကြောက်စရာလို့ ထင်ရပေမယ့် ... ဒါက တာအိုရှာတဲ့လမ်းပဲ မဟုတ်လား ဒါဆို ဘာလို့ သူတို့ရဲ့ကံကြမ္မာကို ရှောင်စေချင်တာလဲ။ ”

စွေ့ကျင်းယန်မှ နားမလည်သေးချေ။ စုရီတစ်ယောက် ခေါင်းအနည်းငယ် ခါယမ်း ပြလျက်၊

“ ဒါက ငါတို့တွေ ပါဝင်ဖို့ မလိုအပ်ဘူး ... အဘိုးအိုက သူ့တပည့်အတွက် စီစဉ်ပေးနေတဲ့ လမ်းကြောင်းက အင်အားကြီးမားတဲ့ ရန်သူတွေ အများကြီးကို ဆွဲဆောင်လိမ့်မယ် ...

... သူနဲ့ အရမ်းနီးကပ်လွန်းရင် ... ငါတို့အတွက် ထိခိုက်ဖို့ အလားအလာရှိတယ် ပြဿနာကို ရှောင်ရှားတာ မကောင်းဘူးလား။ ”

“ ဒီလိုဆိုရင်တော့ မှန်တယ်။ ”

စွေ့ကျင်းယန်မှ ခေါင်းညိတ်သည်။ တစ်ဖက်လူများနှင့် ဆက်ဆံရေးများစွာ မရှိသေး သောကြောင့် ပြဿနာကို မလိုချင်သည်မှာ သဘာဝပေပင်။

( ထူးဆန်းတယ်၊ သူတို့တွေ ဒီမြို့ကို ဘာလာလုပ်တာလဲ အဲဒီအရူးရဲ့အပေါင်ဆိုင်က ဒီမှာပေါ်လာမယ်လို့ ယုံကြည်နေတာလား။)

စုရီက သူ့မေးစေ့ကို ပွတ်သပ်လျက် အတွေးပွားနေမိသည်။ ဆရာနှင့် တပည့်သည် ကောင်းကင်ဘုံအပေါင်ဆိုင်တွင် ကံကြမ္မာကို အလှဲအလှယ်ပြုလိုကြောင်း မှန်းဆနိုင်ချေ၏။

***

All Chapters