အပြစ်ဒဏ်ကို ဒူးထောက်ခံယူပါ။
Vol. 54 Ch. 643
အဝါရောင်ဝတ်လုံဝတ် အဖိုးအို၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုလျက် ရွယ်ဟုန်လင်က၊
“ ငါစွေ့မိသားစုက မီးပုံးပွဲတော်အတွင်း ကသောင်းကနင်း ဖြစ်ရပ်မျိုးတွေ ကြုံရခြင်း မကြုံရခြင်းက မင်းမိသားစု ကိစ္စမဟုတ်သလို ... မင်းစိုးရိမ်နေစရာလည်း မလိုပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။
သူမစကားများသည် ပြတ်ပြတ်သားသား ဖြစ်သည်။ အဝါရောင် ၀တ်စုံဝတ် အဘိုးအို၏ မျက်နှာ ချက်ချင်း မည်းမှောင်သွား၏။
ထို့နောက် ရွယ်ဟုန်နင်မှ သူ့ကို လျစ်လျူရှုပြီး အနက်ရောင်၀တ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးထံ လှည့်ကြည့်လိုက်သည်။
“ မင်းရဲ့ ဟုန်မိသားစုရော ဘာအတွက် လာတာလဲ။ ”
အနက်ရောင် ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ်အမျိုးသားသည် ရှေးဟောင်းဟုန်မျိုးနွယ် ဖြစ်သည်။ ထိုသူက၊
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ခြောက်ရာလောက်က မရဏတရား စီရင်သူက ငါ့ဟုန်မိသားစုရဲ့ ...
... ဘိုးဘေးရတနာ ကြယ်သွေးရောင် ဖျက်ဆီးခြင်းဓားကို လုယူသွားတယ် ဒါကြောင့် ပြန်ပေးနိုင်ဖို့မျှော်လင့်ပြီး ဒီကိုလာခဲ့တာပါ။ ”
ဤဓားသည် နတ်ဆိုးဌာန စီရင်ပိုင်ခွင့်ရှိ တားမြစ်နယ်မြေဖြစ်သော မကောင်းဆိုးရွား တစ်ထောင်တွင်းနက်ကြီး၌ မွေးဖွားခဲ့၏။
မွေးရာပါ မြင့်မြတ်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ပထမအဆင့် ဖျက်ဆီးခြင်း လက်နက်အဖြစ် ပေပင်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင့်ခြောက်ရာက ဟုန်မျိုးနွယ်စုမှ ဘီလူး တစ်ကောင်သည် ဤလက်နက်အတွက် စွေ့လုံရှင်းကို ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ရတနာသည် စွေ့လုံရှင်း၏ ဆုလာဘ် ဖြစ်လာခြင်းဖြစ်၏။
“ ကြက်သွေးရောင် ဖျက်ဆီးခြင်းဓားကို ပြန်လိုချင်တာလား ငါ့ဘိုးဘေး ပြန်လာတဲ့အခါ မင်းကိုယ်တိုင် ပြန်တောင်းလို့ရတယ် ဒါပေမယ့် မင်းရဲ့ဟုန်မိသားစုက အဲဒါကိုတောင်းဖို့ သတ္တိမရှိမှာကို ငါကြောက်မိတယ်။ ”
အနက်ရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသား၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက်၊
“ တာအိုရွယ် ... လွန်ခဲ့တဲ့ ဆယ်ရက်လောက်က တိမ်နီဒိုမိန်းရဲ့ မီးကြာပန်း ဧကရာဇ်က နာကျည်းခြင်းပင်လယ်ကနေ ပြန်လာခဲ့ပြီး ...
... တရားစီရင်ရေးသခင်တစ်ယောက် ငရဲကမ္ဘာသင်္ဘောနဲ့အတူ ပျောက်ကွယ်သွားတာ အခိုင်အမာဆိုထားတယ် ရှင်းရှင်းပြောရရင် တရားစီရင်ရေးသခင် ပြန်မလာနိုင်တော့မှာ ကြောက်မိတယ်။ ”
ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်းရှိ လေထုသည် ရုတ်တရတ် လေးလံထုံထိုင်းလာ၏။
စွေ့ချောင်အာတစ်ယောက် စိတ်အတွင်း တုန်လှုပ်သွားသော်လည်း ပြင်ပ၌ ငြိမ်သက်နေ ခဲ့သည်။
ရွယ်ဟုန်နင်၏ မျက်လုံးများ ကျဉ်းမြောင်းလျက် ရောင်ဝါသည် ထက်မြက်ပြီး ပို၍လေးလံလာတော့၏။
တစ်ဖက်တွင် ငရဲကမ္ဘာသင်္ဘော အမည်ကြောင့် စုရီမှ မျက်မှောင်ကြုတ် လိုက်မိ လေသည်။
လွန်ခဲ့တဲ့သည့် နှစ်အနည်းငယ်က နာကျည်းခြင်း ပင်လယ်ပြင်၌ သွားလာနေသော ထိုသင်္ဘောကို မြင်ခွင့်ရသူမည်သူမဆို ပျောက်ကွယ်သွားကြောင်း သိထား၏။
ဧကရာဇ်များပင်လျှင် ၎င်းကံကြမ္မာမှ မလွတ်မြောက်နိုင်ချေ။ ထို့ကြောင့် စွေ့လုံရှင်းမှ အဆိုပါ တစ္ဆေသင်္ဘောအကြောင်း စုံစမ်းရန် ထွက်ခွာလာခဲ့ခြင်းဖြစ်၏။
စွေ့လုံရှင်း၏ စေ့စပ်သေချာသော အမူအကျင့်များအရ တစ္ဆေသင်္ဘောကိုရှောင်ရန် လုံးဝ မခက်ခဲချေ။
ဆိုလိုသည်မှာ စွေ့လုံရှင်းသည် တစ္ဆေသင်္ဘောထံ တမင် ဦးတည်သွားဖွယ် ရှိကြောင်း ကောက်ချက်ချနိုင်၏။
“ မရဏတရား စီရင်ရေးသခင်မရှိဘဲ မီးပုံးပွဲတော်မှာ ဒီမြို့ကို ကာကွယ်နိုင်ရင်တောင် မင်းရဲ့စွေ့မိသားစုက ကြီးကြီးမားမား ပေးချေရလိမ့်မယ် ...
... ဆန့်ကျင်ဘက်အနေနဲ့ မင်းရဲ့ စွေ့မိသားစုက ကြက်သွေးရောင် ဖျက်ဆီးခြင်း ဓားကို ပြန်အပ်ထားသရွေ့ ငါ့ဟုန်မိသားစုက ကူညီဖို့ ဝန်မလေးပါဘူး။ ”
အနက်ရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသား ကမ်းလှမ်းချက် ပေးလာခဲ့သည်။
ရွယ်ဟုန်နင်၏ အမူအရာသည် ရေကဲ့သို့ အေးစက်နေကာ ထိုအမျိုးသားကို လျစ်လျူရှုပြီး တစ်ဖက်တွင် ထိုင်နေသော ငှက်မွှေးဝတ်ရုံနှင့် အမျိုးသားတစ်ဦးထံကြည့်၏။
“ မင်းရဲ့ တျန်ထိုက်မိသားစုကရော ဘာအတွက်လဲ။ ”
ငှက်မွေး၀တ်စုံဝတ်ထားသူက ပြုံးလျက် မတ်တပ်ထရပ်ကာ၊
“ စွေ့မိသားစုနဲ့ မင်္ဂလာကိစ္စပြောဖို့ ဒီကို လာခဲ့တာပါ။ ”
-ဟု ပြန်ဖြေ၏။
“ မင်္ဂလာကိစ္စ ဟုတ်လား ... ။ ”
ရွယ်ဟုန်နင်မှ အံ့အားသင့်သွားသည်။ ငှက်မွေး၀တ်စုံဝတ် အမျိုးသားက ပြုံးရယ်ပြပြီး သူ့ဘေးတွင်ထိုင်နေသော လူငယ်ကို လက်ညှိုးထိုးပြကာ၊
“ သူက ငါ့မျိုးရိုးခေါင်းဆောင်ရဲ့ အကြီးဆုံးသားဖြစ်တဲ့ တျန်ထိုက်လျူပဲ ... ငါတို့ မျိုးနွယ်ရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ ကြယ်တစ်ပွင့်ပါ တာအိုရွယ်ရဲ့သမီးနဲ့ မျိုးဆက်တူပါပဲ။ ”
“ ဂျူနီယာတျန်ထိုက်လျူက စီနီယာရွယ်ကို နှုတ်ဆက်ပါတယ်။ ”
ကျောက်စိမ်းရောင် ဝတ်စုံဝတ် လူငယ်လေးက ချက်ချင်းထရပ်ပြီး ရွယ်ဟုန်နင် အပေါ် နှုတ်ဆက်လိုက်သည်။
အသွင်အပြင် ချောမောပြေပြစ်လျက် ဂုဏ်သိက္ခာရှိသောရောင်ဝါနှင့် မာနတရားများ အရိပ်အမြွက် ပြသထား၏။
စွေ့ကျင်းယန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ မျက်ခုံးများ တွန့်သွားသည်။
ဤတျန်ထိုက်လျူသည် လမ်းစဉ်ခြောက်ပါးဒိုမိန်းရှိ မျိုးဆက်သစ် လူငယ်များ ကြားတွင် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ မှန်၏။ သို့သော် တစ်ဖက်လူ၏ ဂုဏ်သတင်းမှာ အလွန်ညံ့ဖျင်းသည်။
လွန်ခဲ့သည့်နှစ်များစွာတွင် တျန်ထိုက်လျူသည် မျိုးနွယ်စုအကြီးအကဲ တစ်ဦး၏ ကိုယ်လုပ်တော်နှင့် ဖောက်ပြန်ခဲ့၏။
အရည်အချင်း မည်မျှမြင့်မားနေစေကာမူ ထိုသို့သောအကျင့်စရိုက်မျိုးသည် ရွံစရာကောင်း ပေသည်။ ထို့ကြောင့် ငြင်းဆန်ရန်ပြင်နေစဉ် ရွယ်ဟုန်နင်က၊
“ ငါသဘောတူမှာ မဟုတ်ဘူး ... စွေ့မိသားစုတစ်ခုလုံးလည်း သဘောတူမှာ မဟုတ်ဘူး။ ”
-ဟု တုန့်ပြန်လိုက်၏။
သူမ၏ စကားများသည် တည်ငြိမ် ပြတ်သားသည်။ စွေ့ကျင်းယန်တစ်ယောက် သက်သာရာရသွား၏။
တျန်ထိုက်၏ မျက်နှာသည်သာ မည်းမှောင်သွားကာ သူ့ဘေးရှိ ငှက်မွေး၀တ်စုံ ဝတ်ထားသည့် အမျိုးသားထံ လှည့်ကြည့် လိုက်လေသည်။
ငှက်မွေး ၀တ်စုံဝတ် အမျိုးသားက၊
“ တာအိုရွယ် ... ငါတို့မျိုးနွယ်ကြီး နှစ်ခု ပေါင်းစည်းနိုင်ရင် အနာဂတ်မှာ ပြသနာ တစ်ခုခု ကြုံလာတဲ့အခါ ... ငါ့တျန်ထိုက်မျိုးနွယ်က သဘာဝအတိုင်း စွေ့မိသားစုအတွက် ရပ်တည်ပေးမှာပါ။ ”
“ ဟမ့် ... စွေ့မိသားစုက ဘယ်တုန်းကမှ ဒုက္ခကိုမကြောက်ဘူး ... ပြီးတော့သားသမီးတွေ အိမ်ထောင်ရေးနဲ့ အကျိုးအမြတ်ရယူမယ်များ မင်းထင်နေလား။ ”
စုရီတစ်ယောက် ရွယ်ဟုန်နင်ကို မလေးစားဘဲ မနေနိုင်ချေ။ တစ်ဦးတစ်ယောက် အိမ်ထောင်ရေးသည် မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာကို မပြောင်းလဲနိုင်သည်မှာ သဘာဝပေပင်။
ငှက်မွေး ၀တ်စုံဝတ်ဆင်ထားသော အမျိုးသား၏မျက်နှာတင်းမာလာပြီး တစ်ခုခု ထပ်ပြောရန် ပြင်၏။ သို့သော် ရွယ်ဟုန်နင်က ခွင့်မပြုတော့ချေ။
“ ပြောစရာမရှိတော့ဘူး ... ငါ့သမီးမှာ သူချစ်တဲ့ ယောကျာ်းတစ်ယောက်ရှိနေပြီ မင်းရဲ့ တျန်ထိုက်မျိုးနွယ်ကို လုံးဝသဘောမတူဘူး။ ”
ဤတစ်ကြိမ်၌ စွေ့ကျင်းယန်နှင့် စွေ့ချောင်အာတို့သည်ပင် မျက်လုံးပြူးသွား၏။ စုရီက နဖူးကို ကုပ်ခြစ်လျက် ပြုံးလိုက်သည်။
“ စီနီယာ မင်းပြောတဲ့ ကျင်းယန်ရဲ့ ချစ်သူက ဘယ်သူလဲ မေးလို့ရမလား။ ”
“ သခင်လေးစုရီ။ ”
“ သခင်လေးစုရီ ... ဟမ့် ဒီနာမည် လမ်းစဉ်ခြောက်ပါးဒိုမိန်းမှာ ဘယ်တုန်းက ပေါ်လာရတာလဲ။ ”
တျန်ထိုက်လျူက သံသယစိတ်ဖြင့် မေးမြန်းလျက် မျက်နှာအနည်းငယ် မည်းမှောင် သွားတော့၏။
“ စီနီယာ ... မင်းငါ့ကို ဒီလိုနည်းနဲ့ ငြင်းပယ်ဖို့ ကြိုးစားချင်တာလား။ ”
“ ငါကဘာလို့ မင်းကို လိမ်ညာငြင်းပယ် နေရမှာလဲ ... သူ့နာမည် မင်းကြားဖူးဖို့မလိုဘူး ငါ့သမီးက သူ့ကိုသဘောကျနေဖို့ပဲလိုတယ် ...
... ငါ့သမီးသာ မကြိုက်ရင် ဒီကမ္ဘာပေါ်မှာ အထူးချွန်ဆုံးလူဖြစ်နေရင်တောင် ငါ့စွေ့မိသားစု တံခါးကို ဖြတ်ကျော်ဖို့ စိတ်မကူးနဲ့ ... ။ ”
ထိုစကားများသည် မောက်မာမှု ပြတ်သားမှုများ အပြည့်ရှိနေသည်။ သို့သော် စွေ့ကျင်းယန်အတွက်မူ မသက်မသာ ဖြစ်လာစေ၏။
စုရီက မမြင်၊ မကြားသကဲ့သို့ ထိုင်နေရသည်။ ဤအခြေအနေတွင် ထိုသို့သော ကိစ္စရပ်များကို ရှင်းပြရန် မသင့်လျော်ချေ။
မဟုတ်သော် တျန်ထိုက်မျိုးနွယ်ကို ကြောက်နေပုံပေါ်မည်။ ထိုစဉ် စွေ့ချောင်အာမှ တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် နှုတ်ခမ်းများ လှုပ်ယမ်းသွားကာ စုရီကို ကြည့်လိုက်၏။
“ တာအိုရွယ် ... အဲဒါက ငြင်းစရာ အကြောင်းပြချက်တစ်ခုပဲ ဒါပေမယ့် ဒီလိုအရေး မပါတဲ့ လူအတွက် တျန်ထိုက်မိသားစုကို စော်ကားလိုက်တာ ထင်ရှားပါတယ် ... ။ ”
ထိုအခိုက်အတန့်တွင် ငှက်မွေး ၀တ်စုံဝတ်ထားသော အမျိုးသားက အနည်းငယ် စိတ်ဆိုးသွားကာ လေသံအေးစက်လာ၏။
အဆုံးတွင် တျန်ထိုက်လျူသည်လည်း သည်းမခံနိုင်တော့ဘဲ၊
“ ငါတကယ် နားမလည်ဘူး၊ ဘယ်ကနေ ပေါ်လာမှန်း မသိတဲ့ ... ဒီလူက ငါနဲ့ဘယ်လိုများ ယှဉ်နိုင်မှာလဲစီနီယာ ... မင်းရဲ့လုပ်ရပ်တွေက တကယ်ကို ဒေါသထွက်စရာပါ။ ”
-ဟု ပြောကြားလိုက်သည်။
ရွယ်ဟုန်နင်၏ စကားများသည် စုရီဖြင့်နှိုင်းယှဉ်ကာ သူ့အပေါ်နှိမ့်ချနေသည်ဟု ထင်မြင်လာခဲ့၏။ တျန်ထိုက်မျိုးနွယ်အပေါ် စော်ကားမှု တစ်ခုလည်း ဖြစ်နေသည်။
သူ့စကားကြောင့် စုရီသည်လည်း မျက်ခုံးပင့်ကာမပျော်တော့ချေ။ သူ့ရှေ့ထားပြီး ဆဲဆိုနေခြင်းပေပင်။ မည်သူမျှ စကားမပြောနိုင်ခင်၊
“ အရေးမပါတဲ့ ဇာတ်ကောင် တစ်ယောက်ကို မင်းတို့နဲ့နှိုင်းတာ တျန်ထိုက် မျိုးနွယ်ကို စော်ကားလိုက်တာဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ ရှင်းပြပါဦး။ ”
-ဟု စုရီမှ မေးမြန်းလိုက်၏။
တက်ရောက်သူအားလုံး အံ့သြသွားကြ လေသည်။ ဤလူငယ်သည် တစ်ချိန်လုံး ခန်းမ အတွင်း ဧည့်သည်တစ်ယောက်လို တိတ်ဆိတ်နေခဲ့၏။
သို့သော် ယခုအချိန်တွင် ထိုလူငယ်သည် ပဋိပက္ခအတွင်းပါဝင်ကာ ကြီးစိုးသောသဘော ပြသလာချေပြီ။ ယင်းကို မည်သူမျှ မမျှော်လင့်ထားချေ။
“ စိတ်မရှည်တာ လူငယ်တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါပဲ ... ဒါပေမယ့် ဒီမိတ်ဆွေလေးက စိတ်မရှည်ရုံသာမကဘဲ အခြေအနေကို ခွဲခြားသိမြင်နိုင်စွမ်း မရှိဘူး။ ”
အနက်ရောင် ၀တ်စုံဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ဟုန်မိသားစုအမျိုးသားက မှတ်ချက်ပေးသည်။
“ တာအိုရွယ် ... မင်းရဲ့သမီးကို ဒီလိုလူမျိုးနဲ့ လက်ထပ်ခွင့်ပေးရင် ဂုဏ်သိက္ခါ ပျက်စီးသွားမှာ ငါကြောက်မိတယ် ... ။ ”
ရွယ်ဟုန်နင်မှ မျက်မှောင်ကြုတ် လိုက်တော့၏။ စွေ့ကျင်းယန်က စိုးရိမ်လာပြီး၊
“ အစ်ကိုစု ... သူတို့ကို သင်ခန်းစာတစ်ခု ပေးစေချင်ပေမယ့် လက်ရှိမှာ မျိုးနွယ်စုပဋိပက္ခ ဖြစ်တာကြောင့် မင်းဒီလို ... ။ ”
-ဟု သတိပေးစကားပြောရန် ကြိုးစားလာသည်။
“ စောင့်ကြည့်နေ ... ။ ”
သို့သော် စကားမဆုံးမှာခင် စုရီကလက်ကိုဝှေ့ယမ်းလျက် အနှောက်အယှက် ပေးလိုက်သည်။
လက်ရှိအချိန်တွင် စွေ့လုံရှင်းမရှိသဖြင့် သူ့မိသားစုကို အခွင့်ကောင်းယူသည့် အပေါ် သဘာဝအတိုင်းပင် နှုတ်ဆိတ် မနေနိုင်ချေ။
ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး လူတိုင်းကိုဝေ့ကြည့်ကာ တျန်ထိုက်ချီထံ၌ အဆုံးသတ်လျက်၊
“ ရှင်းမပြရင် ... ဒီနေ့ မင်းတို့နှစ်ယောက်ပြစ်ဒဏ်ကို ဒူးထောက်ပြီး ခံယူရမယ်။ ”
-ဟု တည်ငြိမ်စွာ ပြောကြားလိုက်၏။
ထိုစကားသံသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း မိုးခြိမ်းသံကဲ့သို့ လူတိုင်းအပေါ် အံ့အားသင့်သွားစေတော့သည်။
***