← Chapters

အခန်း (၁၀၉၃-၁၀၉၅)

Vol. 74 Ch. 1094-1095

အခန်း (၁၀၉၃-၁၀၉၅)

Vol. 74 Ch. 1094-1095

အခန်း (၁၀၉၃) စွန်းကျန့်ယိ၏ စိတ်ပျက်အားငယ်မှု

စွန်းလီကျဲ၏ ထိုက်ဟွာ အကြံပေးကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုများမှ ရရှိမည့် အမြတ်အစွန်းများကို နားထောင်ပြီးနောက် ဖုန်းယွီသည် အလွန်ကျေနပ်အားရမိသည်။ ရင်းနှီးမြှုပ်နှံမှု၏ တစ်ဝက်ခန့်မှာ အကျိုးအမြတ်ကို မြင်နေရပြီဖြစ်ပြီး သို့မဟုတ်လည်း အမြတ်အစွန်းကို ကြိုတင်ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။ ကျန်တစ်ဝက်မှာမူ ဖွံ့ဖြိုးတိုးတက်ဆဲဖြစ်သော်လည်း မည်သည့်တစ်ခုကိုမျှ လုံးဝမအောင်မြင်ဘူးဟု ပြောလို့မရပေ။

ထိုက်ဟွာ အကြံပေးကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု စိစစ်မှုများသည် တော်တော်လေး တင်းကျပ်သည်။ အင်တာနက်ကုမ္ပဏီများဆိုလျှင်ပင် လာသည်နှင့် ချက်ချင်း ရင်းနှီးမြှုပ်နှံခြင်းမျိုး မဟုတ်ပေ။ သူတို့ ရင်းနှီးမြှုပ်နှံထားပြီးသား အင်တာနက်ကုမ္ပဏီများ၏ လုပ်ငန်းများနှင့် အများကြီး ထပ်နေသည့် ကုမ္ပဏီများကိုတော့ ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံခြင်း မပြုတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများသည် သက်ဆိုင်ရာ လုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ထိပ်ဆုံးသို့ ရောက်ရှိလိမ့်မည်ဟု သူတို့ ယုံကြည်ထားပြီး တခြားကုမ္ပဏီများ ဖွံ့ဖြိုးဖို့ အခွင့်အရေး မရှိတော့ဘူးဟု မှတ်ယူထားလို့ဖြစ်သည်။ ဤကုမ္ပဏီများ၌ပင်လျှင် ယခုဆိုလျှင် လုပ်ငန်းများ ထပ်နေသည့် အပိုင်းများ ရှိနေပြီ ဖြစ်သည်။ တခြားကုမ္ပဏီများပါ ထပ်ဝင်လာလျှင် ပိုဆိုးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံပြီးပါက အားပေးမည်လား၊ မအားပေးဘူးလား ဟူသည့် ပြဿနာများ ပေါ်လာနိုင်သည်။ အားပေးလျှင် ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ရာ ရောက်သွားမည်ဖြစ်ပြီး မအားပေးလျှင်တော့ အနိုင်ယူ ဖျက်ဆီးခံရမှာ သေချာသည်။

ဤအချိန်၌ Softbankမှ စွန်းကျန့်ယိသည် အဲဒီကုမ္ပဏီများကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် စတင်ခဲ့သည်။ သူသည် အမေရိကန်၏ အင်တာနက် ရှယ်ယာ အံ့ဩဖွယ်ရာများကို တရုတ်တွင် ပုံတူကူးချပြီး သူ အရင်က yahooတွင် ရင်းနှီးမြှုပ်နှံခဲ့သကဲ့သို့မျိုး အကျိုးအမြတ် ရရှိရန် ရည်ရွယ်ခဲ့သည်။ သူ အရင်းနှီးဆုံး ရင်းနှီးမြှုပ်နှံချင်ခဲ့သည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန် မအောင်မြင်ခဲ့သော်လည်း သူသည် ကုမ္ပဏီငယ်လေးများစွာတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး စာရင်းဝင်လာဖို့ နည်းလမ်းပေါင်းစုံဖြင့် ကူညီခဲ့သည်။

နက်စ်ဒက် (NASDAQ) တွင် စာရင်းဝင်ဖို့က အနည်းငယ် ခက်ခဲသော်လည်း တိုကျိုတွင် စာရင်းဝင်ဖို့ကလည်း မလွယ်ပေ။ သို့သော် တရုတ်တွင် စာရင်းဝင်ဖို့ကတော့ ပြဿနာမရှိပါ။ တရုတ်နိုင်ငံတွင် စာရင်းဝင် ကုမ္ပဏီများအတွက် လိုအပ်ချက်များက အတော်လေး နိမ့်နေသေးပြီး ဤအချိန်တွင် ရှောင်ကွင်းလို့ရသည့် လမ်းကြောင်းပေါက်များ အများကြီး ရှိနေသေးခြင်းကြောင့် ဖြစ်သည်။ စာရင်းဝင်ပြီးနောက် သူတို့သည် အဲဒီ အင်တာနက် သဘောတရား ရှယ်ယာများကို ဈေးနှုန်းမြှင့်တင်နိုင်ပြီး ရှယ်ယာဈေးများ တဟုန်ထိုး တက်လာအောင် လုပ်နိုင်ကြသည်။ တစ်နှစ်ကြာသည့်အခါ သူတို့သည် ဖြည်းဖြည်းချင်း ငွေသားထုတ်ယူပြီး အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။

အရာအားလုံးသည် အကောင်းဆုံး လမ်းကြောင်းဆီသို့ ဦးတည်နေခဲ့သည်။ ပြီးခဲ့သည့်နှစ် ကုန်ပိုင်းတွင် သူတို့သည် အင်တာနက် ရှယ်ယာ နှစ်ခုကို စာရင်းဝင်အောင် လုပ်ခဲ့ပြီး စာရင်းဝင်ပြီးသည့်နောက်တွင် လူကြိုက်များခဲ့ကာ ရှယ်ယာဈေးများ မြင့်တက်လာခဲ့သည်။ သို့သော် ဤနှစ်အစပိုင်းတွင် နက်စ်ဒက်၏ ရှယ်ယာညွှန်းကိန်း ကျဆင်းလာသည်နှင့်အမျှ တရုတ်၏ အင်တာနက် ရှယ်ယာများပါ ကျဆင်းလာခဲ့သည်။ အဓိကအကြောင်းအရင်းမှာ သူတို့အားလုံးသည် ဖုန်းယွီ၏ ပြောစကားကို နားထောင်ခဲ့ကြလို့ဟု ဆိုသည်။ ဖုန်းယွီက "ဒီကုမ္ပဏီတွေက ဘာလို့ ဒီလောက်တန်ဖိုးရှိနေရတာလဲ။ သေချာပေါက် ဈေးတွေ အတုအယောင် မြင့်တက်နေတာပဲ" ဟု ပြောခဲ့ခြင်း ဖြစ်သည်။

ဤနှစ်တွင် စာရင်းဝင်ရန် စီစဉ်ထားသည့် ရှယ်ယာများကို ချက်ချင်း ရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့သည့်နှစ်က စာရင်းဝင်ခဲ့သည့် ရှယ်ယာ နှစ်ခုကိုလည်း စစ်ဆေးခဲ့သည်။ စည်းမျဉ်းချိုးဖောက်မှုများ ရှိခဲ့သည်ဟုဆိုကာ ယာယီ ရပ်ဆိုင်းထားခဲ့သည်။ ပြန်စသည့်အခါ နောက်ထပ် အကြီးအကျယ် ကျဆင်းမှု ဖြစ်လာမှာ သေချာသည်။ ဤသို့ဖြစ်လာတော့ သူသည် ငွေသားထုတ်ပြီး ငွေရှာဖို့ လုံးဝမဖြစ်နိုင်တော့ပေ။ အရင်က ရောင်းခဲ့သည့် ရှယ်ယာရှင်များကတော့ အမြတ်ရသွားပြီး နောက်မှ ဝယ်ခဲ့သည့် ရှယ်ယာရှင်များကတော့ သူ့လိုပင် ပိတ်မိနေပြီဖြစ်သည်။

ရင်းနှီးမြှုပ်နှံချင်သည့် ကုမ္ပဏီများကို ဖုန်းယွီ၏ ကုမ္ပဏီက လက်ဦးမှု ရယူသွားသည်။ သူကိုယ်တိုင် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ခဲ့သည်များကို ဖုန်းယွီ၏ ပြောစကားများက ဖျက်ဆီးပစ်လိုက်သည်။ ဒါကြောင့် စွန်းကျန့်ယိ၏ ရင်ထဲတွင် ဖုန်းယွီကို မကျေမနပ် ဖြစ်မိသည်။ "မင်း မင်းရဲ့ငွေကို ရှာ၊ ငါ ငါ့ရဲ့ငွေကို ရှာ၊ ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် မထိခိုက်ဘဲ နေလို့မရဘူးလား" ဟု သူတွေးမိသည်။ "မင်းက ငါ့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဖောက်သည်တချို့ကို လုယူသွားပြီးပြီ၊ ဘာလိုချင်သေးလဲ။ မင်းက ထင်းမီးကို အရမ်းပြင်းပြင်းရှို့ပြီးမှ လှည့်ပြန်ပြီး တစ်ချက်ဆီးလိုက်တော့ ငါ့ဘက်က မီးတွေ အကုန်ငြိမ်းသွားတာ၊ ဒါမျိုးက လုပ်သင့်သလား" ဟု သူ စဉ်းစားမိသည်။

မူလက စွန်းကျန့်ယိသည် သူရင်းနှီးမြှုပ်နှံထားသည့် အင်တာနက်ကုမ္ပဏီများကို အကောင်အထည်ဖော်သည့်အခါ အင်တာနက် ပင်မဆိုဒ်ကြီး သုံးခု၏ အချင်းချင်း ယှဉ်ပြိုင်မှုကို အသုံးချပြီး အခွင့်အရေး ယူချင်ခဲ့သည်။ သို့သော် အဲဒီ ပင်မဆိုဒ် သုံးခု၏ သူဌေးများသည် အချင်းချင်းသိကျွမ်းနေကြပြီး ယှဉ်ပြိုင်ကြသော်လည်း အကောင်းမြင် ယှဉ်ပြိုင်မှု နည်းလမ်းများကို အသုံးပြုနေကြသည်ကို မမျှော်လင့်ခဲ့မိပေ။ သူတို့အားလုံးသည် ပင်မဆိုဒ်လုပ်ကြ၊ သတင်းများ လုပ်ကြသည်။ သို့သော် Sinaက ယခုဆိုလျှင် ဘလော့ဂ်များကို အဓိကထား လုပ်ကိုင်နေပြီး နိုင်ငံခြားမီဒီယာများ၏ သတင်းအချက်အလက်များလည်း ရှိသည်။ Neteaseကတော့ အီးမေးလ်နှင့် ဂိမ်းကိုယ်စားလှယ်ကို အဓိကလုပ်ပြီး ဂိမ်းကိုယ်စားလှယ်ဆိုသည့် တစ်ခုတည်းဖြင့်သာ Neteaseသည် ဤနှစ်တွင် အရှုံးမပေါ်တော့ပါချေ။ Sohuကတော့ အဓိကအားဖြင့် ဖိုရမ်နှင့် ဗီဒီယိုများကို လုပ်ကိုင်ပြီး ယခုဆိုလျှင် Sohu ဖိုရမ်အကောင့်မရှိသည့် အင်တာနက်သုံးစွဲသူသည် အင်တာနက် သုံးဖူးသည်ဟု ပြောဖို့ပင် မကောင်းတော့ပါ။

ဖိုရမ်ထဲတွင် အရာအားလုံး ပါဝင်ပြီး အဲဒီထဲက လူများက နက္ခတ္တဗေဒ၊ ပထဝီဝင်၊ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်းတွင် မထုတ်ပြန်ရသေးသည့် သတင်းအမျိုးမျိုး အကြောင်းများကိုပင် သိရှိကြသည်။ အိမ်တွင်းရေး ကိစ္စများမှသည် လေယာဉ်ကြီးများ၊ အမြောက်များအထိ ဘာကိုပြောပြော မင်းနှင့် ခဏလောက် စကားပြောနိုင်သည့်သူ တစ်ယောက်တော့ ရှိနေပါလိမ့်မည်။ ယခုဆိုလျှင် အင်တာနက်သုံးပြီး အလုပ်လုပ်နိုင်သည့် ကုမ္ပဏီများသည် အလုပ်စဝင်သည်နှင့် ပထမဆုံး Sinaသတင်းကို ကြည့်ကြသည်။ ပြီးလျှင် Netease အီးမေးလ်ထဲ ဝင်ပြီး အလုပ်နှင့်ပတ်သက်သည့် မေးလ်များ ရှိမရှိ စစ်ဆေးသည်။ ပြီးတော့ တိတ်တိတ်လေး Sohu ဖိုရမ်ကို ဖွင့်ပြီး အလုပ်လုပ်နေရင်း တိတ်တိတ်လေး ဖိုရမ်ကို ကြည့်နေကြသည်။ ဘယ်အချိန်တွင် စိတ်ဝင်စားစရာ သတင်းတစ်ခု ဖိုရမ်၌ တက်လာမည်ကို မသိနိုင်ပေ။

တစ်ယောက်ယောက်က မင်းကို အရေးကြီးလို့ ရှာလျှင် မည်သို့လုပ်မည်နည်း။ စိတ်မပူပါနှင့်၊ OQ မှတစ်ဆင့် သတင်းပို့ပါလိမ့်မည်။ ယခုဆိုလျှင် Wind and Rain Electronicsကဲ့သို့ ထိပ်တန်းကုမ္ပဏီကြီးများသည် စက္ကူမဲ့ရုံးလုပ်ငန်းကို အားပေးနေကြပြီး ၎င်းက စွမ်းအင် ချွေတာခြင်းဖြစ်သည်ဟု ဆိုသည်။ ဖုန်းယွီက အဲဒီကုမ္ပဏီများကို OQ မှတစ်ဆင့် သတင်းပို့လို့ရလျှင် စက္ကူစာရွက်များ မထုတ်ပါနှင့်ဟု ပြောရုံသာ ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် အဲဒါကို ဤမျှအထိ အဆင့်မြင့်သည့် အနေအထားကို မြှင့်တင်လိုက်မည်ဟု မထင်ခဲ့မိပေ။ အချို့ မဖြစ်မနေ လိုအပ်သည့် စာရွက်စာတမ်းများကတော့ ပုံနှိပ်ထုတ်ရမှာပဲလေ၊ ဥပမာ ပုံဆွဲဒီဇိုင်းများ၊ စာချုပ်များ စသည်တို့သည် အီလက်ထရွန်နစ်ပုံစံနှင့်သာ ရနိုင်ပါဦးမည်လား။

သို့သော် ဖုန်းယွီ ရင်းနှီးမြှုပ်နှံခဲ့သည့် ဤအင်တာနက်ကုမ္ပဏီများသည် အင်တာနက် သုံးစွဲသူတိုင်း၏ စိတ်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေပြီဆိုသည်ကိုတော့ မငြင်းနိုင်ပေ။ အင်တာနက် သုံးစွဲသည့်သူတိုင်းသည် ဤကုမ္ပဏီများအကြောင်း မကြားဖူးသူ မရှိပါ။ အင်တာနက် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကွန်ပျူတာ အသုံးပြုမှုသည်လည်း ပိုပြီး ကျယ်ပြန့်လာပြီး ဖုန်းယွီ၏ ဝင်ငွေကလည်း သဘာဝအတိုင်း ပိုများလာသည်။

ဒါပေမဲ့ စွန်းကျန့်ယိ၏ ရင်းနှီးမြှုပ်နှံမှုများကတော့ ပိုပြီး အရှုံးများလာခဲ့သည်။ ကုမ္ပဏီတော်တော်များများမှာ စာရင်းမဝင်ခင်တွင်ပင် ငွေကြေး ထပ်မံကုန်သွားပြီဟု သိရသည်။ သူတို့က ထပ်ပြီး ရင်းနှီးမြှုပ်နှံရန် ပြောလာပြီး ရှယ်ယာများ ထပ်ပေးမည်ဟု ဆိုသည်။ စွန်းကျန့်ယိ နားလည်လိုက်ပြီ။ ဤကုမ္ပဏီများသည် ဘာကုမ္ပဏီများလဲ၊ သူ့၏ငွေများကို ရေထဲ အလကားပစ်ပြီး ဆော့ကစားနေကြတာလား။ "ငါ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ မင်းတို့က ရုံးအသစ်တွေ ပြင်ဆင်တယ်၊ ခေါင်းဆောင်တိုင်းကို ကားတွေ ပေးတယ်၊ ဒါမှ ဆွေးနွေးပွဲတွေမှာ ကုမ္ပဏီရဲ့ ခွန်အားကို ပြနိုင်မှာတဲ့။ ပရိုဂရမ်မာတိုင်းရဲ့လစာကို တိုးပေးတယ်၊ ဒါမှ ထက်မြက်သူများကို ဆက်ထိန်းထားနိုင်မှာတဲ့" ဟု သူ ညည်းညူသည်။ "ဒါပေမဲ့ မင်းတို့က ရလဒ်တွေ ထုတ်ပြရမှာလေ။ မင်းတို့ပြောတဲ့ အောင်မြင်မှုတွေက ဘယ်မှာလဲ၊ ဘာလို့ တစ်ခုမှ မပြီးစီးသေးတာလဲ။ မင်းတို့ ငါ့ကို စိတ်ကူးယဉ် အိမ်မက်တွေ ပေးနေတာပဲ မဟုတ်လား။ ဘာမှ မလုပ်နိုင်သေးဘဲ မင်းတို့က ပျော်ရွှင်နေကြပြီလား။ ငါ့ကို အရူးလို သဘောထားနေတာလား" ဟု သူ ဒေါသတကြီး တွေးလိုက်သည်။

ဒါကြောင့် စွန်းကျန့်ယိသည် တရုတ်နှင့် စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ အောက်ခြေဝန်ထမ်းကို ခေါ်ယူပြီး စိတ်ရှိလက်ရှိ ဆဲဆိုခဲ့သည်။ အဲဒီ အောက်ခြေဝန်ထမ်းကတော့ ဘာမှ မဆိုင်သလို ခံစားရသည်။ "အစတုန်းက ငါ Sinaနဲ့ ဆက်သွယ်တုန်းက မင်းက ရှယ်ယာ ပိုလိုချင်တယ်လို့ မပြောခဲ့ရင် ရင်းနှီးမြှုပ်နှံမှု အောင်မြင်ပြီးသား၊ နောက်ပိုင်း ကုမ္ပဏီတွေမှာလည်း ငါ ဖယ်ထုတ်ထားတဲ့ အပိုင်းတွေ ရှိတယ်။ မင်းက 'ရဲရဲတင်းတင်း လုပ်၊ အင်တာနက်က တရုတ်မှာ ကြီးပွားလာတော့မယ်၊ ငါတို့ အများကြီး ရှာနိုင်တယ်' လို့ ပြောခဲ့လို့သာ အဲဒီကုမ္ပဏီတွေကို စိစစ်ပြီး ခွင့်ပြုခဲ့တာ။ အခုကျတော့ အကုန်လုံး ငါ့အမှား ဖြစ်သွားပြီပေါ့" ဟု သူ တွေးနေသည်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ၊ စွန်းကျန့်ယိက ဥက္ကဋ္ဌဆိုတော့ သူက အောက်ခြေဝန်ထမ်းပဲ။ အောက်ခြေဝန်ထမ်းဆိုသည်မှာ အထက်လူကြီးအတွက် အညစ်အကြေး ခံပေးရသူ ဖြစ်ကောင်းဖြစ်နိုင်သည်။

"သွား၊ အဲဒီ ရှယ်ယာ နှစ်ခုကို တည်ငြိမ်အောင် လုပ်ဖို့ နည်းလမ်းရှာလိုက်၊ ပြီးတော့ အဲဒီ ရှယ်ယာ နှစ်ခုကို အမြန်ဆုံး စာရင်းဝင်အောင် လုပ်။ မဟုတ်ရင် ဒီတစ်ခါ ငါတို့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံး ဆုံးရှုံးရလိမ့်မယ်" စွန်းကျန့်ယိက စာရွက်တစ်ရွက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ အောက်ခြေဝန်ထမ်းက ချက်ချင်း ကောက်ယူလိုက်ပြီး ဦးညွှတ်ရင်း သဘောတူကြောင်း ပြောကာ အခန်းထဲမှ အမြန် ထွက်သွားခဲ့သည်။

ပြီးခဲ့သည့်တစ်ခေါက် ဥက္ကဋ္ဌသည် တရုတ်မှ အင်တာနက်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံဖို့ မအောင်မြင်ခဲ့သည့်နောက်ပိုင်း သူ့၏ စိတ်ခံစားချက်သည် မကောင်းခဲ့ပေ။ yahoo၏ ရှယ်ယာဈေးများ မကြာသေးခင်က ကျဆင်းနေသည်နှင့်လည်း သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ကုမ္ပဏီကို ပိုပြီး ဆုံးရှုံးစေခဲ့သောကြောင့် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သဘောတူညီချက်အရ ကျန်ရှိသည့် ဤရှယ်ယာများကို နှစ်အနည်းငယ်အတွင်း ငွေသားထုတ်ယူလို့ မရပါပေ။ မဟုတ်လျှင် ဈေးကျနေသည့် လက္ခဏာပြသည်နှင့် ကုမ္ပဏီက အကုန်ထုတ်ယူပြီးသား ဖြစ်နေမှာဖြစ်၏။ သို့သော် ဥက္ကဋ္ဌက yahooကို တရုတ်တွင် ဝင်ရောက်ဖို့ ကြိုးစားနေသည်။ အမေရိကန်နှင့် တစ်ကမ္ဘာလုံး၏ အကြီးဆုံး ပင်မဆိုဒ်၏ အားသာချက်ဖြင့် တရုတ်သို့ ဝင်ရောက်ပြီးနောက် အောင်မြင်မှု ကြီးကြီးမားမား ရလိမ့်မည်မှာ သေချာသည်။ အဲဒီ ပင်မဆိုဒ် သုံးခုသည် yahoo၏ လက်ထဲတွင် ရှုံးနိမ့်ရမည်မှာ သေချာသည်ဟု သူ ထင်ခဲ့သလို၊ သူတို့ Softbank၏ လက်ထဲတွင် ရှုံးနိမ့်ရမည်မှာ သေချာသည်ဟုလည်း သူ ထင်ခဲ့သည်။

******

အခန်း (၁၀၉၄) ဖိုရမ်ကို စီမံခန့်ခွဲရမည်

စနေ၊ တနင်္ဂနွေနေ့တွင် ဖုန်းယွီသည် Legend ဂိမ်းသို့ ဝင်ရောက်သော်လည်း ကျိုးခယ့်ရှင်း အွန်လိုင်းတွင် မရှိသည်ကို တွေ့ရှိခဲ့သည်။ ထို အစားထိုး ကစားပေးသူ နှစ်ဦးကို သူ မေးကြည့်ရာ ကျိုးခယ့်ရှင်းသည် တစ်ခါတစ်ရံ အွန်လိုင်းတွင် ရှိသော်လည်း သူတို့၏ မက်ဆေ့ချ်များကို လုံးဝ ပြန်မဖြေကြောင်း သိရသည်။

ဖုန်းယွီ သက်ပြင်းချလိုက်သည်။ အခြား နည်းလမ်းများကို ထပ်မံ စဉ်းစားရတော့မည် ထင်သည်။

ပျင်းရိနေသော ဖုန်းယွီသည် Sohu ဖိုရမ်သို့ ဝင်ရောက်ကာ ဖိုရမ်များ၏ ယခုလက်ရှိ အခြေအနေကို လှည့်လည် ကြည့်ရှုလိုခဲ့သည်။

ဤအချိန်တွင် အကောင့် စာရင်းသွင်းခြင်းသည် အလွန်ရိုးရှင်းသည်။ အီးမေးလ် အတည်ပြုခြင်း လုံးဝ မလိုအပ်ဘဲ အတည်ပြု ကုတ်နံပါတ်လည်း မရှိ၊ မိုဘိုင်းလ်ဖုန်း နံပါတ်ကဲ့သို့သော ဆက်သွယ်ရန် နည်းလမ်းများလည်း မရှိပေ။ ဖုန်းယွီသည် နံပါတ်အချို့ကို ရိုက်ထည့်လိုက်ရုံဖြင့် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့သည်။

နောက်မှ ကျန်းချောင်ယန်နှင့် စကားပြောရဦးမည်။ အကောင့် စာရင်းသွင်းခြင်းသည်လည်း ကြော်ငြာနိုင်သည့် နည်းလမ်းပင် ဖြစ်သည်။ ဥပမာ- စာရင်းသွင်းရန်အတွက် အီးမေးလ် လိပ်စာ ထည့်ခိုင်းခြင်းဖြင့် သင်၏ အီးမေးလ်သို့ အတည်ပြု ကုတ်နံပါတ်ကို ပေးပို့နိုင်ပြီး ထိုအခါ Netease၏ အီးမေးလ်ကို ဈေးကွက်မြှင့်တင်ခြင်း မရနိုင်ဘူးလား။ Neteaseက မင်းကို ကြော်ငြာခ ပေးနိုင်သည် မဟုတ်လား။

ဆက်သွယ်ရန် နည်းလမ်းကိစ္စကို ကြည့်နိုင်သည်။ မိုဘိုင်းလ်ဖုန်း မပြန့်ပွားသေးသော်လည်း အင်တာနက် သုံးစွဲသူများ OQ အကောင့် ဖွင့်ရသည်မှာ မခက်ခဲလှပါ။ သူတို့ကို OQ အကောင့် ချန်ထားခဲ့စေပြီး ထိုအခါ Tencent ၏ ကုမ္ပဏီမှ ကြော်ငြာခ ရယူနိုင်သည်။ ဤမျှ ရိုးရှင်းသော ငွေရှာနည်းကို ကျန်းချောင်ယန် ဘာလို့ မစဉ်းစားနိုင်ရတာလဲ။

ကုမ္ပဏီအချို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သည်။ ဒါတွေက စီးပွားရေး အခွင့်အလမ်းတွေပါ။ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။

ဖုန်းယွီသည် သက်ပြင်းချရင်း ဖိုရမ်ကို ကြည့်ရှုနေခဲ့သည်။

ယဉ်ကျေးမှု၊ သမိုင်း၊ စစ်ရေး၊ ဖျော်ဖြေရေး၊ အားကစား၊ ဘဏ္ဍာရေး၊ ကား၊ အမျိုးသမီး၊ စိတ်ခံစားမှု၊ ပုံပြင်၊ ခေါင်းစဉ်...

ဟော၊ ဒီဖိုရမ်မှာ အပိုင်းခွဲတွေ အများကြီးပဲ။ အပိုင်းခွဲတစ်ခုကို လူနှစ်ယောက် သုံးယောက်လောက်ပဲ ထိန်းသိမ်းရရင်တောင် လူအများကြီး လိုအပ်သည်။ ဒီလို လုပ်တာ ကောင်းသည်။ လူတွေကို Sohu ဖိုရမ်မှာ ဘယ်ကိစ္စမဆို ဆွေးနွေးနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးသင့်သည်။

ရှေးခေတ်ကတည်းက ဖိုရမ်များတွင် ထူးချွန်သူများ ပေါ်ထွက်ခဲ့သည်။ ဒီထဲမှာ အရည်အချင်းရှိသူတွေ အများကြီးပါပဲ။

ကား ဖိုရမ်ကို ဖွင့်လိုက်သောအခါ ထိပ်ဆုံးတွင် တင်ထားသည့် ပို့စ်တစ်ခုသည် အရှေ့တိုင်း နတ်သမင် (တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ အမျိုးသမီး အပြေးမယ် ဝမ်ကျွင်းရှရ) ၏ ပုံစံအသစ် စွမ်းဆောင်ရည်ကို သုံးသပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် ချီးမွမ်းမှု အဆင့်သတ်မှတ်ချက် အလွန် မြင့်မားသည်။ ဖုန်းယွီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤ အဆင့်သတ်မှတ်ချက်သည် မျှတပြီး ချဲ့ကားခြင်း သို့မဟုတ် လျှော့ချခြင်း မရှိဘဲ အလွန် ကောင်းမွန်သည်။

ဒုတိယ ပို့စ်မှာ ယခုနှစ် ထုတ်လုပ်သော စုန့်ကျန်း-S1 အပြေးကား ဖြစ်သည်။ ဝယ်ယူသူ အနည်းငယ်သာ မှတ်ချက်ပေးထားပြီး သွင်းကုန် အပြေးကားများထက် စွမ်းဆောင်ရည် မညံ့သလို၊ ပြုပြင်ထိန်းသိမ်းရ လွယ်ကူပြီး အပြင်ပန်း ပုံစံလည်း ပိုလှသည်ဟု ဆိုထားသည်။ ကျန်သည့် မှတ်ချက်များမှာ ချီးကျူးစကားများသာ ဖြစ်သည်။ ဤကား၏ လက်လီဈေးနှုန်းသည် ယွမ် တစ်သန်း ရှစ်သောင်း ဖြစ်သည်။

ဝယ်နိုင်သူများသည် သူဌေးကြီးများသာ ဖြစ်သည်။

တတိယ ပို့စ်မှာလည်း စုန့်ကျန်း-ဒီဟောင် ဖြစ်သည်။ စုန့်ကျန်း၏ ဇိမ်ခံ အော်ဒါမှာ ယာဉ်ဖြစ်ပြီး ဈေးနှုန်းသည် ယွမ် တစ်သန်းမှ သုံးသန်းကြား ရှိသည်။ ပထမဆုံး အော်ဒါမှာယူပြီးမှသာ ထုတ်လုပ်သည်။ ဤတွင် လူအချို့က ၎င်းတို့ နေရာတစ်ခုတွင် ဒီဟောင်ကို မြင်တွေ့ခဲ့ရပြီး မည်မျှ လှပသည် စသည်ဖြင့် ပြောဆိုကြသည်။

ကျန်သည့် ပို့စ်များမှာ အခြား ကားအမှတ်တံဆိပ်များ၏ မိတ်ဆက်မှုများ ဖြစ်သော်လည်း စုန့်ကျန်း တံဆိပ်၏ ပို့စ်များသည် သုံးပုံတစ်ပုံနီးပါး ရှိသည်။ ထိပ်ဆုံးတွင် တင်ထားသည့် ပို့စ် ငါးခုတွင် သုံးခုသည် စုန့်ကျန်း တံဆိပ် ဖြစ်ပြီး ကျန်နှစ်ခုမှာ မကြာသေးမီက စတင် ရောင်းချသည့် ဖက်စပ်ကားများ ဖြစ်သည်။

ဖိုရမ်ကို ကြော်ငြာရန် အသုံးပြုရမှန်း လီမင်တေ၏ ဦးနှောက်က မနောက်ကျသေးပေ။ ဒီအချက်က ကောင်းသည်။

အားကစားဖိုရမ်သည် မကြာမီ ကျင်းပတော့မည့် ဆစ်ဒနီ အိုလံပစ်ပွဲတော်အကြောင်း ဖော်ပြထားသည်။ ဖုန်းယွီသည် ၎င်းကို စိတ်မဝင်စားပေ။ အလေးပေးရမည့် အားကစားသမားများကို စာချုပ် ချုပ်ဆိုပြီးပြီ ဖြစ်ပြီး သူတို့ အနိုင်ရပြီးနောက် ကြော်ငြာများ စတင် ထုတ်လွှင့်မည်။ ဤနှစ်တွင် ချန်နယ်-၅ ၏ ကြော်ငြာ ရင်းနှီးမြှုပ်နှံမှုကို အတော်အသင့် တိုးမြှင့်ခဲ့သည်။ အိုလံပစ်ကာလအတွင်း ချန်နယ်-၅ ၏ ကြည့်ရှုနှုန်းသည် ချန်နယ်-၁ ကို ကျော်လွန်ကောင်း ကျော်လွန်နိုင်သည်။

သို့သော် ပို့စ်တစ်ခုက ဖုန်းယွီကို ရယ်မောချင်စိတ် ဖြစ်စေသည်။ ၎င်းမှာ Los Angeles Fengyu အသင်းသည် ယခုနှစ် အမေရိကန် ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော အဖွဲ့ချုပ် (NBA) ဖလားကို ဆွတ်ခူးသည့်အတွက် ဂုဏ်ပြုကြောင်း ဖြစ်သည်။ ၎င်းတွင် တရုတ်လူမျိုးများ အမေရိကန် အားကစားလောကကို ကျူးကျော်ဝင်ရောက်ခြင်း၏ ကြီးမားသော ခြေလှမ်းဟု ဆိုထားသည်။

ဖုန်းယွီ ချွေးများ သီးသွားသည်။ ဘယ်ကနေ ဒီလို အကြီးအကျယ် ချီးမွမ်းနေရတာလဲ။ ကျွန်တော့် အသင်းမှာ အဓိက ကစားသမားတွေက အမေရိကန်လူမျိုးတွေပဲ ဖြစ်ပြီး ဒါကျိ ရှိရင်တောင်မှ အရံပဲ ဖြစ်သည်။

ဟုတ်သည်၊ တရုတ် အမျိုးသား ဘတ်စကက်ဘော အသင်းသည် အမေရိကန်သို့ လာရောက် လေ့ကျင့်ရေး လုပ်သည့်အခါ ကျွန်တော် ဧည့်ခံပြီး သူတို့ကို အသင်းနှင့် ချစ်ကြည်ရေးပွဲအချို့ ကစားခွင့် ပေးခဲ့သည်။ ဒါက ဒါကျိကို အသင်းမှာ ဆက်ထားချင်လို့ ဖြစ်ပြီး ဒါကျိသည် အရံခုံမှနေ၍ ဂိုးသွင်းနိုင်စွမ်း အတော်လေး ကောင်းမွန်သည်။

သမိုင်းဖိုရမ်ကို ဖွင့်လိုက်သောအခါ ပုံပြင်အယောင်ဆောင်သော သမိုင်း အမျိုးမျိုးကို တွေ့ရသည်။ ဖုန်းယွီ ကြည့်လိုက်ရာ အဓိပ္ပာယ်မဲ့ စကား ပြောသူတွေ အများကြီးပဲ။ ကွမ်ရင် ဗုဒ္ဓ၏ သမိုင်းဝင် ပုံစံကိုပင် ရှာဖွေနိုင်ခဲ့သည်။ တကယ်ကို ထူးချွန်သူတွေပဲ။ လူအချို့ကလည်း ယုံကြည်ကြသေးသည်။

ဘဏ္ဍာရေး ဖိုရမ်ကို ဖွင့်ကြည့်သောအခါ ကွန်ရက် ရှယ်ယာများ ကြီးထွားလာမည် ဖြစ်ပြီး ယာယီ ကျဆင်းမှုသည် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုသာ ဖြစ်သည်၊ မကြာမီ မြင့်တက်လာမည်ဟု ဆိုထားသော ကျွမ်းကျင်သူဟု ခေါ်သူ အချို့ကို တွေ့ရသည်။

ဒါက ဦးနှောက်မရှိသူ ဒါမှမဟုတ် ငှားရမ်းထားသူ ဖြစ်ရမည်။ ပုံမှန်လူတိုင်း ကွန်ရက် ရှယ်ယာများ ထိခိုက်တော့မည်ကို မြင်သင့်သည်။ အပြည့်အဝ ပျက်စီးသွားမည် မဟုတ်သော်လည်း မည်သည့် ကုမ္ပဏီမဆို ကွန်ရက် တံဆိပ် တပ်လိုက်ရုံဖြင့် ရှယ်ယာဈေး မြင့်တက်နိုင်သည့် အချိန် မဟုတ်တော့ပေ။

ဤအချိန်တွင် အခြေခံဈေးကို လိုက်လံ ဝယ်ယူသူတိုင်း မိမိ၏ ငွေကြေးကို ရေထဲ ပစ်ချလိုက်ခြင်းသာ ဖြစ်သည်။

ဖုန်းယွီသည် ဤပို့စ်အောက်တွင် မှတ်ချက် ပေးခဲ့ပြီး လူများကို သတိထား၍ ဝယ်ယူရန် ပြောခဲ့သည်။ မည်သူက သူ့စကားကို နားထောင်မည်ကိုတော့ သူ ဂရုမစိုက်ပေ။ သေချင်သူကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပါချေ။

ဖုန်းယွီသည် အခန်းကဏ္ဍ တစ်ခုချင်းစီကို ဆက်လက် ကြည့်ရှုရာ စိတ်ခံစားမှု အပိုင်းသို့ ရောက်သောအခါ မှားယွင်းနေသည်ကို တွေ့ရှိခဲ့သည်။ စိတ်ခံစားမှုဆိုင်ရာ ပို့စ်များ ဘာလို့ ဒီလောက် များနေရတာလဲ။ ပြီးတော့ မှတ်ချက် အရေအတွက်တွေလည်း ဘာလို့ ဒီလောက် များနေရတာလဲ။ အခု လူတွေက အွန်လိုင်းမှာ ခံစားချက်တွေကို ဆွေးနွေးရတာ ကြိုက်ကြတာလား။ အွန်လိုင်း အချစ်တွေ ဖြစ်နေတာလား။ မဖြစ်နိုင်ပါဘူး၊ ဒါက ဖိုရမ်ပါ။

ပို့စ်တစ်ခုကို ဖွင့်ကြည့်သောအခါ ဟာ၊ ဒါက ဒီလိုမျိုး စာမူပဲလား။

အောက်က တစ်သမတ်တည်း မှတ်ချက်များကို ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ ပို့စ်တင်သူ လူကောင်း။ ပို့စ်တင်သူ ပင်ပန်းသည်။

ဟင်၊ ဒီ စိတ်ခံစားမှု ဖိုရမ်က ဘာဖြစ်လို့ ဒီလိုမျိုး စာမူတွေ ကြီးစိုးရာ နေရာ ဖြစ်သွားရတာလဲ။ ဖုန်းယွီကတော့ ဒါက ခံစားချက်တွေ ဖွင့်ဟပြောဆိုဖို့၊ အိမ်တွင်းရေးရာတွေ ဆွေးနွေးဖို့ ဖိုရမ်လို့ ထင်ခဲ့တာပါ။

ဒီအပိုင်းမှာ ဒီလို စာမူတွေ ရှိနေရင် တခြား အပိုင်းတွေမှာရော ရှိနေမလား။ ဥပမာ- ယဉ်ကျေးမှု၊ အမျိုးသမီး၊ ဘဝ စသည်တို့မှာရော ဒီလိုမျိုး စာမူတွေ ရှိနေမလား။

ဒီကိစ္စကို အထက်လူကြီးများ သတိထားမိသွားရင် ဖိုရမ်ကို ပိတ်ပစ်လိုက်မှာ သေချာသည်။

ဒီဖိုရမ်ရဲ့ မော်ဒရေတာက ဘယ်သူလဲ။ ဘာတွေ လုပ်နေကြတာလဲ။ ဒါမှမဟုတ် ကျန်းချောင်ယန်က သိလျက်နဲ့ ခွင့်ပြုထားတာလား။ နောက်ဆုံးတစ်ခု ဖြစ်ရင်တော့ လုံးဝ မဖြစ်သင့်ပါဘူး။

ဖုန်းယွီသည် ချက်ချင်း မိုဘိုင်းလ်ဖုန်းကို ကောက်ယူပြီး ကျန်းချောင်ယန်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ "ဟဲလို၊ ကျန်းမန်နေဂျာချုပ်၊ ကျွန်တော် ဖုန်းယွီပါ"

"မန်နေဂျာဖုန်း၊ ဘာကိစ္စ ရှိလို့ပါလဲ"

"ကျန်း၊ ကျွန်တော်တို့ရဲ့ ဖိုရမ်က အခု ကြည့်ရှုနှုန်း အလွန် မြင့်မားနေတယ်နော်။ ဝမ်းသာစရာပါပဲ"

"ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးပမ်းမှုကြောင့်ပါ" ကျန်းချောင်ယန် နှိမ့်ချစွာ ပြောလိုက်သည်။

"ကျွန်တော် သိချင်တာ တစ်ခုရှိပါတယ်။ ခင်ဗျား ဒီဖိုရမ်ကို ဝင်ကြည့်ဖူးလား"။

"ဝင်ကြည့်ပါတယ်၊ နေ့တိုင်း ဖိုရမ်ကို ဝင်ပြီး ကြည့်ပါတယ်။ အဓိကကတော့ စီးပွားရေး အပိုင်းကို ကြည့်တာပါ" ကျန်းချောင်ယန် ရယ်မောရင်း ပြောလိုက်သည်။

"ဒီဖိုရမ်က လူတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ပေးတဲ့ နေရာတစ်ခုပါ၊ ဒါပေမဲ့ ဘယ်စကားမျိုးမဆို လျှောက်ပြောလို့တော့ မရပါဘူး။ ဖိုရမ်မှာ ပို့စ်တင်ရင် ဆင်ဆာ လုပ်စရာ မလိုဘူးလား"

ကျန်းချောင်ယန်သည် ဖုန်းယွီ၏ အသံ မမှန်သည်ကို သတိထားမိသွားသည်။ သူ ဂရုတစိုက် မေးလိုက်သည်။ "မန်နေဂျာဖုန်း၊ ဖိုရမ်မှာ တစ်ခုခု မှားယွင်းနေတဲ့ ပို့စ် ရှိနေလို့လား"။

"တစ်ခုတည်း မဟုတ်ဘူး၊ အများကြီး ရှိနေတာ။ အချို့ အပိုင်းခွဲတွေ တစ်ခုလုံးတောင် ပြဿနာ ရှိနေတာ။ ဒီအပိုင်းခွဲတွေမှာ မော်ဒရေတာနဲ့ စီမံခန့်ခွဲသူတွေ မရှိဘူးလား"။

"ရှိပါတယ်၊ မော်ဒရေတာ တစ်ဦးနဲ့ လက်ထောက် မော်ဒရေတာ တစ်ဦးက ကူညီစီမံခန့်ခွဲပါတယ်။ အပိုင်းခွဲတွေ များတယ်ဆိုတာ ခင်ဗျားလည်း သိပါတယ်။ လူအများကြီး လိုအပ်ပါတယ်။ ဒီအလုပ်က ပျင်းစရာ ကောင်းတာမို့ ပေါ့ဆမှု အချို့ ရှိကောင်း ရှိနိုင်ပါတယ်" ကျန်းချောင်ယန် ရှင်းပြလိုက်သည်။

"ပို့စ် တစ်ခု၊ နှစ်ခုလောက်သာ ပြဿနာ ရှိရင် ပေါ့ဆမှုလို့ ပြောလို့ရပါတယ်။ ဒီအချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ခင်ဗျား စိတ်ခံစားမှု အပိုင်းက ပို့စ်တွေကို သွားကြည့်ပါ။ ဆယ်ခုမှာ ရှစ်ခုက ပြဿနာ ရှိနေတာ။ ဘာပြဿနာတွေ ရှိနေလဲဆိုတာ ခင်ဗျား ကြည့်ပြီးမှ ကျွန်တော့်ကို ပြောပါ"

ကျန်းချောင်ယန်သည် ဖုန်းထဲက အလုပ်များနေသော အသံကို နားထောင်ပြီး အနည်းငယ် ကြောင်သွားခဲ့သည်။ သူ ဖိုရမ်ကို ဖွင့်ကာ အကောင့် ဝင်ရောက်လိုက်ပြီး စိတ်ခံစားမှု အပိုင်းရှိ ပို့စ်များကို ကြည့်လိုက်သောအခါ ချက်ချင်း ကြက်သေ သေသွားခဲ့သည်။

ကျန်းချောင်ယန်၏ မျက်နှာသည် နီမြန်းသွားပြီး စားပွဲပေါ်ရှိ ဖုန်းကို ကောက်ယူကာ- "နည်းပညာဌာနနဲ့ အကြောင်းအရာစီမံခန့်ခွဲမှု ဌာနရဲ့ တာဝန်ခံတွေကို ချက်ချင်း ကျွန်တော့် ရုံးခန်းကို လာခဲ့ဖို့ ပြောပါ။ ပြီးတော့ ဖိုရမ်ရဲ့ စိတ်ခံစားမှု အပိုင်းက မော်ဒရေတာနဲ့ လက်ထောက် မော်ဒရေတာကိုလည်း လာခိုင်းပါ။ ဘဏ္ဍာရေးကိုလည်း ဒီနှစ်ယောက်ရဲ့ လစာကို တွက်ချက်ဖို့ အကြောင်းကြားပါ"။

...

******

အခန်း (၁၀၉၅) ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု - အပိုင်း (၁)

ထိုနေ့ညမှာပင် ဖုန်းယွီသည် Sohu ဖိုရမ်၏ အချို့ဖိုရမ်ခွဲများ ယာယီပိတ်ပြီး ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေကြောင်း သတင်းကို တွေ့လိုက်ရသည်။ ထို့ပြင် တခြားဖိုရမ်ခွဲများ၌လည်း စစ်ဆေးမှုများကို ပို၍အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။

နည်းပညာဌာနမှ လူများသည် သူတို့နှင့် စာချုပ်သစ် ချုပ်ဆိုထားသည့် ချန်ဒူးကုမ္ပဏီကို စကားလုံးရှာဖွေမှုစနစ်(Keyword Search)တစ်ခု ဖန်တီးပေးရန် တောင်းဆိုခဲ့ကြသည်။ ဤစနစ်ဖြင့် ရှာတွေ့သည့် ဆောင်းပါးများအားလုံးကို လူကိုယ်တိုင် ထပ်မံစစ်ဆေးပြီးမှသာ တင်ခွင့်ပေးမည် ဖြစ်သည်။ ထို့နောက် ဖိုရမ် စီမံခန့်ခွဲသူ (Forum Moderator) တာဝန်ခံစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ မည်သည့်ဖိုရမ်ခွဲတွင် ပြဿနာပေါ်ပေါက်ပါစေ၊ အဲဒီဖိုရမ်ခွဲ၏ ဖိုရမ် စီမံခန့်ခွဲသူသည် တာဝန်ယူရမည် ဖြစ်သည်။ ဟုတ်ပါသည်။ အပြစ်ပေးခြင်း ရှိသလို ဆုလာဘ်လည်း ရှိသည်။ မည်သည့်ဖိုရမ်ခွဲ၏ ကြော်ငြာဝင်ငွေသည် သတ်မှတ်ထားသည့် စံနှုန်းကို ကျော်လွန်သွားပါစေ၊ အဲဒီ ဖိုရမ်ခွဲ၏ ဖိုရမ် စီမံခန့်ခွဲသူသည် သတ်မှတ်ထားသည့် ရာခိုင်နှုန်းနှင့်အညီ ဘောနပ်စ်ကို ရရှိမည် ဖြစ်သည်။ ဖိုရမ်ခွဲ ကြည့်ရှုမှု ပမာဏ ကွဲပြားမှုအလိုက် စံနှုန်းကလည်း ကွဲပြားမည် ဖြစ်သည်။

ဖိုရမ်၏ ထိပ်ဆုံး၌လည်း ဤသို့သော ဆောင်းပါးမျိုး ဖြန့်ဝေခြင်းသည် တရုတ်နိုင်ငံ၏ ဥပဒေနှင့် ဆန့်ကျင်ပြီး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အလေးထား ဖော်ပြထားသည့် ပို့စ်တစ်ခုကို တင်ထားခဲ့သည်။ ကုမ္ပဏီက စုံစမ်းထောက်လှမ်းတွေ့ရှိခဲ့သည့် IP လိပ်စာအချို့ကိုလည်း ရဲတပ်ဖွဲ့ထံ ကိုယ်တိုင် အပ်နှံခဲ့သောကြောင့် ဂုဏ်သတင်းကောင်းပါ ရရှိခဲ့သည်။

တကယ်တော့ ၁၉၉၄ ခုနှစ်တုန်းကတည်းက အင်တာနက် စောင့်ကြည့်ရေးဌာနဆိုတာ ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်မှစ၍ မြို့နယ်ရဲစခန်းများတိုင်း၌ ဤကိစ္စကို တာဝန်ယူသည့် ရဲအရာရှိများ ရှိခဲ့သည်။ သို့သော် အဲဒီအချိန်က ကွန်ပျူတာ နားလည်သည့် ရဲများ သိပ်မရှိသောကြောင့် ဤဌာန၏ အာနိသင်က ထင်ထင်ရှားရှား မရှိသေးပါ။ ဒါပေမဲ့ ဤနှစ်မှစပြီး ဖုန်းယွီ သိလိုက်ရသည်မှာ Legendမှ ဌာနဆိုင်ရာ အကြီးစား ဆာဗာ အော်ဒါများစွာ ရရှိခဲ့ပြီး စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ အမြောက်အများကို ဝယ်ယူခဲ့ကာ ကွန်ပျူတာ ပညာရပ် ကျွမ်းကျင်သူ အချို့ကို ရဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ အဓိကအားဖြင့် ဤနှစ်နှစ်အတွင်း ပေါ်ပေါက်လာသည့် ဟက်ကာအချို့ကြောင့် ဖြစ်သည်။

သူတို့ကိုယ်သူတို့ Red Hackerဟု ခေါ်ဝေါ်ပြီး အကျိုးအမြတ်အတွက် မဟုတ်ဘဲ စိတ်ကျေနပ်မှုရဖို့အတွက် နိုင်ငံခြားအစိုးရ ဝက်ဘ်ဆိုဒ်များကို စိတ်ကြိုက် တိုက်ခိုက်ခဲ့ကြသည်။ တချို့က အရမ်းအတိုင်းအဆမဲ့ လုပ်ခဲ့ကြသည်။ သူတို့ထဲမှ တချို့ကိုတော့ ပြည်နယ်က ဖိတ်ခေါ်လက်ခံခဲ့ပြီး အင်တာနက်ရဲများ ဖြစ်လာခဲ့သည်။ နိုင်ငံတော်က ထောက်ပံ့သည့် ငွေများကို ယူပြီး အမျိုးမျိုးသော အင်တာနက် လုံခြုံရေး နယ်ပယ်များကို တည်ဆောက်ခဲ့သည်။ နိုင်ငံကလည်း တခြားနိုင်ငံမှ ဟက်ကာများ ဝင်ရောက်နှောင့်ယှက်မှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဟုတ်တယ်၊ ဖိတ်ခေါ်လက်ခံသည့် သတင်းကို လျှို့ဝှက်ထားပြီး အင်တာနက်ပေါ်မှာတော့ ဤလူများသည် နာမည်ကျော် Red Hackerများအဖြစ် ရှိနေဆဲဖြစ်သည်။ မကြာမီ ဖွဲ့စည်းမည့် Red Hacker မဟာမိတ်အဖွဲ့ကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ခြင်းလည်း ခံရသည်။

ဤအကြောင်းအရာများကို လျူချွမ်းကျစ်က ဖုန်းယွီကို မပြောပြပါက ဖုန်းယွီ သိနိုင်မည် မဟုတ်ပါ။ စိတ်ကြိုက် လုပ်ချင်တိုင်း လုပ်လို့ရသည်ဟု ထင်နေသည့် အဲဒီ ကျွမ်းကျင်သူ အယောင်ဆောင်များသည် အစွမ်းထက်သည့် စက်ပစ္စည်းများ၏ ဖိအားအောက်တွင် မည်သို့မျှ ပုန်းကွယ်နေလို့ မရပါပေ။ ၎င်းသည် အွန်လိုင်းဂိမ်းနှင့် ဆင်တူသည်။ မင်း၏ အရည်အချင်း မြင့်သော်လည်း တခြားသူများက စက်ပစ္စည်း ကောင်းလျှင်၊ အဲဒီ စက်ပစ္စည်းများက အများကြီး သာလွန်နေသည့်အခါ မင်း၏ အရည်အချင်း မြင့်မားမှုသည် ဤကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ မလုံလောက်ပါ။ တခြားသူကို တိုက်တာ သွေးပင် မလျှော့ဘူးဆိုလျှင် မည်သို့လုပ်နိုင်တော့မည်နည်း။

ဤသို့ လုပ်လိုက်သည့်အတွက် Sohuသည် ဌာနဆိုင်ရာမှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်တစ်ခုပါ ရရှိခဲ့ပြီး ကံဆိုးခြင်းထဲက ကံကောင်းခြင်း ဖြစ်ခဲ့ရသည်။ ကျန်းချောင်ယန်၏ ဤနည်းလမ်းများကို မြင်ပြီးနောက် ဖုန်းယွီ စိတ်ကျေနပ်သွားခဲ့သည်။ ထို့နောက် ဖုန်းယွီသည် ကျန်းချောင်ယန်ကို သီးသန့် မေးမြန်းခဲ့သည်။ "ဟေး၊ အဲဒီ Red Hacker မဟာမိတ်အဖွဲ့အကြောင်း မင်း သိလား"။

ကျန်းချောင်ယန်က အံ့ဩစွာ မေးလိုက်သည်။ "ဖုန်းသူဌေး၊ ဒါကို ဘာလို့ မေးတာလဲ။ ကျွန်တော်က ဒီမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင် မဟုတ်ပါဘူး။ ဒါ့အပြင် ဒီမဟာမိတ်အဖွဲ့က အခြားသူများ၏ ကွန်ရက် လမ်းကြောင်းပေါက်များကို အသုံးချပြီး တိုက်ခိုက်ရာတွင် အတော်ဆုံးပဲ။ ဒါက ကျွန်တော် ကျွမ်းကျင်သည့် အရာ မဟုတ်ပါဘူး"။ "မင်းလို့လည်း ငါ မပြောပါဘူး။ ငါက မေးကြည့်ရုံပါ။ ငါတို့ ဝက်ဘ်ဆိုဒ်ကို တိုက်ခိုက်ခံရရင် မင်းတို့ ခုခံနိုင်မလား"။ "ဘယ်လောက်များများ လာတိုက်လဲပေါ် မူတည်ပါတယ်။ တစ်ယောက် နှစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာတွေနဲ့ သေချာပေါက် ဖြေရှင်းနိုင်ပါတယ်။ သုံးယောက်၊ ငါးယောက်ဆိုရင်တော့ မသေချာဘူး။ ခုနစ်ယောက်၊ ရှစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့ ဝက်ဘ်ဆိုဒ် ယာယီ ရပ်သွားနိုင်ပါတယ်" ကျန်းချောင်ယန်က စိုးရိမ်စွာ ပြောသည်။

ဟာ၊ အဲဒီ Red Hackerတွေက ဒီလောက်တောင် အစွမ်းထက်တာလား။ "မင်း ဒီလောက်တော်ရင် ငါ့ဆီ လာအလုပ်လုပ်ရင် ဘယ်လောက်ကောင်းမလဲ" ဖုန်းယွီ တွေးလိုက်မိသည်။ တခြားကိစ္စများ မလုပ်နိုင်လျှင်တောင် အင်တာနက် လုံခြုံရေးအတွက်ဆိုလျှင် သူတို့အားလုံးသည် အတော်ဆုံးသူများ ဖြစ်နေမှာ သေချာသည်။ လောင်းကစားရုံများတွင် ခန့်ထားသည့် မန်နေဂျာများသည် အရင်က လောင်းကစား ကျွမ်းကျင်သူများ ဖြစ်ခဲ့သည်ဟု မကြားဖူးဘူးလား။ အဘယ်ကြောင့်ဆိုသော် သူတို့က ကိုယ့်ရဲ့ အနိုင်ရနိုင်ခြေကို ဘယ်လို မြှင့်တင်ရမယ်၊ သေးငယ်သည့် နည်းပညာများ ဘယ်လို သုံးရမယ်ဆိုတာ ပိုသိနေလို့ ဖြစ်သည်။

"မင်း တကယ်ပဲ တစ်ယောက်မှ မသိဘူးလား။ ကျန်းမန်နေဂျာ၊ ကိစ္စမရှိပါဘူး၊ ပြောပြပါ။ ငါ ဘယ်သူ့ကိုမှ ပြန်ပြောမှာ မဟုတ်ပါဘူး။ ငါက ဒီလို ထူးချွန်သည့်သူများကို ငါတို့ရဲ့ အင်တာနက် လုံခြုံရေး ထိန်းသိမ်းဖို့နဲ့ ဝက်ဘ်ဆိုဒ် တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ဖို့ ခေါ်ချင်တာ" ဖုန်းယွီက ဆက်ပြောသည်။

"တခြားလူတွေက ကျွန်တော်တို့ ဝက်ဘ်ဆိုဒ်ကို ဘာမှမဆိုင်ဘဲ ဘာလို့ လာတိုက်ခိုက်မှာလဲ။ Red Hackerပဲဖြစ်ဖြစ်၊ ဟက်ကာပဲဖြစ်ဖြစ်၊ ဘယ်နေရာကိုမှ အကြောင်းမဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။ အကြောင်းပြချက်တစ်ခု ရှိရမယ်။ မဟုတ်ရင် သူတို့ဟာ အထီးကျန်ဖြစ်သွားနိုင်သလို၊ အလွယ်တကူ ဖော်ထုတ်ခံရနိုင်တယ်" ကျန်းချောင်ယန်က ပြန်ပြောသည်။

"ဒါက ပြောလို့မရဘူး။ သူ ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ဖန်တီးလိုက်ရင်ကော" ဖုန်းယွီက ရုတ်တရက် သတိရလိုက်သည်။ မီးခိုးရောင် ချိုးငှက် ဆိုသည်ကို သူ သတိရလိုက်သည်။ ပန်ဒါ မီးရှို့ခြင်း မတိုင်မီ သုံးနှစ်ဆက်တိုက် နှစ်စဉ် ထိပ်တန်း ကွန်ပျူတာ ဗိုင်းရပ်စ် ဆယ်ခုထဲတွင် ရွေးချယ်ခံရဖူးသည့် ဗိုင်းရပ်စ်ဖြစ်ပြီး အမှတ်မထင် ဖန်တီးမိရာမှ စခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စိတ်ဝင်စားသူများက အဲဒါကို အသုံးချပြီး အစွမ်းထက်သည့် ထရိုဂျန်(Trojan) တစ်ခု ဖြစ်စေခဲ့ကာ ဗားရှင်းအမျိုးမျိုးပါ ထွက်ပေါ်လာခဲ့သည်။

ဖုန်းယွီ၏ စိတ်အားထက်သန်သည့် လေသံကို ကြားတော့ ကျန်းချောင်ယန်က မပြောဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ဒီလိုလူမျိုးတွေကို ချိုးပိုကျွန်း ဒါမှမဟုတ် လေတကျွန်းတို့က သိကောင်းသိပါလိမ့်မယ်။ ဖုန်းသူဌေး သူတို့ကို မေးကြည့်နိုင်ပါတယ်"

"မင်းပြောတာက သူတို့ ခေါ်ယူပြီးပြီလို့ ဆိုလိုတာလား"

"ကျွန်တော် ဖြစ်နိုင်တယ်လို့ပဲ ပြောတာပါ။ တခြားအကြောင်းတော့ ကျွန်တော် မသိပါဘူး" ကျန်းချောင်ယန်က ပါးစပ်ပိတ်ကာ ပြောသည်။

"ကိစ္စမရှိပါဘူး၊ ဒါဆို ငါ သူတို့ကို ပြန်မေးကြည့်ပါ့မယ်။ ဒါနဲ့ ဒီနေ့ မင်းကို လာတွေ့တာ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိတယ်။ ငါ့စိတ်ထဲမှာတော့ Sohu၊ Sina၊ Netease၊ ချန်ဒူး၊ Tencent)

စတဲ့ ကုမ္ပဏီတွေဟာ ပူးပေါင်းဆောင်ရွက်မှုအချို့ လုပ်သင့်တယ်လို့ ထင်တယ်။ အချင်းချင်း ထုတ်ကုန်တွေကို အပြန်အလှန် အကြံပြုပြီး နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေလည်း လုပ်သင့်တယ်။ ဒီလိုလုပ်ခြင်းကနေ အကျိုးအမြတ်တွေကို အတူတူ ရယူနိုင်မယ်" ဖုန်းယွီက သူ့၏ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။

"ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု တချို့တော့ ရှိပြီးသားပါ။ ကျွန်တော်တို့ရဲ့ ရှာဖွေရေးအင်ဂျင်ကို ချန်ဒူးကုမ္ပဏီက သုံးနေတာပဲ မဟုတ်လား။ ပြီးတော့ ကျွန်တော်တို့က ချီအယ်ကုမ္ပဏီရဲ့ OQ ဆော့ဖ်ဝဲကိုလည်း ကြော်ငြာပေးတယ်။ Neteaseက ကိုယ်စားလှယ်လုပ်ထားတဲ့ 'ဒဏ္ဍာရီ' ဂိမ်းကိုလည်း ကြော်ငြာပေးတယ်။ Sinaရဲ့ ဘလော့ဂ်ကိုလည်း အကြံပြုပေးတယ်။ ဒါတွေက ပူးပေါင်းဆောင်ရွက်မှု မဟုတ်သေးဘူးလား" ဟု ကျန်းချောင်ယန်က အံ့ဩစွာ မေးသည်။ ဤသို့ ပူးပေါင်းဆောင်ရွက်တာတောင် မလုံလောက်သေးဘူးလား၊ ကျွန်တော်တို့ ဝက်ဘ်ဆိုဒ်တွေကို ပေါင်းလိုက်စေချင်တာလား။ အဲဒါတော့ လုံးဝ မဖြစ်နိုင်ဘူး။ ပေါင်းလိုက်ရင်တောင် Sohuလို့ပဲ ဆက်ခေါ်နေမှ ရမည်ဟု သူ စိတ်ထဲမှ တွေးလိုက်သည်။

"မင်းပြောတဲ့ ပူးပေါင်းဆောင်ရွက်မှုက အပေါ်ယံပဲ ရှိသေးတယ်။ ငါ မနေ့က ကြည့်လိုက်တော့ ငါတို့ ဖိုရမ် စာရင်းသွင်းဖို့အတွက် အကောင့်အမည်၊ စကားဝှက်၊ နာမည်ပြောင်ပဲ လိုတာ မဟုတ်လား" ဖုန်းယွီက မေးလိုက်သည်။ "ဟုတ်ပါတယ်။ အင်တာနက်မှာ လူတွေက သူတို့ရဲ့ တကယ့်နာမည်ကို သုံးချင်ကြတာ မဟုတ်ဘူး။ နာမည်ပြောင်တွေကို အမျိုးမျိုး ပြောင်းလဲယူတာက စိတ်ဝင်စားဖို့ မကောင်းဘူးလား"

"ဒါဆိုရင် စကားဝှက် ပျောက်သွားရင် ဘယ်လိုလုပ်မလဲ"

"အကောင့်အသစ် ထပ်ဖွင့်လိုက်လို့ရပါတယ်။ ဒါမှမဟုတ် စကားဝှက် မေ့သွားရင် လုံခြုံရေး မေးခွန်းတွေ ရှိပါတယ်။ ဒါကို ဖြည့်ချင်ရင် ဖြည့်လို့ ရတယ်" ကျန်းချောင်ယန်က ဖြေသည်။

အဲ~~ လုံခြုံရေး မေးခွန်း ရှိတာကို ဖုန်းယွီ မနေ့က တကယ် သတိမထားမိလိုက်ပါပေ။ "ဒီ လုံခြုံရေး မေးခွန်းကို မဖြစ်မနေ ဖြည့်ခိုင်းရမယ်။ ပြီးတော့ ရှုပ်ထွေးတဲ့ မေးခွန်းတွေ မထားသင့်ဘူး။ အဲဒီမေးခွန်းတွေကို အချိန်ကြာလာရင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး။ စကားဝှက် ပြန်ယူဖို့ နည်းလမ်းအချို့ ရှိသင့်တယ်။ ပထမတစ်ခုက ဖုန်းနံပါတ်။ ဒါကို ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး စစ်ဆေးကုတ် (Verification Code) ပို့ခိုင်းနိုင်တယ်။ ဖုန်းပိုင်ရှင်ဆီကနေ ဖြတ်ယူလို့ရတယ်။ ဒုတိယတစ်ခုက အီးမေးလ်အကောင့်။ ဒါကို Neteaseနဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ အီးမေးလ်ထဲကို စစ်ဆေးကုတ် ပို့ပေးနိုင်တယ်။ စစ်ဆေးကုတ်နဲ့ စကားဝှက်ကို ပြန်ပြင်နိုင်တယ်။ တတိယတစ်ခုက OQ နံပါတ်။ ဝန်ဆောင်မှုပေးတဲ့ အကောင့်တစ်ခုကနေ သူတို့ ချန်ထားခဲ့တဲ့ OQ နံပါတ်ကို စစ်ဆေးကုတ် ပို့ပေးနိုင်တယ်" ဖုန်းယွီက အကြံပြုသည်။

"မင်း ကိုယ်ချင်းစာတယ်လို့ မထင်ပါနဲ့။ ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်တဲ့အခါ ငါတို့က အကျိုးအမြတ် ခွဲဝေမှုတောင်းဆိုနိုင်တယ်။ သူတို့ရဲ့ ကုန်ကျစရိတ်က အဲဒီလောက် မများဘူး။ ငါတို့က သူတို့ရဲ့ ဝင်ငွေကို တိုးပေးနိုင်တာကြောင့် ခွဲဝေမှု တောင်းဆိုတာ သေချာပေါက် ရနိုင်တယ်။ အီးမေးလ်နဲ့ OQ နံပါတ်အတွက်ဆိုရင်တော့ သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း သူတို့ဆီက ကြော်ငြာခအချို့ကို တောင်းခံနိုင်တယ်" ဖုန်းယွီက ဆက်လက်ပြောပြသည်။

ကျန်းချောင်ယန်၏ လေသံက အားကျ နှစ်သက်မှု အပြည့်ဖြင့်ပြောလိုက်သည်။ "ဖုန်းသူဌေး၊ ခင်ဗျားကတော့ တကယ်ပဲ နည်းလမ်းရှိတယ်။ ဒီလိုလုပ်လိုက်ရင် ကျွန်တော်တို့ Sohuရဲ့ ဝင်ငွေက အကြီးအကျယ် တိုးလာနိုင်တာပဲ"

******

All Chapters