စမ်းသပ်ချက်
Vol. 21 Ch. 304
ဝမ်ကျားသည် ဝိုင်းရံခံထားရသော်လည်း မတုန်လှုပ်ခဲ့ချေ။ သူ့မျက်လုံးများက လူတိုင်းကို စစ်ဆေးလိုက်သည်။ သူ့အကြည့်က ကျိုးကျွင်းနှင့် ဖူဟို့တို့ထံ ခဏရပ်တန့်သွား၏။
“မူမမှန်ဖြစ်ရပ်တွေက မြို့တစ်မြို့လုံးမှာ ဖြစ်ပျက်နေပြီ ၊ ကပ်ဆိုးကြီးက ရောက်လာနေပြီ ၊ မင်းတို့ ကောင်းတဲ့အကောင်တွေက ငါ့ကိုဆန့်ကျင်ဖို့ အသုံးဝင်နိုင်ပေမယ့် သရဲတွေအတွက်ရော အသုံးဝင်ပါ့မလား”
ဝမ်ကျားက သူ့အကြည့်ကို ကျင်းထောင်ရှန်းထံ ပြန်လှည့်လိုက်သည်။
“ငါ မင်းကို ဘာအတွက်နဲ့မှ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး ၊ မင်းလိုက်ရှာနေတဲ့ စွမ်းအားက ငါ့အတွက်တော့ အမှိုက်တွေပဲ ၊ ငါက ငါ့အဖွဲ့သားတွေ အကြောင်းမဲ့ သေသွားမှာကို မလိုချင်ရုံပဲ”
သူက ပိုင်ရှောင်ထံ ပြန်လှည့်လိုက်သည်။
“ငါတို့ လုံခြုံရေးဌာနက လူမဆန်ဘူး ၊ သာမန်စုံစမ်းရေးမှူးတွေကိုတော့ အမြောက်စာတွေလို သဘောထားတယ်လို့ မင်းထင်နေမှာပေါ့ ၊ ဒါပေမဲ့ ငါတို့ကလည်း တခြားသူတွေလက်ထဲက ဓားတွေပဲ ၊ ဓားတစ်ချောင်းမှာ ခံစားချက်တွေ လိုအပ်လို့လား ၊ မလိုအပ်ဘူးလေ ၊ ထက်မြနေရင် ပြီးတာပါပဲ”
ဝမ်ကျားက သေတ္တာနက်ကို ကောက်ယူပြီး ထွက်သွားလိုက်သည်။
“မင်းစိတ်ပြောင်းသွားရင် ငါ့ဆီ အချိန်မရွေး လာရှာနိုင်တယ်”
ဝမ်ကျားတွင် မြူခိုးများကို ဖောက်ထွင်းမြင်နိုင်သည့် မျက်လုံးတစ်စုံရှိသည်။ ယင်းသည် သူ့အား အချို့အကြီးအကဲများက မလိုလားရသည့် အကြောင်းရင်းပင် ။အခန်းထဲမှာရပ်နေသော ပိုင်ရှောင်က သူ့ဓားကို ပြန်မသိမ်းခဲ့ပေ။ သူက ကျင်းထောင်ရှန်းကို သတိထားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီလူတွေထဲက တစ်ယောက်မှ လူကောင်းမဟုတ်ဘူး ။
“မင်းရဲ့ဓားကို လုပ်ဖော်ကိုင်ဖက်တွေကို စိန်ခေါ်ဖို့မဟုတ်ဘဲ သရဲတွေကို စိန်ခေါ်ဖို့ပဲ အသုံးပြုသင့်တယ်နော်”
ကျင်းထောင်ရှန်းသည် ပိုင်ရှောင်၏ လုပ်ဆောင်ချက်ကို ကျေနပ်နေ၏။
“အဖွဲ့ခေါင်းဆောင် ချန်းက ငါ့ကို အကုန်ပြောပြပြီးပြီ ၊ မင်းက လုံခြုံရေးအဖွဲ့လေးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တဲ့ သရဲနဲ့ ယှဉ်ပြိုင်နိုင်တယ် ၊ မင်းက မျိုးကောင်းမျိုးသန့်လေးပဲ ၊ မင်း ငါနဲ့အတူရှိနေရင် ဘယ်သူမှ မင်းဓားကို လာခိုးတော့မှာမဟုတ်ဘူး ၊ မူမမှန်မှုတွေထဲက မင်းရရှိခဲ့တဲ့ အရာအားလုံးဟာ မင်းအတွက်ပဲ ဖြစ်လိမ့်မယ်”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ”
ပိုင်ရှောင်သည် ကျင်းထောင်ရှန်းက သူ့အား လူသစ်စုဆောင်းနေသလို ခံစားလိုက်ရသည်။
“မင်းကို လုံခြုံရေးဌာနက ပစ်မှတ်ထားနေပြီ ၊ မင်းကို အခု ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့က ငါတို့ပဲရှိတယ်”
ကျိုးကျွင်းက အဖွဲ့ခေါင်းဆောင်ဝတ်စုံအသစ်ကို ဝတ်ဆင်ထားသည်။
“မြို့တော်အရှေ့ပိုင်းက အင်အားစုအသစ်တစ်ခု ပြန်တည်ဆောက်နေတယ် ၊ အခု ခင်ဗျားဝင်လိုက်ရင် အဓိကအဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်”
ကျိုးကျွင်းသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် ပိုင်ရှောင်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူသည် ပိုင်ရှောင်အပေါ် နက်ရှိုင်းသော အထင်အမြင်ရှိပေ၏။
“ခင်ဗျားက အခန်း ၁၃ က အဖွဲ့ဝင်မဟုတ်ဘူးလား”
“ကျုပ်က အဲ့ဒီ ခြောက်ခြားဂိမ်း ကစားသမားတွေနဲ့ မတူဘူး ၊ ကျုပ်ပန်းတိုင်က သူတို့အားလုံးကို ဖမ်းပြီး သုတေသနဌာနကို ပို့ဖို့ပဲ”
ကျိုးကျွင်း၏ မျက်လုံးများတွင် ရက်စက်မှုများ လင်းလက်သွားသည်။ သူသည် စီတုအန်းကို စွန့်ပစ်၍ ကျင်းထောင်ရှန်းအား အလုပ်အကျွေးပြုရန် ကတိပြုခဲ့သည်။ သူသည် သူ့သစ္စာရှိမှုကို သက်သေပြရန် သူ့အတန်းဖော်များကို အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာများ ပြုလုပ်ခဲ့သည်။ သူ့ဘေးရှိ ယွမ်ဟွေ့သည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေပုံရသည်။ သူတို့သည် သူတို့၏အတန်းဖော်များကို ကိုယ်တိုင်သတ်ခဲ့ကြသည်မှာ အလွန်ဖြစ်နိုင်ခြေများသည်။
“ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ အတန်းဖော်တွေကိုတောင် သတ်နိုင်ရင် ခင်ဗျားတို့လိုလူတွေကို ကျုပ်က ဘယ်လို ယုံကြည်နိုင်မှာလဲ”
ပိုင်ရှောင်သည် သူတို့နှင့် အလွန်အကျွံ အပြန်အလှန်ပြောဆိုဆက်ဆံခြင်းကို မလိုချင်ခဲ့ချေ။
“လူသတ်တာက ရိုးရှင်းပါတယ် ၊ သူတို့လုပ်ခဲ့တဲ့အရာတွေက လူသတ်တာတွေထက်တောင် ပိုဆိုးသေးတယ်”
ကျင်းထောင်ရှန်းက ရှားရှားပါးပါး ပြုံးလိုက်သည်။ သူ့အပြုံးသည် လူတွေကို ပျော်ရွှင်စေဖို့မဟုတ်ပဲ ကြောက်ရွံ့စေရုံသာ။
“ပိုင်ရှောင်၊ လီစန်းစုံစမ်းရေးဌာနကို မင်းစိတ်ပူစရာမလိုဘူး”
ချန်းယွင်ထျန်းက ရုတ်တရက် ပြောလိုက်သည်။
“မင်း အခုလောလောဆယ် ကျင်းထောင်ရှန်းနဲ့အတူ လိုက်သွားပြီး သူ့အမိန့်တွေကို နားထောင်သင့်တယ်”
ချန်းယွင်ထျန်းက ပိုင်ရှောင်အား ကာကွယ်ရန်အတွက် ထိုသို့ ပြောလိုက်ခြင်းပင်။ လုံခြုံရေးဌာနက မည်မျှအစွမ်းထက်သည်ကို သူသိပေသည်။
“အချိန်မဖြုန်းနဲ့တော့ ၊ မင်းရဲ့ဓားကို ယူပြီး ငါနဲ့ လိုက်ခဲ့”
ကျင်းထောင်ရှန်းက ပိုင်ရှောင်ကို ခေါ်ဆောင်၍ မြောက်ဘက်ဆိပ်ကမ်းမြို့သို့ ဦးတည်လိုက်သည်။ ကွင်းပြင်ကျယ်ကြီး ဘွားခနဲ ပေါ်မလာမီ သူတို့သည် အကြိမ်များစွာ ကွေ့ပတ်သွားခဲ့ရသည်။ ပင်လယ်ပြင်ကြီးရှိသင့်သည့် နေရာတွင် လူလုပ်မြို့တော်အသစ်တစ်ခု ရှိနေခဲ့သည်။
အရာအားလုံးသည် ရိုးရိုးရှင်းရှင်း ပုံစံမျိုးပင်။ နံရံကား အလွှာသုံးခု ရှိသည်။ ကင်းလှည့်အဖွဲ့အများအပြားက ၂၄ နာရီပတ်လုံး အလုပ်လုပ်နေကြသည်။ မြို့ထဲရှိ အပူချိန်မှာ အပြင်ဘက်ထက် ငါးဒီဂရီ ပိုမြင့်နေ၏။
“မင်းထိုင်ခုံအောက်က အနက်ရောင်ဦးထုပ်ကို ဆောင်းလိုက်”
ကျင်းထောင်ရှန်းက တည့်တိုးပြောလိုက်သည်။ ပိုင်ရှောင်က အမိန့်ကို လိုက်နာရန်သာ တတ်နိုင်ခဲ့သည်။ သို့သော်လည်း သူက ဓားကိုတင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ သူ ဦးထုပ်ဆောင်းလိုက်သည်နှင့် သူ့အာရုံခံစားမှုများ ဆုံးရှုံးသွားသည်။ ကားတံခါးများ ပွင့်သွားသည်နှင့် တစ်စုံတစ်ယောက်က သူတို့ကို ခေါ်ဆောင်သွားခဲ့သည်။ အပူချိန်ကား ဆက်လက် ကျဆင်းနေခဲ့သည်။ နာရီဝက်ခန့်ကြာပြီးနောက် ဦးထုပ်က သူ့အလိုလိုပွင့်သွားသည်ကို ပိုင်ရှောင် သတိထားမိလိုက်သည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ့အဆုတ်ထဲတွင် ရေခဲများဖြစ်ပေါ်လာသလို ခံစားလိုက်ရသည်။
ကျင်းထောင်ရှန်းနှင့် ကျိုးကျွင်းတို့ မရှိတော့ချေ။ သူ့ပတ်ဝန်းကျင်တွင် ယူနီဖောင်းဝတ် စုံစမ်းရေးမှူး ကိုးဦးသာ ရှိနေသည်။ သူတို့သည် လက်နက်မဲ့ဖြစ်ပြီး သူတို့၏ ယူနီဖောင်းများပေါ်တွင် ကုဒ်များရှိသည်။
“သူ နောက်ဖေးတံခါးကနေ ဝင်လာတာလား ၊ ဘာလို့ သူက သူ့လက်နက်ကိုင်ခွင့်ရတာလဲ”
ကြောက်စရာအကောင်းဆုံးဖြစ်သည့် စုံစမ်းရေးမှူးက သူ့ပါးစပ်မှ သွေးများ ထွေးထုတ်လိုက်ရင်း သူ့ဒဏ်ရာများကို စစ်ဆေးဟန်ဆောင်ကာ ကျန်လူကိုးဦးကို ကြည့်လိုက်သည်။
ပိုင်ရှောင်သည် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ သူသည် မူမမှန်မှုများထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ခဲ့ဖူးသည်။ သူရှိနေသော အခန်းသည် သူ့အား အရိပ်ကမ္ဘာထဲ ရှိနေသလို ခံစားစေရလေသည်။
ထောင့်မှ တံခါးပွင့်လာသည်။ တံခါးနောက်ရှိ လှေကားသည် ဟောင်းနွမ်းနေသော တောင်ပေါ်အိမ်လေးတစ်လုံးဆီသို့ ဆင်းသွားခဲ့ခြင်းဖြစ်သည်။
“စမ်းသပ်မှု စတင်ပြီ”
ကျင်းထောင်ရှန်း၏ အသံက အနက်ရောင်ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာခဲ့သည်။ ကျန်စုံစမ်းရေးမှူးများက ချက်ချင်းပင် အိမ်ဟောင်းဆီသို့ အပြေးအလွှားသွားလိုက်ကြသည်။ ပိုင်ရှောင်နှင့်အခြားစုံစမ်းရေးမှူးနှစ်ဦးသာ အလျင်စလိုမလုပ်ခဲ့ကြချေ။
“ဒီစမ်းသပ်မှုက ဘာများလဲ”
ပိုင်ရှောင်ကား ဘာတစ်ခုမှ မသိပါပေ။ ပိုင်ရှောင်နှင့် နီးကပ်နေသော ဒဏ်ရာရ စုံစမ်းရေးမှူးက သူ့စိတ်ရှုပ်ထွေးမှုကို ကြားလိုက်ရသဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာ၏။
“ဒါက သုတေသနစင်တာရဲ့ မြေအောက်ခန်းပဲ ၊ ငါတို့က တတိယအဆင့် သရဲတက်တူးစမ်းသပ်မှု အလယ်မှာ ရောက်နေတာပဲ ၊ ဒဏ္ဍာရီတွေအရ အိမ်ဟောင်းထဲမှာ နတ်ဘုရားအသားတစ်ပိုင်း ရှိတယ်လို့ ပြောကြတယ်”
စုံစမ်းရေးမှူးက ညည်းညူလိုက်သည်။
“ဒီစမ်းသပ်မှုကို အောင်မြင်တဲ့သူတိုင်း မြောက်ပိုင်းမြို့တော်ထဲကို ပြောင်းရွှေ့နိုင်ရုံသာမက အတိတ်က ရာဇဝတ်မှုတွေကိုလည်း ခွင့်လွှတ်ပေးလိမ့်မယ်”
“ရာဇဝတ်မှုတွေလား”
“ဟန်ဆောင်တာ နားလိုက်စမ်းပါ ၊ ဒီမှာရှိတဲ့ ဘယ်သူကမှ လူနည်းနည်း မသတ်ဖူးတာ ရှိလဲ ၊ ငါတို့ကို အပြစ်တင်လို့တော့ မရပါဘူး ၊ ငါတို့ကို ဖျက်ဆီးခဲ့တာက မူမမှန်မှုတွေပဲလေ”
စုံစမ်းရေးမှူးက သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။
“နတ်ဘုရားအသားက ဘယ်လိုအရသာရှိမလဲ မသိဘူး”
ပိုင်ရှောင် ထပ်မရှင်းပြတော့ပေ။ သူက အိမ်ဟောင်းကို စိုက်ကြည့်လိုက်သည်။
“ဟန်ဟိုင်းက လုံခြုံရေးအဖွဲ့ဝင်တွေက ဒီစမ်းသပ်မှုတွေကို အောင်မြင်တာနဲ့ သရဲတွေနဲ့ တိုက်နိုင်မယ့် စွမ်းအားကို ရကြတာလား”
“သရဲတက်တူးစမ်းသပ်မှုမှာ အဆင့်လေးဆင့်ရှိတယ် ၊ မင်း ဒုတိယအဆင့်ကို အောင်မြင်ရင် လုံခြုံရေးဌာနကို ဝင်လို့ရပြီ ၊ဒါပေမဲ့ ငါတို့လို ပြစ်မှုကြီးတဲ့သူတွေအတွက်တော့ ဒီတတိယအဆင့် စမ်းသပ်မှုကို အောင်မြင်မှရမယ်”
စုံစမ်းရေးမှူးသည် သူ့ကျောပေါ်မှ နံပါတ်ကိုးကို ဆွဲချလိုက်သည်။ သူက တောင်ပေါ်အိမ်ထဲသို့ မဝင်ဘဲ တခြားစုံစမ်းရေးမှူးကို ပစ်မှတ်ထားလိုက်သည်။
“နတ်ဘုရားအသား ၊ သရဲတက်တူး”
ပိုင်ရှောင်သည် သုတေသနဌာနအကြောင်းအား မကြားဖူးခြင်း မဟုတ်ပေ။သို့သော်ငြား ယခုကဲ့သို့ စမ်းသပ်မှုတွင် ပါဝင်ရသည်ကတော့ ပထမဆုံးအကြိမ်ပင်။ယင်းသည် သူထင်ထားသည်နှင့် တခြားစီပင်။
“အရင်က ငါ့လို သာမန်စုံစမ်းရေးမှူးမျိုးက ဌာနချုပ်ကိုဝင်ဖို့တောင် အခွင့်အရေးမရှိဘူး ၊ ဟန်ဟိုင်းက အခြေအနေက တော်တော်ဆိုးနေပုံရတယ်”
ပိုင်ရှောင်သည် သူ့ဓားဖြင့် အိမ်ဟောင်းထဲသို့ ဝင်ရောက်သွားသည်။ သူ့ လှုပ်ရှားမှုတိုင်းသည် ဂရုတစိုက် စောင့်ကြည့်ခံနေရသည်ကို သူ လုံးဝမသိခဲ့ချေ။
စမ်းသပ်ဧရိယာအပြင်ဘက်တွင် ကျင်းထောင်ရှန်းနှင့် အဖြူရောင်လက်ပတ်ပါသော သုတေသီအနည်းငယ်က မျက်နှာပြင်ကို သေချာကြည့်ရှုနေကြသည်။ သူတို့သည် ပိုင်ရှောင်၏ အချက်အလက်အားလုံးကို စုဆောင်းထားခဲ့ကြပြီးဖြစ်သည်။
“ပိုင်ရှောင်ရဲ့ ကိုယ်ရေးအချက်အလက်တွေက ပြဿနာမရှိဘူး ၊ ဒါပေမဲ့ သူ့ရဲ့ မူမမှန်မှုတွေထဲက သူ့မှတ်တမ်းတစ်စိတ်တစ်ပိုင်းက ဖျက်ပစ်ခံထားတယ်”
“အဲ့တာကို ပြန်ရအောင် ကြိုးစားကြည့်ပါ ၊ မရရင်လည်း ရတယ်”
ကျင်းထောင်ရှန်းက လက်ဝှေ့ယမ်းလိုက်သည်။ စခရင်ပေါ်တွင် လူတစ်ရာခန့်က စမ်းသပ်မှုများတွင် ပါဝင်နေခြင်းဖြစ်သည်။ ဌာနချုပ်သည် စုံစမ်းရေးမှူးများကို သရဲတက်တူးစွမ်းအားအား ဖြည်းဖြည်းချင်း အသားကျစေရန် အချိန်မရှိတော့သောကြောင့် တိုက်ရိုက်အဖြစ်ဆုံးနှင့် သွေးထွက်အများဆုံးဖြစ်သော စစ်ထုတ်နည်းကို အသုံးပြုခဲ့ကြသည်။
“ဒီတစ်ကြိမ်တော့ အသက်ရှင်နှုန်းက ၇ ရာခိုင်နှုန်းထက် ပိုများမယ်လို့ မျှော်လင့်တယ်”