← Chapters

ဆိုးယုတ်မှု

Vol. 21 Ch. 306

ဆိုးယုတ်မှု

Vol. 21 Ch. 306

ခင်းထားသော အိပ်ရာမှာ လုံးဝပြန့်ပြူးနေသည်။ အခင်းသည် လုံးဝ တွန့်ကြေနေခြင်းမရှိပေ။ ပင်မအိပ်ခန်းထဲမှာ တိုက်ခိုက်ခဲ့သည့် လက္ခဏာတစ်စုံတစ်ရာလည်း မရှိခဲ့ချေ။ အရာအားလုံးသည် အရင်အတိုင်းလိုပင် ရှိနေခဲ့သည်။

“သူတို့ ဘယ်ရောက်သွားကြတာလဲ”

ပိုင်ရှောင်က သူ့ခန္ဓာကိုယ်ကို နှိမ့်လိုက်သည်။ ပင်မအိပ်ခန်းထဲရှိ အရာအားလုံးသည် ပုံမှန်ရှိနေသော်လည်း သူ ဖိနှိပ်ခံနေရသလို ခံစားနေရသည်။ယင်းသည် တစ်စုံတစ်ယောက်က သူ့ခေါင်းကို ရေထဲ ဖိထားသလိုမျိုး ဖြစ်နေ၏။ သူ မည်မျှပင် ရုန်းကန်ရုန်းကန် ဆုပ်ကိုင်စရာမည်သည့်အရာမှ ရှာမတွေ့ခဲ့ချေ။ အလင်းရောင်တစိုးတစိမှ မရှိသောကြောင့် အဝတ်ဗီရိုသည် အမှောင်ထဲတွင် အရိပ်တစ်ခုမျှသာ ဖြစ်နေ၏။ထောင်မတ်ရပ်နေသော ခေါင်းတလားတစ်ခု သို့မဟုတ် ဘေးကပ်ဆိုးများ ထုတ်လွတ်နိုင်သော ပန်ဒိုရာသေတ္တာတစ်လုံးလိုပင်။

မှတ်စုကို တံခါးထောင့်မှာ ညှပ်ထား၏။ သူ့အကြည့်ထဲတွင် မဖွင့်ရဟူသည့် စာလုံးများက တွားသွားနေခဲ့သည်။ ပိုင်ရှောင် သတိဝင်လာသောအခါ သူ့လက်များက ဗီရိုပေါ်မှာ ရှိနှင့်နေလေပြီ။

“မဟုတ်ဘူး ၊ ငါ ဒါကို ဖွင့်လို့မဖြစ်ဘူး”

သူ၏ သန်မာသော ကိုယ်စိတ်စွမ်းအားက ပိုင်ရှောင်အား သတိကပ်နေစေခဲ့သည်။ သူ အဝတ်ဗီရိုနှင့် ဝေးရာသို့ ရွေ့သွားချင်နေသော်လည်း အိပ်ခန်းမှ လှည့်ထွက်သောအခါ တစ်ခုခု မှားနေသည်ကို သူခံစားလိုက်ရသည်။ ဗီရိုတံခါးများကြားက အဟမှာ ကျယ်လာခဲ့ခြင်းပင်။ ဗီရိုထဲတွင် သူ့ကို ကြည့်နေသည့် မျက်လုံးတစ်လုံး ရှိနေခဲ့ခြင်းဖြစ်သည်။

ဖန်ခွက်တစ်ခွက် ကြမ်းပြင်ပေါ် ကျကွဲသွားခဲ့သည်။ ပိုင်ရှောင်က မီးဖိုချောင်ဘက်သို့ လှည့်လိုက်သည်။ ဖန်ကွဲစများကြားမှာ အနက်ရောင်အရည်များ စီးကျနေ၏။ ထို့နောက် နံရံများပေါ်တွင် အနက်ရောင်မှိုပွင့်များ အများအပြား ပေါက်လာသည်ကို သူ သတိထားမိလိုက်သည်။ ထိုအရာများသည် ပိုဆိုးသည့် အရာများ ရောက်လာတော့မည်ကို အရိပ်အမြွက်ပြနေခြင်းဖြစ်သည်။ အနက်ရောင် မှိုပွင့်များက အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ပိုင်ရှောင် ထွက်သွားရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက်ဆိုသလိုပင် ဧည့်ခန်းတံခါးက ပိတ်သွားခဲ့သည်။ ဆိုဖာအောက်မှ တစ်စုံတစ်ခုက ပိုင်ရှောင်ကို ဆွဲဆုပ်လိုက်သည်။ ပိုင်ရှောင် ဆိုဖာအား ကန်လှဲပစ်လိုက်ရာ အောက်တွင် ဘာမှ ရှိမနေခဲ့ချေ။

အိမ်ဟောင်း၏အန္တရာယ်အဆင့်သည် စက္ကန့်အနည်းငယ်အတွင်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ မူမမှန်မှုအမျိုးမျိုး ဖြစ်ပေါ်လာခဲ့သည်။ ယင်းသည် လုံးဝ ပုံမှန်မဟုတ်ခဲ့ချေ။

“နံပါတ် ၄ ပျောက်သွားပြီးတော့ အပူချိန်ကျလာပြီး လူတွေ ပိုပျောက်သွားတယ် ၊ သူတို့က တကယ်ပဲ ယဇ်ပူဇော်ခံလိုက်ရတာလား”

ထွက်လမ်းအား ပိတ်ဆို့ထားခဲ့သည်။ ဧည့်ခန်းထဲရှိ နာရီမှာ ဒင်ခနဲမြည်သွားသည်။ စက္ကန့်လက်တံသည် သေမင်း၏အပြုံးမျက်နှာအား ထွင်းထုနေပေသည်။ ပြတင်းပေါက်မှ လေစိမ်းများ တိုက်ခတ်ဝင်ရောက်လာခဲ့သည်။ အမျိုးသမီးအခန်းတွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တစ်ကိုက်ကိုက်ခံထားရသည့် ငါးရှင်တစ်ကောင်မှာ မြေပြင်ပေါ်တွင် တဖျတ်ဖျတ်ခုန်ပေါက်လျက်။ တောင်ပံတစ်ဖက် ပျောက်ဆုံးနေတဲ့ ငှက်တစ်ကောင်အား တစ်စုံတစ်ရာက ဖမ်းဆုပ်ထားသည်။ ထိုအိမ်ဟောင်းရှိ မည်သည့်အရာတစ်ခုမှ ပုံမှန်မဟုတ်ခဲ့ချေ။

အမည်မသိ တစ်စုံတစ်ခုက အရာအားလုံးကို ထိန်းချုပ်ထား၏။ နေရာအနှံ့တွင် သရဲများ နိုးထလာနေကြသည်။

သူ့မျက်နှာအား အေးစက်စက်လေပြင်းတစ်ချက် ပွတ်သပ်သွားခဲ့သည်။ ပိုင်ရှောင်က သူ့ဓားကို လွှဲခုတ်လိုက်သည်။ ဆံပင်အများအပြား မြေပြင်ပေါ်ကို ပြတ်ကျသွားခဲ့သည်။ သူ ပစ်မှတ်ထားခံနေရမှန်း သူသိလိုက်သည်။

“ထွက်လာခဲ့စမ်း ၊ သရဲဆိုရင် လူသားတစ်ယောက်ကို ဘာလို့ ကြောက်နေတာလဲ”

ပိုင်ရှောင်ဟူသည်မှာ လက်နက်မဲ့ဖြစ်နေစဉ်အခါကပင် အဆင့် ၃ မူမမှန်မှုထဲ ဝင်ရောက်ရန် ရဲ့ရင့်ခဲ့သူဖြစ်သည်။ ယခုတွင်မူ သူတွင် သရဲများကို ဒဏ်ရာရစေနိုင်သည့် ဓားတစ်လက်ရှိနေလေပြီ။ ယင်းသည် သူမကြောက်တတ်၍ မဟုတ်ဘဲ ကြောက်ရွံ့မှုကို စွမ်းအားအဖြစ် မည်သို့ ပြောင်းလဲရမည်ကို သူ သိနေခဲ့သောကြောင့်ပင်။တယ်လီဗေးရှင်းမှ တဂျစ်ဂျစ်အသံ ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ယင်းမှာ သူ့အလိုလို ပွင့်သွားခဲ့သည်။

တဖျတ်ဖျတ်ဖြစ်နေသော စခရင်သည် မျက်တောင်ခတ်နေသည့် မျက်လုံးတစ်စုံနဲ့တူ၏။ ထို့နောက် စခရင်ပေါ်တွင် စုံစမ်းရေးမှူးများ၏ မျက်နှာများ ပေါ်လာလေသည်။ သူတို့သည် လူသေမျက်လုံးများဖြင့် ပိုင်ရှောင်အား စိုက်ကြည့်နေကြ၏။ သူတို့ နှုတ်ခမ်းများသည် လှုပ်ရှားနေပြီး သူ့ကို သူတို့နှင့် ပူးပေါင်းရန် ဆင့်ခေါ်နေသလိုမျိုးပင်...။

အိပ်ခန်းကနေ သွားကြိတ်သံများ တကျိကျိထွက်ပေါ်လာလေသည်။ အနက်ရောင် မှိုပွင့်များ ဆက်လက် ပျံ့နှံ့နေခဲ့သည်။ ပိုင်ရှောင်က တံခါးကို ခုတ်ထစ်ရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာဖြစ်သည်။ သူကား အခန်းထဲတွင် ပိတ်မိနေလေပြီ။ သွားကြိတ်သံကား ပို၍ အန္တရာယ်များလာလေပြီ။ နံရံများက စတင်နီးကပ်လာတော့သည်။ အနက်ရောင် မှိုပွင့်များသည် ပိုင်ရှောင်၏အရေပြားပေါ်တွင် ကြီးထွားရန် ကြိုးစားနေကြသည်။

“ရှေ့ဆက်သွားဖို့ လမ်းတစ်ခုပဲ ရှိတော့တယ်”

ပိုင်ရှောင်က ဓားကို မြှောက်လိုက်ပြီး ပင်မအိပ်ခန်းထဲသို့ ဝင်၍ ဗီရိုရှေ့တွင် ရပ်လိုက်သည်။

“မင်းလုပ်ခဲ့သမျှ အရာအားလုံးက ငါ့ကို ဒီ အဝတ်ဗီရိုဖွင့်ကို အတင်းအကျပ် ဖွင့်ခိုင်းတာပဲ ၊ မင်း ထပ်သေချင်နေတာလား”

ဓားတစ်ချက် ခုတ်လိုက်သည်နှင့် တိပ်များ ပြုတ်ကျသွားခဲ့သည်။ မွန်းကြပ်ဖွယ် ရယ်သံနှင့်အတူ ဗီရိုထဲမှ ဖျော့တော့နေသည့် အသက်ရှူသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆုံးမဲ့ ဆိုးယုတ်မှုများသည် ဗီရိုထဲမှ ဆန့်ထွက်လာသော နွယ်ပင်လက်တံများအဖြစ် အကောင်အထည်ပေါ်လာခဲ့လေသည်။

အမှောင်ထဲမှ မတူညီတဲ့ စုံစမ်းရေးမှူးများ၏ တီးတိုးသံများ ထွက်ပေါ်လာလေသည်။ ဗီရိုပွင့်သွားသည့်အခိုက်အတန့်တွင် အိမ်တစ်အိမ်လုံး အခြားကမ္ဘာတစ်ခုထဲ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

“မင်း ဘာလို့ ငါတို့ကို မကယ်တင်ခဲ့တာလဲ ၊ မင်းတစ်ယောက်တည်း ဘာလို့ အသက်ရှင်နေခဲ့တာလဲ”

“မင်း ငါတို့ကို သတ်လိုက်တာ မဟုတ်လား ၊ မင်းကို လက်နက်နဲ့ စမ်းသပ်မှုထဲ ဝင်ဖို့ ဘယ်သူက ခွင့်ပြုချက်ပေးခဲ့တာလဲ”

“မင်း ထွက်သွားလို့မရဘူး ၊ မင်း ငါတို့နဲ့အတူ နေရမယ်”

အသံများက ချွန်ထက်လာခဲ့သည်။ သူတို့၏ မိုက်မဲမှုကြောင့် သူတို့၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေခဲ့သော်ငြား သူတို့သည် အပြစ်အားလုံးကို အသက်ရှင်ကျန်ရစ်သူအပေါ် လွှဲချခဲ့ကြသည်။ တိုးမြင့်လာနေသော ဆိုးယုတ်မှုထဲမှုတွင် စုံစမ်းရေးမှူးများ၏ ခန္ဓာကိုယ်များက ရွှံ့ပုံတစ်ပုံကဲ့သို့ တစ်ခုနဲ့တစ်ခု ကပ်နေခဲ့ကြသည်။ သူတို့၏လူသားဆန်မှုကား ဆုံးရှုံးခဲ့ကြချေပြီ။ ဆိုးယုတ်သည့် လက်တံများသည် သူတို့ဆီမှ ကြီးထွားနေကြတော့သည်။

“မင်း ထွက်သွားလို့မရဘူး ၊ ငါတို့နဲ့အတူ နေစမ်း”

လက်တံများက အနက်ရောင်အရည်များ တစိမ့်စိမ့်ကျနေ၏။ ထိုအရည်များကြောင့် ညစ်ညမ်းသွားသည့် နေရာများတွင် အနက်ရောင် မှိုပွင့်များ ထူထပ်စွာ ပေါက်လာလိမ့်မည်ဖြစ်သည်။ မှိုပွင့်များသည် ဆိုးယုတ်ခြင်းကို ပိုမို ပျံ့နှံ့စေပေသည်။

“ဒီက သရဲက လူ့နှလုံးသားထဲက ဆိုးယုတ်တဲ့စိတ်ကို ထိန်းချုပ်နိုင်တယ် ၊ သူ့ကို သတ်ဖို့အတွက် ဒီ ဆိုးယုတ်တဲ့လူတွေနဲ့ ငါ ဖြေရှင်းမှ ရမယ်”

နည်းစနစ်ကျကျဆိုရလျှင် ဗီရိုထဲရှိ စုံစမ်းရေးမှူးများသည် လူသားများ မဟုတ်တော့ချေ။ သူတို့၏ ပေါင်းစပ်နေသော ခန္ဓာကိုယ်များသည် တစ်ယောက်ကိုတစ်ယောက် ဆွဲချနေခဲ့ကြသည်။ သူတို့၏ ဆိုးယုတ်သည့်စိတ်များမှာ အတူတကွပေါင်းစပ်၍ ချိတ်ဆက်ထားသည်။ သူတို့သည် သူတို့ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မုန်းတီးနေကြခြင်းဖြစ်သည်။

“ငါ မင်းတို့ကို အနားယူခွင့်ပေးမယ်”

ပိုင်ရှောင်တွင် ထွက်ပြေးရန် အတွေးမရှိပါပေ။ သူ ပထမဆုံးအကြိမ် မူမမှန်မှုထဲ ဆွဲသွင်းခံရသောအခါ သေရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူ မသေဆုံးရှိမီ အစွမ်းထက်သည့် သရဲတစ်ကောင်အား သတ်ပစ်လိုက်တာမျိုးဖြင့် ပိုတန်ဖိုးရှိသော သေဆုံးမှုဖြစ်ရန်သာ မျှော်လင့်သည်။

လက်တံများ ရိုက်ချလာခဲ့သည်။ ပိုင်ရှောင် ရှောင်တိမ်းခြင်း မရှိခဲ့ပေ။ သူ မျက်လုံးများပင် မှိတ်လိုက်သေးသည်။ ဓားရိုးကို ကိုင်လိုက်ပြီး သူ့စိတ်ကို ဓားထဲကို နှစ်မြှုပ်လိုက်သည်။ အရိပ်အစအနများက ဓားပေါ်သို့ တွားသွားတက်လာပြီး ဓားတစ်ချောင်းလုံး လွှမ်းခြုံသွားသည်အထိ ဖြစ်သွားခဲ့သည်။

ဒေါက်တာလုနှင့် စီတုအန်းတို့ ချင်ဂီအတွက် ထိုဓားကို ဖန်တီးစဉ်က သူတို့သည် ထက်မြိခြင်းဟူသည် ဂုဏ်သတ္တိတစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့ကြသည်။

သက်ရှိတွေ ကိုင်ဆောင်ထားတဲ့အခါ ဓားက အရိပ်တွေထဲက သရဲတွေကို သတ်ဖြတ်ဖို့ သုံးနိုင်တယ်။

ပိုင်ရှောင်က ချင်းဂီနှင့် လုံးဝ ကွဲပြားသည့် တိုက်ခိုက်ရေးပုံစံကို ပြသလိုက်သည်။ လေကို အသုံးပြု၍ သူ့ရန်သူ၏ ဦးတည်ရာကို ဆုံးဖြတ်ခြင်းပင်။ ဗီရိုအား တိုက်ခိုက်လိုက်သည်။ လက်တံများ ပြတ်တောက်သွား၏။ ဓားက စုံစမ်းရေးမှူးများ၏ လည်ပင်းနားတွင် လျှပ်တစ်ပြက် လင်းလက်သွားခဲ့သည်။ ခေါင်းနှစ်လုံး ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။

ကြမ်းပြင်ပေါ်မှ ဦးခေါင်းများက ဆက်လက် ကျိန်ဆဲနေကြသည်။ သူတို့၏ ဒဏ်ရာများမှ ဆိုးယုတ်သည့်စိတ်များ ပိုမို စိမ့်ထွက်လာလေသည်။ ဆိုးယုတ်သည့်စိတ်များက သစ်မြစ်များကဲ့သို့ ပျံ့နှံ့လာပြီး ပိုင်ရှောင်ထံ တွားဝင်သွားကြသည်။

“ငါ့မှာ နောက်ထပ် ငါးစက္ကန့်လောက် အချိန်ရှိသေးတယ်”

သူ့မျက်နှာပေါ်ရှိ တည်ငြိမ်သည့် အပြုံးတစ်ခုဖြင့် ပိုင်ရှောင်က နောက်ထပ် စက္ကန့်အနည်းငယ်ကြာအောင် ခုတ်ပိုင်းနေခဲ့သည်။ အသွေး အသားများမှ နေရာတိုင်း ပေါက်ကွဲပျံ့နှံ့နေခဲ့သည်။ ဗီရိုတံခါးတွင် ကြီးမားသည့် ဒဏ်ရာတစ်ခု ပေါ်လာတော့သည်။ သန္ဓေပြောင်း စုံစမ်းရေးမှူးများ၏ ခန္ဓာကိုယ်များ ဖျက်ဆီးခံလိုက်ရသော်လည်း ဆိုးယုတ်မှုမှာ ပျောက်ပျက်မသွားနိုင်သေးပေ။ဆိုရလျှင် ပို၍ပင် ပြင်းထန်လာနေခြင်းဖြစ်သည်။

သေးငယ်သော လက်တံတစ်ခုက သူ့ ခြေကျင်းဝတ်ပတ်လည်တွင် ရစ်ပတ်သွားခဲ့သည်။ ပိုင်ရှောင် နောက်ဆုံး မကောင်းဆိုးဝါး၏ ရင်ဘတ်အာား ထိုးဖောက်လိုက်ပြီးချိန်တွင် သူဗီရိုထဲ ရောက်နေပြီကို သိလိုက်ရသည်။

ဗီရိုသည် အပြင်ဘက်၌ သေးငယ်နေသော်လည်း အတွင်းမှာတော့ မှောင်မိုက်နေသည့် ဥမင်လိုဏ်ခေါင်းတစ်ခုလို ဖြစ်နေလေ၏။ သေဆုံးသွားသော စုံစမ်းရေးမှူးများ၏ စုတ်ပြဲနေသော ယူနီဖောင်းများ ၊ ဆုတ်ခြေခံထားရသည့် အလောင်းများသည် လမ်းတစ်လျှောက်တွင် တွဲလောင်းချည်နှောင်ခံထားရသည်။

အိမ်ဟောင်းသည် စမ်းသပ်မှုနေရာအဖြစ် အကြိမ်ပေါင်းများစွာ ရှိနေခဲ့သည်။ သုတေသီများသည် ထိုနည်းလမ်းကို အသုံးပြု၍ ဗီရိုထဲရှိ ထိုကံမကောင်းစေသော ဖြစ်တည်မှုအား အစာကျွေးနေခဲ့ကြခြင်းပင်။

All Chapters