မြေပုံ
Vol. 21 Ch. 308
ကျင်းထောင်ရှန်းသည် ထိုနတ်ဘုရားအသားတစ်ပိုင်းကို လက်လျှော့ထားခဲ့ပြီး ဖြစ်သော်လည်း အခြေအနေက ပြောင်းလဲသွားခဲ့သည်။
နံပါတ် ၉ ၏ ဝိညာဉ် ပျက်စီးသွားကြောင်း သေချာပြီးနောက် သူသည် သူ့လက်ကောက်ဝတ်ပေါ်ရှိ အဖြူရောင်ဆက်သွယ်ရေးစက်အား ထိတွေ့လိုက်ပြီး အမိန့်ပေးလိုက်သည်။
“ပိုင်ရှောင်က အဆင့် ၃ စမ်းသပ်မှုကို အောင်မြင်သွားပြီ ၊ ကယ်ဆယ်ဖို့ ပြင်ဆင်ကြစမ်း!”
စောင့်ဆိုင်းနေသော လုံခြုံရေးအဖွဲ့ဝင်များသည် မြေအောက်သို့ အလျင်အမြန် ပြေးဆင်းသွားခဲ့ကြသည်။ ပိုင်ရှောင်သည် ဆိုးယုတ်သည့်စိတ်အားလုံးကို တစ်ဦးတည်း ထိန်းထားခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးအဖွဲ့ဝင်များမှာ မည်သည့် သက်ရောက်မှုမှ မခံခဲ့ရဘဲ အိမ်ဟောင်းထဲသို့ အလွယ်တကူ ဝင်ရောက်သွားကြသည်။ သူတို့သည် အဝတ်ဗီရိုအနီးသို့ တိုက်ရိုက် မချဉ်းကပ်ခဲ့ကြချေ။ ထိုအစား သူတို့က နှစ်ယောက်တစ်တွဲ အဖွဲ့ခွဲလိုက်ပြီး ဖုန်ရွှေ အစီအစဉ်ကို ဖျက်ဆီးရန်အတွက် အခန်းအတွင်းရှိ ပရိဘောဂများကို ပြန်လည် စီစဉ်လိုက်ကြသည်။ ထို့နောက် ဗီရိုအား ပင်မအိပ်ခန်းထဲမှ ဆွဲထုတ်ရန်အတွက် အလောင်းဆီသုတ်ထားသော ကြိုးတစ်ချောင်းကို ထုတ်လိုက်ကြသည်။ ဗီရိုအား အိမ်ဟောင်းထဲမှ လုံးဝဆွဲထုတ်ပြီးသောအခါမှသာ အဖွဲ့ဝင်များသည် ရှေ့သို့ တိုးလာပြီး ဗီရိုတံခါးများကို ဖွင့်ရန် သတ္တိရှိလာခဲ့ကြသည်။
ဆိုးယုတ်မှုနှင့် အရိပ်သည် ချောက်နက်ထဲတွင်ရှိသော သန္ဓေပြောင်း ပန်းတစ်ပွင့်နှယ် ဖြစ်သည်။ တံခါးများ ဖွင့်လိုက်သောအခါ ယင်းသည် ပွင့်ဖူးလာခဲ့သည်။ ယင်း၏ ပန်းပွင့်ဖတ်များ ပွင့်လန်းလာခဲ့ပြီး မြေအောက်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပိုင်ရှောင်သည် ထိုပန်း၏ အလယ်တွင် လဲလျောင်းနေခဲ့သည်။
သူ့မျက်နှာပေါ်တွင် အခြားစုံစမ်းရေးမှူးများ၏ မျက်နှာများ တဖျတ်ဖျတ် ဖြတ်ပြေးသွားခဲ့သည်။ သူသည် စိတ်ကူးမယဉ်နိုင်လောက်သော နာကျင်မှုအောက်တွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးရန် တစ်နာရီကြာမြင့်ခဲ့လေသည်။
ဆိုးယုတ်မှု၏ ပန်းပွင့်မှာ ညှိုးနွမ်းစပြုလာလေသည်။ ဆိုးယုတ်သည့်စိတ်အားလုံးသည် ပိုင်ရှောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။ ယင်းက သူ့နှလုံးသားထဲတွင် အမြစ်တွယ်သွားခဲ့ပြီး သရဲတက်တူးများစွာကို သူ့ရင်ဘတ်ပေါ်တွင် ခတ်နှိပ်လိုက်သည်။ ပိုင်ရှောင် အော်ဟစ်လိုက်သောအခါ ညှိုးနွမ်းနေသော ဆိုးယုတ်မှု၏ပန်းပွင့်တက်တူးက ပိုမို ရှင်းလင်းလာခဲ့သည်။ ပိုင်ရှောင်ကား နတ်သားအသားတစ်ပိုင်းနှင့် အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ချေပြီ။ သူသည် ဆိုးယုတ်သည့်စိတ်၏ အနိုင်ယူခြင်းကို မခံခဲ့ရပဲ သူ့ခန္ဓာကိုယ်အား ထိန်းချုပ်မှုရှိနေဆဲ ဖြစ်သည်။
သုတေသီများက လက်ရာမြောက်သော အနုပညာအပိုင်းအစတစ်ခုကို လေးစားအားကျသည့်နှယ် ပိုင်ရှောင်ဆီသို့ လျှောက်လာကြသည်။
“ကမ္ဘာသစ်ဆီသွားမယ့် လက်မှတ်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်”
ကျင်းထောင်ရှန်း၏ လှပသော မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ကခုန်နေခဲ့သည်။
“ဒါပေမဲ့ ပြည့်စုံတဲ့ နတ်ဘုရားတက်တူးကို ရဖို့နဲ့ အဖွဲ့လေး လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို ကျော်နိုင်မယ့်စွမ်းအား ရဖို့အတွက် မင်းအဆင့် ၄ စမ်းသပ်မှုမှာ ပါဖို့ လိုအပ်နေသေးတယ်”
ပိုင်ရှောင်သည် နတ်ဘုရားရုပ်အလောင်း၏ အပိုင်းအစကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဆိုးယုတ်သည့်စိတ်ကို အပြည့်အဝ ထိန်းချုပ်ပြီး ကေ (K) ကဲ့သို့ အဆင့်ကို ရောက်ရှိရန် သူပိုလိုအပ်ပေသည်။ လုံးဝမောပန်းနွမ်းနယ်နေသော ပိုင်ရှောင်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အိမ်ဟောင်းသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုသုတေသီများတွင် စုံစမ်းရေးမှူးများအား ကယ်တင်ရန် အခွင့်အရေး အားလုံး ရှိခဲ့သော်လည်း သူတို့သည် ထိုသို့ မလုပ်ခဲ့ရုံသာမက နတ်ဘုရားရုပ်အလောင်းကို မွေးထုတ်ပေးရန်အတွက် အိမ်ဟောင်းကို ယဇ်ပလ္လင်အဖြစ် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ခဲ့ကြခြင်းဖြစ်သည်။
“ယီးပဲ”
ပိုင်ရှောင်သည် တစ်ကြိမ် ကျိန်ဆဲပြီးနောက် မေ့လဲသွားခဲ့သည်။
“သူ့ကို ဌာနချုပ် ဆေးရုံကို ပို့ဖို့ လိုအပ်ပါသလား”
လုံခြုံရေးအဖွဲ့ဝင်က ပြောလိုက်သော်လည်း သူလှုပ်ပင်မလှုပ်ခဲ့ချေ။ သူတို့သည် ပိုင်ရှောင်အား မနာလိုစိတ်ဖြင့် ကြည့်နေခဲ့ကြသည်။
“ဒီကောင်က တကယ်ကို ကံကောင်းတာပဲ”
“ကံကောင်းတာလား”
ကျိုးကျွင်း လှောင်ပြောင်လိုက်သည်။
“သူ ဗီရိုထဲ ဝင်သွားပြီးတော့ ဆိုးယုတ်တဲ့စိတ်ရဲ့ သက်ရောက်မှု ခံနေရချိန်မှာပဲ ဆိုးယုတ်တဲ့စိတ် ဝင်ပူးနေတဲ့ စုံစမ်းရေးမှူး အားလုံးကို သတ်ပစ်ခဲ့တာကွ ၊ မင်းသာ သူဆိုရင် အဲဒီလို လုပ်နိုင်ပါ့မလား”
ထူးဆန်းသော ပုံစံကွက်များသည် ကျိုးကျွင်း၏ ယူနီဖောင်း ကော်လာပတ်လည်တွင် ပေါ်လာခဲ့သည်။ လုံခြုံရေးအဖွဲ့ဝင်က ခေါင်းငုံ့လိုက်ပြီး တိတ်ဆိတ်သွား၏။ လုံခြုံရေးအဖွဲ့ဝင်များကို အဆင့်များ ခွဲခြားထားသည်။ ဌာနချုပ်တွင် နေထိုင်သူများမှာ အဆင့်အမြင့်ဆုံးဖြစ်သည်။ ထို့နောက် ရှင်းလု၏ တားမြစ်ဂိမ်းမှ ပြန်လာခဲ့သော အုပ်စုဖြစ်သည်။ သူတို့သည် ဝမ်ကျား၏ အမိန့်များကိုသာ နာခံပေသည်။ နောက်ဆုံးမှာ သာမန် လုံခြုံရေးအဖွဲ့ဝင်များ ဖြစ်ကြသည်။
“သွားပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးမှုတွေ လုပ်လိုက်ပါ ၊ ပြဿနာကြီးကြီးမားမား မရှိဘူးဆိုရင် အဆင့် ၂ သရဲတက်တူး စမ်းသပ်မှုအတွက် အခန်းထဲကို ပစ်ထည့်ပေးလိုက် ၊ ငါတို့က သရဲနီတွေနဲ့ တိုက်ခိုက်နိုင်မယ့် လူတွေကို အရမ်း လိုအပ်နေတယ်”
ကျင်းထောင်ရှန်းသည် ဓားကို ပိုင်ရှောင်ထံမှ လုယူချင်ခဲ့သည်။ သို့သော်လည်း ပိုင်ရှောင်မှာ သတိမေ့နေသော်ငြားလည်း ဓားကို မလွှတ်ခဲ့ချေ။ ကျင်းထောင်ရှန်းသည် ဆေးထိုးအပ်တစ်ချောင်းကို ဆွဲထုတ်ပြီး ပိုင်ရှောင်ကို ဆေးထိုးပေးချင်ခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် အချက်ပေးဥသြသံတစ်ခု မြည်လာခဲ့လေသည်။ သူက ပိုင်ရှောင်ထံမှ လှည့်ထွက်လာပြီး စောင့်ကြည့်ခန်းဆီသို့ အလျင်အမြန် ပြန်သွားလိုက်သည်။
“ဘာဖြစ်တာလဲ”
“ကျုပ်တို့ ဌာနအသီးသီးကနေ အစီရင်ခံစာတွေ လက်ခံရရှိထားပါတယ် ၊ မူမမှန်ဖြစ်ရပ်နှုန်းက တစ်ညအတွင်း သုံးဆ တိုးလာခဲ့တယ် ! အဆင့် ၃ မူမမှန်မှု လေးခုပဲ ! မူမမှန်ဖြစ်ရပ်တွေထဲမှာ အမည်မသိသည့် ရွှံ့ရုပ်တုတွေ တွေ့ခဲ့ရတယ်!”
အလုပ်သမားများက ရှေ့တန်းမှ ရိုက်ယူထားသော ဗီဒီယိုများနှင့် ဓာတ်ပုံများကို ကျင်းထောင်ရှန်းထံ ပို့ပေးလိုက်သည်။ လီစန်းဆေးရုံအား ဗဟိုပြု၍ မြို့ဟောင်းတွင် ထူးဆန်းသည့် ရွှံ့ရုပ်တုမျိုးစုံ ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် လွဲမှားနေသည့် ယုံကြည်မှုများကို ဖြန့်ကျက်၍ သက်ရှိလူသားများကို ဝင်ရောက်ပူးကပ်ခဲ့ကြသည်။
“ဒီရုပ်တုတွေကြောင့် ဖြစ်လာတဲ့ မူမမှန်မှုတွေက အရမ်းလျင်လျင်မြန်မြန် ပျံ့နှံ့နေကြပြီ ၊ သူတို့ထဲက မျက်နှာမဲ့ ရုပ်တုတစ်ခုက နာရီအနည်းငယ်အတွင်း အိမ်ရာအဆောက်အအုံတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့တယ် ၊ အဲ့တာကို ကိုးကွယ်တဲ့သူတွေက မျက်နှာမဲ့ မကောင်းဆိုးဝါးတစ်ကောင် မဖြစ်လာမချင်း သူတို့ရဲ့မှတ်ဉာဏ်တွေ ဆုံးရှုံးသွားကြလိမ့်မယ်”
အလုပ်သမားများသည် နေ့စဉ်လိုလိုပင် ထူးဆန်းသော ရုပ်ပုံများကို ပြန်လည်ကြည့်ရှုနေကြရသော်လည်း ဤတစ်ကြိမ်တွင် သူတို့ပင် တုန်လှုပ်သွားခဲ့ကြသည်။
“ဝမ်ကျားကို ချက်ချင်း ဆက်သွယ်လိုက် ၊ သူ့လူတွေကို အဲဒီကို သွားခိုင်းလိုက်”
ကျင်းထောင်ရှန်းက အစီရင်ခံစာများကို လှန်လှောကြည့်ရှုလိုက်သည်။ ဟန်ဟိုင်း၏ အခြေအနေသည် ပိုမို ဆိုးရွားလာနေခဲ့သည်။
“ကျုပ်တို့ ဆက်သွယ်ပြီးပါပြီ ၊ ဒါပေမဲ့ ကပ္ပတိန် ဝမ်ကျားက သူ့လူတွေကို ကေကို သတ်သွားတဲ့ လူသတ်သမားနောက် လိုက်ဖို့ ပိုဝမ်ရွာကို ခေါ်သွားခဲ့ပါတယ်”
အလုပ်သမားက ကြောက်လန့်တကြား ပြောလိုက်သည်။
လေထုက အေးစက်သွားသည်။ ကျင်းထောင်ရှန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။
“သူတို့က လီစန်းဆေးရုံမှာ ပြဿနာရှာခဲ့တဲ့ကောင်တွေပဲ ၊ မိုးမလင်းခင်အထိ မြို့ဟောင်းကို သူ ပြန်မလာရင် နောက်ဆက်တွဲ ပြစ်ဒဏ်တွေက ကြီးလိမ့်မယ်လို့ ဝမ်ကျားကို သွားပြောလိုက်”
အလုပ်သမားက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ကျပ်တည်းသော အခြေအနေနှင့် ရင်ဆိုင်နေခဲ့ရသည်။
…
ကောင်းမင်သည် လုံခြုံရေးအဖွဲ့ဝင်များထံမှ လွတ်မြောက်လာခဲ့သည်။ အမြဲတစေ တင်းကျပ်နေသည့် စောင့်ကြည့်မှုများကို ရှောင်ရှား၍ မြို့ဟောင်းသို့ ပြန်လာရန်အတွက် သရဲများ၏ စွမ်းအားကို အသုံးပြုခဲ့ရသည်။ ကျန်းတင်း၏ အိမ်ထဲသို့ ဝင်လိုက်ပြီးနောက် ကောင်းမင်သည် အခန်းအတွင်းရှိ တစ်ခုတည်းသော ဖယောင်းတိုင်ကို မီးထွန်းလိုက်သည်။ သူ သွေးတံခါးကို ခေါက်လိုက်ပြီး နာမည်အချို့ကို ခေါ်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် တံခါးနောက်မှ စိုစွတ်နေသည့် လက်ချောင်းများ ထွက်ပေါ်လာခဲ့သည်။
ကောင်းမင်၏ အသံကို ကြားသောအခါ ကျန်းတင်းနှင့် စူပါမားကတ်မှ ကျန်လူများက အရိပ်ကမ္ဘာမှ ထွက်လာခဲ့ကြသည်။ သူတို့သည် ကျန်းတင်း၏ ဟောင်းနွမ်းနေသောအခန်း၌ တွေ့ဆုံလိုက်ကြသည်။
“သူ ဘာဖြစ်နေတာလဲ”
ကျန်းတင်းက နံရံပေါ်ရှိ အဘိုးအိုပုံတူအား လက်ညှိုးထိုးလိုက်သည်။ ရှရှန်သည် လုံခြုံရေးအဖွဲ့၏ နှစ်ကြိမ်တိုင်တိုင် အနိုင်ယူခြင်းခံခဲ့ရသည်။ သူသည် လွန်စွာမုန်းတီးနေခဲ့ခြင်းဖြစ်သည်။
“သွေးဆုံးနေတာ ဖြစ်နိုင်ပါတယ်”
ကောင်းမင်က အဓိကထိုင်ခုံတွင် ထိုင်လိုက်သည်။ ထိုသေးငယ်သော ဧည့်ခန်းလေးတွင် ‘လူများ’ ပြည့်နှက်နေလေသည်။
ဥမင်လိုဏ်ခေါင်းမှ သူ ထွက်ခွာခဲ့ပြီးနောက် ကောင်းမင်သည် ကံကြမ္မာကို ပြောင်းပြန်လှန်ခဲ့သည်။ သူသည် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနအား ခုခံရန် ကူညီနိုင်သူ အားလုံးကို စုဆောင်းခဲ့သည်။ အစွမ်းအထက်ဆုံး ကျန်းတင်းက ကောင်းမင်၏ ဘေးတွင် ထိုင်နေခဲ့သည်။ အနည်းငယ် သက်သာလာသော မျက်မမြင်လူက အရိပ်ထဲတွင် ကွေးနေခဲ့သည်။ သူသည် သူ့ကိုယ်သူ ခွေးကြီး၏ ကိုယ်ခန္ဓာထဲသို့ ပြန်ထည့်ထားခဲ့သည်။
ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ အနုပညာဆရာမနှင့် အားကစားဆရာတို့မှာ တံခါးကို စောင့်ကြပ်နေကြသည်။ ရွှမ်ဝမ်က ခွက်တစ်ခွက်ကို ကိုင်၍ စာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်လောနေလေသည်။
ကောင်းမင်၏ သူငယ်ချင်း ဝေတယိုနှင့် ပိုင်ရှောင်၏ ညီမလေး ပိုင်ချောင်တို့သည် အတူတကွ ထိုင်နေကြသည်။ ပိုဝမ်ရွာမှ ကိုယ်စားလှယ်ကား သူတို့၏ နောက်တွင် ရပ်နေခဲ့သည်။
စားပွဲ၏ အခြားတစ်ဖက်တွင် စီစွေ့အိမ်ရာမှ အဘွားရှန်း ရှိပေသည်။ သူမ၏ဘေးတွင် လီစန်းဆေးရုံမှ အိပ်မပျော်လူနာ မစ္စတာယိ ရှိနေသည်။
သူတို့ တစ်ဦးချင်းစီသည် မတူညီသော အဖွဲ့အစည်းတစ်ခုစီကို ကိုယ်စားပြုကြသည်။ ကောင်းမင်တစ်ဦးတည်းသာ သူတို့ကို စုစည်းနိုင်ခြင်းပင်။
“ဟုတ်သားပဲ ၊ ငါတို့ဆီကို မနေ့က ဧည့်သည်တစ်ယောက် ရောက်လာသေးတယ်”
ကျန်းတင်းက ရုတ်တရက် ပြောလိုက်သည်။ သူသည် သွေးတံခါးကို ထပ်မံ ဖွင့်လိုက်ပြီး ကျောင်းသားကောင်စီ ယူနီဖောင်းဝတ်ထားသော အထက်တန်းကျောင်းသားတစ်ဦးအား ခေါ်လာခဲ့လေသည်။ ထိုလူငယ်သည် ကျောင်းသားကောင်စီ၏ တံဆိပ်ကို ဝတ်ဆင်ထားပြီး ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ ကျောင်းသားကောင်စီ ဥက္ကဋ္ဌနှင့် အလွန်တူညီနေပေသည်။