စာရင်း
Vol. 21 Ch. 310
ကောင်းမင်၏ မျက်လုံးများသည် ဗီဒီယိုများကို ကြည့်နေရင်း တောက်ပနေ၏။ ကျန်တင်းသည် ရေလွှမ်းမိုးခြင်း အိပ်မက်ဆိုးထဲတွင် ကြာမြင့်စွာ ပိတ်မိနေခဲ့ပြီး အိပ်မက်သရဲ ဖြစ်လာနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးချေ။ ကောင်းယန်၏ ဗီဒီယိုများက အလွန်ကောင်းမွန်သော လမ်းကြောင်းတစ်ခုကို ပြသပေးခဲ့လေသည်။
"အိပ်မက်သရဲ ဖြစ်လာဖို့ အဓိကသော့ချက်က သရဲဆီမှာ မဟုတ်ဘဲ မြို့ထဲက သာမန်လူတွေနဲ့ ဆိုင်နေတာပဲ ၊ ကံကြမ္မာရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်ဖို့ သူတို့ရဲ့ ဆန္ဒတွေကို လိုအပ်တယ်…"
ကျန်တင်းသည်လည်း ဗီဒီယိုများကို ကြည့်လိုက်ရသည်။
"သူပြောတာ မမှားဘူး ၊ ငါက ငါ့အိမ်နီးချင်းတွေဆီက ရတဲ့ယုံကြည်မှုကြောင့် ရေလွှမ်းမိုးမှုကို ပြန်ဖန်တီးနိုင်ခဲ့တာ ၊ သူတို့ရဲ့ နာကျင်စရာမှတ်ဉာဏ်တွေကို ငါထိန်းချုပ်နိုင်တဲ့ စွမ်းအားအဖြစ် ပြောင်းလဲဖို့ သူတို့ ဆန္ဒရှိကြတယ်လေ ၊ ရေသရဲတွေ များများ သတိပြန်လည်လာလေ ငါ့စွမ်းအားက ပိုကြီးလေပဲ"
"စုပေါင်း… စည်းကမ်းတွေ…"
ဟန်ဟိုင်းသည် အိပ်မက်တစ်ခုဖြစ်ပြီး မြို့သူမြို့သားအားလုံး အိပ်မက်ထဲတွင် နေထိုင်နေကြသည်ဟု လုဇန်ပြောခဲ့သည်ကို ကောင်းမင်သတိရလိုက်သည်။ လူတိုင်း ထိုအိပ်မက်မှ နိုးထလာမှသာ ကံကြမ္မာကို သတ်ဖြတ်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
"ဟန်ဟိုင်းက တခြားမြို့တွေနဲ့ မတူဘူး ၊ ကံကြမ္မာရဲ့တည်ရှိမှုကြောင့် သရဲနီတွေလိုမျိုး ငါတို့ရဲ့ ဖွဲ့စည်းပုံကို အားကိုးပြီး ထိုးဖောက်မှုတွေ လုပ်လို့ မရဘူး ၊ ဒါကြောင့် ငါတို့ဟာ လူအမြောက်အများရဲ့ ကံကြမ္မာကို ပြောင်းလဲပြီး သူတို့ရဲ့ စုပေါင်းဆန္ဒကို ငှားယူမှပဲ ကံကြမ္မာကို တိုက်နိုင်လိမ့်မယ်"
ကျန်တင်းသည် အဖြေကောင်းကောင်းတစ်ခု ရလိုက်ပြီဟု ခံစားလိုက်ရသည်။
အဖွားရှန်းက မျက်လုံး လှန်၍ သက်ပြင်းချလိုက်သည်။
"သေချင်ရင်တောင် တခြားသူတွေကို ဆွဲခေါ်ဖို့ လိုသေးလို့လား ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာမန်ဘဝလေးမှာ နေနေတာက ဘာများ မှားနေလို့လဲ ၊ ဒီမြို့ကြီးက အိပ်မက်ဖြစ်နေရင်တောင် နိုးထလာတဲ့ ကမ္ဘာက ဒီအိပ်မက်ထက် ပိုဆိုးနေရင်ရော ဘယ်လိုလုပ်မလဲ"
"အဆိုးဆုံး လက်တွေ့ဘဝကတောင် ကျွန်တော့် အိပ်မက်ထက်တော့ ပိုကောင်းပါတယ်ဗျာ"
မျက်မမြင်လူက ခွေးကြီးထဲတွင် ကွေးကွေးလေးနေလိုက်သည်။ သူ့အရေပြားတွင် အနက်ရောင် အမွေးများ ပြန်လည် ပေါက်လာခဲ့ပြီဖြစ်သည်။
"ဖြစ်ရပ်ဆိုးကြီးက လာတော့မယ် ၊ ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပြီလေ ၊ မူမမှန်မှုတွေ နေရာအနှံ့ ရှိနေတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်သူကများ ကျွန်မတို့ရဲ့ ငြိမ်းချမ်းမှုကို အာမခံချက် ပေးနိုင်မှာတဲ့လဲ"
ရွှမ်ဝမ်က လက်ဖက်ရည်ခွက်ကို လှည့်လိုက်သည်။
"ကျွန်မတို့မှာ တခြား ရွေးချယ်စရာ မရှိဘူး ၊ ကျွန်မတို့ ဘာမှမလုပ်ရင် သာမန်မြို့သူမြို့သားတွေဟာ အရိပ်ကမ္ဘာဆီမှာ စတေးခံရလိမ့်မယ်"
"သာမန်လူတွေကို မူမမှန်မှုတွေနဲ့ ကြိုတင်ပြီး အသားကျအောင် ကူညီပေးဖို့ လိုတယ်"
ဝေတယိုက လက်ထောင်ပြသည်။
"သူတို့ကို ထိန်းချုပ်နိုင်တဲ့ မူမမှန်ဖြစ်ရပ်တွေထဲ ပို့ပေးတာက အရိပ်ကမ္ဘာထဲ ပျောက်ဆုံးသွားအောင် ခွင့်ပြုထားတာထက်တော့ ပိုကောင်းတယ် မဟုတ်လား"
ဝေတယိုဘေးနားတွင် ထိုင်နေသော ပိုင်ချောင်ကလည်း သူမ၏အမြင်ကို ပြောသည်။
"စုံစမ်းစစ်ဆေးရေးဌာနက အရိပ်ကမ္ဘာ သတင်းတွေကို ပိတ်ထားခဲ့တယ် ၊ အကျိုးဆက်တွေကတော့ ထင်ထင်ရှားရှားပဲ ၊ ကျွန်မတို့က မြို့သူမြို့သားတွေကို သေတွင်းထဲ ပို့နေတာ မဟုတ်ဘူး ၊ အမှန်တရားကို မြင်ပြီး ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ချခွင့်ရအောင် အခွင့်အရေး ပေးနေရုံပဲ"
"မှန်တယ် ဒီကမ္ဘာမှာ လူအများစုဟာ ရွေးချယ်ပိုင်ခွင့် မပိုင်ဆိုင်ထားကြဘူး ၊ သူတို့ဟာ ပိုကြီးတဲ့ စွမ်းအားတွေရဲ့ ပွန်းရုပ်တွေသက်သက်ပဲ ၊ ကျွန်တော်တို့ဟာ ကောင်းကင်တမန်တွေလို ရွေးချယ်ရမယ့် အခွင့်အရေးကို မြို့သူမြို့သားတွေဆီ ပြန်ယူပေးနေတာ"
ရှရန်က သူ့ပုံတူ ပန်းချီထဲတွင် လှည့်လိုက်သည်။ သူ့မျက်လုံးများသည် အမုန်းတရားဖြင့် တောက်ပနေပြီး သူ့ကိုယ်ပေါ်မှ နောက်ဆုံး စက္ကူရုပ်လေးကို မီးရှို့ပစ်လိုက်သည်။
"ကိုယ့်ဘဝကိုတောင် ကိုယ်မထိန်းချုပ်နိုင်ရင် အဲ့ဒါ ဘယ်လို ဘဝမျိုးလဲ ၊ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"
ဆရာရှ၏ စကားများက အဖွားရှန်းအား တိတ်ဆိတ်သွားစေသည်။ လူအနည်းငယ်က ဆဲခံလိုက်ရသလို ခံစားလိုက်ရသည်။ ကျန်တင်း၏ သားလေးသာ ဧည့်ခန်းထဲတွင် လွတ်လပ်စွာ ပြေးလွှားနေလေသည်။
"ငြင်းခုံနေစရာ မလိုပါဘူး"
ကောင်းမင် မြင်တွေ့ခဲ့ရသော အနာဂတ်တွင် ဟန်ဟိုင်းရှိ လူဦးရေတစ်ဝက်ကျော်သည် မူမမှန်မှုများထဲတွင် ပျောက်ဆုံးသွားခဲ့ကြသည်။ အနာဂတ်ကို ပြောင်းလဲရန်မှာ မခက်ခဲပေ။ ထိုလူများကို ပျက်စီးမသွားစေပဲ ရှင်သန်နိုင်ရန် ကူညီပေးရုံသာဖြစ်သည်။
"အနာဂတ်က ကျွန်တော်တို့ ထင်တာထက် ပိုရက်စက်တယ် ၊ ဘေးကပ်ဆိုးက ခုမှ အစပဲ ရှိသေးတယ် ၊ ကျွန်တော်တို့ဟာ လူတွေကို မူမမှန်မှုတွေထဲ တမင်တကာ ပို့စရာ မလိုပါဘူး ၊ မူမမှန်မှုတွေထဲက သူတို့ရဲ့ စိတ်ဆန္ဒတွေကို စုဆောင်းဖို့ပဲ လိုတာပါ ၊ ထူးခြားတဲ့ စိတ်ဆန္ဒရှိသူတွေကို တွေ့ရင် ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်နိုင်ပါတယ်"
ကောင်းမင်သည် သွေးတံခါးကို ဖွင့်လိုက်ပြီး လူအားလုံးကို သားသတ်သမားများ၏ အိမ်ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ မြေပုံပေါ်တွင် ပြသထားသည့် မိသားစု အရေအတွက်အား သူ စိုက်ကြည့်လိုက်သည်။
"ကျွန်တော်တို့ အခုချိန်မှာ ကောင်းယန်ထက် အများကြီး နောက်ကျကျန်ခဲ့ပြီ ၊ ကွာဟချက်ကို လိုက်မီဖို့ လိုတယ်"
သူက မြို့ဟောင်း၏ မြေပုံကို ချဲ့လိုက်ပြီး လူတိုင်းကို မစ်ရှင်များ ခွဲဝေပေးလိုက်သည်။
"ကယ်တင်ဖို့ လိုအပ်သူတဲ့တွေကို ကယ်တင်ပါ ၊ သတ်ဖို့ လိုအပ်သူတွေကို သတ်ပစ်ပါ ၊ ကျွန်တော် အားလုံးအတွက် ဇာတ်ညွှန်းအသစ်တစ်ခု ရေးပေးမယ် ၊ နောက်ထပ် အိပ်မက်သရဲက ကျွန်တော်တို့ထဲကတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်"
ကောင်းမင် စာရင်းတစ်ခု ဖန်တီးလိုက်သည်။ ထိုစာရင်းထဲမှ နာမည်တိုင်းသည် သွေးနှင့် လူသတ်မှုများကို ကိုယ်စားပြုသည်။ ရူးသွပ်သည်ဟူသော စကားလုံးကပင် ထိုလူများကို ညွှန်းဆိုရန် မလုံလောက်ချေ။ သူတို့သည် မူမမှန်မှုများထဲမှ သရဲများထက်ပင် ပိုမို သတ်ဖြတ်ခဲ့ကြခြင်းသည်။ ကောင်းမင် တွေ့ကြုံခဲ့ရတဲ့ အနာဂတ်တွင် ထိုလူအားလုံး အရိပ်ကမ္ဘာ၏ ဘဝထဲသို့ လုံးဝ ပေါင်းစည်းသွားခဲ့ကြသည်။ သူတို့သည် အရိပ်များထဲတွင် 'အကောင်းဆုံး ဘဝများ' ကို ပိုင်ဆိုင်ခဲ့ကြသည်။
"ဒီစာရင်းထဲက လူတစ်ယောက်ကိုမှ လွတ်သွားစေလို့ မဖြစ်ဘူး ၊ သူတို့ကို ငါ့နှိပ်စက်ခန်းထဲ ပို့ကို ပို့ရမယ်"
….
"ရှောင်းကော် ဒါ သမီးအိမ်လား"
လျိုကျားရူသည် တာ့ကျိုက်မူလတန်းကျောင်း ပထမနှစ်၊ တန်းခွဲသုံး၏ အတန်းပိုင်ဆရာမ ဖြစ်သည်။ မကြာသေးမီက သူမ၏ ကျောင်းသားတစ်ဦးသည် ဆန်းကြယ်သော ဒဏ်ရာများဖြင့် စာသင်ခန်းသို့ မကြာခဏ ရောက်လာတတ်သည်ကို သူမသတိပြုမိခဲ့သည်။ ကလေးကို မေးကြည့်သော်လည်း ဘာမှ မပြောပေ။ သူမသည် ဒါက အိမ်တွင်း အကြမ်းဖက်မှု ဖြစ်မည် စိုးရိမ်သောကြောင့် မိသားစုထံ လာရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
"ဟင့်အင်း..." ရှောင်းကော်က ခေါင်းကို ငုံ့၍ မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲများကို ရည်ရွယ်ချက်မရှိ ကန်နေခဲ့သည်။ သူမသည် ဖြည်းညှင်းစွာ လမ်းလျှောက်နေ၏။ သူမ အိမ်ပြန်ချင်ပုံ မရချေ။
"ဒီနေ့ သမီးရဲ့ ဖေဖေနဲ့ မေမေက အိမ်မှာရှိလား"
လျိုကျားရူက ဒီကလေးအပေါ် ဆိုးရွားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု ခံစားလိုက်ရသည်။
"သူတို့ သမီးကို တစ်ခုခု လုပ်ခဲ့တာလား ဆရာမကို ပြောပြလို့ ရတယ်နော်"
"သူတို့ သမီးကို ဘာမှ မလုပ်ပါဘူး... ဒါပေမဲ့..."
ရှောင်းကော်၏ ကျစ်ဆံမြီးများသည် သူမ၏ နောက်ကျောပေါ်သို့ ကျနေသည်။ သူမလည်ပင်းနောက်ဘက်ရှိ ဒဏ်ရာမှာ သိသိသာသာ ထင်ရှားလွန်းနေသည်။
"ဒါက ဘာလဲ ၊ မကြောက်နဲ့နော် ၊ ဆရာမ သမီးကို ကူညီပေးမယ်"
"သူတို့က မှန်ကြည့်ရတာ ကြိုက်တယ် ၊သမီး သူတို့ကို ရပ်ဖို့ ပြောရင် သူတို့က…"
ရှောင်းကော်သည် ချိုင့်ခွက်များစွာရှိသော လမ်းကို ဖြတ်လျှောက်ပြီး တာ့ကျိုက်လျှပ်စစ်ကုမ္ပဏီ၏ ဝန်ထမ်းအိမ်ရာ လူနေရပ်ကွက် ဂိတ်ရှေ့တွင် ရပ်လိုက်သည်။ ဤနေရာသည် လျှပ်စစ်စက်ရုံ မဆောက်မီကတည်းက လူနေရပ်ကွက်ဖြစ်သည်။ ထိုနေရာသည် လျိုကျားရူ၏ ဖခင်ထက်ပင် ပို၍ အသက်ကြီးပေသည်။
"ဒီမှာ ဘာလို့ ဘယ်သူမှ မရှိတာလဲ"
နေရာသည် စွန့်ပစ်ထားသလို ခံစားရသည်။ မသက်မသာ ခံစားမှုတစ်ခုကို ပေးနေလေသည်။ ဆရာမ လျိုသည် မည်သို့ ဖော်ပြရမှန်း မသိသော်လည်း ဤနေရာတွင် မည်သည့်ရှင်သန်မှုခံစားချက်များ မရှိချေ။
"သမီးအိမ်က ဒီမှာ…"
ရှောင်းကော်က ဆရာမလျိုအား ဘလော့ငါး၏ တတိယထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ကော်ရစ်ဒါရှိ ပြတင်းပေါက်များကို အုတ်များဖြင့် ပိတ်ကာထားသည်။ နေ့လည်ခင်းဖြစ်သော်လည်း နေရာသည် မှောင်မဲနေလေသည်။
ရှောင်းကော်က သူမ၏ အိတ်ကပ်ထဲမှ သော့ကို ထုတ်လိုက်ပြီး တုန်ရီနေသော လက်များဖြင့် တံခါးကို ဖွင့်လိုက်သည်။
ပတ္တာသံက တကျွီကျွီဆူညံစွာ မြည်သွားသည်။ သူမ၏ အဝတ်အစားများပေါ်သို့ သံချေးများ ကွာကျလာလေသည်။ ရှောင်းကော်သည် မှောင်မိုက်နေသော ဧည့်ခန်းကို ကြည့်လိုက်ပြီး အခန်းထဲသို့ အော်ပြောလိုက်သည်။
"သမီး ပြန်ရောက်ပြီ"
"ဟင်းပွဲက စားပွဲပေါ်မှာ၊ ကိုယ့်ဘာသာ နွှေးစားလိုက်"
သူမ၏ မိခင်အသံက အိပ်ခန်းထဲမှ ထွက်လာသည်။ သူမ လုပ်နေသည့် အရေးကြီးသည့် တစ်ခုခုကို ရှောင်းကော်က အနှောင့်အယှက် ပေးလိုက်သည့်အလား သူမ၏ လေသံတွင် စိတ်ဆိုးဒေါသများ ပြည့်နှက်နေသည်။
ရှောင်းကော်က ခေါင်းငုံ့၍ ထမင်းစားပွဲသို့ သွားလိုက်သည်။ သူမသည် ဒလီမှာထားသော အစားအစာများကို ကောက်ယူလိုက်သည်။ ပလတ်စတစ်ဘူးသည် ပုပ်သိုးနေသော ထမင်းနံ့ကို ထုတ်လွှင့်နေ၏။ ၎င်းဘေးတွင် သုံးပြီးသား လက်သုတ်ပုဝါတစ်ခု ရှိနေသည်။
"ဒါတွေကို ဘယ်လိုလုပ် စားနိုင်မှာလဲ"
ဆရာမလျိုသည် ရှောင်းကော်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။ သူမသည် ဧည့်ခန်းထဲသို့ ဒေါသတကြီး လှမ်းဝင်ပြီး အိပ်ခန်းဘက်သို့ အော်ပြောလိုက်သည်။
"မင်္ဂလာပါ ရှောင်းကော် အမေ ၊ ကျွန်မက ရှောင်းကော်ရဲ့ အတန်းပိုင်ဆရာမပါ ၊ ကျွန်မတို့ စကားပြောဖို့ လိုနေပြီ!"
အိမ်ထဲတွင် မျှော်လင့်မထားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အိပ်ခန်းထဲမှ ပစ္စည်းများ ရွေ့လျားနေသည့် အသံ ထွက်လာလေသည်။ ဆယ်စက္ကန့်အကြာတွင် အိပ်ခန်းတံခါး ပွင့်လာခဲ့သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး ဆရာမလျိုကို ကျောပေးလျက် တံခါးဝတွင် ပေါ်လာခဲ့သည်။