← Chapters

မကြည့်နဲ့

Vol. 21 Ch. 311

မကြည့်နဲ့

Vol. 21 Ch. 311

“အိုး အရမ်း စိတ်မကောင်းဖြစ်မိပါတယ် ၊ ဒီနေ့ အိမ်အလည်လာမယ်ဆိုတာ မသိခဲ့မိဘူး၊ အိမ်က ရှုပ်ပွနေတာ ကြည့်ပါဦး”

ထိုသက်လတ်ပိုင်း အမျိုးသမီးမှာ အလွန်ယဉ်ကျေးသည်။ သူမသည် ဆရာမ လျို အလည်သွားဖူးသည့် အခြား မိဘများနှင့် မကွာခြားချေ။ သို့သော် သူမသည် ဆရာမလျိုအား ကျောခိုင်းထားမြဲ ဖြစ်သည်။ ဒါက ထူးဆန်းသည်။

“ရှောင်းကော်ရဲ့ အမေ… အဆင်ပြေရဲ့လား”

ဆရာမလျိုသည် ထိုအမျိုးသမီး၏ ကျောဘက်ကို စူးစမ်းလိုက်သည်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်နက်များသည် ပခုံးအထိ ရောက်နေသည်။ ထိုအမျိုးသမီးသည် အိမ်တွင်ရှိနေသော်လည်း ကောင်းမွန်စွာ ဝတ်ဆင်ထား၏။ သူမသည် ဈေးကြီးသော်လည်း ခန္ဓာကိုယ်ဖြင့် မတော်သော အဝတ်အစားတစ်စုံကို ဝတ်ဆင်ထားသည်။

“ဒီအချိန်က ကျွန်မအတွက် တကယ် အဆင်မပြေပါဘူး ၊ ရှောင်းကော်က ဆရာမကို တစ်ခုခုပြဿနာရှာလိုက်လို့လား ၊ ဒီ ကလေးမလေးကတော့ဖြင့်လေ ၊ ဒီညတော့ သူ့ကို သင်ခန်းစာ ပေးရဦးမယ်”

ထိုအမျိုးသမီးက အိပ်ခန်းထဲမှ နောက်ပြန် လမ်းလျှောက်ထွက်လာလေသည်။

ဆရာမလျို၏ အသက်ရှုသံသည် လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။ သို့သော် သူမ ချက်ချင်းပင် ရှောင်းကော်ကို သူမနောက်ကျောတွင် ကာကွယ်လိုက်သည်။

“ဒါ ကလေးနဲ့ ဘာမှ မဆိုင်ပါဘူး ၊ တကယ်လို့ ပြဿနာတစ်ခုခု ရှိခဲ့ရင်တောင် ကျွန်မ စိုးရိမ်တာက ရှင်တို့ရဲ့ သင်ကြားရေး နည်းလမ်းတွေနဲ့ ပတ်သက်တာကိုပဲ ၊ အဓိပ္ပာယ်မရှိပဲ ရိုက်နှက်တာနဲ့ ခြောက်လှန့်တာတွေက ကလေးတစ်ယောက်ရဲ့ ပုံမှန် ကြီးထွားမှုကို ထိခိုက်စေလိမ့်မယ်…”

ဆရာမလျို ချက်ချင်း တိတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသက်လတ်ပိုင်း အမျိုးသမီးသည် သူမ၏ မျက်နှာနှင့် တစ်မီတာအကွာတွင် ရောက်နေပြီ ဖြစ်သောကြောင့်တည်း။ ဧည့်ခန်းထဲတွင် တိတ်ဆိတ်မှုများ လွှမ်းခြုံနေတော့သည်။ ကြီးမားလှသော ဖိအားကြောင့် ဆရာမလျိုသည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။

ထိုသက်လတ်ပိုင်း အမျိုးသမီးသည် လှည့်မကြည့်သော်လည်း သူမ၏ ဦးခေါင်း နောက်ဘက်မှ မြင်နိုင်စွမ်း ရှိပုံရသည်။ သူမသည် ဘာကိုမှ ဝင်တိုက်ခြင်း မရှိချေ။

“ရှောင်းကော်ရဲ့ အမေ၊ ရှင်ဒီနေ့ နေမကောင်းဘူးဆိုရင်လည်း ကျွန်မ နောက်နေ့မှ ပြန်လာပါ့မယ်”

ထိုအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်နေသည်ဟု ဆရာမလျို ခံစားရသည်။ သူမ ရှောင်းကော်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ ထွက်သွားရန် စီစဉ်လိုက်သည်။ သို့သော် သူမ လှည့်လိုက်သောအခါ ဧည့်ခန်းတံခါး အပြင်ဘက်တွင် သူမကို ကျောပေးလျက် ရပ်နေသော အမျိုးသားတစ်ဦးကို သတိပြုမိလိုက်သည်။ သူသည် ရှောင်းကော်၏ ဖခင် ဖြစ်ပုံရသည်။

“သူ ဘယ်တုန်းက ရောက်နေတာလဲ”

ဆရာမလျိုသည် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူမသည် ရှောင်းကော်၏ လက်အား ဆုပ်ကိုင်ထားရင်း လက်ဖဝါးမှ ချွေးစေးများ စတင်ထွက်လာခဲ့သည်။

“ဆရာမလျို၊ ဒီကို ရောက်လာမှတော့ ထမင်းတစ်နပ်စားသွားသင့်ပါတယ်ဗျာ”

ထိုသက်လတ်ပိုင်း အမျိုးသား၏ အသံက ကြိုဆိုနေဟန်ဖြင့် နူးညံ့လှသည်။

“ဆရာမအတွက် အရသာရှိတာ တစ်ခုခု ယူလာခဲ့မယ်နော်”

ထိုအမျိုးသားသည် အခန်းထဲသို့ နောက်ပြန် ဝင်သွားပြီး တံခါးကို ပိတ်လိုက်သည်။ တံခါး ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတွင်းရှိ အပူချိန်သည် သိသိသာသာ ကျဆင်းသွားခဲ့သည်။ အိမ်သည် ပြင်ပမှ လက်တွေ့ဘဝနှင့် အဆက်ဖြတ်လိုက်ခံရသကဲ့သို့ ဖြစ်သည်။

“ရှောင်းကော်က ကျွန်တော်ငယ်ငယ်ကနဲ့ အရမ်းတူတယ် ၊သူ အရမ်းဆိုးသွမ်းမှာ သေချာတယ် ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”

ထိုအမျိုးသားက နောက်ပြန် ရွေ့လျားရင်း ပြောလိုက်သည်။ သူက ပုံမှန်အတိုင်း ဖြစ်ပုံပေါ်နေသော်လည်း သူ ချဉ်းကပ်လာသောအခါ ဆရာမလျိုသည် ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထသွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက သူမအား ထွက်ပြေးရန် ပြောနေလေသည်။

“ရှောင်းကော်၊ ဒီကို လာခဲ့!”

ထိုသက်လတ်ပိုင်း အမျိုးသမီးက အော်ဟစ်လိုက်သည်။ ရှောင်းကော် တုန်ယင်သွားသည်။ သူမသည် ဆရာမလျို၏ လက်အား မလွတ်ချင်လွတ်ချင်ဖြင့် ဆန္ဒမပါဘဲ လွှတ်ပေးလိုက်သည်။

“ရှင်တို့ ကိုယ့်ကိုကိုယ် မိဘလို့ ဘယ်လို ခေါ်နိုင်ရတာလဲ”

ဆရာမလျိုက အရေးပေါ် ဖုန်းနံပါတ်ကို ခေါ်ရန် သူမဖုန်းကို ထုတ်လိုက်သည်။

“ရဲတွေ လာတော့မယ်! ကျွန်မ ရှောင်းကော်ကို ရှင်တို့ဆီက ကယ်ရမယ်!”

“ဆရာမရဲ့ ဖုန်းက အလုပ်လုပ်ပါ့မလား”

ထိုအမျိုးသား၏ အသံသည် သူ့ကိုယ်ခန္ဓာမှ ပဲ့တင်ထွက်လာလေသည်။ သူက အစားအစာများကို စားပွဲပေါ် တင်လိုက်သည်။ သူနှင့် သူ့ဇနီးသည်က ဆရာမလျိုထံ ဘေးနှစ်ဖက်မှ ချဉ်းကပ်လာလေသည်။

“ဆရာမလျို၊ ဆရာမက တာဝန်ယူတတ်သူမှန်း ကျွန်တော် သိပါတယ် ၊ ဆရာမရဲ့ ကျောင်းသားတွေက ဆရာမကို ချစ်ကြတယ် ၊ ကျွန်တော်တို့လည်း ချစ်ပါတယ် ၊ ဆရာမ ဒီကို ရောက်နေမှတော့ ကျွန်တော်တို့လည်း ဘာလို့ ဟင်းနည်းနည်းလောက် မချက်ပေးရမှာလဲ”

လျိုကျားရူသည် ထွက်သွားချင်ရုံသာ ဖြစ်သည်။ သူမသည် ဆက်နေရန် အတွေးမရှိတော့ချေ။ သို့သော် ထိုဇနီးမောင်နှံ‌က သူမအား ရွေးချယ်ခွင့် မပေးချေ။ သူမ ကြောက်ရွံ့နေသော်လည်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ကောင်းပြီလေ ၊ ရှင်တို့ သွားချက်ပြုတ်လို့ရပါတယ် ၊ ပြီးရင် ထမင်းစားရင်း စကားပြောလို့ ရတာပေါ့”

ဆရာမလျို၏ အစီအစဉ်မှာ ရှောင်းကော်၏ မိဘများ မီးဖိုချောင်ထဲသို့ ဝင်သည်အထိ စောင့်ပြီးမှ ရှောင်းကော်နှင့်အတူ ထွက်သွားရန် ဖြစ်သည်။

“လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့က အရမ်း အလုပ်များတာ ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်တို့လည်း ဆရာမနဲ့ ဆွေးနွေးစရာတွေ အများကြီး ရှိတယ် ၊ ကျွန်တော်တို့အိမ်ကို ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…”

ရှောင်းကော်၏ အဖေသည် အဓိပ္ပာယ် မရှိသည့် စကားများကို ပြောဆိုနေ၏။ သူသည် ဆရာမလျိုအား ကျေးဇူးတင်စကားများ ထပ်ခါတလဲလဲ ပြောနေလေသည်။ ထိုဇနီးမောင်နှံသည် မီးဖိုချောင်သို့ သွားရောက်ခြင်း မရှိချေ။ သူတို့၏ အရေပြားအောက်တွင် တစ်စုံတစ်ခု ရွေ့လျားလာ၏။ သူတို့၏ အဆစ်များမှာ ပုံမှန်မဟုတ်စွာ တဆတ်ဆတ် တုန်သွားသည်။ ထိုသက်လတ်ပိုင်း အမျိုးသမီး၏ လက်သည် နောက်ပြန်ခေါက်သွားပြီး ဆရာမလျို၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

“ရှင်ဘာလုပ်နေတာလဲ”

ဆရာမလျိုက ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဆရာမကို အစားအစာတွေ လိုက်ပြပေးမလို့လေ”

ထိုဇနီးမောင်နှံသည် ဆရာမလျိုအား အိပ်ခန်းထဲသို့ အတင်းအကျပ် ဆွဲခေါ်သွားပြီး မှန်တင်ခုံရှေ့တွင် ထိုင်စေလိုက်သည်။ ဆရာမလျို တုံ့ပြန်နိုင်ခြင်းမပြုမီတွင် သူမသည် မှန်ထဲတွင် ကိုယ့်ကိုယ်ကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဖော်မပြနိုင်သော ကြောက်ရွံ့မှုက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။ သူမ၏ ရောင်ပြန်ပုံရိပ်သည် မှန်ထဲတွင် ဆန့်ဆန့်ကြီး ထိုင်နေလေသည်။ သူမသည် အဝတ်အစားတူ၊ ဆံပင်ပုံစံ တူသော်လည်း သူမ၏ ရောင်ပြန်ပုံရိပ်တွင် မျက်နှာ မရှိပါချေ!။

မျက်နှာမှာ အသားပြင်တစ်ခုသာ ဖြစ်သည်။ သို့သော် ပို၍ အနီးကပ် စစ်ဆေးကြည့်သောအခါ အလင်းရောင်ပုံသဏ္ဌာန်ရေးရေးလေး ရှိနေ၏။

“မှန်ထဲက ကျွန်မ မဟုတ်ဘူး!”

“ဆရာမ လျို၊ လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်! အခုတော့ ကျွန်တော့်အိမ်မှာ နောက်ထပ် တစ်ယောက် တိုးလာပြီပေါ့!”

ထိုသက်လတ်ပိုင်း အမျိုးသားက အစားအစာများ ပါဝင်သော ပလတ်စတစ်အိတ်ကို မှန်တင်ခုံပေါ် တင်လိုက်သည်။ မှန်ထဲက အရာကြီးသည် ဆရာမလျိုနှင့် တူလာတော့သည်။

“ရှင်တို့ ဘာလုပ်နေကြတာလဲ”

ဆရာမလျိုသည် သူမ၏ အကြည့်များကို လွှဲလိုက်ချင်သော်လည်း သူမ၏ ဦးခေါင်းအား ထိုဇနီးမောင်နှံက ဆွဲကိုင်ထားပေသည်။ သူတို့က သူမ၏ ဦးခေါင်အေား မှန်ပြင်ဖြင့် ပိုမို နီးကပ်စွာ တွန်းပို့လိုက်ရာ မှန်ထဲရှိ အရာကြီးက သူမ၏ အသွင်အပြင်များကို စတင်ယူဆောင်တော့သည်။

“ကယ်ကြပါ! ကယ်ကြပါဦး!”

လျင်မြန်သော ခြေသံများ ထွက်ပေါ်လာခဲ့သည်။တံခါးဝတွင် ပုံရိပ်သေးသေးလေးတစ်ခု ပေါ်လာ၏။

“မှန်ကို မကြည့်နဲ့!”

ထိုအသံသေးသေးလေးက ပြောလိုက်သည်။ ထို့နောက် ဆရာမလျိုသည် ကွဲအက်သံတစ်ခုကို ကြားလိုက်ရသည်။ ရှောင်းကော်က သားလှီးဓားကို မှန်ဆီသို့ ပစ်ပေါက်လိုက်သည်။ ပြောင်ချောနေသော မှန်ပြင်သည် အနည်းငယ် အက်ကြောင်းထသွားလေသွားလေသည်။

ဆရာမလျို၏ ရောင်ပြန်ပုံရိပ်က မျက်နှာရှုံ့မဲ့သွားသည်။ ရှောင်းကော်၏ မိဘများ ခေတ္တမျှ ရပ်တန့်သွားကြသည်။

ဆရာမလျိုသည် ထိုအခွင့်အရေးကို သုံး၍ ထွက်ပြေးတော့သည်။ သူမသည် ရှောင်းကော်၏ လက်ကို ဆွဲလိုက်ပြီး တံခါးဆီသို့ ပြေးလိုက်သည်။ သူမသည် တံခါးကို တွန်းဖွင့်ပြီး ထွက်လိုက်သည်။ ရှောင်းကော်၏ မိဘများက သူတို့နောက်သို့ ပြေးလိုက်လာကြလေသည်။

“ဆရာမ ၊ သွားတော့”

ရှောင်းကော်က သူမမိခင်၏ ခြေထောက်ကို ပွေ့ဖက်ရန် ဆရာမလျို၏ လက်ကို လွှတ်လိုက်သည်။ သူမသည် သူမမိခင်၏ မျက်နှာကို ကြည့်ရန် ဦးခေါင်းကိုလည်း မော့လိုက်သည်။ သူမမိခင်၏ မျက်နှာကို မြင်သောအခါ ရှောင်းကော်၏ မျက်နှာသည်လည်း စတင်မှုန်ဝါးသွားတော့သည်။

ထိုအချိန်တွင် ဆရာမလျိုသည် ရှောင်းကော်က သူမ၏ မျက်နှာအား အဘယ်ကြောင့် အမြဲငုံ့ထားရသည်ကို နောက်ဆုံးတွင် နားလည်လိုက်သည်။ထိုတွေ့ရှိချက်သည် ဆရာမလျိုအား ကြောက်ရွံ့သွားစေသည်။ သူမသည် အရာအားလုံးကို လျစ်လျူရှုလိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းသွားသည်။

အပြင်ဘက် ကောင်းကင်မှာ မှောင်နေ၏။ အချိန်မည်မျှရှိသည်ကို သူမ မသိချေ။ ရှောင်းကော်၏ အိမ်၌ သူမ အချိန်ကြာကြီး ကုန်ဆုံးခဲ့ရသလို ခံစားရသည်။ မှတ်ဉာဏ်များကို ပြန်ခြေရာခံကာ လူနေရပ်ကွက် ဂိတ်ပေါက်သို့ သူမ ပြေးဆင်းသွားသည်။ ဂိတ်ရှိရမည်ဖြစ်သော နေရာသည် နံရံတစ်ခုအဖြစ် ပြောင်းလဲနှင့်နေခဲ့လေသည်။

ခြေသံများက သူမ၏ နောက်ဘက်မှ ထွက်ပေါ်လာကြသည်။ ဆရာမလျိုသည် အစွမ်းကုန် ပြေးလွှားသော်ငြား အလွန်နှေးကွေးနေဆဲ ဖြစ်သည်။ မကြာမီ သူမ၏ ပခုံးပေါ်သို့ လက်တစ်ဖက် ဖိချလိုက်သည်။

“ကျုပ်က လမ်းကြောင်းပဲ မေးချင်တာပါ ၊ ဒီလောက်ကြီး တုံ့ပြန်ဖို့ လိုလို့လားဗျ”

ထိုအမျိုးသားက အသက်ရှုသံများကြားမှ ပြောလိုက်သည်။ သူက ဆရာမလျိုအား ဖမ်းမိပြီးနောက် အခြားသူ အနည်းငယ်လည်း ရောက်လာကြသည်။ သူတို့သည် မတူညီသည့် အဝတ်အစားများ ဝတ်ဆင်ထားကြသော်လည်း တူညီသောအရာ တစ်ခုရှိပေသည်။ သူတို့၏ ဖုန်းများသည် ရေသေ ဖိုရမ်မှအပ်ဒိတ်လုပ်ထားသော မစ်ရှင်တစ်ခုကို လက်ခံရရှိထားကြခြင်းပင်။

All Chapters