မိတ်ဆွေများ
Vol. 21 Ch. 312
သူမ ဝိုင်းရံခံထားရသည်ကို မြင်လိုက်သောအခါ ဆရာမလျို ကြောက်ရွံ့သွားသည်။ လူတိုင်းက သူမကို ဆန့်ကျင်နေသယောင် ခံစားရသည်။
“ရှင်တို့က ဘယ်သူတွေလဲ”
ဆရာမလျိုက အသက်ကို အငမ်းမရရှူ၍ ထွက်ပြေးရန် ကြိုးစားရင်း မေးလိုက်သည်။
“ကျွန်တော်က တာ့ကျိုက် လျှပ်စစ်ပစ္စည်းထောက်ပံ့ရေး ရဲစခန်းကပါ”
ထိုအမျိုးသားက သူ့သက်သေခံကတ်ပြားကို ထုတ်ပြရင်း ပြောလိုက်သည်။ သူသည် သိပ် အသက်မကြီးသေးပေ။ သူ့ဓာတ်ပုံက ပုံမှန်ရုပ်ထက်ပင် ပိုခန့်ငြားနေသည်။
“ဖန်လီ”
ဆရာမလျို သက်သေခံကတ်ပြားပေါ်က နာမည်ကို ဖတ်လိုက်ပြီး တဖြည်းဖြည်း စိတ်ငြိမ်သွားခဲ့သည်။
“ကျွန်မ ဖုန်းခေါ်လို့ ရောက်လာတာလား ၊ ဒါ မဖြစ်နိုင်ဘူး! ကျွန်မ ဖုန်းခေါ်တာ မဝင်ခဲ့ဘူး! ရှင်တို့ ဘယ်သူတွေလဲ”
“စိတ်လျှော့ပါဦးဗျ”
ဖန်လီက အော်ဟစ်နေသည့် ဆရာမလျိုအား မထိန်းချုပ်နိုင်ခဲ့ချေ။ တခြားသူများကို ဆရာမလျိုအား ဖိအား မပေးမိစေရန် အနည်းငယ် နောက်ဆုတ်ဖို့ ပြောလိုက်ပြီး
“ခင်ဗျားရဲ့ သဘောထားနဲ့ အခြေအနေကို ကြည့်ပြီး ခင်ဗျားကြောက်စရာကောင်းတာ တစ်ခုခုနဲ့ တွေ့ကြုံခဲ့ရတယ်လို့ ကျွန်တော်တို့ ယူဆနိုင်တယ် ၊ အဲဒီလို အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ ဒီရောက်နေတာပါ ၊ ကျွန်တော်တို့ကို ခြောက်ခြားဂိမ်းကစားသမားတွေလို့ ခေါ်လို့ရပါတယ်”
ဆရာမလျို စိတ်ရှုပ်ထွေးသွားသည်။ သူမရှေ့မှ အမျိုးသားသည် ဂိုက်ဖမ်းရမည့် အသက်အရွယ်ထက် ကျော်လွန်သင့်ပြီဖြစ်သည်။ ခြောက်ခြားဂိမ်းကစားသမားများဟူသည့် နာမည်ကား ကလေးဆန်လွန်းလှသည်။
“အစွန်းရောက်အားကစားချစ်သူတွေလိုမျိုးလား”
“ဘယ်လို ရှင်းပြရမလဲ… ဆရာမလိုပဲ ကျွန်တော်တို့လည်း မူမမှန်ဖြစ်ရပ်မျိုး တစ်ကြိမ် ကြုံခဲ့ဖူးတယ် ၊ မတူတာကတော့ ကျွန်တော်တို့က တခြားသူတွေရဲ့ အကူအညီ မရခဲ့ဘဲ ကံကောင်းလို့ အသက်ရှင်ခဲ့တာပါပဲ ၊ ဒါကြောင့် လူတွေကို ပိုများများ ကူညီနိုင်အောင် ကျွန်တော်တို့ အတူတူ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”
ဖန်လီက ငယ်ရွယ်သော်လည်း ရဲတပ်ဖွဲ့ဝင် ဖြစ်သောကြောင့် ထင်သည် ယုံကြည်စိတ်ချရသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။
ဆရာမလျိုမျက်နှာပေါ်ရှိ သံသယများကို မြင်သောအခါ ဖန်လီက သူ့ဘေးနားရှိ လူတွေကို စတင် မိတ်ဆက်ပေးလိုက်သည်။
“ဒီ ဆံပင်ကောက်ကောက်နဲ့ ခေတ်ဆန်တဲ့ အစ်မကြီးက မြို့တော်အရှေ့ပိုင်းက သူဌေးတစ်ယောက် အိမ်မှာ ကလေးထိန်း လုပ်ခဲ့ဖူးတယ် ၊ သူ့ကို အစ်မကျန်းလို့ ခေါ်လို့ရတယ် ၊ အဲ့ဒီတုန်းက သူ့ အလုပ်ရှင်က ဗီလာမြေအောက်ခန်းထဲမှာ မွေးမြူထားတဲ့ သရဲကလေးတွေ ထွက်လာခဲ့ပြီး အစ်မကျန်းတစ်ယောက်တည်းပဲ အသက်ရှင်ခဲ့တာ”
ပုပုဝိုင်းဝိုင်း အစ်မကျန်းက ပြုံးပြသည်။ သူမသည် လွန်စွာပေါင်းသင်း ဆက်ဆံရေးကောင်းသည်။
“အစ်မကျန်းကို လျှော့မတွက်နဲ့နော် ၊ အဲ့ဒီည အသက်ရှင်ဖို့အတွက် အစ်မကျန်းက သရဲကလေး အားလုံးကို သူ့ရဲ့ သားသမီးတွေလို သဘောထားပြီး တစ်ညလုံး ၊ တစ်နေ့လုံး သူတို့နဲ့ အတူတူ နေခဲ့ရတာ”
ဖန်လီ ထိုသို့ ပြောလိုက်ရာ ဆရာမလျို၏ အစ်မကျန်းနဲ့ ပေါင်းသင်းဆက်ဆံရေး စိတ်ကူးများ ပျောက်ကွယ်သွားခဲ့သည်။
“ဒီ စုံတွဲကတော့ ဟန်ဟိုင်း တက္ကသိုလ်က ကျောင်းသားတွေပါ ၊ သူတို့က အထက်တန်းကျောင်းကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာလေ၊စာလည်း အရမ်းတော်ကြတယ်”
ဖန်လီသည် သူ့အဖွဲ့ထဲရှိ လူတိုင်းကို ကောင်းကောင်း သိပေသည်။
“ကျွန်တော့် နာမည်က ပိုင်ရှုပါ ၊ ဒါက ကျွန်တော့် ချစ်သူ ယိုယိုပါ ၊ကျွန်တော်တို့ နှစ်ယောက်စလုံး သင်္ချာ အဓိကနဲ့လေ”
ကျောင်းသားလေးသည် ပိန်သွယ်ပြီး အရပ်ရှည်ကာ ယဉ်ကျေးပုံရသည်။ မိန်းကလေးကလည်း အရပ်ရှည်သည်။ သူတို့ကား စံပြ စုံတွဲတစ်တွဲလိုပင်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ တက္ကသိုလ်က ကျောင်းသားတွေ အများကြီး ပျောက်သွားကြတယ် ၊ ကျွန်တော်တို့လည်း စာကြည့်တိုက်ထဲမှာ ပိတ်မိနေခဲ့တာပေါ့ ၊ ရေသေ ဖိုရမ်က အစ်ကိုကြီးတွေရဲ့ အကူအညီကြောင့် ကျွန်တော်တို့ အသက်ရှင် လွတ်မြောက်ခဲ့တာပါ”
ပိုင်ရှုက ဖြစ်ရပ်ကို တွေးမိသောအခါ ယိုယိုကို လှမ်းဖက်လိုက်သည်။
“ဒီ နောက်တစ်တွဲကိုတော့ ကျွန်တော် အုပ်ချုပ်ရေးရုံးကနေ ကယ်ခဲ့ရတာလေ”
ဖန်လီက ခေါင်းကိုက်နေသည့် ပုံစံဖြင့် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ ရပ်နေကြသော ထိုစုံတွဲကို ကြည့်လိုက်သည်။
“ဘယ်သူက သူ့နဲ့ စုံတွဲလဲ ၊ ကျွန်မတို့က ကွာရှင်းပြီးသား!”
အမျိုးသမီးက အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အားကစားရုံတွင် လေ့ကျင့်မှုများစွာ လုပ်ထားသောကြောင့် အချိုးအစား လှပနေသည်။
“ငါလဲ နင်နဲ့ အတူတူ လာချင်တယ် ထင်လား ၊ အဲ့ဒီနေ့က သရဲတွေသာ မရှိရင် ငါတို့ ကွာရှင်းတာ ပြီးတာနဲ့ ထွက်ပြေးမှာပဲ!”
အမျိုးသားက ပြန်ပက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကား ပိုပြီး ဝိုင်းစက်နေလေသည်။ သူသည် အမျိုးသမီးနဲ့ အသက်တူတူဖြစ်ပုံရသော်လည်း အသက်ပိုကြီးနေပုံ ရသည်။
“ထွက်ပြေးမယ် ဟုတ်လား ၊ ရယ်စရာပဲ ! သရဲ ပေါ်လာတဲ့နေ့က နင့်ကိုငါ ပွေ့ချီခဲ့ရတာကို မှတ်မိသေးတယ် ၊ နင်က ယောက်ျားတစ်ယောက်ရော ဟုတ်ရဲ့လား”
“ငါက နင့်ကို ကာကွယ်ဖို့အတွက် လဲကျသွားတာလေ! ငါ့ဘာသာ လမ်းလျှောက်ဖို့ နင့်ကို ချပေးဖို့ ငါမပြောခဲ့ဘူးလား”
ထိုအမျိုးသားရဲ့ လည်ပင်းက နီရဲနေခဲ့သည်။
“နင် ဘာလို့ ဒါကို မမြင်နိုင်ရတာလဲ ၊ နင် ခဲဘောလုံးပစ်တာ အရမ်းအချိန်ကြာသွားတော့ နင့် ဦးနှောက်လည်း ခဲဖြစ်နေပြီ ထင်တယ်!”
“လီချိုက်ချန် နင့်ဆီက စကားတစ်လုံး ထပ်ကြားရလို့ကတော့!”
အမျိုးသမီးက လက်မောင်းကို လှန်တင်လိုက်သည်။
“နင်နဲ့ အတူတူ နေရပြီးတဲ့နောက် ငါ သရဲတွေကို မကြောက်တော့တာ မဆန်းပါဘူး!”
ထိုအမျိုးသားက ဖန်လီရဲ့ နောက်တွင် ပုန်းလိုက်ရင်း ခေါင်းမာစွာ ပြောလိုက်သည်။
ဖန်လီက ခါးသီးစွာ ပြုံးပြရင်း ဆရာမလျိုအား ရှင်းပြသည်။
“ဒီ အစ်ကိုကြီး နာမည်က လီချိုက်ချန်ပါ ၊ ဆရာဝန်တစ်ယောက်ပေါ့ ၊ သူ့ရဲ့ ဇနီးက အငြိမ်းစား ခဲလုံးပစ် အားကစားသမားပါလေ ၊ သူ့နာမည်က အိုးယန်စုစုတဲ့”
“ဒါက ငါတို့ ချိန်းမတွေ့တဲ့ခင်တုန်းက ငါ့ကို လှည့်စားဖို့ အသုံးပြုခဲ့တဲ့ နာမည်ပဲ ၊ စုစုဆိုတာ တကယ်ကို နူးညံ့တဲ့ နာမည်ပဲ ၊ သူ့ရဲ့ နာမည်က လူနဲ့လုံးဝမလိုက်ဖက်ဘူးလေ”
“လီချိုက်ချန်း နင် သေချင်နေတာလား”
အစ်မစုစုက ချက်ချင်းပင် အစ်ကိုလီရဲ့ လည်ပင်းကို ဆွဲညစ်လိုက်သည်။
“ငါ့ကို လွှတ်စမ်း ! မဟုတ်ရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ နင့်ကို တရားစွဲမယ်!”
လီချိုက်ချန်က နာကျင်စွာ ညည်းညူလိုက်သည်။
“စွဲလိုက်လေ! ငါတို့က ကွာရှင်းပြီးသားပဲ!”
အိုးယန်စုစုက ထိုသို့ပြောလိုက်သော်လည်း သူမ၏ လက်က ပြေလျော့သွားခဲ့သည်။
“ရှောင်ဖန်၊ ရပ်မနေနဲ့! သူ့ကို ဖမ်းလိုက်!”
ဖန်လီက ထိုစုံတွဲကို လျစ်လျူရှုလိုက်ပြီး နောက်ဆုံးတစ်ယောက်ကို မိတ်ဆက်ပေးသည်။
“ဒီလူရဲ့ နာမည်က ကောင်းမင်ပါ ၊ ကျွန်တော်တို့ မူမမှန်ဖြစ်ရပ်ထဲ မဝင်ခင်တုန်းက သူ့ကို တွေ့ခဲ့တာလေ ၊ သူ့မိသားစုက မူကြိုကျောင်း ပိုင်တယ် ၊ ပုံမှန်အားဖြင့် သူက ကူညီတတ်ပါတယ် ၊ သူက ကလေးတွေနဲ့ အရမ်း အဆင်ပြေတယ်”
“မင်္ဂလာပါ”
ကောင်းမင်က ရှက်ရွံ့စွာ ဆရာမလျိုအား နှုတ်ဆက်သည်။
“ကျွန်တော့်ရဲ့ ပထမဆုံး မူမမှန်ဖြစ်ရပ်တုန်းကလည်း ကျွန်တော် အရမ်း ကြောက်ခဲ့ရတယ် ၊ အခုချိန်တော့ စိတ်လှုပ်ရှားနေတုန်းပဲ ဆိုပေမဲ့ အများကြီး ပိုကောင်းလာပါပြီ”
“ဒီနေရာက လူတိုင်းက ခင်ဗျား ဘာတွေတွေ့ကြုံခဲ့ရလဲဆိုတာ သိပါတယ်”
ဖန်လီက ကောက်ချက်ချသည်။
“ကျွန်တော်တို့လို ခြောက်ခြားဂိမ်းကစားသမားတွေဟာ လူတွေ ပိုများများ ကယ်တင်နိုင်အောင် အတူတကွ ပူးပေါင်းသင့်ပါတယ်”
ဖန်လီသည် ထိုသို့လုပ်နေခြင်းကြောင့် အလုပ်ထုတ်ခံရနိုင်သည့် လူတစ်ယောက်ပင်။ သို့သော်ငြား သူ့တွင် တခြားသူများကို သူ့နား နေချင်လာစေသည့် ထူးခြားမှုတစ်ခုကို ပိုင်ဆိုင်ထားပေသည်။၎င်းကား တရားမျှတမှုပင်။ သေချာသည့် အနာဂတ်တစ်ခုတွင် သာမန်ဖန်လီသည် သူ စိတ်ကူးမယဉ်နိုင်သည့် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပေသည်။
ဆရာမလျိုက အစ်မစုစုနှင့် အစ်ကိုလီကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ သူတို့အား ယုံကြည်သွားခဲ့သည်။ သရဲတွေက စုံတွဲတစ်တွဲလို ငြင်းခုံမှာမဟုတ်ဘူးလေ။
“ကျွန်မရဲ့ ကျောင်းသားတစ်ဦးကို သူ့မိဘတွေက အိမ်ထဲမှာ ပိတ်လှောင်ထားတယ် ၊ အဲဒီ အဆောက်အအုံပဲ! သူ့မိဘတွေက ကျွန်မကို ကျောခိုင်းပြီး ရပ်နေကြတာ ၊ သူတို့ မျက်နှာကို မြင်လိုက်တာနဲ့ ရှင်တို့ရဲ့ မျက်နှာက အခိုးခံလိုက်ရသလိုမျိုး ပျောက်ကွယ်သွားလိမ့်မယ်”
“မျက်နှာမဲ့ မကောင်းဆိုးဝါးလား”
ဖန်လီက သူ့မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။
“လီစန်း ဆေးရုံပတ်ဝန်းကျင်မှာ ဒီလိုမျိုး ဆင်တူတဲ့မူမမှန်ဖြစ်ရပ်တွေ ရှိခဲ့တယ် ၊ လူနေရပ်ကွက် အများအပြားကို ဒီလိုကြောင့် ပိတ်ဆို့ထားရတယ် ၊ ဒါက မျက်နှာမဲ့ ရွှံ့ရုပ်တုနဲ့ ဆက်စပ်နေပုံရတယ် ၊ ဒါက ကျွန်တော်တို့ရဲ့ မစ်ရှင် လုပ်ဆောင်ရမယ့် နေရာပဲ”
သူ အတည်ပြုပြီးနောက် သူက အိမ်ရာအဆောက်အအုံဘက်ကို လှည့်လိုက်သည်။
“ဖွဲ့စည်းပုံနေရာကို ထိန်းထား ၊ ငါတို့ တစ်ချက် သွားကြည့်မယ်”
“ကျွန်တော်တို့ ကျန်တဲ့ ကစားသမားတွေကို စောင့်သင့်လား”
ပိုင်ရှုက သူ့ဖုန်းကို ဖွင့်လိုက်သည်။
“ရေသေဖိုရမ်က မနေ့ညက မစ်ရှင်အသစ် ၁၇ ခု ထုတ်ပြန်ခဲ့တယ် ၊ အဲ့တာတွေက မြို့ဟောင်း တစ်ခုလုံးကို ဖုံးလွှမ်းနေပြီ ၊ ဟန်ဟိုင်းမှာ ကိစ္စတွေ ပြောင်းလဲနေပြီလို့ ကျွန်တော် ခံစားရတယ် ၊ ကျွန်တော်တို့ ပိုပြီး သတိထားသင့်တယ်”
“ကလေးတစ်ယောက်ရဲ့ အသက်က အန္တရာယ် ရှိနေပြီ ၊ ကျွန်မ သူ့ကို ဘာမှ မဖြစ်စေချင်ဘူး"