← Chapters

ဖမ်းဆီးခြင်း

Vol. 26 Ch. 359

ဖမ်းဆီးခြင်း

Vol. 26 Ch. 359

အခန်း (၃၅၉) ဖမ်းဆီးခြင်း

ပင်လယ်ပြင်က ကျယ်ပြန့်သော်လည်း ရန်ကျောက်ကဲနှင့် အားဟူတို့ကို မတားဆီးနိုင်ပေ။

ပန်ပန်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင်ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး သူ၏ကျောထက်မှ ရန်ကျောက်ကဲနှင့်အားဟူတို့ကို ကာကွယ်ပေးသည့် အရံအတားတစ်ခု ဖန်တီးလိုက်သည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာရင်း...

“ဂိုဏ်းတူညီမလေး’စစ်ခုန်’ က ဒီနားပတ်ဝန်းကျင်မှာပဲ ရှိနိုင်တယ်”

အားဟူက ဝိညာဉ်စွမ်းအားအသုံးပြုပြီး ချွိယန်ချီကို အာရုံခံကြည့်လိုက်ပြီး လူယုတ်မာအပြုံး ပြုံးလိုက်သည်။

“သခင်လေး... ဒီကောင်လေး ကျွန်တော်တို့အပေါ် မဟုတ်တာတစ်ခုခုလုပ်နေတာ သေချာရင်... သူ့ကို ပညာပေးလိုက်ကြတာပေါ့”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“သူက အဘိုးအို’မော့’ နဲ့ ပတ်သက်နေရင် ဘယ်လိုလုပ်မလဲ ၊ ငါသိသလောက် အဘိုးအို’မော့’ က မြောက်ပင်လယ်အပြင်ပိုင်းနဲ့ အရှေ့ပင်လယ်အပြင်ပိုင်း ဆုံတဲ့နေရာမှာရှိတဲ့ ‘စိမ်းလန်းဆေးလုံးကျွန်း’ မှာ နေတာထင်တယ်”

အဘိုးအို’မော့’က ဂိုဏ်းတစ်ခုတည်ထောင်ထားခြင်း မရှိသော်လည်း သူ့တွင် တပည့်များစွာရှိသည်။ အားလုံးက သူ့လိုပင် လောကီရေးရာများတွင်ပါဝင်ပတ်သက်မှုမရှိဘဲ သိုသိုသိပ်သိပ်သာ နေထိုင်လေ့ရှိကြသည်။

အဘိုးအို’မော့’ က ပင်လယ်တစ်ဖက်ခြမ်းတွင်နေထိုင်ပြီး လူများနှင့် ကင်းကင်းရှင်းရှင်းနေထိုင်သူ ဖြစ်သည်။

သို့သော် ထိုအဘိုးကြီးအား စိတ်ထားကောင်းသည်ဟု တွေးထင်ပါက အမှန်တကယ်ပင် အမှားကြီးမှားပေမည်။

အဘိုးအို’မော့’ ၏ ရတနာပစ္စည်းများဖြစ်သည့် ‘မင်ရည်ပန်းချီကား’ များသည် လောကတစ်ခွင် အလွန်ကျော်ကြားသည်။ ထို ‘မင်ရေပန်းချီကားများ’ နှင့်အတူ သူ၏ ‘သွေးပန်းချီကားများ’ သည်လည်း နာမည်ကျော်သည်ပင်။

သွေးပန်းချီကားများ မည်သို့ဖန်တီးပါသနည်းဆိုသော်...

သတ်ဖြတ်ခံထားရသော ရန်သူများ၏အလောင်းများကို ပန်းချီကားအလား နံရံတွင်ချိတ်ဆွဲထားပြီး ထိုသူများ၏ အသွေးအသားကို အဘိုးအို’မော့’က သူ၏ အစစ်အမှန်သိုင်းဝိညာဉ်ဖြင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် အရည်ပျော်ကာ သွေးမင်ရည်အဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးများက နံရံထက်တွင် သဘာဝပန်းချီကားများအဖြစ် ထင်ကျန်ရစ်ပြီး အချိန်ကြာမြင့်စွာ ပျောက်ကွယ်မသွားဘဲ တည်ရှိနေခဲ့သည်။

အဘိုးအို’မော့’ ဟု တွေးမိသည်နှင့် အားဟူ ခေါင်းပုသွားသည်။

သူ၏ သခင်လေးဖြစ်သော ‘ရန်ကျောက်ကဲ’ နောက်ကွယ်တွင် ဝါဒတောင်တည်ရှိသော်လည်း လက်ရှိတွင် နေသူတော်စင်ဂိုဏ်းနှင့် ရင်ဆိုင်နေရသဖြင့် အင်အားလိုပ်နေလေသည်။ သူတို့သာ အဘိုးအို’မော့’ ကို သူ၏ပိုင်နက်ထဲတွင် သွားရောက်စော်ကားမိပြီး ဒေါသကိုစွပေးသလို ဖြစ်သွားပါက အသတ်ခံရလျှင်တောင် မည်သူမှကယ်တင်နိုင်မည် မဟုတ်ပေ။

စစ်ခုန်ချင်းနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့သော မိန်းကလေးက ပြဿနာမရှိပေ။ တပည့်အချင်းချင်း ပြဿနာတက်ကြသည်က လက်ခံနိုင်ဖွယ်ရှိသည်။ သို့တိုင် သူမနှင့်တိုက်ခိုက်ခဲ့သူက အဘိုးအို’မော့’ ၏ မျိုးဆက်တပည့်ဖြစ်နေလျှင် ဝါဒတောင်အနေဖြင့် စစ်ခုန်ချင်းကို ထိန်းရမည် ဖြစ်သည်။

ထို့ပြင် ယခု ချွိယန်ချီ၏လုပ်ရပ်များက အလွန်ထူးဆန်းသော်လည်း ဝါဒတောင်အပေါ် ရန်လိုသည့်သဘောထား ထုတ်ဖော်ပြသခြင်း မရှိသေးပေ။

ဤသို့သောအခြေအနေမျိုးတွင် ချွိယန်ချီက အဘိုးအို’မော့’ ၏ မျိုးဆက်တပည့်ဖြစ်ခဲ့လျှင် ရန်ကျောက်ကဲ သူ့ကိုဖမ်းဆီးလိုက်ခြင်းက အဘိုးအို’မော့’ ၏ ဒေါသကို နှိုးဆွသလို ဖြစ်သွားပေမည်။

သိုင်းသူတော်စင်တစ်ယောက်၏ အမျက်ဒေါသကိုနှိုးဆွခြင်း __ ဤသည်က အသေးအဖွဲကိစ္စတစ်ခု မဟုတ်ပေ။

အဘိုးအို’မော့’ က ချက်ချင်းမတုံ့ပြန်သဖြင့် ရန်ကျောက်ကဲက ရေနယ်မြေကိုဖြတ်ကျော်ပြီး ပြည်မရှိဝါဒတောင်သို့ အန္တရယ်ကင်းကင်း ပြန်ရောက်သွားမည်ဆိုဦးတော့ အဘိုးအို’မော့’ က ဝါဒတေင်အပေါ် အငြိုးထားပြီး နေသူတော်စင်ဂိုဏ်းဘက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထိုသို့သာဖြစ်ခဲ့လျှင် နေသူတော်စင်ဂိုဏ်းက အိပ်မက်ထဲမှာပင် ရယ်မောနေပေလိမ့်မည်။

ထိုအကြောင်းများစဉ်းစားမိသည့်အခါ စောစောက ချွိယန်ချီကို ပညာပေးရန်စဉ်းစားမိသည့် အားဟူမှာ သွားပင်ကျိန်းမိသည်။

သို့သော် ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက်...

“ဟုတ်တယ် အားဟူ ၊ သွား... သူ့ကို သွားဖမ်းလိုက်”

အားဟူ မှင်တက်သွားပြီး...

“သခင်လေး... ဒါက...”

ရန်ကျောက်ကဲက ပန်ပန်၏ ကျောထက်တွင် တင်ပျဉ်ခွေထိုင်နေပြီး လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ် တင်ထားသည်။

သူက ခေါင်းညိတ်ရင်း...

“သွား... ဘာမှမဖြစ်ဘူး ၊ အဆင်ပြေသွားမှာပါ”

ထိုစကားကိုကြားတော့ အားဟူက အထွန့်မတက်တော့ဘဲ ပင်လယ်ပြင်ထဲသို့ ခုန်ပျံထွက်ခွာသွားသည်။ သူ့ပုံစံက ရက်စက်ကြမ်းတမ်းသည့်ကျားတစ်ကောင် အတောင်ပံ့ဖြန့်ထားသည့်ပမာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားပြီး ချွိယန်ချီဆီသို့ ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲက သူ့ဒူးများကိုတံတောင်ဆစ်ဖြင့်ထောက်ထားပြီး မေးကိုလက်ပေါ်တင်ကာ အဝေးဆီသို့ငေးနေသည့်မျက်ဝန်းများက ဆုံချက်ပျောက်နေသည်။ သူ့ဦးနှောက်ထဲတွင် ပြဿနာများစွာကို တန်းစီစဉ်းစားနေသည်။

ခဏကြာတော့ အားဟူက ချွိယန်ချီနှင့်အတူ သူ့အနားသို့ ပြန်ရောက်လာသည်။

“သခင်လေး ၊ ဒီကောင်လေးရဲ့ စွမ်းအားက သာမန်မဟုတ်ဘူး ၊ ကျင့်ကြံခြင်းအဆင့်သာတူရင် သူ့ကိုအရှင်ဖမ်းဖို့မပြောနဲ့ အနိုင်ယူဖို့တောင် အတော်လေးကြိုးစားရမယ်”

အားဟူက သူ့နှုတ်ခမ်းကို လက်ဖြင့်ပွတ်ရင်း...

“သူ့ရဲ့စွမ်းအားက မိန်းကလေး’စစ်ခုန်’ ထက်နိမ့်ကျမေပယ့် သိပ်တော့မကွာလှဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး ချွိယန်ချီကို ကြည့်လိုက်သည်။

“ဟေး... ငါတို့ပြန်တွေ့ကြပြန်ပြီနော်...”

ချွိယန်ချီက...

“မင်းတို့ ဝါဒတောင်ကို ငါက ဘယ်လိုများစော်ကားမိလို့ ဝါဒတောင်သခင်လေးက ငါ့ကို ဒီလိုဆက်ဆံရတာလဲ”

သူ့စကားများက ယဉ်ကျေးသည်ဟုထင်ရသော်လည်း စကားသံထဲတွင် သံသယနှင့် လှောင်ပြောင်မှုများပါဝင်နေသည်မှာ အလွန်ထင်ရှားသည်။

ပင်လယ်ပြင်တွင်ကျက်စားသူများက ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုကို သိပ်ပြီး အရေးမစိုက်ကြသလို ကြောက်ရွံ့ခြင်းလည်း မရှိကြပေ။

ရန်ကျောက်ကဲက အေးဆေးစွာပြုံးလိုက်ရင်း...

“အခုချိန်ထိတော့ မင်းက ငါတို့ဝါဒတောင်ကို စော်ကားထားတာ မရှိသေးပါဘူး”

သူက ဖြည်းညင်းစွာဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့ မင်းကို မေးစရာလေးတွေရှိလို့ ခေါ်ခိုင်းလိုက်ရတာပါ ၊ ပထမဆုံးမေးချင်တာက မင်းက ပန်းချီဆရာသူတော်စင်ရဲ့ အဆက်အနွယ်လား”

ထိုစကားကိုကြားတော့ ချွိယန်ချီ၏မျက်ဝန်းများ အနည်းငယ်တုန်ခါသွားသည်။ သို့သော် သူက စကားမဆိုဘဲ ငြိမ်သက်နေ၏။

အားဟူက ကြယ်တာရာချီစွမ်းအားအသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲထံ သတင်းပေးပို့သည်။

“သခင်လေး... စောစောက ဒီကောင်လေးအသုံးပြုတဲ့သိုင်းပညာက သက်တံ့ဓားသိုင်းပဲ”

“သက်တံ့ဓားသိုင်း” ဆိုသည်က မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် “ရွှေရောင်သက်တံ့ဓားသူတော်စင်” တီထွင်ခဲ့သော သိုင်းပညာဖြစ်သည်။ မဟာကပ်ဘေးကြီးမတိုင်ခင်က အမွေအနှစ်များနှင့် သူ၏ကိုယ်ပိုင် အစစ်အမှန်သိုင်းဝိညာဉ်ကို ပေါင်းစပ်တီထွင်ထားခြင်း ဖြစ်သည်။

ထိုဓားသိုင်းက မဟာကပ်ဘေးကြီးအလွန်ကာလ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ပေါ်ထွန်းခဲ့သော ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်ပြီး တစ်ချိန်က အလွန်တရာနာမည်ကျော်ကြားခဲ့သည်။

သို့သော် ထိုဓားသိုင်းပညာက ကာလအတန်ကြာအောင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။

ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ ကိုယ်တိုင်လည်း ထိုဓားသိုင်းကို တစ်ခါမှ အသုံးပြုခဲ့ခြင်း မရှိပေ။

သို့ရာတွင် အဘိုးအို’မော့’ ၏ တပည့်တစ်ယောက်ဖြစ်သော “ပင်လယ်ဖြိုသက်တံ့သခင်’ ထန်ရှင်းက ထိုဓားသိုင်းပညာဖြင့် ကျော်ကြားခဲ့သူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ပျောက်ဆုံးနေသော “သက်တံ့ဓားသိုင်း” သည် အဘိုးအို’မော့’ ၏ ကျေးဇူးကြောင့် နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာပြီဖြစ်ကြောင်း အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး နားလည်သိရှိခဲ့ကြသည်။

ယခု ချွိယန်ချီက ဤသိုင်းပညာကို အသုံးပြုခဲ့ပြီဖြစ်ရာ သူ မည်သူမည်ဝါဖြစ်ကြောင်း မလွဲမရှောင်သာ ထုတ်ဖော်ပြသလိုက်ရပြီ ဖြစ်သည်။

အားဟူ ထိုသိုင်းပညာကိုတွေ့မြင်လိုက်ကတည်းက ချွိယန်ချီမှာ အဘိုးအို’မော့’ ၏ အဆက်အနွယ်ဖြစ်ကြောင်း ရိပ်မိသွားပြီး အခြေအနေဆိုးဆိုး ခံစားခဲ့ရသည်။

အားဟူ သတင်းပေးသည့်စကားကို ကြားသည်နှင့် ရန်ကျောက်ကဲက ချွိယန်ချီကို အကဲခတ်ရင်း...

“သက်တံ့ဓားသိုင်း ဟုတ်လား ၊ ဒါဆို ပန်ချီဆရာသူတော်စင်ရဲ့ အဆက်အနွယ်ပဲပေါ့ ၊ ပင်လယ်ဖြိုသက်တံ့သခင်က မင်းနဲ့ ဘယ်လိုပတ်သက်နေလဲ”

ချွိယွမ်ချီက ခဏမျှတိတ်ဆိတ်နေပြီးမှ...

“သူက ငါ့ရဲ့ ဆရာဘိုးဘိုးပါ”

ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...

“အင်း... ဆရာကြီး’ထန်ရှင်း’ ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ”

ချွိယန်ချီက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ရန်ကျောက်ကဲက...

“ဒုတိယမေးခွန်းကတော့... င့ါရဲ့ ဂိုဏ်းတူညီမလေး ဘယ်မှာလဲ”

ချွိယန်ချီက...

“ဒါတော့ ငါ ဘယ်လိုလုပ်သိမှာလဲ”

အားဟူမှာ ချွိယန်ချီကို စိုက်ကြည့်နေရင်း အနည်းငယ်အပြစ်ရှိသလို ခံစားရကာ အသက်ရှူသံများပင် ပိုမိုမြန်ဆန်လာသည်။

ဒီကောင်လေးက သက်တံ့ဓားသိုင်းကို ခိုးသင်ခဲ့ခြင်း ဖြစ်နိုင်မလား။ သို့မဟုတ် အမှားလုပ်ပြီးထွက်ပြေးလာသော တပည့်တစ်ယောက်လား ၊ သို့မဟုတ် နှင်ထုတ်ခံရသည့်တပည့်တစ်ယောက်လား။

ထိုသို့သောတပည့်တစ်ယောက်ဖြစ်ပါစေဟု သူ ဆုတောင်းနေမိသည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“မင်း သိပါတယ် ၊ ဒါမှမဟုတ် အခုမှ မေ့သွားတာ ဖြစ်ရမယ် ၊ ရတယ်လေ... ‘စိမ်းလန်းဆေးလုံးကျွန်း’ ကို သွားကြတာပေါ့ ၊ အဲဒီရောက်ရင်တော့ မင်းပြန်မှတ်မိသွားမယ်ထင်တယ်”

ထိုစကားကိုကြားတော့ အားဟူမှာ မျက်လုံးအပြူးသား ၊ ပါးစပ်အဟောင်းသားဖြင့် စကားမပြောနိုင် ဖြစ်သွားရသည်။

သူ၏သခင်လေးက တခြားသူ၏တပည့်ကိုဖမ်းပြီး ထိုသူ၏အိမ်သို့သွားရောက်ရန် ရည်ရွယ်နေလေသလား။

သို့သော် အားဟူကို အံ့အားသင့်သွားစေသည်မှာ ရန်ကျောက်ကဲစကားကိုကြားသည်နှင့် ချွိယန်ချီဆိုသည့် ကောင်လေးမျက်နှာက မည်းမှောင်သွားပြီး ရန်ကျောက်ကဲ လိုချင်သည့်အဖြေကို ပေးလိုက်ခြင်းပင်။

“မင်းရဲ့ ဂိုဏ်းတူညီမလေးက ဒီနေရာရဲ့အနောက်ဘက် မိုင် (၂၀၀) ပတ်ဝန်းကျင်လောက်မှာရှိတယ် ၊ အတိအကျတော့ မပြောတတ်ဘူး”

ရန်ကျောက်ကဲက ကျေနပ်စွာ ခေါင်းညိတ်ရင်း...

“ဒီလောက်ဆို လုံလောက်ပါတယ် ၊ ကြည့်လေ... အဆင်ပြေတယ်မဟုတ်လား”

ပြောပြီးသည်နှင့် သူက ပန်ပန်ကို လက်ဖြင့်အသာပုတ်လိုက်ပြီး အနောက်ဘက်သို့ ဦးတည်လိုက်သည်။

အားဟူက ရန်ကျောက်ကဲကိုကြည့်လိုက် ချွိယန်ချီကိုကြည့်လိုက်ဖြင့် ပြာယာခတ်နေပြီး နောက်ဆုံးတော့ မနေနိုင်စွာဖြင့် အသံပို့လွှတ်စနစ်အသုံးပြုကာ ရန်ကျောက်ကဲကို ခေါ်လိုက်သည်။

“သခင်လေး...”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“စိတ်မပူနဲ့ ၊ ဒီကောင်လေးအသက်မသေသရွေ့ ဘာမှမဖြစ်ဘူး ၊ ပြီးတော့ ဒီကိစ္စကို သူတို့ဘက်က အကြီးအကဲတွေ မသိလောက်သေးဘူး”

ထို့နောက် ရန်ကျောက်ကဲက အဝေးသို့ လှမ်းကြည့်လိုက်ရင်း...

“ဂိုဏ်းတူညီမ‌လေး’စစ်ခုန်’ ကို ရှာတွေ့ရင် တခြားကိစ္စတွေပါ အတည်ပြုနိုင်လိမ့်မယ်”

All Chapters