သွေးနတ်ဆိုး၏အရိုး
Vol. 98 Ch. 966
ပတ်ဝန်းကျင်ရှိ လေထုသည်ပင် ရုတ်ခြည်း အေးစက်သွားသလို ထင်ရ၏။
တိန့်ဖန်းသည် စုချန်းကို အချိန်အတော်ကြာအောင် စူးစိုက်ကြည့်နေ၏။ ထို့နောက် သူက မေးလိုက်သည်။
“ဂိုဏ်းချုပ်စု ဘယ်လိုများသိသွားတာတာလဲ”
သူ့စွပ်စွဲချက်ကို ငြင်းပယ်ရန် ကြိုးပမ်းခြင်းမရှိသည့် တိန့်ဖန်းကိုကြည့်ရင်း စုချန်း ကျေနပ်စွာ ပြုံးလိုက်၏။
“အနက်ရောင်ရေတပ်ဖွဲ့ ဆိုတာ ဓားပြအဖွဲ့ပဲ စည်းပျက်ကမ်းပျက် ဖြစ်နေသင့်တာပေါ့ ဒါပေမဲ့ ခင်ဗျားကတော့ သူတို့ကို စည်းကမ်းသေဝပ်တဲ့ အထူးတပ်ဖွဲ့ဖြစ်အောင် လေ့ကျင့်ပေးနိုင်ခဲ့တယ် ဒီလိုလုပ်နိုင်တာ သာမန်လူဘယ်ဟုတ်ပါ့မလဲ ပြီးတော့ ခင်ဗျား အနက်ရောင်မီးလျံအဖွဲ့ထဲကို ဝင်ပြီးတာတောင် ကိုယ့်ကိုယ်ကို ဆက်ပြီး ဖုံးကွယ်ထားတာက ထူးဆန်းနေတယ် လင်ချောက်ချွန်ဟာ မင်းမျိုးမင်းနွယ်က ပေါက်ဖွားတဲ့ တရားမဝင်သားဖြစ်ပြီး လောင်စန်းနိုင်ငံသား လောင်ပိုကျွမ်းပျောက်ဆုံးသွားတာနဲ့ လင်ဝမ်ကျွန်းက အဲဒီနေရာကို အရယူလိုက်တယ် ပြီးတော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ ကံကြမ္မာ...စတဲ့အချက်အလက်တွေကို ကျုပ် ဘယ်တုန်းကမှ မျက်ချေပြတ်သွားတာမျိုး မရှိခဲ့ဘူး အစတုန်းကတော့ လင်ဝမ်ကျွန်း လောဘကြီးလှချည်ရဲ့ ထင်ခဲ့ပေမယ့် အခုတော့ သူ သူ့အဖေမျက်နှာသာရဖို့ လုပ်ခဲ့တာမှန်း ကျုပ် သိသွားပြီ ဒါပေမဲ့ ဒီအချက်ကို ကျွန်တော် စသိသွားတာက လင်ချန်းယွမ်ကြောင့်ပဲ..”
လင်ဝမ်ကျွန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့်ပတ်သက်၍ အမှားကြီးတခု ကျူးလွန်ခဲ့သည့်တိုင် မူလရာထူးကို ပြန်လည်ရယူနိုင်ခဲ့၏။ လင်ချန်းယွမ်သည် လင်ဝမ်ကျွန်းထက် အစစအရာရာ သာလွန်နေမှန်း လူတိုင်း သိထားပြီးသား ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လင်ချွမ်းယွမ်သာ နောက်ကောက်ကျသွားခဲ့ရ၏။ ၎င်းမှာ အဘယ်ကြောင့်ပေနည်း။
စုချန်းကိုယ်တိုင်လည်း ဤအကြောင်းကို အတော်လေး စိတ်ဝင်စားမိ၏။
ထို့နောက်တွင်တော့ သူ ပိတ်လော့ခ်မှတစ်ဆင့် လင်ချန်းယွမ်နှင့် ဆက်သွယ်ခဲ့လေသည်။
လင်ချန်းယွမ်သည် လင်ဝမ်ကျွမ်းကို ရှုံးနိမ့်ခဲ့၏။ သူ ရာထူးချခံလိုက်ရလေသည်။ ဤအချက်ကို မကျေနပ်၍ လင်ချန်းယွမ်တယောက် ပြသနာ၏ နောက်ကွယ်မှအကြောင်းရင်းများကို စုံစမ်းထောက်လှမ်းခဲ့၏။
နောက်ဆုံးတော့ အချက်အလက်တချို့ကို လင်ချွမ်းယွမ် ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုအချက်အလက်များသည် သူ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။ အကြောင်းမှာ လင်ဝမ်ကျွမ်း မူလရာထူးနှင့် အရှိန်အဝါ၊ သြဇာကို ပြန်လည်ရယူနိုင်ခဲ့ခြင်းမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ဆက်စပ်နေသောကြောင့်ပင်။
ပိုပြီး တိတိကျကျ ပြောရလျင် လင်ဝမ်ကျွန်း ကောင်းကင်ဘုံလက်သီးတပ်ရင်းကို အန္တရာယ်ပြုခဲ့ခြင်းမှာ ညဏ်နည်း၍မဟုတ်။ နဂိုကတည်းက အစီအစဥ် ရှိထားနှင့်သောကြောင့်ပင် ဖြစ်သည်။
သို့ဆိုလျင် လင်ဝမ်ကျွန်း၏ ရည်ရွယ်ချက်က အဘယ်နည်း။ ဤမေခွန်း၏ အဖြေကိုတော့ မည်သူမှ မသိချေ။
တဖန် ထပ်မံရရှိလာသည့် အချက်အလက်များက လင်ဝမ်ကျွန်း ထိုသို့လုပ်ဆောင်ခဲ့ရခြင်းသည် သူ့အဖေ လင်မင်းချီအတွက်သာဖြစ်ကြောင်း ညွှန်ပြနေ၏။
ဤသတင်းအချက်အလက်သာ အမှန်ဆိုလျင် များစွာ ကြောက်စရာကောင်းသွားခဲ့လေပြီ။ အကြောင်းမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးခဲ့သူမှာ ဧကရာဇ်ကိုယ်တိုင်ဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်နေသောကြောင့်ပင်။
သို့သော် သတင်းအချက်အလက်မှာကား မည်သို့မှ ရေရေရာရာ မရှိလှချေ။ လင်းချန်းယွမ်ကိုယ်တိုင်လည်း လင်မင်းချီ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို အဘယ်ကြောင့် ဒုက္ခပေးချင်ရမှန်း မည်သိို့မှ နားမလည်နိုင်ပဲ ဖြစ်နေ၏။ အရှင်းဆုံးပြောရလျင် လင်မင်းချီ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးသည် မပေးသည်ကိုပင် လင်ချန်းယွမ် သေသေချာချာ မပြောနိုင်။ ဤမျှ မရေရာသော အချက်အလက်ကိို ရရှိရန်အတွက်ပင် လင်ချန်းယွမ် ငွေကြေးအတော်များများကို စိုက်ထုတ်လိုက်ရ၏။ သူ သိထားသည်မှာ မင်းမျိုးမင်းနွယ်ထဲမှ တစုံတယောက်သည် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးရန် ကြံစည်ခဲ့သည်၊ ထိုသို့ ကြံစည်ခဲ့ခြင်းမှာလည်း ပျောက်ဆုံးနေသော လောင်ပိုကျွမ်းနှင့် ဆက်စပ်နေနိုင်သည်ဟူသော အချက်မျှသာ ဖြစ်သည်။
စုချန်းသည် လင်ချောက်ချွန်၏ မျိုးရိုးကို ရှေးကတည်းက သိထားပြီးသားဖြစ်သည်။ အကြောင်းမှာ အချုပ်အနှောင်မဲ့အဖွဲ့မှ လူတိုင်း၏ သွေးကို သူ ထုတ်ယူစမ်းသပ်ဖူးသောကြောင့်ပင်။
လင်ချောက်ချွန်၏ သွေးမှာ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇ ဖြစ်နေခဲ့၏။ ဤကတည်းက လင်ချောင်ချွန် မည်သူမည်ဝါမှန်း စုချန်း သဘောပေါက်ခဲ့ပြီးလေပြီ။
လင်ချန်းယွမ်က သူသိထားသမျှ အချက်အလက်များအား စုချန်းကို အသိပေးလိုက်သည့်အခါ စုချန်း ပထမဆုံးသတိရလိုက်သည်မှာကား လင်ချောက်ချွန်ပင် ဖြစ်သည်။ တဖန် တိန့်ဖန်းနှင့် လင်ချောက်ချွန်တို့၏ လျှို့ဝှက်ဆက်ဆံရေးကိုပါ ထည့်သွင်းစဉ်းစားလိုက်သည့်အခါ အမှန်တရားက လယ်ပြင်တွင် ဆင်သွားသလို ရှင်းလင်းနေခဲ့လေပြီ။ ဤမျှ လိမ္မာပါးနပ်ခြင်းမရှိခဲ့လျင်လည်း စုချန်း ဖြစ်နေလိမ့်မည်မဟုတ်ချေ။
စုချန်း ရှင်းပြသည်ကို နားထောင်ရင်း နောက်ဆုံးတော့ တိန့်ဖန်း သို့မဟုတ် လောင်ပိုကျွမ်း အခြေအနေအရပ်ရပ်ကို နားလည်သွား၏။
“လက်စသတ်တော့ ဒီလိုကိုး ဂိုဏ်းချုပ်စုရဲ့ ဉာဏ်ပညာကတော့ တကယ့်ကို အံ့မခန်းပါပဲလေ အမှန်တရားကို ဂိုဏ်းချုပ်စုသိသွားတာ ကျုပ် မအံ့သြတော့ပါဘူး”
စုချန်း ပြုံးရင်း မေးလိုက်ပြန်သည်။
“တကယ်တော့ လင်ဝမ်ကျွန်းက ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးခဲ့တာဟာ အဓိကအားဖြင့် ခင်ဗျားကြောင့်ပဲမလား”
လောင်ပိုကျွန်း မငြင်းပဲ ပြန်မေးလိုက်၏။
“ဂိုဏ်းချုပ်စု ဘယ်လိုလုပ်ပြီး ဒီလို ကောက်ချက်ချနိုင်တာလဲ”
“ရိုးရိုးလေးပါဗျာ လင်ဝမ်ကျွန်းသာ ချောက်ချွန်ကို ဖယ်ရှားချင်တယ်ဆိုရင် ဒီလောက် ရှုပ်ရှုပ်ထွေးထွေး လုပ်နေစရာမလိုဘူး သူ့ကို သတ်ပစ်ဖို့၊ ဒါမှမဟုတ် ဒုက္ခပေးဖို့ နည်းလမ်းတွေမှ အများကြီးပဲ ဘယ်လိုပဲဖြစ်ဖြစ် ချောက်ချွန်ဟာ တရားမဝင်သားပဲ ပြီးတော့ လင်ရောက်ရှန်ကလည်း သေဆုံးသွားတာ အတော်ကြာပြီ သူ့အတွက် ဘယ်သူမှ အာချောင်နေမှာ မဟုတ်ဘူး ဒါကြောင့် သူ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးချင်ရတဲ့ အဓိက အကြောင်းရင်းက...”
“ကျုပ်ကို အပြင်ကို ထွက်လာအောင် ဖိအားပေးဖို့ပဲ”
လောင်ပိုကျွန်းက ပြန်ဖြေလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ သူ မအောင်မြင်ခဲ့ဘူး”
စုချန်းက ပြောလိုက်သည်။
ကောင်းကင်လက်သီးတပ်ရင်း သတ်ဖြတ်သူနယ်မြေထဲတွင် ရက်ပေါင်းများစွာ ပိတ်မိနေခဲ့သော်ငြား လောင်ပိုကျွန်းကား တခါမှ ပေါ်မလာခဲ့ချေ။ နောက်ဆုံးတွင် သူတို့ကို စုချန်းကသာ ကယ်တင်ခဲ့ရ၏။
လောင်ပိုကျွန်း သက်ပြင်းချလိုက်လေသည်။
“ကျုပ် စစ်တပ်ထဲ စဝင်ကတည်းက ကောင်းကင်ဘုံလက်သီးတပ်ရင်းမှာပဲအမှုထမ်းခဲ့တာ အဲဒီအချိန်က ကျုပ်ဘဝအတွက် အပျော်ဆုံးအချိန်တွေပဲ ဝမ်ချန်းက ကျုပ်ဆရာ ကုံးရှန်က ကျုပ်ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေထဲက တယောက် မောက်စီ တဖြည်းဖြည်း ရင့်ကျက်လာတာကို ကျုပ် မြင်ခဲ့ရတယ် ချန်းဟိုင်ဟာ ကျုပ်ရဲ့ တပည့် ယင်ဝမ်က သေသွားတဲ့ ကျုပ်သူငယ်ချင်းတယောက်ရဲ့ သမီး ပြီးတော့ လင်ချောက်ချွန်က ကျုပ်ဆရာရဲ့ သား... ဒါကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ ကျုပ်အတွက်တော့ မိသားစုတစုလိုပါပဲ”
စုချန်း တိတ်တိတ်ဆိတ်ဆိတ်ပင် နားထောင်နေ၏။
ထိုအခါ လောင်ပိုကျွမ်းက စုချန်းကို တချက်ကြည့်ပြီး မေးလိုက်ပြန်သည်။
“သူတို့ ဒုက္ခရောက်နေမှန်း သိပါလျက်နဲ့ ဘာလို့ထိုင်ကြည့်နေခဲ့တာလဲလို့ ကျုပ်ကို မေးချင်နေတာလား”
“ခင်ဗျားမှာ ခိုင်လုံတဲ့ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိမယ်လို့ ကျုပ် ထင်ပါတယ်”
လောင်ပိုကျွန်း ရယ်မောလိုက်လေသည်။
"ဂိုဏ်းချုပ်စုက နှစ်သိမ့်တတ်သားပဲ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ကျုပ်မှာ အဲဒီလို အကြောင်းပြချက်တွေ ရှိမနေခဲ့တာပဲ ကျုပ်မသွားခဲ့တဲ့ တခုတည်းသော အကြောင်းရင်းက သွားလဲ အကျိုးမရှိဘူး ဆိုတာ သိနေလို့ပဲ...သူတို့ကို ကျုပ် ကယ်တင်နိုင်မှာ မဟုတ်ဘူး"
သူ ပြောရင်း သက်ပြင်းရှည်ကြီး ချကာ ပင်လယ်ပြင်ကို ငေးကြည့်နေ၏။
“အဲဒီတုန်းက ကျုပ်ဟာ အနက်ရောင်မီးလျံအဖွဲ့ ထဲကို ဝင်ပြီးသား လောကကြီးက ကျယ်ဝန်းပေမယ့် ကျုပ်မှာက ပုန်းခိုလို့ရတဲ့ နေရာဆိုလို့ ဒါပဲ ရှိတာလေ ပုံရိပ်တထောင်ကျွန်းဟာ ဝေးလံခေါင်ဖျားပြီး သတင်းအချက်အလက်တွေက တစ်ခါတလေမှ ရောက်လာတတ်တယ် ကောင်းကင်လက်သီးတပ်ရင်း ဒုက္ခရောက်နေကြောင်းကို ကျုပ် သိရတော့ အတော်ကို နောက်ကျနေပြီ အဲဒီအချိန်တုန်းက သူတို့ကို ကယ်တင်ဖို့ ကျုပ် စဉ်းစားလိုက်သေးတယ် ဒါပေမဲ့ ဘယ်လိုကယ်မလဲ သူတို့က သတ်ဖြတ်သူနယ်မြေထဲမှာ ကျုပ်က တယောက်တည်း သွားခဲ့ရင်တောင် သူတို့နဲ့အတူ သေရုံကလွဲပြီး တခြားမရှိဘူး ကျုပ်မှာ အဲဒီလောက် စွမ်းရည်မရှိဘူး မှန်ပါတယ် ကျုပ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်က မဆိုးလှဘူး ဒါပေမဲ့ ဂိုဏ်းချုပ်စု ခင်ဗျား စဉ်းစားကြည့်ပါ ခင်ဗျားဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ခင်ဗျားရဲ့ ခေါင်းဆောင်မှုနဲ့ စစ်ဗျူဟာတွေကြောင့် ကယ်တင်နိုင်ခဲ့တာလား"
စုချန်း အံ့အားသင့်သွား၏။
သူ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်နိုင်ခဲ့သည်မှာ မှန်၏။ စစ်နည်းဗျူဟာများကြောင့် ကယ်တင်နိုင်ခဲ့ခြင်းတော့ မဟုတ်ချေ။ သူ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်နိုင်ခဲ့သည်မှာ ချမ်းသာကြွယ်ဝမှုကြောင့်သာ ဖြစ်သည်။ သူသည် အလွန်ချမ်းသာ၍ မူလလက်စွပ် အများအပြားကို ဝယ်ယူကာ အရင်းအမြစ်များစွာကို သယ်ဆောင်လာနိုင်ခဲ့၏။ ထိုအချက်ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း အသက်ရှင်သန်နိုင်ခဲ့၏။ ထိုအချက်ကြောင့် သူတို့အနေနှင့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်ခဲ့ပြီး အခြေအနေကို ပြောင်းလဲနိုင်ခဲ့၏။
ထို့ကြောင့် စုချန်း၏ စွမ်းဆောင်ရည်မျိုး လောင်ပိုကျွန်းတွင် မရှိသည်မှာ သေချာနေသည်။
စုချန်း အထက်ပါအတိုင်း စဥ်းစားရင်း မျက်မှောင်ကုတ်လိုက်မိသည်။
လောင်ပိုကျွန်း၏ စကားက ယုတ္တိဗေဒအရ မမှားကြောင်း သူ ဝန်ခံရပေလိမ့်မည်။
သို့သော် အရာရာတိုင်းကို ဤမျှ ယုတ္တိကျကျ စဉ်းစားနေရန် လိုအပ်သလားဟုတော့ မေးခွန်းထုတ်ရန် ရှိနေ၏။
လောင်ပိုကျွန်းသည် စစ်သားတယောက် ဖြစ်သည်။ စစ်သားတယောက်ပီပီ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရှိသင့်သည် မဟုတ်ပါလား။
ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းလောင်ပိုကျွန်းက ဤစကားမျိုး ပြောချလိုက်သတဲ့လား။
ထိုအခါ စုချန်း မပြောပဲ မနေနိုင်တော့ချေ။
“ခင်ဗျား တကယ်ပဲ လောင်ပိုကျွန်းဟုတ်ရဲ့လားဆိုတာ ကျုပ် မေးခွန်းထုတ်ရမလို ဖြစ်သွားပြီ ကျုပ်စိတ်ထဲက လောင်ပိုကျွန်းကတော့ ပြိုင်ဘက်ကင်း သူရဲကောင်းတယောက် ဘယ်တော့မှ စိတ်ဓာတ်မကျတတ်ဘူး ဘယ်တော့မှ လက်မလျှော့တတ်ဘူး”
“ဂိုဏ်းချုပ်စု ခင်ဗျား ကျုပ်အကြောင်း ဘာသိလို့လဲ”
မထင်မှတ်ပဲ လောင်ပိုကျွန်း ထအော်လိုက်သည်။
“အဲဒါ ကျုပ် လုံးဝ မဟုတ်ဘူး ပြီးတော့ ကျုပ်ဟာ ခင်ဗျားထင်နေတဲ့လူစားမျိုး မဟုတ်ဘူး”
ဟင်...
လောင်ပိုကျွန်း ဆက်လက်အော်ဟစ်နေပြန်သည်။
“တော်ပြီ ဒီနှစ်တွေအတွင်း ကျုပ် တော်တော်ကို ငြီးငွေ့နေပြီ ပြိုင်ဘက်ကင်း သူရဲကောင်းတဲ့လား အဲဒါ ကျုပ် လုံးဝ မဟုတ်ဘူး အဲဒီလိုလူစားမျိုးဟန်ဆောင်ရတာကို ကျုပ် တကယ်ကို မုန်းနေပြီ ကောင်းပြီ ဂိုဏ်းချုပ်စု ကျုပ် တကယ်တမ်းမှာ ဘယ်လိုလူစားမျိုးလဲဆိုတာ ဒီနေ့ ခင်ဗျားကို ကျုပ် လက်တွေ့ပြလိုက်မယ်"
သူ အထက်ပါအတိုင်း ပြောရင်း သံချပ်ကာဝတ်စုံကို ချွတ်ချလိုက်၏။
အရပ်ပုသော အမျိုးသားတစ်ဦး စုချန်း၏ မျက်စိရှေ့တွင် ဘွားခနဲ ပေါ်လာ၏။ သံချပ်ကာဝတ်စုံ၏ နောက်မှ တကယ့် လောင်ပိုကျွန်းကား စူချန်း၏ ပခုံးမျှသာ ရှိလေသည်။ သို့သော် ၎င်းမှာ ပြဿနာကြီး မဟုတ်သေးချေ။ အဓိကပြသနာမှာကား လောင်ပိုကျွန်းသည် အလွန် ပိန်လှီနေပြီး နှစ်ပေါင်းများစွာ ဝဝလင်လင် မစားရသကဲ့သို့ အရိုးပေါ်အရေတင်နေခြင်းပင်။
ဤစကားမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။ လောင်ပိုကျွန်း၏ ပုံစံမှာ အရိုးစုပေါ်တွင် အရေပြားကို ထပ်၍ချုပ်ထားသည်နှင့် ချွတ်စွပ်တူနေ၏။ သူ့အရေပြားအောက်မှ အနီရဲရဲအရိုးတချို့နှင့်ဖွဖွခုန်နေသော နှလုံးသားကိုပင် အတိုင်းသား မြင်နေရသည်။
ဒါပေမဲ့...
ဒါ... ဘယ်လိုလုပ် လောင်ပိုကျွန်း ဖြစ်နိုင်မှာလဲ...
စုချန်း၏ အတွေးထဲမှ လောင်ပိုကျွန်းသည် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော လူတယောက်သာ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ မာကျောသည်ဟု တချို့က ဆိုကြ၏။
သူသည် နွားတစ်ကောင်လုံးကို တထိုင်တည်း စားနိုင်ပြီး သူ့ခန္ဓာကိုယ်မှာ သတ္တုနှင့် တည်ဆောက်ထားသည့်နှယ်ပင်။ သူ့လက်သီးမှာ သန်မာလှပြီး ရန်သူတိုင်းကို အသက်ပျောက်သွားစေနိုင်၏။ မည်သ်ို့ဆိုစေ လောင်ပိုကျွန်းသည် သန်မာထွားကျိုင်းသောလူတယောက်၏ စံပြပုံစံဟု ဆိုနိုင်သည်။
ယခုတော့ ကြားဖူးသည်နှင့် မြင်ရသည်မှာ တခြားစီ ဖြစ်နေခဲ့လေပြီ။
ထို့ပြင် ချန်ထျန်းဟိုင်နှင့်လီကုံးရှန်တို့သည် လောင်ပိုကျွန်းနှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။ ဤအတိုင်းဆိုလျင် သူတို့သည်လည်း လောင်ပိုကျွန်းနှင့်ပတ်သက်၍ ချဲ့ကားပြောဆိုထားသလို ဖြစ်နေ၏။ သို့သော် ချန်ထျန်းဟိုင်နှင့် လီကုံးရှန်တို့မှာ စကားကို ဗလောင်းဗလဲ ပြောတတ်သူများ မဟုတ်ချေ။
သူတို့၏ မျက်လုံးထဲတွင် ဗိုလ်ချုပ်လောင်ပိုကျွန်းသည် ပြိုင်ဘက်ကင်း၊ အတုမရှိ စစ်နတ်ဘုရားတပါးကဲ့သို့ပင်။
မည်သို့ဆိုစေ ဒဏ္ဍာရီများကို အထောက်အကူ ဖြစ်စေသည့် အချက်တချက်တော့ ရှိနေ၏။ ၎င်းမှာ အနှီပိန်လှီလှသည့်လူ၏ ခန္ဓာကိုယ်တွင် မရေမတွက်နိင်သော အမာရွတ်များနှင့် ပြည့်နှက်နေခြင်းပင်တည်း။
ဤလူ၏ ကျောပြင်ပေါ်တွင် ကန့်လန့်ဖြတ် အမာရွတ်များနှင့် ပြည့်နှက်နေ၏။ အမာရွတ်များမှာ များလွန်း၍ နောက်ထပ် အမာရွတ် ထားစရာ နေရာလွတ် မရှိသလောက်ပင် ဖြစ်နေသည်။
ဤမျှ ပိန်လှီသော ခန္ဓာကိုယ်က ဤဒဏ်ရာမျိုးကို မည်သို့များ ခံနိုင်ရည် ရှိခဲ့လေသနည်း။
စုချန်း၏ မျက်နှာက အထူးပင် လေးနက် တည်ကြည်သွားသည်။
“ခင်ဗျား ဘာတွေ ဖြစ်ခဲ့တာလဲ”
လောင်ပိုကျွန်း ခါးသီးနာကျင်စွာ ရယ်မောလိုက်၏။
“ဘာမှ မဖြစ်ဘူး ကျုပ် ထပ်ပြီး ရှေ့မဆက်ချင်တော့လို့ပဲ တိုက်ခိုက်ရတာကို ငြီးငွေ့လာပြီ သတ်ဖြတ်ရတာကို စိတ်ကုန်လာပြီ ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတပါးလို ဟန်ဆောင်နေရတာ ရွံရှာလာပြီ”
“ဘာဖြစ်လို့ ဒီလိုအတွေးပေါက်လာရတာလဲ"
“ကျုပ် သူ့ကို မကျေနပ်ဘူး သူ အမြဲတမ်း ဆာလောင်နေတယ် ဒါပေမဲ့ သွေးတွေ အသားတွေကို မစားရတော့ သူ ကျုပ်ကိုပဲ စားသုံးနေတယ်လေ...ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကျုပ် ဒီလိုပုံစံ ဖြစ်သွားတော့တာပဲ”
“သူ ဟုတ်လား”
စုချန်း နားမလည်နိုင်ပဲ ဖြစ်သွား၏။
“ဟုတ်တယ် သူ...သူဆိုတာ ကျုပ် ခန္ဓာကိုယ်ပေါ်က ဒီအရိုးပဲ”
လောင်ပိုကျွန်းက ပြန်ဖြေလိုက်သည်။
ကြုံလှီနေသော အရေပြားအောက်တွင် သွေးနီရောင် အရိုးတစ်ချောင်း တဖြတ်ဖြတ် တောက်ပနေသည်ကို စုချန်း အတိုင်းသား မြင်လိုက်ရ၏။
စုချန်း မျက်လုံးပြူးသွားလေသည်။
“ဒီအရိုး...ဒါ ခင်ဗျားရဲ့အရိုး မဟုတ်ဘူးလား”
“မဟုတ်ဘူး”
လောင်ပိုကျွန်း ပြန်ဖြေလိုက်သည်။
“ဒါ ကျုပ်ကို တစုံတယောက် ပေးခဲ့တဲ့အရိုးပဲ"
စုချန်း အကြီးအကျယ် တုန်လှုပ်သွား၏။
“ဘယ်သူလဲ အဲဒီလူက ဘယ်သူလဲ”
"ဂိုဏ်းချုပ်စု...ခင်ဗျားကိုယ်တိုင်လဲ သူ့ကို တွေ့ဖူးပါတယ် သူဟာ ခင်ဗျားကို လောကကြီးရဲ့ အမှန်တရားတွေကို သိမြင်နိုင်တဲ့ မျက်လုံးတစုံ ပေးခဲ့သလိုကျုပ်ကိုလည်း အသွေးအသားတွေ စားသုံးပြီး ပိုမိုသန်မာလာစေနိုင်တဲ့ ဒီ သွေးနတ်ဆိုးရဲ့အရိုးကို ပေးခဲ့တယ် ဒီအရိုးကြောင့်ပဲ ကျုပ် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား ဖြစ်လာတာပေါ့"