ပြန်လည်ရောက်ရှိခြင်း
Vol. 98 Ch. 967
ဤတကြိမ်တွင်လည်း သူတောင်းစားအဖိုးကြီးနှင့် ပတ်သက်နေပြန်ပြီတဲ့လား။
လီတောက်ဟုန်နှင့် တွေ့ပြီးနောက်မှတော့ ဤအခြေအနေမျိုးကို စုချန်း အံ့သြခြင်းမရှိတော့ချေ။
သူ ကြုံခဲ့ရသောအခြေအနေမျိုးကို တခြားလူတချို့လည်း ထပ်တူကြုံခဲ့ရသည်မှာ သေချာသလောက် ဖြစ်နေခဲ့လေပြီ။
လောင်ပိုကျွန်းသည်လည်း ထိုလူများထဲမှ တယောက်ပင် ဖြစ်သည်။
သို့သော် သူ ကြုံခဲ့ရသည့်အခြေအနေမှာ စုချန်း၊ လီတောက်ဟုန်တို့နှင့် ထပ်တူထပ်မျှတော့ မဟုတ်ချေ။ သူသည် ခန္ဓာကိုယ်ထဲသို့ အရိုးကို အစားထိုးထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခဲ့၏။ ကြောက်စရာကောင်းလှသည့် စွမ်းအားကို ပိုင်ဆိုင်လာနိုင်ခဲ့၏။ သို့တိုင် တန်ကြေးတခုကိုတော့ လောင်ပိုကျွမ်း ပြန်လည်ပေးဆပ်ခဲ့ရသည်။
"တခြားလူတွေရဲ့အမြင်မှာတော့ ကျုပ်ဟာ ကြိုးစားပမ်းစား လေ့ကျင့်ခဲ့တဲ့ စစ်သားတယောက် ရဲရင့်ပြောင်မြောက်တဲ့ စစ်သားတစ်ယောက်ပေါ့လေ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျုပ်ဟာ သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရုံသက်သက်ပဲဆိုတာ ဘယ်သူမှ မသိကြဘူး ကျုပ် အရမ်းသန်မာရတဲ့ အကြောင်းရင်းက သူပေးတဲ့ ခွန်အားကြောင့်ပဲ ကျုပ်ခန္ဓာကိုယ် သံလို မာကျောနေရတဲ့ အကြောင်းရင်းက သူပေးတဲ့ အကာအကွယ်ကြောင့်ပဲ ကျုပ် စစ်ပွဲတွေမှာ မကြောက်မရွံ့ တိုက်ခိုက်တာ ရက်ရက်စက်စက် သတ်ဖြတ်တာတွေအားလုံးဟာ အဲဒီအရိုးက ရန်သူ့အသားကို လိုအပ်နေလို့ပဲ ရန်သူများလေ သူ အသား ပိုပြီးစားသုံးရလေလေပဲ ပြီးတော့ သူဟာလဲ ပိုပြီး အားကောင်းလာလေပဲ ဒါပေမဲ့ တချိန်တည်းမှာပဲ သူ့ရဲ့ဆာလောင်မှုက ပိုပိုပြီး တိုးတိုးလာနေတယ်"
“ဒါကြောင့် ခင်ဗျား အဆက်မပြတ် တိုက်ခိုက်နေခဲ့တာကိုး ဒါကြောင့် ရွေရောင်ခံတပ်ရဲ့ စစ်နတ်ဘုရားအဖြစ် နာမည်ရလာခဲ့တာကိုး”
ဒဏ္ဍာရီများအရ လောင်ပိုကျွန်းသည် ရဲရင့်သော တိုက်ခိုက်ဟန်ကြောင့် ကျော်ကြားသူ ဖြစ်သည်။ သူသည် တိုက်ပွဲနှင့် ဖြေရှင်းရမည့် အခြေအနေရှိလျင် တိုက်ခိုက်ပြီး ဖြေရှင်းလေ့ရှိ၏။ အကယ်၍ တိုက်ပွဲနှင့်ဖြေရှင်းရမည့်အခြေအနေ မရှိလျင်ပင် တိုက်ပွဲကို ဖန်တီးတတ်သူမျိုး ဖြစ်သည်။
သူ အုပ်ချုပ်စဉ်ကာလဝယ် လောင်စန်းနိုင်ငံနှင့် သတ်ဖြတ်သူများအကြား ပဋိပက္ခများ မကြာခနဆိုသလို ဖြစ်ပွားလေ့ရှိလေရာ လောင်ပိုကျွန်းအတွက် ရေကန်အသင့်ကြာအသင့်ဟု ဆိုနိုင်သည်။
သူသည် သွေးနတ်ဆိုးအရိုး၏ ဆာလောင်မှုကို ဖြေဖျောက်နိုင်ရန် သတ်ဖြတ်သူတို့၏ အသက်ပေါင်းများစွာ တမလွန်သို့ ပို့ဆောင်ပေးခဲ့၏။ ထို့ကြောင့်လည်း လောင်ပိုကျွန်းကို သတ်ဖြတ်သူအများအပြားက နတ်ဆိုးတပါးအဖြစ် ရှုမြင်ထားကြ၏။ တနည်းအားဖြင့် လောင်ပိုကျွန်းသည် ကလေးငယ်များ၏ အိပ်ယာဝင်ပုံပြင်ထဲမှ ကြောက်စရာနတ်ဆိုးတပါးပင် ဖြစ်သည်။
“ဒါဆို အခုကျမှ ခင်ဗျားက ဘာကြောင့် သူ့ကို အငတ်ထားနေတာလဲ ဘာကြောင့် ကိုယ့်ကိုယ်ကို ဒီလို ဝမ်းနည်းစရာ အခြေအနေမျိုးရောက်အောင် ဖန်တီးနေရတာလဲ”
လောင်ပိုကျွန်း ယဲ့ယဲ့မျှ ပြုံးလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ ကျုပ် သူ့ကို အငတ်ထားကိုထားမှ ဖြစ်မှာမို့လို့ပေါ့ သူ့ရဲ့ဆာလောင်မှုက နေ့တိုင်းကို ကြီးထွားလာတယ် အစပိုင်းမှာ လူတယောက်ကို သတ်ရုံနဲ့ လုံလောက်ပေမဲ့ နောက်ပိုင်းမှာ တပ်ခွဲတစ်ခွဲလုံးကို သတ်တာတောင်မှ သူ့ဆာလောင်မှုက မပြေပျောက်နိုင်တော့ဘူး သူ့အတွက် အစာရှာရင်းနဲ့ တချိန်ချိန်မှာ ကျုပ် သေသွားနိုင်တယ်ဆိုတာကို ကျုပ် သဘောပေါက်လာတယ် ဒါကြောင့် ကျုပ်အနေနဲ့ အသက်ရှင်ချင်တယ်ဆိုရင် သူ့ရဲ့ဆာလောင်မှုကို လျှော့ချမှရမယ် ဒါပေမဲ့ ဒီလိုအငတ်ထားလိုက်တော့ သွေးနတ်ဆိုးအရိုးက ကျုပ်ကို ပြန်စားတော့တာပဲ သူ့ကို အငတ်ထားတိုင်း ကျုပ်ရဲ့အသားကို သူ နည်းနည်းစီ စားလာတာ အချိန်ကြာလာတော့ ကျုပ် ဒီလိုပုံစံ ဖြစ်သွားတော့တာပဲ ဒါပေမဲ တဖက်မှာလဲ သူ့ဆာလောင်မှုက တဖြည်းဖြည်းတော့ လျော့ပါးသွားခဲ့ပြီ"
“ဒါဆို ခင်ဗျား အခု……”
စုချန်းက မေးလိုက်သည်။
“ကျုပ် သူ့ကို ထိန်းချုပ်သွားနိုင်ပြီ အခုအချိန်မှာ ပင်လယ်သားရဲအသားလေး နည်းနည်း ကျွေးရုံနဲ့တင် သူ ကျေနပ်နေပြီ”
လောင်ပိုကျွန်း ပြောရင်းနှင့် ပြုံးလိုက်သည်။
“တချိန်က ကျုပ်ရဲ့ ခွန်အားနဲ့ သတ္တိဟာ အတုအယောင်သက်သက်ပဲ ဒါပေမဲ့ ကျုပ်အသားကို စားသုံးခံရတဲ့အခါ ခံစားရတဲ့ နာကျင်မှု ပြီးတော့ ဒီနာကျင်မှုကို တောင့်ခံထားနိုင်ခဲ့တဲ့ ခံနိုင်ရည်ကတော့ အစစ်အမှန်ပဲ"
လက်စသတ်တော့ ဒီလိုကိုး...
လောင်ပိုကျွန်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သွေးနတ်ဆိုးအရိုးမှ လာသော်လည်း ထိုအရိုး၏ နှိပ်စက်မှုကို ခံနိုင်ရည်ရှိသော ခွန်အားမှာ သူအတွင်းစိတ်ထဲမှ လာခြင်းဖြစ်သည်။
မည်သို့ဆိုစေ ဤသို့သော ခံနိုင်ရည်သည်ပင် လောင်ပိုကျွန်း၏အထင်ကြီးစရာ စိတ်ဓာတ်ကို ဖော်ထုတ်ပြသနေ၏။
“တကယ်တော့ ကျုပ်နာမည်ဟာ ဘယ်တုန်းကမှ လောင်ပိုကျွန်းမဟုတ်ခဲ့ဘူးဆိုတာ ဂိုဏ်းချုပ်စု သိသလား လောင်ပိုကျွန်းဆိုတာ တကယ်ရှိခဲ့တဲ့ လူတယောက်တောင် မဟုတ်ဘူး ကျုပ်ဟာ မျိုးရိုးနာမည်တောင် မရှိတဲ့ လမ်းဘေးခွေးသာသာ ကောင်စားမျိုးပဲ
လောင်ပိုကျွန်းဆိုတဲ့ နာမည်ကို……မွေးစားအဖေက ကျုပ်အတွက် မှည့်ပေးခဲ့တာပေါ့ အော် ဒါနဲ့ ပြောရအုံးမယ် ကျုပ်ရဲ့ မွေးစားအဖေက လင်ရောက်ရှန်ပါပဲ ဂိုဏ်းချုပ်စု"
လောင်ပိုကျွန်းက ပင်လယ်ပြင်ကို ငေးကြည့်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်လေသည်။
“လင်ရောက်ရှန်က ခင်ဗျားရဲ့ မွေးစားအဖေ...ဟုတ်လား သူကော သွေးနတ်ဆိုးအရိုးအကြောင်းကို သိသလား”
“အင်း”
လောင်ပိုကျွန်း ခေါင်းညိတ်ပြလိုက်၏။
“သွေးနတ်ဆိုးအရိုး ခန္ဓာကိုယ်ထဲ အစားထိုးပြီးတဲ့နောက်မှာ ကျုပ်ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်လာပြီး အဲဒီနေရာမှာတင် ပေါက်ကွဲထွက်မတတ် ဖြစ်လာတယ်လေ ကံကောင်းချင်တော့ အဲဒီနားမှာ စားသောက်ဖို့ သားရဲ အတော်များများ ရှိနေခဲ့တာပဲ သုံးရက်မြောက်တဲ့နေ့မှာတော့ ကျုပ်ဟာ အစွမ်းထက်သားရဲတကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ် ကျုပ် သူ့ကို နိုင်အောင် မတိုက်နိုင်ခဲ့ဘူး ဒါပေမဲ့ သားရဲက ကျုပ်ကို သတ်တော့မဲ့အချိန်မှာပဲ အဲဒီနားက မတော်တဆဖြတ်သွားတဲ့ ကျုပ်ရဲ့မွေးစားအဖေက ကျုပ်ကို ဝင်ရောက်ကယ်တင်ခဲ့တယ်"
“ဒီတော့ သူက သွေးနတ်ဆိုးအရိုးရဲ့ လျှို့ဝှက်ချက်ကို သိသွားတာပေါ့”
“ဟုတ်တယ် အဲဒီတုန်းက ကျုပ်ဟာ အင်မတန်ကို ငယ်သေးတယ် လူ့စိတ်ရဲ့ သဘောသဘာဝ၊ ကောက်ကျစ်မှုတွေကို နားမလည်သေးဘူး ကံကောင်းထောက်မစွာနဲ့ ကျုပ် လူကောင်းတယောက်ရဲ့ ဆုံတွေ့ခဲ့တယ် ကျုပ်ရဲ့ မွေးစားအဖေဟာ နန်းမျိုးနန်းနွယ် ဖြစ်ပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကတော့ တော်ဝင်မျိုးရိုးတွေနဲ့ တခြားစီပဲ သူဟာ အေးအေးဆေးဆေး နေတတ်တယ် စိတ်နေသဘောထားကောင်းတယ် မာန်မာနမကြီးဘူး သူ့ရဲ့တခုတည်းသော အားနည်းချက်ဆိုလို့ သူက မိန်းကလေးအတော်များများနဲ့ ပတ်သက်ဆက်ဆံမှုတွေ ရှိနေတာပဲ ဂိုဏ်းချုပ်စုပြောသလိုပဲ ကျုပ်ကို ကယ်တင်လိုက်တဲ့အချိန်မှာ သူ သွေးနတ်ဆိုးအရိုးကို တွေ့ရှိသွားတယ်…… ဘာလို့လဲဆိုတော့ အဲဒီအရိုးကို နဂါးကင်းခြေများရဲ့ အရိုးတရိုးကနေ ဖန်တီးထားတာ ဆိုတော့ နဂါးကင်းခြေများသားရဲသွေးဗီဇပိုင်ရှင်က ဒီအရိုးကို အလိုအလျောက် အာရုံခံစားမိနေတာကိုး"
စုချန်း တဖြည်းဖြည်း နားလည်လာ၏။
"ဒါကြောင့်ကိုး…… ဒါကြောင့်မို့လို့ လင်မင်းချီက ခင်ဗျားကို ထောင်ချောက်ဆင်ခဲ့တာ ဖြစ်လိမ့်မယ် သူ့သွေးဗီဇကို ပိုပြီး သန်မာအားကောင်းလာစေဖို့ ဒီအရိုးကို လိုချင်နေတာပဲ ခင်ဗျား ပျောက်သွားတယ်ဆိုတာ သူ့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားလို့ပဲမလား"
လောင်ပိုကျွန်း ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်စု ခန့်မှန်းတာ အကုန်မှန်ပါတယ်"
“ဒါပေမဲ့ လင်းရောက်ရှန်က တကယ့် လူကောင်းတယောက်ပဲ သူ ခင်ဗျားဆီက အရိုးကို လုယူတာမျိုး မလုပ်ခဲ့ဘူး”
လောင်ပိုကျွန်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ကျုပ်ရဲ့ မွေးစားအဖေက ပြောဖူးတယ် သူသာ သွေးနတ်ဆိုးအရိုးကို စုပ်ယူခဲ့မယ်ဆိုရင် ဆာလောင်မှုမရှိပဲ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ကို ရောက်နိုင်လိမ့်မယ်တဲ့ ဒါကြောင့် လင်မင်းချီသာ သွေးနတ်ဆိုးအရိုးကို စုပ်ယူခဲ့မယ်ဆိုရင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကို ကျော်လွန်ပြီး ပိုအဆင့်မြင့်တဲ့ နယ်ပယ်မျိုးကိုတောင် ဝင်ရောက်သွားနိုင်ချေရှိတယ် ဒါပေမဲ့ သူ ကံကြမ္မာရဲ့ ကြိုးကိုင်ခြင်းကို ခံချင်တဲ့လူစားမျိုးမဟုတ်ဘူး ဒါကြောင့် သူ သွေးနတ်ဆိုးအရိုးကို မစုပ်ယူခဲ့ဘူး"
“ကံကြမ္မာရဲ့ကြိုးကိုင်မှုတဲ့လား”
စုချန်း၏ မျက်လုံးအစုံ အရောင်တချို့ ဝင်းလက်သွား၏။
“ဟုတ်တယ် မွေးစားအဖေက အဲဒီ သူတောင်းစားအဖိုးကြီးကို ကောင်းကောင်းသိနေတယ် အဲဒီဆန်းကြယ်တဲ့ အဖိုးကြီးဟာ…… တကယ်တော့ လျှို့ဝှက်ချက် မဟုတ်ဘူး သူ တည်ရှိနေခဲ့တာ နှစ်သန်းပေါင်းများစွာ ကြာပြီလို့ မွေးစားအဖေက ကျုပ်ကို ပြောခဲ့တယ်"
နှစ်သန်းပေါင်းများစွာဆိုပါလား...
စုချန်း အံ့အားသင့်သွား၏။
အဆိုပါ နက်နဲဆန်းကြယ်သည့်အဖိုးကြီးသည် နှစ်သန်းပေါင်းများစွာကတည်းက ရှိနေခဲ့သည် ဆိုပါကလား...
လောင်ပိုကျွန်းက စကားဆက်လိုက်ပြန်သည်။
"တကယ်တော့ ဒီသွေးနတ်ဆိုးအရိုးက သူ့အတွက် ဖြစ်ရမှာ ကျုပ်က သွေးနတ်ဆိုးအရိုးကို အမွေဆက်ခံရမယ် ပြီးရင် သူနဲ့ ကျုပ် မတော်တဆ တွေ့ဆုံရမယ် အဲဒီအချိန်မှာ သွေးနတ်ဆိုးအရိုးကို သူက စုပ်ယူလိုက်ရမယ် ကံကြမ္မာက ဒီလိုဖန်တီးထားခဲ့တာ ဒါပေမဲ့ မွေးစားအဖေက ကံကြမ္မာရဲ့ ကြိုးကိုင်မှုကို မလိုလားဘူး သူ့မှာ ကိုယ်ပိုင် ဆန္ဒတွေနဲ့ အစီအစဉ်တွေ ရှိနေတယ် ဒါကြောင့် ကံကြမ္မာကို သူ ငြင်းပယ်ခဲ့တယ်…… ဒါတင်မကသေးဘူး အရိုးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုတောင် သူက ကျုပ်ကို သင်ပေးခဲ့သေးတယ် ပြီးတော့ တခြားကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ စာဖတ်စာရေးနည်းတွေကိုပါ သူ ကျုပ်ကို သင်ပေးခဲ့တယ် မွေးစားအဖေဟာ ပုံမှန်အားဖြင့် တနေရာတည်းမှာ ခြောက်လထက် ပိုနေလေ့မရှိဘူး ဒါပေမဲ့ ကျုပ်အတွက်နဲ့ သူ တောင်ပေါ်ရွာငယ်လေးတရွာမှာ သုံးနှစ်တိတိ နေထိုင်ခဲ့တယ်လေ"
ဤစကားကို ကြားလိုက်သည်နှင့် စုချန်း သက်ပြင်းတချက်ကို ရှည်လျားစွာ ချမိလိုက်၏။
လင်မင်းချီကြောင့် လင်းရောက်ရှန်အကြောင်းကို သိရှိသူ များများစားစား မရှိချေ။ လူအတော်များများက သူ့ကို ရေပေါ်ဆီ လက်ကြောမတင်းသည့် မင်းသားတပါးဟုသာ မှတ်ယူထားကြ၏။
သို့သော် တကယ်တမ်းတွင် လင်ရောက်ရှန်သည် ဤသို့သော လူစားမျိုးဖြစ်နေချေသည်တကား။
ကံကြမ္မာရဲ့ကြိုးကိုင်ခြင်းကို မလိုလားဘူးတဲ့လား…...
စိတ်ဝင်စားစရာပဲ...
သို့ဆိုလျင် အနှီ နက်နဲဆန်းကြယ်သည့် အဖိုးကြီးသည်ပင် ကံကြမ္မာဟု ဆိုရမည်တဲ့လား။
သို့ဆိုလျင် ကံကြမ္မာ၏ အန္တိမတ်ရည်မှန်းချက်က ဘာပေနည်း။
စုချန်း မည်သို့မှ မသိနိုင်ချေ။
လောင်ပိုကျွန်းက စကားဆက်လိုက်ပြန်သည်။
“သုံးနှစ်အကြာမှာ ကျုပ်ရဲ့မွေးစားအဖေ ထွက်သွားခဲ့တယ် သူ မသွားခင်လေးမှာ ကျုပ်ကို မှာခဲ့သေးတယ် ကျုပ်ဟာ သွေးနတ်ဆိုးအရိုးကို ပိုင်ဆိုင်ထားတဲ့အတွက် အစွမ်းထက်တဲ့ စစ်သည်တော်တဦး ဖြစ်ဖို့ ကံပါလာတယ်တဲ့ ဒါကြောင့် သူက ကျုပ်ကို လောင်ပိုကျွန်းလို့ နာမည်ပေးခဲ့ပြီး စစ်တပ်ထဲ ဝင်ဖို့ အကြံပေးခဲ့တယ် ဒီနည်းနဲ့မှပဲ သွေးနတ်ဆိုးအရိုးရဲ့ ပြင်းပြတဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်မယ်တဲ့”
“ဒါဆိုရင် လင်မင်းချီ ခင်ဗျားဆီမှာ သွေးနတ်ဆိုးအရိုး ရှိနေမှန်း ဘယ်လိုသိသွားတာလဲ ”
စုချန်းက မေးသည်။
ယခုကဲ့သို့ သွေးနတ်ဆိုးအရိုးကို ထင်ထင်ရှားရှား မြင်ရသည်မှာ လောင်ပိုကျွန်း၏ အရိုးစုကဲ့သို့ ပိန်လှီလှသော ကိုယ်ခန္ဓာကြောင့်သာ ဖြစ်သည်။
စုချန်း၏ မေးခွန်းကြောင့် လောင်ပိုကျွန်း၏ မျက်နှာပျက်သွား၏။
“ မိန်းမတစ်ယောက်ကြောင့်”
လောင်ပိုကျွန်း၏ စကားကို ကြားသည်နှင့် ဘာဖြစ်ခဲ့မှန်း စုချန်း ချက်ချင်းနားလည်သွား၏။ အနှိုင်းမဲ့စစ်သည်တော်ကြီးလောင်ပိုကျွန်းကို နောက်ဆုံးတော့ မိန်းမတယောက်က အလွယ်တကူ လှည့်စားသွားနိုင်ခဲ့ပုံ ပေါ်နေ၏။
ထို့နောက် စုချန်းက ထပ်မေးလိုက်လေသည်။
“လင်မင်းချီက ခင်ဗျားနဲ့ လင်ချောက်ချွန်ရဲ့ ဆက်ဆံရေးကို သိသလား”
လောင်ပိုကျွန်း ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်၏။
“ဒါကြောင့်မို့လို့ သူ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တာကိုး သူ လင်းချောက်ချွန်နဲ့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို သုံးပြီး ခင်ဗျားကို ဆွဲထုတ်ဖို့ကြိုးစားခဲ့တာ ဒါပေမဲ့ သူ ခုထက်ထိ ဘာဖြစ်လို့"
ပြောနေရင်းနှင့် စုချန်း ရုတ်ချည်းနှုတ်ဆိတ်သွား၏။ အကြောင်းမှာ လင်မင်းချီ၏ ရည်ရွယ်ချက်ကို သူ နားလည်လိုက်သောကြောင့်ပင်။
လင်မင်းချီကား သွေးနတ်ဆိုးအရိုး ရှာပုံတော်ခရီးကို ယခုတိုင် လိုက်မလျှော့သေးချေတကား။
သို့သော် ဘာကြောင့်ပေနည်း။
လင်မင်းချီသည် လင်ရောက်ရှန်၏သား လင်ချောက်ချွန်ကို အကြောင်းပြု၍ အတိတ်တုန်းက ကောင်းကင်ဘုံလက်သီးတပ်ရင်းအပေါ် လုပ်ခဲ့သည့်လုပ်ရပ်မျိုးကို အချုပ်အနှောင်မဲ့ဂိုဏ်းအပေါ်တွင်လည်း ထပ်မံလုပ်ဆောင်ရန် ကြံစည်နေခဲ့ပြန်ချေပြီ။
သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း မဟုတ်ချေ။ အတိအကျ ပြောရလျင် အချုပ်အနှောင်မဲ့ဂိုဏ်းသည် လင်မင်းချီအတွက်ပင် အတော်လေး အန္တရာယ်ကြီးမားသော ပြိုင်ဘက်ဖြစ်သည်။
ထို့ကြောင့် ဤတကြိမ် လင်မင်းချီ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ အလွန်မိုက်မဲသော ဆုံးဖြတ်ချက်ဟု ဆိုရပေလိမ့်မည်။
သို့သော် ဤမျှ မိုက်မဲသောဆုံးဖြတ်ချက်မျိုးကို လင်မင်းချီ အဘယ်ကြောင့် ဆုံးဖြတ်လိုက်ရလေသနည်း။
လင်မင်းချီကို ဤမျှ စိတ်အားထက်သန်စေရန် ဘယ်အရာက တွန်းအားပေနေလေသနည်း။
စုချန်းသည် ဖြစ်နိုင်ခြေအားလုံးကို အလွန်လျင်မြန်စွာ ထည့်သွင်းတွက်ချက်နေ၏။
သိပ်မကြာမီ သူ တစုံတရာကို သဘောပေါက်နားလည်သွားလေသည်။
“လင်မင်းချီရဲ့သက်တမ်း ကုန်ဆုံးမဲ့အချိန်က အတော်လေးနီးနေပြီထင်တယ်"
“ဘာ”
လောင်ပိုကျွန်း အံ့အားသင့်သွားလေသည်။
“မဟုတ်ရင် သူ ခင်ဗျားကို လိုက်ရှာဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေစရာ ဘာအကြောင်းမှ မရှိတာပဲ သူသာ သွေးနတ်ဆိုးအရိုးကို ရသွားခဲ့ရင် ကျင့်ကြံခြင်းနယ်ပယ်သစ်တခုကို တက်လှမ်းသွားနိုင်လိမ့်မယ် သူ သက်တမ်းလဲ တိုးလာလိမ့်မယ်"
“ဒါပေမဲ့ သူ့သက်တမ်းကုန်ချိန်မှ မရောက်သေးတာပဲ"
ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင် အနှိုင်းမဲ့ ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတယောက်အနေနှင့် လင်မင်းချီ၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀၀ မှ ၁၈၀၀ ဝန်းကျင်အထိ ရှိသင့်၏။ ထို့ကြောင့်လည်း အလင်းနတ်ဘုရားမင်းဆက်၏ နှစ်ပေါင်းနှစ်သောင်းတာ သမိုင်းတစ်လျှောက်တွင် ဧကရာဇ် တစ်ဒါဇင်မျှသာ ရှိခဲ့ခြင်း ဖြစ်သည်။
ယခုတွင် လင်မင်းချီသည် အသက်ရှစ်ရာခန့်သာ အိုမင်းသေးလေရာ သက်တမ်းကုန်ချိန်မရောက်သေးဟု သေချာပေါက်ပြောနိုင်၏။
သို့ဆိုလျင် သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မည်သည့်အတွက် ပျက်စီးယိုယွင်းလာရလေသနည်း။
ထိုအချိန်မှာပင် လောင်ပိုကျွန်းတယောက် တစုံတရာကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ထအောင်လိုက်လေသည်။
“သူ...သူ...ကျုပ်ချစ်ရတဲ့သူ……”
ထို့နောက် တဖြည်းဖြည်းနှင့် လောင်ပိုကျွန်း၏ မျက်နှာတွင် ကြည်နူးဟန်ရှိသော အပြုံးတရပ် ပေါ်ပေါက်လာ၏။
လောင်ပိုကျွန်း ဘာတွေးနေမှန်း စုချန်း ကောင်းကောင်းကြီး နားလည်ထားပြီး ဖြစ်သည်။ ထို့နောက် သူ အေးဆေးတည်ငြိမ်သောလေသံနှင့် ဆက်ပြောလိုက်၏။
"ခင်ဗျားတို့နှစ်ယောက်ရဲ့ ကြားထဲကကိစ္စကိုတော့ ကျုပ် မသိဘူး ဒါပေမဲ့ လင်မင်းချီ သေတော့မယ်ဆိုတာကတော့ အတော်လေးသေချာနေပြီ ဒါကြောင့် သူ လက်မလျှော့နိုင်ပဲ အကြိမ်ကြိမ် ကြိုးစားနေတာပဲ ခု ကျုပ် ခင်ဗျားဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်လိုက်တာကိုက သူ့ရည်ရွယ်ချက်တွေအောင်မြင်အောင် ကူညီပေးလိုက်သလို ဖြစ်သွားပြီ"
သို့သော် မမျှော်လင့်ပဲ လောင်ပိုကျွန်း အောက်ပါအတိုင်း ပြောလိုက်၏။
“ကျုပ် ပြန်မယ် ရွှေရောင်ခံတပ်ကို ပြန်မယ်"
“ဘာ”
ဤတကြိမ် အံ့အားသင့်သွားရသူကတော့ စုချန်းပင် ဖြစ်သည်။
သူ့အနေနှင့် လောင်ပိုကျွန်းအား ရွှေရောင်ခံတပ်ကို ပြန်လွှတ်ရန်အစီအစဥ်ကို လက်လျှော့ထားပြီး ဖြစ်သည်။ သို့သော် မမျှော်လင့်ပဲ လောင်ပိုကျွန်းကိုယ်တိုင်က ရွေရောင်ခံတပ်ကို ပြန်ရန် ကိုယ့်သဘောနှင့်ကိုယ် အဆိုပြုလာပြန်၏။
လောင်ပိုကျွန်းက တည်ကြည်လေးနက်သော အမူအရာနှင့် ထပ်ပြောလိုက်ပြန်သည်။
“ကျုပ် ပြန်သွားချင်တယ် သူ ဘာဖြစ်သွားသလဲဆိုတာ ကျုပ် သိချင်တယ် သိမှရမယ်"
“ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိ ခန္ဓာကိုယ်က……”
ပိန်ချုံးနေသော လောင်ပိုကျွန်းကို စိုက်ကြည့်ရင်း စုချန်း မျက်မှောင်ကုတ်လိုက်၏။
လောင်ပိုကျွန်း အားရပါးရ ရယ်မောလိုက်သည်။
“သူ့ကို ဗိုက်ပြည့်အောင် ပြန်ကျွေးဖို့ပဲ လိုတာပါလေ ကဲ ကိုယ့်လူရေ မင်းကို နှစ်ပေါင်းများစွာ အငတ်ထားခဲ့တဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါကွာ ကျုပ်တို့ရဲ့ခရီးကို ပြန်စဖို့ အချိန်တန်ပြီ”
လောင်ပိုကျွန်း၏စကားကို နားလည်ဟန်ဖြင့် သွေးနတ်ဆိုးအရိုးထံမှ သွေးနီရောင်အလင်းတန်းများ ဖြာခနဲ ထွက်ပေါ်လာ၏။