လင်မင်းချီရောက်ရှိလာခြင်း
Vol. 98 Ch. 968
နောက်ဆုံးတော့ လောင်ပိုကျွန်းတယောက် ရွှေရေခံတပ်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
စုချန်း ပေးအပ်လိုက်သည့်တာဝန်ကို လောင်ပိုကျွန်းလို လူစားမျိုးက အောင်မြင်အောင်ထမ်းဆောင်နိုင်မည်မှာ သေချာနေ၏။ ရွှေရောင်ခံတပ်မှ စစ်သည်များကို ဆွဲထုတ်နိုင်ခြင်းမရှိခဲ့လျင် လင်မင်းချီ၏ အစီအစဥ်တချို့ ခေတ္တအားဖြင့် တုံ့ဆိုင်းသွားပေလိမ့်မည်။
ထ်ုအခါကျမှ စုချန်းလည်း နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသုတေသနကို အာရုံစိုက်၍ လုပ်ဆောင်နိုင်ခဲ့တော့သည်။ ရံဖန်ရံခါဆိုသလို စုချန်း လေ့လာနိုင်ရန်အတွက် ရေတပ်အုပ်စုသည် ချောက်နက်ထဲသို့ ဝင်ရောက်ပြီး အရင်းအမြစ်တချို့ကို စုဆောင်းပေးလေ့ရှိကြ၏။
ပိတ်လော့ခ် ပြောခဲ့သည့်အတိုင်း ချောက်နက်အတွင်းရှ်ိ မူလပစ္စည်းသည် အာကင်နာပညာရှင်များ၏ တီထွင်မှုပင် ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အာကင်နာမျိုးစိတ်ဝင်များ၏ စွမ်းအားကို တိုးတက်စေရန်၊ အာကင်နာနည်းစနစ်များ၏ စွမ်းအားကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ဖြေရှင်းနိုင်ရန်အတွက် ဖြစ်သည်။
သို့သော် ဆိုခဲ့သည့်အတိုင်း ဤထုတ်ကုန်သည် ကျရှုံးခဲ့၏။ ၎င်းသည် ကြီးထွားမှုဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့သော်လည်း အသုံးပြုသူ၏ အသက်စွမ်းအင်ကို ယုတ်လျော့စေခဲ့လေရာ အာကင်နာများ၏ ကြိုးပမ်းအားထုတ်မှုမှာ အဟောသိကံသာ ဖြစ်ခဲ့ရသည်ဟု ဆိုနိုင်သည်။
အာကင်နာပညာရှင်အများအပြားသည် ဤပြဿနာကို ဖြေရှင်းရန် သူတို့၏ဘဝတလျှောက်လုံး ကြိုးစားခဲ့ကြ၏။ သို့သော် ကောနီဂါကတော့ အဆိုပါ မူလပစ္စည်းကို အသုံးပြု၍ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ဖန်တီးခဲ့လေသည်။
ထို့ကြောင့် ဤမူလပစ္စည်းကို မိမိအတွက် အသုံးချနိုင်ရန် စုချန်၏ကြိုးစားအားထုတ်မှုမှာ အာကင်နာပညာရှင်များ၏ မပြီးဆုံးသေးသောသုတေသနကို ဆက်လက်လုပ်ဆောင်နေသည်နှင့် အတူတူသာ။ အာကင်နာပညာရှင်များ သွေး၊ ချွေး၊မျက်ရည်များဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သော ပြဿနာကို သူ အဆုံးသတ်ပေးရပေတော့မည်။
ဤသည်မှာ ကြီးမားသည့် စိန်ခေါ်မှုကြီးတရပ်ပင် ဖြစ်သည်။
သို့သော် စုချန့်အဖို့ကား ဤသို့ဤနှယ်ကြီးမားလှသော စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ကျော်လွှားခဲ့ဖူးလေပြီ။ သွေးဗီဇမလိုသော ကျင့်ကြံခြင်းနည်းစနစ်များသည် ဤအတွက် ထင်ရှားသော ဥပမာတခုပင် ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်မှု၏ အတိုင်းအတာပမာဏက မည်မျှပင် ကြီးမားပါစေ စုချန်းအတွက် အထူးတလည် ပြသနာမဟုတ်ချေ။
ဤသို့နှင် နောက်ပိုင်းရက်များတွင် စုချန်းတယောက် သုတေသနလုပ်ငန်းများနှင့် အလုပ်ရှုပ်နေပြန်၏။
ထိုအချိန်တွင် လောင်စန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေပြီ။
မျှော်လင့်ထားသည့်အတိုင်း ရွှေရောင်ခံတပ်သို့ ပြန်ရောက်သည်နှင့် လောင်ပိုကျွန်းတယောက် ပထမဆုံးလုပ်ဆောင်သည်မှာကား လင်မင်းချီ၏ ယုတ်မာကောက်ကျစ်သော အကြံအစည်များကို ဖွင့်ချလိုက်ခြင်းပင် ဖြစ်သည်။
အထူးသဖြင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဒုက္ခပေးရန်ကြိုးစားခဲ့သော လင်မင်းချီ၏ လုပ်ရပ်က်ို ကြားသောအခါ လူတိုင်း တုန်လှုပ်ချောက်ချားကုန်ကြ၏။ လောင်ပိုကျွန်း၏ လက်အောက်ငယ်သားတချို့ဆိုလျင် ရွှေရောင်ခံတပ်ကို စွန့်ခွာကာ လောင်ပိုကျွန်းနောက်သို့ လိုက်ပါရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်ကြ၏။
ထိုအရေအတွက်မှာ သိပ်မများလှ၍ ခံတပ်၏ စစ်အင်အားကို အထူးတလည် ထိခိုက်မှုမရှိဟု ဆိုကောင်းဆိုနိုင်သည်။
သို့သော် ဤဖွင့်ချမှုသည် စစ်သည်များ၏ စိတ်ပိုင်းဆိုင်ရာအပေါ် ကြီးစွာ သက်ရောက်စေသည်မှာ မည်သူမှ မငြင်းနိုင်သော အမှန်တရားပင် ဖြစ်သည်။ ၎င်းတို့၏ ဧကရာဇ် စစ်သည်များကို ဒုက္ခရောက်စေခဲ့သည်ဟူသော အတွေးကြောင့် စစ်သည်တိုင်း စိတ်ဓာတ်ကျကုန်ကြ၏။ ထိုအခါ အမိန့်မနာခံသော ဖြစ်စဥ်တချို့လည်း အလိုအလျောက်ပင် ပေါ်ပေါက်လာခဲ့လေသည်။
အကယ်၍ ဤအခြေအနေက အဆင့်နိမ့်စစ်သည်များကြားထဲတွင်သာ ဖြစ်ပေါ်နေခဲ့လျင် ပြသနာကြီးမဟုတ်ဟု ဆိုနိုင်၏။ သို့သော် တကယ့်အခြေအနေမှာကား ထိုသို့မဟုတ်ခဲ့ချေ။ အကြောင်းမှာ စိတ်ဓာတ်ကျဆင်းသူများ၊ ဧကရာဇ်အပေါ် အယုံအကြည်မဲ့သွားသူများတွင် အထက်အရာရှိအများအပြားပါ ပါဝင်နေသောကြောင့်ပင်။
အထက်အရာရှိများဟူသည် စစ်တပ်တခုလုံး၏ အာရုံကြောစနစ်ကဲ့သို့ပင် စစ်သားများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ညွှန်ကြားရန် တာဝန်ရှိကြသူများ ဖြစ်သည်။ ယခုတော့ ကြွက်သားများသာမကပဲ ဦးနှောက်နှင့်အာရုံကြောကိုယ်တိုင် ချွတ်ယွင်းသွားသည့် အခြေအနေမျိုးနှင့် ကြုံရလေပြီ။
တချို့တချို့သော ဒေါသကြီးသည့် ဗိုလ်ချုပ်တချို့ဆိုလျင် "လက်တစ်ထောင်ခန်းမကို လမ်းလျှောက်ချီတက်ပြီး ခွေးမသားလင်မင်းချီကို သတ်ပစ်ကြမယ်"ဟူ၍ပင် စိတ်လိုက်မာန်ပါ ပြောဆိုခဲ့ကြသည် ဟူ၏။
ဤသို့နှင့် ခံတပ်၏ တိုက်ပွဲဝင်စိတ်ဓာတ်မှာ အလုံးစုံ ပျောက်ကွယ်သွားတော့သည်။ ဤကာလမှာ သတ်ဖြတ်သူများကိုယ်တိုင် ပြည်တွင်းစစ်ဖြစ်ပွားနေသောကာလ ဖြစ်နေ၍သာ တော်ပေသေးသည်။ သို့မဟုတ်လျင် သတ်ဖြတ်သူများ၏လက်ချက်ကြောင့် ရွှေရောင်ခံတပ်တတပ်လုံး ပျက်စီးသွားနိုင်၏။
လောင်ပိုကျွန်းသည် ဤအခွင့်အရေးကို အရယူကာ သူ့လူများနှင့်အတူ တောင်ပိုင်းဒေသရှိ လင်ကျွေ့လျူနှင့် ပူးပေါင်းလိုက်တော့သည်။
လောင်စန်းနိုင်ငံ၏ တောင်ပိုင်းဒေသ။
စစ်သားများကို တင်ဆောင်ထားသည့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တချို့သည် လေကိုခွင်း၍ ပျံသန်းနေကြ၏။ လွန်းပျံယာဥ်မစီးပဲ ကိုယ်တိုင်ပျံသန်းလာသူတချို့ကိုလည်း အတိုင်းသား မြင်တွေ့နေရသည်။
လူတိုင်း၏ ရှေ့တွင် သန်မာထွားကြိုင်းသော လူတယောက်ရှိနေ၏။ ထိုလူမှာ တခြားသူမဟုတ်။ လောင်ပိုကျွန်းပင် ဖြစ်သည်။
ထာဝရ ကြည်လင်ကျွန်းမှ ထွက်ခွာလာစက သူ့တကိုယ်လုံးမှာ အရိုးပေါ်အရေတင် ပိန်လှီလှသော်လည်း ယခုတော့ သူ့ပုံစံက ယခင်ပုံစံအတိုင်း ပြန်ဖြစ်နေခဲ့လေပြီ။ သူ့အင်အားမှာလည်း ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ထိ ပြန်လည်ပြည့်ဖြိုးနေခဲ့ပြီ ဖြစ်သည်။
လေဟုန်ကို ထိုးခွင်းပျံသန်းနေရာမှ လောင်ပိုကျွန်းက ရုတ်တရက်ဆိုသလို ညာလက်ကို မြှောက်ပြီး အချက်ပြလိုက်၏။ လူတိုင်း လောင်ပိုကျွန်း၏ အချက်ပြမှုကို နားလည်ဟန်ဖြင့် တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။
သိပ်မကြာမီ သူတို့ဆီသို့ ဦးတည်ပျံသန်းလာကြသည့် ဒါဇင်နှင့်ချီသော လူများကို သူတို့ တွေ့လိုက်ကြ၏။
ရန်သူများသည် လောင်ပိုကျွန်းတို့အုပ်စုကို မြင်သည်နှင့် အချိန်မဆိုင်းပဲ ချက်ချင်းပင် စုပြုံတိုက်ခိုက်ကြတော့သည်။
“အဟက် လင်မင်းချီရဲ့လူတွေ ငါ့တို့ကို အတော်ပဲ သတ်ချင်နေတာကိုး"
လောင်ပိုကျွန်း၏ လူတယောက်က အထက်ပါအတိုင်း ရေရွတ်လိုက်၏။ ထို့နောက် သူက မီးလျံလှိုင်းတလှိုင်းကို ဖော်ထုတ်ပြီး ရန်သူများကို ပြန်လည်တိုက်ခိုက်လိုက်လေသည်။
ထိုအချိန်မှာပင် လောင်ပိုကျွန်းသည် မိုးသီးမိုးပေါက်များပမာ တိုးဝင်လာသည့် အားလှိုင်းများဆီသို့ ခုန်ဝင်သွား၏။
တကယ်တော့ ရန်သူများဘက်တွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် အတော်များများ ပါဝင်နေလေရာ ၎င်းတို့၏ စုပေါင်းစွမ်းအားမှာ သာမညောင်ညမဟုတ်ချေ။ ထိပ်တန်းအဆင့်ပညာရှင်တဦးပင် ဤတိုက်ခိုက်မှုမျိုးကို အတော်လေးသတိထား၍ ခုခံရပေလိမ့်မည်။ သို့သော် လောင်ပိုကျွန်းကတော့ ဤတိုက်ခိုက်မှုကို ပင်ကိုယ်ခွန်အားသက်သက်နှင့် ခံနိုင်ရည်ရှိနေပုံပေါ်သည်။
သူ့ပတ်ဝန်းကျင်မှ လူများကတော့ ဤအခြေအနေမျိုးကို မကြာခန မြင်တွေ့ဖူးဟန်ရှိ၏။ ရန်သူများဘက်မှ လောင်ပိုကျွန်းကို အာရုံစိုက်နေသည့်အခြေအနေကို အခွင့်ကောင်းယူကာ လျပ်တပြက် တိုက်ခိုက်လိုက်ကြလေသည်။
သူတို့၏ တိုက်ပွဲဗျူဟာမှာကား အတော်ပင် ရိုးရှင်းလှ၏။
ဤတိုက်ပွဲတွင် လောင်ပိုကျွန်းသည် ဒိုင်းကာဖြစ်ပြီး ကျန်လူများကတော့ ဓားလှံလက်နက်များပင် ဖြစ်သည်။
ရာစုနှစ်များစွာတလျှောက်လုံးတွင် လောင်ပိုကျွန်းသည် ဤနည်းဗျူဟာဖြင့်ပင် မရေမတွက်နိုင်သော စစ်သားများ၏ အသက်ကို ကယ်တင်ခဲ့ဖူး၏။ ဤနည်းအားဖြင့် သူသည် ၎င်းတို့၏ လေးစားမှုနှင့်သစ္စာစောင့်သိမှုကို ရယူနိုင်ခဲ့၏။
တချီတွင်တော့ သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးဆီသို့ ခုန်ဝင်သွားပြီး ၎င်း၏ လည်ပင်းကို လှမ်းဆွဲလိုက်၏။ ထိုသူသည် မူလစွမ်းရည်နှစ်မျိုးနှင့် မူလကိရိယာတမျိုးကို သုံးကာ လောင်ပိုကျွန်း၏ တိုက်ခိုက်မှုကို သုံးကြိမ်တိတ်ိ ရှောင်တိမ်းရန် ကြိုးစားခဲ့သေးသည်။ သို့သော် လောင်ပိုကျွန်း၏ ရှေ့တွင် မည်သည့်နည်းစနစ်မှ အသုံးဝင်ဟန်မတူချေ။
လောင်ပိုကျွန်း၏ လက်သည် အနှီအလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏လည်ပင်းကို ကျကျနနကြီးပင် ဆုပ်ကိုင်မိသွား၏။ စက္ကန့်ပိုင်းအတွင် ထိုလူ၏ အကာအကွယ်များ ပျက်စီးသွားပြီး လည်ပင်းတခုလုံး ကျိုးကြေသွားရှာသည်။
သာမာန်အားဖြင့်ဆိုချင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသည် ခြေလက်လည်ပင်းများ ကျိုးကြေသွားစေကာမူ နဂိုအတွင် ပြန်လည်ကောင်းမွန်လာနိုင်စေသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြသည်။ တချို့ဆိုလျင် ခေါင်းဖြတ်ခံရသည့်တိုင်အောင် အသက်ရှင်နိုင်သည့် လျှို့ဝှက်နည်းစနစ်များကို လေ့ကျင့်ထားတတ်ကြ၏။
သို့သော် ဤတကြိမ်တွင်တော့ ထိုသို့ဟုတ်ပုံမပေါ်။ လည်ပင်းကျိုးသွားသည်နှင့်တပြိုင်နက် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်များ စုပ်ယူခံနေရကြောင်း အနှီ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ခံစားလိုက်ရ၏။
ထို့နောက် မှိန်ပျပျနိုင်သော အနီရောင်အလင်းတခု လောင်ပိုကျွန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
လောင်ပိုကျွန်း သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။ ခွန်အားများပြည့်ဖြိုးလာကြောင်း သူ ကောင်းကောင်းကြီး ခံစားလိုက်ရသည်မဟုတ်ပါလား။
ထ်ို့နောက်တွင်တော့ လောင်ပိုကျွန်းသည် သိုးအုပ်ကြားမှ ဝံပုလွေတကောင်ကဲ့သို့ ရန်သူများကို ရက်ရက်စက်စက်ပင် လိုက်လံသတ်ဖြတ်တော့၏။
လောင်ပိုကျွန်းနှင့် ထိပ်တိုက်တိုးမိသမျှ ရန်သူတိုင်းသည် တချီတည်းနှင့် အသက်ပျောက်ကုန်ကြ၏။
တကယ့်တော့ လောင်ပိုကျွန်းသည် တိုက်စစ်မူလစွမ်းရည်များကို ဘယ်တုန်းကမှ ကျကျနန သင်ယူဖူးသည် မဟုတ်ချေ။ သူ့အတွက် သွေးနတ်ဆိုးအရိုး၏ ပြင်းပြသောဆာလောင်မှုသည်သာ အကောင်းဆုံး တိုက်စစ်လက်နက်ဖြစ်သည်။ တချိန်တည်းမှာပင် သူ စုပ်ယူနေသော အသက်ဓာတ်များသည် ခုခံကာကွယ်ရေးစွမ်းအားအဖြစ် ပြောင်းလဲလျက်ရှိ၏။ ထိုအချက်ကြောင့် ပြိုင်ဘက်ကင်းစစ်နတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို လောင်ပိုကျွန်း ပိုင်ဆိုင်လာခဲ့ခြင်းပင် ဖြစ်သည်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အများအပြားသည် လောင်ပိုကျွန်း၏ လက်ထဲတွင် တယောက်ပြီးတယောက် အသက်ပျောက်ကုန်ကြ၏။ သူ့ခွန်အားမှာလည်း ပို၍ပို၍ ပြည့်ဖြိုးလာခဲ့လေပြီ။ ဤအတိုင်းဆိုလျင် ယခင် အခြေအနေသို့ သူ သိပ်မကြာခင် ရောက်ရှိသွားပေလိမ့်မည်။
ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လိုက်လေသည်။
“လင်မင်းချီ မင်း စောင့်နေလိုက် ငါ မင်းကို မကြာခင် လာရှာမယ်"
သို့သော် ထိုအချိန်မှာပင် အေးစက်စက် အသံတသံ ထွက်ပေါ်လာ၏။
“စောင့်နေစရာ မလိုပါဘူး ငါကိုယ်တိုင် မင်းကိုလာရှာပြီ"
လောင်ပိုကျွန်း၏ နှလုံးသား ဒိန်းခနဲတုန်ယင်သွား၏။ ထို့နောက် သူ နောက်လှည့်ကြည့်လိုက်သည်။ လူတယောက် လေထဲတွင် လေထဲတွင် အတိုင်းသားရပ်လျက် သူ့ကို စိုက်ကြည့်နေ၏။ လောင်စန်းနိုင်ငံ၏ဧကရာဇ် လင်မင်းချီပေတည်း။
သူသည် လေပေါ်တွင် ဝဲပျံနေသော တိမ်တိုက်ပေါ်၌ ရပ်လျက်ရှိသည်။ သူ ခြေတလှမ်းလှမ်းလိုက်တိုင်း တိမ်တိုက်ငယ်များ အလွှာလိုက် ပေါ်ပေါက်လာ၏။ ရွှေရောင်ဝတ်ရုံကို ဆင်မြန်းကာ လက်နှစ်ဖက်နောက်ပစ်ပြီး လျှောက်လာနေသော လင်မင်းချီ၏ ပုံစံမှာ အိမ်နီးချင်းတဦး၏ အိမ်သို့ အလည်လာသည့်နှယ် စိတ်အေးလက်အေး ရှိလှသည်။
လင်မင်းချီကို မြင်လိုက်ရ၍ လောင်ပိုကျွမ်း အံ့သြသွား၏။ သူ့စိတ်ထဲတွင်လည်း အတော်လေး စိုးရိမ်သွားလေသည်။
ပါးစပ်ကသာ လင်မင်းချီကို လိုက်ရှာမည်ဟု ကြွေးကြော်နေသော်လည်း အင်အားအပြည့်အချိန်မှာပင် လင်မင်းချီကို မယှဥ်နိုင်မှန်း လောင်ပိုကျွန်း ကောင်းကောင်းကြီး နားလည်ထား၏။ ယခုအခြေအနေမျိုးနှင့် ဆိုလျင်တော့ စကားထဲထည့်ပြောနေစရာပင် မလိုတော့ချေ။
ထိုအခါ လောင်ပိုကျွန်းက သူ့လူများကို ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
“မင်းတို့ မြန်မြန် ထွက်သွားကြတော့”
ထိုအချိန်တွင် လောင်ပိုကျွန်း၏ လူများမှာလည်း မှင်သက်မိနေကြ၏။
နိုင်ငံဧကရာဇ်တပါး၏ အရှိန်အဝါမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ လောင်ပိုကျွန်း၏ အမာခံဘက်တော်သားများသည်ပင် လင်မင်းချီကို မြင်လိုက်ရသည့်ခနမှာပင် တိုက်လိုခိုက်လိုစိတ်များ ပျောက်ဆုံးကုန်ကြ၏။
ထိုအခြေအနေတွင် လောင်ပိုကျွန်း၏ အမိန့်သံသည် ၎င်းတို့အားလုံးကို အိပ်မက်မှ လှန့်နိုးလိုက်သလို ဖြစ်သွားစေ၏။ ထိုအခါ သူတို့အားလုံး အလျင်အမြန်ပင် ဆုတ်ခွာလိုက်ကြလေသည်။
၎င်းတို့ကိုကြည့်ရင်း လင်မင်းချီ မဲ့ပြုံးပြုံးလိုက်၏။
“ဒီကောင်တွေ ငါ့လက်ထဲက လွတ်မယ် ထင်နေကြတာလား သနားစရာကောင်းလိုက်လေ”
စကားဆုံးသည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ စစ်သားတိုင်း ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ဖြစ်ကုန်ကြ၏။ ထို့နောက် ကောင်းကင်မှ တိမ်တိုက်များသည်လည်း အသက်ဝင်လှုပ်ရှားလာပြီး ထိုစစ်သားများကို ရစ်ပတ်လိုက်လေသည်။ တဆက်တည်းမှာပင် တန်နဲ့ချီသော ဖိအားတခု ၎င်းတို့အပေါ် စတင်သက်ရောက်လာတော့၏။
လူအတော်များများ၏ ဒွါရကိုးပေါက်မှ သွေးများယိုစီးလာသည်ကို အတိုင်းသား မြင်တွေ့နေရသည်။ လောင်ပိုကျွန်း၏ လူများကား မရဏခံတွင်းဝသ်ို့ သက်ဆင်းရရှာလေပြီ။
လူတချို့သာလျင် ကံကောင်းထောက်မစွာ ထွက်ပြေးလွတ်မြောက်သွားနိုင်ကြရှာ၏။
သူ့လူများ၏ အဖြစ်ဆိုးကိုကြည့်ရင်း လောင်ပိုကျွန်း နာကျင်စွာ ခံစားလိုက်ရသည်။ သို့သော် သူ လင်မင်းချီကို နာနာကြည်းကြည်း စိုက်ကြည့်နေရုံမှအပ တခြားဘာမှမတတ်နိုင်ရှာ။
“မင်း ဒီအနားမှာ ရှိနေတာတောင် အလင်းတုန်ခါခြင်းအဆင့်လောက်ကောင်တွေကို သက်သက်မဲ့အသေခံခိုင်းရသလား သွေးနတ်ဆိုးအရိုးရဲ့အခြေအနေကို သိချင်လို့ မင်းလူတွေကို မင်း သက်သက်မဲ့စတေးလိုက်တာပဲ"
လင်မင်းချီ ပြုံးလိုက်သည်။
“ငါတို့ နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက်ပိုင်း မင်း အတော်လေး တွေးတတ်ခေါ်တတ်လာတာပဲ”
“မင်း သွေးနတ်ဆိုးအရိုးကို လိုချင်လွန်းလို့ ဂုဏ်သိက္ခာကိုတောင် အထိခိုက်ခံပြီး ကိုယ့်လူတွေကို စတေးခိုင်းဝံ့တယ်ဆိုတော့...မင်း တအားကြီး စိတ်အားထက်သန်လွန်းသွားပြီ ကြည့်ရတာ ဒီအရိုးကိုရဖို့ ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေပုံပဲ…… လင်မင်းချီ မင်း သေခါနီးနေပြီမလား"
လောင်ပိုကျွန်း၏စကားကြောင့် လင်မင်းချီ အကြီးအကျယ် မျက်နှာပျက်သွား၏။
လောင်ပိုကျွန်း အားရပါးရ ရယ်မောလိုက်လေသည်။
“ဟား ဟား ဟား ငါပြောတာမှန်သွားပြီ မင်းဟာ တကယ်ပဲ သေခါနီးပြီ နဂါးကင်းခြေများသွေးဗီဇက အဆိပ်အမျိုးမျိုးကို ခံနိုင်ရည်ရှိကောင်းရှိမယ် ဒါပေမဲ့ သေလုဆဲဆဲဆန္ဒကတော့ မင်းကို တကယ်ထိခိုက်စေခဲ့ပြီ"
လင်မင်းချီ ပို၍မျက်နှာပျက်လာ၏။
လင်မင်းချီ မျက်နှာပျက်လေလေ လောင်ပိုကျွန်းကား ပို၍ရယ်မောလေလေပင်။
"ငါ ထင်ထားတဲ့အတိုင်းပဲ ဟားဟားဟားဟား ဒါ ငါ့ရဲ့ကလဲ့စားပဲကွ ဟေ့ကောင် လင်မင်းချီ မိန်းကလေးယောက် ငါ့ကို တကယ်ပဲ ချစ်သွားလိမ့်မယ်လို့ မင်းတခါမှ မျှော်လင့်မထားခဲ့ဘူးမလား သူ မင်းရဲ့အကြပ်ကိုင်မှုကြောင့် ငါ့ရဲ့ လျှို့ဝှက်ချက်ကို မတတ်သာပဲ ထုတ်ပြောခဲ့ရတယ် ဒါပေမဲ့ ဒီလိုထုတ်မပြောခင်မှာ သူ မင်းဆီက ကတိတောင်းခဲ့တယ် ကတိကို ဖျက်ရင် တန်ရာတန်ကြေးတခု ပေးဆပ်ရမယ်"
လင်မင်းချီ မဲ့လိုက်၏။
“ငါ အဲဒီမိန်းမကို သတ်ဖို့ သုံးရက်တိတိ အချိန်ယူခဲ့ရတယ်”
လောင်ပိုကျွန်း၏တကိုယ်လုံး တုန်ယင်သွားသည်။
လင်မင်းချီက ဆက်ပြောပြန်သည်။
“ဒါပေမဲ့ မင်းကိုတော့ အဲဒီထက်မြန်မြန် သတ်ပေးပါ့မယ်ကွာ"