သစ္စာစောင့်သိခြင်း
Vol. 98 Ch. 969
သေလုဆဲဆဲဆန္ဒဟူသည် တားမြစ်ပိတ်ပင်ထားသည့် သွေးဗီဇဆိုင်ရာ စွမ်းရည် တခုပင် ဖြစ်သည်။
ဤစွမ်းရည်၏အာနိသင်မှာ ထူးခြားပြီး အလွန်အစွမ်းထက်၏။ ၎င်းသက်ရောက်မှုရှိသည့် အခြေအနေတွင်ပြုလုပ်ခဲ့သော ကတိသစ္စာအားလုံးသည် အမှန်တကယ် ဖြစ်လာတတ်ပြီး ကတိဖျက်ပါက အကျိုးဆက်များကို မုချခံစားရပေလိမ့်မည်။
ဤစွမ်းရည်မျိုးကို စကားလုံးသက်သက်နှင့် ရှင်းပြရန် ခက်ခဲသည်မှာကား အမှန်ပင်။
သို့သော် ကမ္ဘာလောကကြီးသည် ကျယ်ပြန့်လှပြီး ရှင်းပြ၍မရသည့်အရာများစွာရှိနေလေရာ မည်သည့်အရာမဆို ဖြစ်နိုင်ချေရှိသည်မှာ ငြင်းမရချေ။
ထို့ကြောင့် စကားလုံးများဖြင့် ရှင်းပြရန် မဖြစ်နိုင်သော အထူးစွမ်းအားများဟူသည်လည်း အမြဲတမ်း ရှိနေအုံးမည်သာ။ စကားလုံးများ၊ ယုတ္တိဗေဒများဖြင့် ရှင်းပြနိုင်သည့် အရာများမှာပင် လျှို့ဝှက်ဆန်းကြယ်သော အစိတ်အပိုင်းများ ပေါင်းစပ်ပါဝင်နေလေ့ရှိသည်မဟုတ်ပါလား။
ဤကား ကမ္ဘာကြီး၏ လည်ပတ်နေပုံပေတည်း။ ကမ္ဘာကြီး၏ ထောင့်အသီးသီးတွင် နက်နဲဆန်းကြယ်သော စွမ်းအားများ ရှိနေတတ်ပြီး ၎င်းတို့ကို သဘာဝအတိုင်း နားလည်ရန် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာရန် အလွန်ခက်ခဲနေတတ်သည်မှာလည်း သဘာဝပင် ဖြစ်လေသည်။
ဤအတိုင်းပင် သေလုဆဲဆဲဆန္ဒသည်လည်း စုချန်း လက်ရှိတွင် နားမလည်နိုင်သေးသည့် စွမ်းရည်တမျိုးပင် ဖြစ်သည်။ ကံကောင်းသည်မှာကား ဤစွမ်းရည်၏ အကျိုးဆက်ကို ခံစားနေရသူမှာ စုချန်းမဟုတ်ပဲ လင်မင်းချီ ဖြစ်နေခြင်းပင်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက လောင်ပိုကျွန်းအား စုံစမ်းထောက်လှမ်းရန် အမျိုးသမီးတစ်ဦးကို လင်မင်းချီ စေလွှတ်ခဲ့ဖူး၏။ သို့သော် မထင်မှတ်ပဲ လောင်ပိုကျွန်းကို သူမ အမှန်တကယ် ပင် ချစ်မိသွားခဲ့လေသည်။ နောက်ဆုံးတွင် သူမ လိုချင်သော အချက်အလက်များကို ရှာဖွေနိုင်ခဲ့၏။ သို့သော် ထိုအချက်အလက်များကို ထုတ်မပြောမီ လောင်ပိုကျွန်းအား ဒုက္ခမပေးရန် သူမက လင်မင်းချီအား ကတိပေးစေခဲ့သည်။
လင်မင်းချီကလည်း ကတိပေးခဲ့၏။
ဧကရာဇ်များဖြစ်လျင် ကတိတည်ရမည်ဟူသော မူမျိုးကို လင်မင်းချီ ဘယ်တုန်းကမှ လက်ခံခဲ့သူမဟုတ်။
အမျိုးသမီးအား သူ ပေးခဲ့သည့်ကတိကလည်း သာမာန်ကတိတလုံးမျှသာ ဖြစ်သည်။ ကတိဖျက်တော့ ဘာဖြစ်သနည်း။ ဤအတိုင်းပင် လင်မင်းချီ ယူဆထားခဲ့၏။
သို့သော် သူ တက်တက်စင်အောင် လွဲသွားခဲ့သည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် အမျိုးသမီးသည် သူ့အပေါ် သေလုဆဲဆဲဆန္ဒကို အသုံးပြုသည်အထိ ရဲရင့်ခဲ့၏။
ဤသို့နှင့် လင်မင်းချီ ကတိဖျက်လိုက်သောအခါ ကျိန်စာ၏ သက်ရောက်မှုအောက်သို့ ကျရောက်သွားခဲ့တော့သည်။
ဤကျိန်စာသည် အိပ်မက်ဆိုးတခုနှင့် ဆင်တူသောကျိန်စာမျိုး ဖြစ်သည်။ ၎င်းသည် သူ့အိပ်မက်များထဲတွင်သာ ပေါ်လာတတ်၏။ သို့နှင့် သူ အိပ်ပျော်သွားတိုင်း သူ သတ်ခဲ့ဖူးသမျှ လူအားလုံး သူအိပ်မက်ထဲသို့ရောက်လာကာ သူ့ကို လက်စားပြနချေရန် ကြိုးစားကြတော့သည်။
အစပိုင်းတွင်တော့ လင်မင်းချီက ဂရုမစိုက်ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူ့အိပ်မက်များ၌ပင် သူသည် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ချီစွမ်းအားပညာရှင်တဦး ဖြစနေဆဲပင် မဟုတ်ပါလား။ ထို့ကြောင့် ထို အိပ်မက်ဆိုးများကို သူ အလွယ်တကူပင် ဖြိုခွဲနိုင်ခဲ့၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ တခုခု မှားယွင်းနေကြောင်း လင်မင်းချီ စတင်သဘောပေါက်လာလေသည်။
အကြောင်းမှာ ထို အိပ်မက်ဆိုးများက ဘယ်သောအခါမှ အဆုံးမရှိသောကြောင့်ပင်တည်း။
သူ့အနေနှင့် အိပ်မက်ဆိုးများကို မည်သို့ပင် ချေမှုန်းပစ်စေကာမူ၊ မည်သို့ပင် နှိမ်နင်းထားစေကာမူ ၎င်းတို့သည် သူ့ကို ဆက်လက် တိုက်ခိုက်နေခဲ့၏။
ဤသို့နှင့် လင်မင်းချီတယောက် ညတိုင်းလိုလို ဤသတ္တဝါများနှင့် တိုက်ခိုက်နေရတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့စိတ်ဝိညာဥ်သည် တဖြည်းဖြည်းထိခိုက်လာပြီး သူ ကိုယ်ခန္ဓာသည်လည်း စတင် ယိုယွင်းပျက်စီးလာတော့သည်။
လင်မင်းချီသည် သာမာန်လူမဟုတ်။ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ချီစွမ်းအားပညာရှင်တဦး ဖြစ်သည်။ ထို့ကြောင့်သူအသိပညာပင်လယ်ပြင်သည် အတိုင်းအဆမရှိ ကျယ်ပြောပြီး သူ့စိတ်ဝိညာဥ်ကို နတ်ဘုရားနန်းဆောင်ရှစ်ဆောင်နှင့် အားဖြည့်ထားသူ ဖြစ်လေရာ သူ့ဝိညာဉ်သည် အထူးပင် အစွမ်းထက်၏။ သူ့ ရုပ်ခန္ဓာ ပျက်စီးသွားလျင်ပင် သူ့ဝိညာဉ်သည် အခြား ရုပ်ခန္ဓာတခုတွင် ခိုနားပြီး ပြန်လည်ရှင်သန်းနိုင်စွမ်းရှိ၏။ နှစ် ၁၈၀၀ သက်တမ်းဟူသည် သူ့ရုပ်ခန္ဓာကို ရည်ညွှန်းခြင်းမဟုတ်ပဲ သူ့စိတ်ဝိညာဥ်ကို ဆိုလိုခြင်းသာ ဖြစ်သည်။
သို့သော် ယခုတော့ သူ့စိတ်ဝိညာဥ်သည် စဉ်ဆက်မပြတ် ထိခိုက်ပျက်စီးနေ၏။ ဤနည်းအားဖြင့် သူ့ သက်တမ်းမှာလည်း အလွန်ပင် တိုတောင်းလာခဲ့လေသည်။
အဖြစ်မှန်ကို နားလည်သွားသောအခါ လင်မင်းချီ အကြီးအကျယ် ထိတ်လန့်သွား၏။ ထို့နောက် အိပ်မက်ဆိုးများမှ လွတ်မြောက်မည့်နည်းလမ်းကို သူ အသည်းအသန် ရှာဖွေတော့သည်။
သို့သော် လင်မင်းချီ၏ ကြိုးပမ်းမှုမှန်သမျှမှာ သဲထဲရေသွန်သာ ဖြစ်ကုန်ကြ၏။ ထိုအိပ်မက်ဆိုးများကား သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေခဲ့လေပြီ။ တနည်းအားဖြင့် ထိုအိပ်မက်ဆိုးများသည် သူကိုယ်တိုင်မှ ပေါက်ဖွားလာခြင်း ဖြစ်လေရာ သူ အသက်ရှင်နေသရွေ့ အိပ်မက်ဆိုးများ ဆက်လက် တည်ရှိနေလိမ့်မည်သာ။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ညတိုင်းလိုလို လင်မင်းချီသည် အိပ်မက်ဆိုးများနှင့် တိုက်ခိုက်နေရလေရာ နောက်ဆုံးတွင် သူသည် အိပ်စက်ရမည်ကိုပင် ကြောက်ရွံ့လာတော့၏။
မည်သ်ို့ဆိုစေ လင်မင်းချီလို လူတယောက်အတွက် မအိပ်ရသည်မှာ ပြသနာမဟုတ်။ ငြိမ်သက်စွာ ထိုင်နေရုံမျှဖြင့် သူ၏ စိတ်ဝိညာဥ်စွမ်းအင်မှာ ပြန်လည်ပြည့်ဖြိုးလာနိုင်၏။
သို့သော် သူ မအိပ်လျင်ပင် အိပ်မက်ဆိုးများကို ရှောင်တိမ်း၍မရနိုင်ကြောင်း လင်မင်းချီ တွေ့လာရ၏။ အကြောင်းမှာ ညနေဆည်းဆာအချိန်ရောက်တိုင်း ထိုအိပ်မက်ဆိုးများက အလိုအလျောက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်ကြသောကြောင့်ပင်။
အချိန်ကြာလာသည်နှင့်အမျှ လင်မင်းချီမှာ ပို၍ပင် ကြောက်ရွံ့လာ၏။ သို့သော် သူ လုပ်နိုင်သည်မှာ ဘာမှရှိမနေခဲ့ချေတကား။
အိပ်မက်ဆိုးများသည် သူ့ကို အိပ်ပျော်စေရန် အတင်းအကြပ် စေခိုင်းနေ၏။ အိပ်မက်ထဲတွင် သူ အိပ်မက်ဆိုးများနှင့် အမြဲတစေ တိုက်ခိုက်နေရ၏။ သေလုဆဲဆဲဆန္ဒကား သူ့ကို အကြီးအကျယ် ဒုက္ခပေးနေခဲ့လေပြီ။ ဤသို့နှင့် နှစ်ပေါင်းကြာလာသည်နှင့်အမျှ လင်မင်းချီ၏ စိတ်ဝိညာဥ်မှာ ပို၍ ပျက်စီးလာ၏။ သူ့ခံနိုင်ရည်မှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့လေသည်။
အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ချီစွမ်းအားပညာရှင်တဦး၊ နိုင်ငံတနိုင်ငံ၏ ဧကရာဇ်တပါးအနေနှင့် သွေးဗီဇကျိန်စာတခုကြောင့် ဤသို့ဒုက္ခရောက်ရသည်မှာ တွေးကြည့်လျင် ရင်နာစရာပင် ကောင်းနေသေး၏။
အထပ်ထပ်အခါခါ စဥ်းစားတွက်ချက်ပြီးနောက် သူ့အတွက် တခုတည်းသောအဖြေမှာ လောင်ပိုကျွန်းမှန်း လင်မင်းချီ သဘောပေါက်လာသည်။
သူသာ လောင်ပိုကျွန်းကို သတ်ပြီး သွေးနတ်ဆိုးအရိုးကို စုပ်ယူနိုင်ခဲ့လျင် နတ်ဘုရားများသာပိုင်ဆိုင်သည့် ကျင့်ကြံခြင်းနယ်ပယ်တခုသို့ ချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။ သူသာ နတ်ဘုရားအဆင့်သို့ ရောက်သွားခဲ့လျင်အိပ်မက်ဆိုးများမှ လွတ်မြောက်နိုင်မည်မှာ သေချာနေ၏။ အကယ်၍ မလွတ်မြောက်ခဲ့လျင်ပင် သူ့သက်တမ်းကိုတော့ တိုးမြှင့်နိုင်ပေလိမ့်မည်။
ဤသို့နှင့် အချုပ်အနှောင်မဲ့ဂိုဏ်းကို တိုက်ခိုက်ရန် လင်မင်းချီ အကြံရလာခြင်း ဖြစ်သည်။
သူ့အကြံ အတိုင်းအတာတခုထိ အောင်မြင်ခဲ့ပုံပေါ်၏။ နောက်ဆုံးတော့ လောင်ပိုကျွန်း ပေါ်ထွက်လာခဲ့ပြီ မဟုတ်ပါလား။
လောင်ပိုကျွန်းကို ကြည့်ရင်း လင်မင်းချီ အော်ဟစ်ရယ်မောလိုက်၏။
“ဧကရာဇ်တပါးရဲ့ လက်ပါးစေအနေနဲ့ မင်းဟာ ကိုယ့်အရှင်သခင်အတွက် ကိုယ့်အသက်ကိုတောင် လိုလိုချင်ချင် ပေးသင့်တယ် ခုတော့ မင်းက ကိုယ့်လက်ထဲက ရတနာကို အရှင်သခင်ဆီ မဆက်သပဲ ကိုယ်ကျိုးအတွက် သုံးချင်နေတယ် ဒါဟာ သစ္စာမဲ့တာ ပုန်ကန်တာပဲကွ"
လောင်ပိုကျွန်း ဒေါသတကြီး ရယ်မောလိုက်သည်။
“ဒါဆို ငါ့အသက်ကို မင်းလက်ထဲ မထည့်ပေးခဲ့တာ ငါ့အမှားပေါ့ ဟုတ်လား”
လင်မင်းချီ ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ဒါ မင်းအမှားပဲ ငါဟာ နိုင်ငံရဲ့ သက်ဦးဆံပိုင် ဧကရာဇ်တပါး ဒီတော့ ငါ့ရဲ့ အမိန့်ကိုလဲ ကောင်းကင်ဘုံရဲ့ အမိန့်လို့ မှတ်ယူရမယ် မင်း ငါ့အမိန့်ကို မလိုက်နာတာဟာ ပုန်ကန်တာ သစ္စာဖောက်တာပဲကွ ဒါကြောင့် စံနမူနာပြဖြစ်သွားအောင် မင်းအသက်ကို ငါ နှုတ်ယူရလိမ့်မယ်"
စကားဆုံးသည်နှင့် လင်မင်းချီက လက်ညှိုးဖြင့် လောင်ပိုကျွန်းကို ထိုးလိုက်လေသည်။
ပြင်းထန်လှသော လေစီးကြောင်းတခု လောင်ပိုကျွန်းကို ဖြတ်ကျော်သွား၏။
လောင်ပိုကျွန်းကလည်း ကျယ်လောင်စွာ မာန်သွင်းလိုက်သည်။
သွေးနတ်ဆိုးအရိုးသည် လောင်ပိုကျွန်း၏ ကိုယ်ခန္ဓာကို သံထည်ကဲ့သို့မာကျောသွားစေ၏။ အထူးတလည် ဖောက်ထွင်းနိုင်သော ဂုဏ်သတ္တိများရှိသည့် မူလစွမ်းရည်များပင် သူ့အရေပြားကို ထိခိုက်စေရန် မလွယ်လှချေ။
သို့သော် လင်မင်းချှ လက်ညိုးထိုးလိုက်သည်နှင့် တပြိုင်နက် သူ့ဦးရေပြားပေါ်ရှိ ဆံပင်များ ထောင်သွားသလို လောင်ပိုကျွန်း ခံစားလိုက်ရသည်။ ထို့နောက် ပြင်းထန်သောထုံကျင်မှုတခု သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာ၏။ အဆိုပါ ထုံကျင်မှုသည် မနာကျင်သော်လည်း တစုံတယောက် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
တချိန်တည်းမှာပင် လောင်ပိုကျွန်း၏ ခန္ဓာကိုယ်ထဲရှိ သွေးနတ်ဆိုးအရိုး သည် ရုတ်တရက် ခုန်ပေါက်လာပြီး လင်မင်းချီ၏ လက်ညှိုးဆီသို့ တဖြည်းဖြည်း ရွေ့လျားလာ၏။
“ဘာလို့ ခုခံနေသေးတာလဲ”
လင်မင်းချီ သက်ပြင်းချရင်း ရေရွတ်လိုက်၏။
သို့သော် သွေးနတ်ဆိုးအရိုးက လင်မင်းချီကို လျစ်လျူလိုက်ဟန်ပေါ်သည်။ ရုတ်ချည်းဆိုသလို အနီရောင်အလင်းတန်းများ လောင်ပိုကျွန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့လက်သီးတွင် စုဝေးလာ၏။ တချိန်တည်းမှာပင် အနီရောင်လက်သီးက လင်မင်းချီထံသို့ တိုးဝင်သွားလေသည်။
လင်မင်းချီကား လောင်ပိုကျွန်း၏ တိုက်ခိုက်မှုကို အနည်းငယ်မျှ ဂရုစိုက်ဟန်မတူ။ သူ လောင်ပိုကျွန်း၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်တိမ်းလိုက်၏။
"မင်းက ဘာမှလဲမတိုက်ခိုက်တတ်ပါလားကွ"
စကားဆုံးသည်နှင့် လင်မင်းချီထံမှ အတိုင်းအဆမရှိသော ဖိအားများ ထပ်မံထွက်ပေါ်လာပြန်၏။ ထို့နောက် တိမ်ထုများသည် လှိုင်းလုံးကြီးများသဖွယ် လောင်ပိုကျွန်းဆီသို့ လှိမ့်ဝင်လာလေသည်။
သူ့ပတ်ဝန်းကျင်ရှိ လေထု ရုတ်တရက် ကျဉ်းမြောင်းသွားသလို လောင်ပိုကျွန်း ခံစားလိုက်ရ၏။ တဆက်တည်းမှာပင် လင်မင်းချီ၏ အသက်ရှုထုတ်မှုမှ ထွက်ပေါ်လာသော လေလှိုင်းများသည် ကြိုးတချောင်းသဖွယ် လောင်ပိုကျွန်းကို ရစ်ပတ်လာပြန်၏။ ဤစွမ်းရည်မှာ ရုတ်တရက်ကြည့်လျင် စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများနှင့်ပင် ခပ်ဆင်ဆင်တူနေ၏။
လောင်ပိုကျွန်း အော်ဟစ်မာန်သွင်းပြီး လင်မင်းချီ၏ လေလှိုင်းကြိုးနွယ်များကို ဆွဲဖြတ်ရန် ကြိုးစားလိုက်သည်။
သို့သော် လင်မင်းချီ၏ လေလှိုင်းကြိုးနွယ်များမှာ မာကျောခြင်းမရှိပဲ အလွန်ပြောင်းလွယ်ပြင်လွယ် ရှိပုံပေါ်သည်။ ၎င်းကြိုးနွယ်များသည် ထပ်ခါထပ်ခါ ပေါ်ပေါက်နေပြီး လောင်ပိုကျွန်းကို ရစ်ပတ်လာ၏။
သွေးနတ်ဆိုးအရိုးကို ထုတ်ယူမည်ဆိုလျင် လောင်ပိုကျွန်း အသက်ရှင်နေရန် လိုအပ်ပေသည်။ ထို့ကြောင့် လောင်ပိုကျွန်းကို အရှင်ဖမ်းနိုင်ရန် လင်မင်းချီ ကြိုးစားနေခြင်းပင်တည်း။
မည်သို့ဆိုစေ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ချီစွမ်းအားပညာရှင်တယောက်အတွက် လောင်ပိုကျွန်းက ပြိုင်ဘက်မဟုတ်သည်မှာ သေချာနေ၏။ လင်မင်းချီဟူသည် ကျုံးကျန်းကျွန်ထက်ပင် အစွမ်းထက်နေသေးသည် မဟုတ်ပါလား။
သို့နှင့် အချိန်ကြာလာသည်နှင့်အမျှ လောင်ပိုကျွန်းမှာ ပို၍ပင် အကြပ်ရိုက်လာ၏။ သူ့အခြေအနေမှာ ပင့်ကူအိမ်ထဲတွင် တွယ်ညိနေသည့် ပိုးကောင်လေးတကောင်နှင့်ပင် တူနေသေးသည်။ သူ မည်မျှပင် ရုန်းကန်နေစေကာမူ အရာအားလုံး အဟောသိကံသာတည်း။
ဤအနေအထားတွင် လင်မင်းချီအနေနီင့် အထူးအထွေ ထပ်မံတိုက်ခိုက်နေစရာမလိုတော့။ သူသည် လက်နောက်ပစ်ကာ လောင်ပိုကျွန်း ရုန်းကန်နေသည်ကို စိတ်အေးလက်အေးပင် ရပ်ကြည့်နေ၏။
ထို့နောက် သူက ပြောလိုက်လေသည်။
“မင်းဟာ စစ်ရထားကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ကျိုင်းကောင်တကောင်လိုပဲ ဘာအကျိုးရှိလို့ ရုန်းနေတာလဲ သွေးနတ်ဆိုးအရိုးကို အေးအေးဆေးဆေး ထုတ်ပေးလိုက် ဒါဆို မင်းကိုငါ သစ္စာရှိကျေးကျွန်အဖြစ် သတ်မှတ်ပေးမယ်"
“သေလိုက် ခွေးမသား"
လောင်ပိုကျွန်း အော်ဟစ်ဆဲဆိုလိုက်၏။
လင်မင်းချီကား ခပ်တည်တည်ပင်။
“ငါဟာ နတ်ဘုရားတပါးဖြစ်လာမဲ့လူ ဒါကြောင့် ငါ့ရဲ့ နည်းလမ်းကလဲ နတ်ဘုရားတွေရဲ့နည်းလမ်းပဲ ငါ့လုပ်ရပ်တွေဟာ မှန်ကန်တယ် ဖြောင့်မတ်တယ် ဘက်လိုက်မှုမရှိဘူး”
အထက်ပါအတိုင်းပြောရင်း သူက လောင်ပိုကျွန်းကို ဖမ်းခေါ်သွားရန် လက်လှမ်းလိုက်၏။
ထိုအချိန်မှာ စူရှတောက်ပသော အနီရောင်အလင်းတန်းများ လောင်ပိုကျွန်း၏ ခန္ဓာကိုယ်မှ ရုတ်တရက်ဆိုသလို တောက်ပလာပြန်သည်။ သွေးနတ်ဆိုးအရိုးကား လေလှိုင်းနွယ်ကြိုးများ၏ ထိန်းချုပ်မှုမှ ရုန်းထွက်တော့မည့်ပုံပင်။
လင်မင်းချီ မျက်မှောင်ကုတ်လိုက်သည်။
"ဒီလိုအခြေအနေထိရောက်နေတာတောင် သူက ခုခံနေသေးတာကိုး”
ထို့နောက် သူက ခွန်အားကို ခုနစ်ဆယ်ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်၏။
သို့သော် ထိုအချိန်မှာပင် လင်မင်းချီ မျက်နှာပျက်သွား၏။
“မကောင်းတော့ဘူး”
ထို့နောက် သူက မြန်ဆန်လှသောအရှိန်အဟုန်နှင့် ရှေ့သို့ခုန်ထွက်သွားတော့၏။
လက်ဝါးရိုက်ချက်တချက် လင်မင်းချီ၏ နောက်ကျော မီလီမီတာအနည်းငယ်မျှအကွာမှ ရိပ်ခနဲ ဖြတ်သန်းသွား၏။
ရှေ့သို့ရိပ်ခနဲ ခုန်ထွက်သွားသော လင်မင်းချီ ချာခနဲ နောက်လှည့်လိုက်သည်။ သူ့မျက်နှာတခုလုံးမှာ ဒေါသကြောင့် ရဲရဲနီနေ၏။
“လင်ကျွေ့လျူ”
“ဟားဟားဟားဟား ငါ့တူ ငါတို့ ပြန်တွေ့ကြပြန်ပြီ”
လင်ကျွေ့လျူ အော်ဟစ်ရယ်မောလိုက်သည်။ တချိန်တည်းမှာပင် လောင်ပိုကျွန်းသည်လည်း လေလှိုင်းနွယ်ကြိုးများကို အောင်မြင်စွာ ဖြတ်တောက်လိုက်နိုင်၏။
လင်မင်းချီ ပါးစပ်ထဲမှ သွေးတချို့ကို ပွက်ခနဲ အန်ထုတ်လိုက်သည်။
လက်ဝါးရိုက်ချက် တိုက်ရိုက်ထိမှန်ခြင်း မရှိသည့်တိုင် လင်ကျွေ့လျူ၏ စွမ်းအင်လှိုင်းများက လင်မင်းချီ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့၏။ ဤတချီတွင် လင်မင်းချီ အတော်လေး အထိနာသွားသည်မှာ အမှန်ပင်။
“မင်း…… ငါ့ကို လှည့်စားခဲ့တာလား”
လင်မင်းချီ၏ စွပ်စွဲမှုကို လောင်ပိုကျွန်း ဂရုမစိုက်ချေ။ သူ လင်မင်းချီကို မုန်းတီးစွာ စိုက်ကြည့်ရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။
“မင်း သေလုဆဲဆဲဆန္ဒကနေ လွတ်မြောက်ချင်နေတာမလား မင်း သေသွားရင် လွတ်ပြီလေကွာ"