မျက်နှာနှစ်ဖက်
Vol. 98 Ch. 970
လောင်ပိုကျွန်း၏ စော်ကားလှသည့် စကားများကြောင့် လင်မင်းချီ အကြီးအကျယ် ဒေါသထွက်သွား၏။
“မင်း သေမင်းကို ဖိတ်ခေါ်နေတာပဲ"
အထက်ပါအတိုင်းပြောရင်း သူ မူလစွမ်းအင်ကို အမြင့်ဆုံးအနေအထားအထိ နှိုးဆွလိုက်၏။ ထိုအခါ သူ့ပတ်ပတ်လည်တွင် အတိုင်းအဆမရှိသော လေမုန်တိုင်းကြီးတခု စတင်တိုက်ခတ်လာပြီး ကောင်းကင်သည်လည်း မဲမဲမှောင်သွားလေသည်။ တချိန်တည်းမှာပင် ဧရာမ နဂါးကင်းခြေများကြီးတကောင်သည် ကောင်းကင်ယံတွင် ထွက်ပေါ်လာ၏။ ၎င်း၏ကြီးမားလှသော ကိုယ်ကာယကြီးသည် နေအလင်းရောင်ကိုပင် ပိတ်ဆို့ထားလေသည်။ နဂါးကင်းခြေများ တချက်ဟိန်းဟောက်လိုက်တိုင်း ထိတ်လန့်ဖွယ်ရာ စွမ်းအင်များ အလုံးအရင်း ထွက်ပေါ်လာ၏။
အနှီ ထိတ်လန့်ဖွယ် စွမ်းအင်များကြားမှာပင် လင်ကျွေ့လျူသည် လုံးဝ တည်ငြိမ်နေ၏။ ထို့နောက် သူသည်လည်း သူ့အရှိန်အဝါကို တချီတည်းနှင့်စုစည်းလိုက်လေရာ အဆိပ်မီးလျှံလှိုင်းများ ဟုန်းဟုန်းတောက်ထွက်ပေါ်လာတော့သည်။
လင်မင်းချီ၏ နဂါးကင်းခြေများသွေးဗီဇနှင့်မတူပဲ လင်ကျွေ့လျူ၏ သွေးဗီဇခုနစ်မျိုး ပေါင်းစပ်ပုံသဏ္ဌာန်မှာ လူ့ခေါင်း၊ သိမ်းငှက်တောင်ပံနှင့် ဝက်ခန္ဓာကိုယ်ပါ ထူးဆန်းသည့် သတ္တဝါ ပုံသဏ္ဍာန်ပေါ်နေသည်ကို မြင်တွေ့ရ၏။ ၎င်းသည် နဂါးကင်းခြေများ ထံမှဆင်းသက်လာကြောင်း ထင်ရှားသော်လည်း ၎င်းသွေးဗီဇတွင် ကိုယ်ပိုင် ထူးခြားသည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားပေသည်။
ထို့နောက်တွင်တော့ ကောင်းကင်ပေါ်ရှိ နဂါးကင်းခြေများကြီးနှစ်ကောင်သည် ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး အသီးသီးပြေးဝင်တိုက်ခိုက်လိုက်ကြ၏။
အဆိုပါသွေးဗီဇပုံရိပ်များသည် ရန်သူတော်ကြီးနှစ်ဦး ပိုင်ဆိုင်သည့် အမြင့်ဆုံး စွမ်းအင်ထုကြီးများပင် ဖြစ်လေရာ နဂါးကင်းခြေများနှစ်ကောင် ထိပ်တိုက်တိုးမိသည့်ခနဝယ် ဧရာမလှိုင်းလုံးကြီးတလုံးထွက်ပေါ်လာပြီး နေနှင့် လကိုပင် ခေတ္တ မှေးမှိန်သွားစေ၏။ ထို့နောက် အနှီထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းလုံးသည် အရပ်ရှစ်မျက်နှာသို့တိုင် ပျံ့နှံ့သွားတော့၏။
ဤစွမ်းအင်လှိုင်းလုံးကြောင့် လောင်ပိုကျွန်းပင်လျင် တောင့်မခံနိုင်ပဲ လွင့်စင်သွားလေသည်။
သူ မော့ကြည့်လိုက်ချိန်ဝယ် နဂါးကင်းခြေများနှစ်ကောင်လုံးသည် ချိုချင်းချိတ်လျက်သားရှိနေ၏။ ၎င်းတို့၏ အောက်ဘက်ရှိ လင်မင်းချီနှင့် လင်ကျွေ့လျူတို့သည်လည်း ငုတ်တုတ်ထိုင်နေကြသည်မဟုတ်။ ၎င်းတို့ နှစ်ဦးသည် တဦးကိုတဦး အပြီးတိုင်နင်းချေဖျက်ဆီးရန် ကြိုးစားနေကြလေရာ အရပ်မျက်နှာတိုင်းတွင် မည်းမှောင်သော တိမ်တိုက်များကသာ ဖုံးလွှမ်းနေတော့သည်။
တချီတွင်တော့ လင်မင်းချီက လက်တဖက်ကို လှုပ်ရှားလိုက်ရာ ရွှေရောင် ဓားငယ်လေးတလက် ဘွားခနဲ ပေါ်ပေါက်လာ၏။
“သွားစမ်း"
သူ အထက်ပါအတိုင်း အော်ဟစ်လိုက်ရာ ရွှေရောင်ဓားသည် အလင်းတန်းတခုအဖြစ် ပြောင်းလဲသွားပြီး လင်ကျွေ့လျူထံသို့ တိုးဝင်သွား၏။ အလင်းတန်းသည် လျှပ်စီးတမျှ မြန်ဆန်သောအရှိန်အဟုန်နှင့် လင်ကျွေ့လျူ၏ နဖူးတည့်တည့် ဦးတည်ပျံသန်းသွားလေသည်။
ဤဓား၏ စွမ်းပကား မည်မျှ အစွမ်းထက်ကြောင်း လင်ကျွေ့လျူ ကောင်းကောင်းကြီး သိထား၏။ ထိုအခါ သူကလည်း ပုလဲလုံးတလုံးကို ထွေးထုတ်လိုက်ရာ ထိုပုလဲက ရွှေရောင်အလင်းတန်းကို အပြည့်အဝပင် ကြားဖြတ်ဟန့်တားလိုက်သည်။ ဓားအလင်းသည် ပုလဲကို ထိုးဖောက်နိုင်စွမ်းမရှိပဲ အံ့သြဖွယ်ရာ ဘေးသို့လွင့်စင်သွား၏။
သို့သော် လင်မင်းချီ အနည်းငယ်မျှ အံ့သြခြင်းမရှိ။ သူ လက်ဖက်ရည်ခွက် အရွယ်ခန့် ကျောက်စိမ်းတုံးတတုံးကို အေးအေးဆေးဆေးပင် ထုတ်ယူပြီး လင်ကျွေ့လျူကို ပစ်ပေါက်လိုက်ပြန်သည်။
ထိုအချိန်မှာပင် လင်ကျွေ့လျူကလည်း ထူးထူးဆန်းဆန်း အော်သံတချက်ပြုပြီး အလင်းတန်းတခုအဖြစ် ပြောင်းလဲရှောင်တိမ်းလိုက်၏။ ကျောက်စိမ်းတုံးကို တားဆီးရန်ပင် ကြိုးစားခြင်းမရှိပဲ ခြေလွတ်လက်လွတ်ရှောင်တိမ်းလိုက်သည့် လင်ကျွေ့လျူ၏ လုပ်ရပ်ကို ကြည့်လျင် ကျောက်စိမ်းတုံး မည်မျှ အန္တရာယ်ကြီးမားကြောင်း မြင်သာနေသည်။
“နှလုံးခွဲဓားနဲ့ ဝိညာဉ်ဖျက်ဆီးရေးကျောက်စိမ်းဆိုပါလား ဆန်ခါထီးနဲ့ မီးခိုးမိုးရော မရှိဘူးလား အကုန်လုံး ထုတ်လိုက်လေကွာ မင်းရဲ့ ရတနာလေးမျိုးနဲ့ ငါ့ရဲ့ သွေးဗီဇခုနစ်မျိုး ဘယ်ဟာ ပိုသန်မာလဲဆိုတာ ကြည့်ရသေးတာပေါ့”
လင်ကျွေ့လျူ အားရပါးရ ရယ်မောရင်း စိန်ခေါ်လိုက်သည်။
လင်မင်းချီ မကျေမချမ်း ဖြစ်သွား၏။
"မင်း သေချင်တယ်ဆိုတော့ ငါက သတ်ပေးရမှာပေါ့ကွာ”
အထက်ပါအတိုင်းပြောရင်း သူ အခြား ပစ္စည်းနှစ်မျိုးကိုပါ ထပ်မံထုတ်ယူလိုက်လေသည်။
လင်မင်းချီ ထုတ်ယူလိုက်သည့် ပထမတမျိုးမှာ ထီးတလက်ဖြစ်သည်။ အဆိုပါထီးသည် ဖွင့်လိုက်သည်နှင့် ကြီးမားလှသောလက်ကြီးတဖက် လေထဲသို့ ထွက်ပေါ်လာ၏။ ထို့နောက် ပတ်ဝန်းကျင်ရှိ လေထုသည်လည်း စတင်လှည့်ပတ်လာပြီး ဝဲဂယက်ကြီးတခု စတင်ပေါ်ပေါက်လာတော့သည်။
ထိုအခါ လင်ကျွေ့လျူ ဖန်တီးထားသည့် အဆိပ်မီးလျှံများမှာ ဝဲဂယက်၏ စုပ်ယူခြင်းကိုခံလိုက်ရပြီး အလုံးစုံ ပျောက်ကွယ်ကုန်ကြ၏။
ဤရတနာကား ဆန်ခါထီးပင် ဖြစ်သည်။ ၎င်းသည် မည်သည့်တိုက်ခိုက်မှုများကိုမဆို စုပ်ယူနိုင်စွမ်းရှိလေရာ ထိုးစစ်၊ ခံစစ် နှစ်မျိုးလုံးအတွက် အသုံးတည့်၏။
တချိန်တည်းမှာပင် ဖျော့တော့တော့ အပြာရောင် မီးခိုးတန်းကြီးတခုသည် လင်မင်းချီ၏ခန္ဓာကိုယ်မှ ရစ်ခွေထွက်ပေါ်လာသည်။
အပြာရောင်မီးခိုးများ ထွက်ပေါ်လာသည်နှင့် အံ့သြစရာကောင်းလောက်အောင်ပင် ကောင်းကင်ယံမှ မိုးများ စတင်ရွာသွန်းလာတော့သည်။ မိုးဟူသည် တိမ်များမှ လာသည်မှန်သော်လည်း တိမ်များကို လူက ထိန်းချုပ်ထား၏။
ကောင်းကင်ဆီမှ တဟုန်ထိုးရွာသွန်းနေသော မိုးရေသည် လူသားများ မပျံသန်းနိုင်သေးသည့် ရှေးဦးခေတ်ကို ပြန်ရောက်သွားသကဲ့သို့ လွမ်းဆွတ်ဖွယ်ရာ အငွေ့အသက်တရပ်ကို ဖန်တီးပေးလိုက်၏။ ထို့နောက် နက်နဲဆန်းကြယ်သော ဝမ်းနည်းဖွယ်ရာ ခံစားချက်တရပ် ပတ်ဝန်းကျင်တခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
မိုးရေများအောက်တွင် လင်ကျွေ့လျူ၏ လှုပ်ရှားမှုများသည် သိသိသာသာ နှေးကွေးလာ၏။
လောင်ပိုကျွန်းပင်လျှင် လင်မင်းချီအပေါ် မုန်းတီးမှု မသ်ိမသာ လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤကား မီးခိုးမိုးရွာခြင်း၏ သက်ရောက်မှုပေတည်း။
တိတိကျကျပြောရလျှင် မိုးတွင်ပါလာသည့် မိုးရေစက်များ၏ သက်ရောက်မှုပင် ဖြစ်သည်။
၎င်းသည် နှလုံးခွဲဓား သို့မဟုတ် ဝိညာဉ်ဖျက်ဆီးရေးကျောက်စိမ်းတို့ကဲ့သို့ တိုက်ရိုက် ထိခိုက်မှု မပေးချေ။ သို့သော် ၎င်းသည် လူတစ်ဦး၏ တိုက်ပွဲဝင်စိတ်အပေါ်တွင်တော့ သက်ရောက်မှုရှိနေ၏။
ထိုအခိုက်အတန့်တွင် မုန်းတီးမှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှုစသည့် ခံစားချက်အစုစုတို့ မှေးမှန်ကုန်ပြီး ထိုသူ၏တိုက်ပွဲဝင်စိတ်မှာလည်း ပျောက်ဆုံးသွားတတ်ပေသည်။
တိုက်ပွဲဝင်စိတ်ဟူသည် လျှို့ဝှက်ဆန်းကြယ်ပြီး ထိတွေ့၍မရသော စိတ္တဇနာမ်မျှသာဖြစ်သော်လည်း အမှန်တကယ် တည်ရှိနေခြင်းကိုမူကား ငြင်း၍မရပေ။
ထိုနည်းတူစွာ တိုက်ပွဲဝင်စိတ်ပြင်းပြနေသူနှင့် တိုက်လိုခိုက်လိုစိတ်ပျောက်ဆုံးနေသူတို့၏ ခွန်အားသည်လည်း နေ့နှင့် ညကဲ့သို့ ကွာခြားနေမည်မှာ သေချာနေ၏။
လင်မင်းချီသည် နိုင်ငံတနိုင်ငံ၏ ဧကရာဇ်ဖြစ်လေရာ မယုံနိုင်စရာ ကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်ထားသည်မှာ အထူးတလည် အံ့သြစရာမရှိပေ။ ယခုလည်း သူ ထုတ်သုံးနေသော မူလကိရိယာတိုင်းသည် အကောင်းတကာ့ အကောင်းဆုံးများသာ ဖြစ်နေ၏။
လူအများစုသည် ၎င်းတို့၏ တစ်သက်တာလုံးတွင် ဤသို့သော မူလကိရိယာမျိုး တခုတလေကိုပင် အသုံးပြုရန် အခွင့်အရေးမရကြသော်လည်း လင်မင်းချီကတော့ အဆိုပါမူလကိရိယာလေးမျိုးကို ပြိုင်တူပင် ထုတ်သုံးခဲ့၏။
သူနှင့် နှိုင်းယှဉ်လျှင် လင်ကျွေ့လျူမှာ များစွာ ဆင်းရဲလှကြောင်း မြင်သာနေသည်။ သူ ရွှေရောင်ဓားကို တားဆီးခဲ့သော ကြယ်ပုလဲတမျိုးသည်သာ အဆင့် ၁ မူလကိရိယာဖြစ်ပြီး တခြားဘယ်ရတနာမျိုးကိုမှ ထုတ်သုံးသည်ကို မတွေ့ရချေ။
သို့သော် ရတနာများကို ထုတ်သုံးရုံနှင့် အနိုင်ရမည်ဟု မျှော်လင့်ပါက အမှားကြီးမှားသွားပေလိမ့်မည်။
ရတနာလေးမျိုးလုံး ပြိုင်တူထုတ်သုံးလိုက်သော လင်မင်းချီကိုကြည့်ရင်း လင်ကျွေ့လျူ အားရပါးရ ရယ်မောလိုက်၏။
"မင်းအလှည့်ပြီးပြီဆိုတော့ ငါ့အလှည့်ပေါ့ကွာ"
ထို့နောက် သူ ရုတ်တရက် အော်ဟစ်လိုက်၏။
အော်သံဆုံးသည်နှင့် ထူးထူးဆန်းနန်း နဂါးကင်းခြေများသွေးပုံရိပ်မှ သွေးနီရောင် မီးခိုးများ အဆက်မပြတ်ပင် လွင့်စင်ထွက်လာတော့၏။ ၎င်း ရောက်ရှိသွားသည့်နေရာတိုင်း ပျက်စီးယိုယွင်းကုန်ကြောင်း အတိုင်းသား မြင်တွေ့နေရသည်။
ထိုအခါ လင်မင်းချီ၏ နဂါးကင်းခြေများ၏ ခြေသည်းသည် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့လေသည်။ အစွမ်းထက်သွေးဗီဇကြောင့် ခြေသည်းသည် မြန်မြန်ဆန်ဆန်ပင် ပြန်လည်ပေါ်ပေါက်လာသော်လည်း လင်မင်းချီ၏ ခွန်အားကတော့ သိသိသာသာပင် လျော့နည်းသွား၏။
အံ့အားသင့်စရာကောင်းသည်မှာ မီးခိုးမိုးရေစက်များ၏ သက်ရောက်မှုသည်ပင် ဤသွေးနီရောင်မီးခိုးကြောင့် သိသိသာသာ လျော့ပါးသွားခြင်းပင် ဖြစ်သည်။
လင်မင်းချီ တုန်လှုပ်သွား၏။ ပို၍ပို၍ တောက်ပလာသော ဆန်ခါထီး၏ အစွမ်းကြောင့်သာ သူ သွေးနီရောင်မီးခိုး၏သက်ရောက်မှုကို ရပ်တန့်နိုင်ခဲ့လေသည်။
“ဘယ်လိုလဲ မြင်ရတာ သဘောကျရဲ့လား ဒါက လေစွန်သွေးဗီဇကို နဂါးကင်းခြေများသွေးဗီဇနဲ့ ပေါင်းစပ်လိုက်တဲ့ ရလဒ်ပဲ ဆင်တူယိုးမှား ဖုန်မှုန့်ဆိုပါတော့ကွာ ဒါက မင်းရဲ့ မီးခိုးမိုးအပါအဝင် မတူညီတဲ့ တိုက်ခိုက်မှုမျိုးစုံကို ပျက်ပြယ်သွားစေနိုင်စွမ်းရှိတယ်ကွ ဟား ဟား ဟား"
လင်ကျွေ့လျူ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ငါ သိပ်မမြင်ရသေးဘူး ထပ်ပြစမ်းပါအုံး”
လင်မင်းချီ နှာခေါင်းတချက်ရှုံ့ပြီး ဆန်ခါထီးကို အကြိမ်ပေါင်းများစွာ နှိုးဆွကာ ဆင်တူယိုးမှား ဖုန်မှုန့်ကို နောက်သို့ ဆုတ်သွားစေ၏။
တဖက်မှ လင်ကျွေ့လျူသည်လည်း လင်မင်းချီ၏လုပ်ရပ်ကို ဂရုမစိုက်ပုံရချေ။ သူ့နောက်ကျောမှ နဂါးကင်းခြေများသည်လည်း ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်ကာ မြူခိုးထုကြီးကို ထွေးထုတ်လိုက်၏။ ထိုအခါ သူ့အရှိန်အဝါသည် တစ်ဖန်ပြန်လည်မြင့်တက်လာပြန်၏။
ထို့နောက် သွေးနီရောင်အလင်းတန်းများ သူ့ခန္ဓာကိုယ်မှ တိုးထွက်လာပြီး အရပ်ရှစ်မျက်နှာသို့တိုင် ပြန့်ကားသွား၏။
“ဒါ……”
လင်မင်းချီ မျက်လုံးပြူးသွား၏။
“ရွှေရောင်ငှက်တောက်ပခြင်းတဲ့ဟေ့”
လင်ကျွေ့လျူ၏ အော်ဟစ်ကြွေးကြော်သံနောက်ဝယ် ကြီးမားလှသော ရွှေရောင်နေလုံးကြီးတလုံး ထွက်ပေါ်လာပြီး လင်မင်းချီ၏ ဝိညာဉ်ခွဲ ကျောက်စိမ်းကို ထိပ်တိုက်ဝင်တိုးလိုက်တော့သည်။
ဝိညာဥ်ခွဲကျောက်စိမ်းဟူသည်ကား အလွန်ကြောက်စရာကောင်းသည့် မူလကိရိယာတမျိုး ဖြစ်သည်။ ၎င်းသည် ခနကြည့်လိုက်ရုံနှင့် လူတစ်ဦး၏ စိတ်ဝိညာဥ်ကို အလွယ်တကူ တိုက်စားသွားနိုင်သော အစွမ်းမျိုးကို ပိုင်ဆိုင်ထား၏။
သို့သော် လင်ကျွေ့လျူ၏ ရွှေရောင်ငှက်တောက်ပခြင်းတွင် ရွှေရောင်ငှက်သွေးဗီဇစွမ်းအားများ ပေါင်းစပ်ပါဝင်နေသည်။ ရွှေရောင်ငှက်သွေးဗီဇဟူသည်ကား ဇီးကွက်နိုင်ငံမှ ချန်မျိုးနွယ်၏ သွေးဗီဇပင် ဖြစ်သည်။ ထိုအခါ လင်ကျွေ့လျူ၏ ရွှေရောင်နေလုံးကြီးတွင်လည်း ခန့်ညားထည်ဝါလှသောအရှိန်အဝါကို ပိုင်ဆိုင်ထား၍ ဝိညာဉ်ခွဲ ကျောက်စိမ်း၏ဆိုးယုတ်သော သဘောသဘာဝကို တန်ပြန်စေနိုင်၏။
လင်ကျွေ့လျူနှင့် လင်မင်းချီဟူသည် ရန်သူတော်ဟောင်းများ ဖြစ်ကြလေရာ အတိတ်တွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးကြ၏။ ထို့ကြောင့် လင်ကျွေ့လျူအနေနှင့် လင်မင်းချီ၏ အားသာချက်များကို သိရှိထားပြီး အစစအရာရာ ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။
ထို့ကြောင့် ဆင်တူယိုးမှားဖုန်မှုန့်သည် မီးခိုးမိုးကို ရင်ဆိုင်နိုင်ခဲ့ပြီး ရွှေရောင်ငှက်ကတော့ ဝိညာဉ်ဖျက်ဆီးရေးကျောက်စိမ်း၏ အစွမ်းကို ပျက်ပြယ်စေနိုင်ခဲ့၏။
ထိုအခါ လင်မင်းချီလည်း ဝိညာဉ်ဖျက်ဆီးရေးကျောက်စိမ်းကို ဆက်လက် အသုံးမပြုရဲတော့ပဲ မြန်မြန်ဆန်ဆန်ပင် ပြန်လည်သိမ်းဆည်းထားလိုက်ရသည်။
သို့သော် လင်မင်းချီဟူသည် အလွယ်တကူ အရှုံးပေးတတ်သူမျိုး မဟုတ်။ သူသည် လက်ဝါးရိုက်ချက်များစွာကို ပြိုင်တူဖော်ထုတ်ပြီး ရွှေရောင်ငှက်ကို နောက်သို့ဆုတ်သွားလိုက်စေ၏။
ဤတကွက်တွင်ကား နှစ်ဦးလုံး ထိခိုက်မိသွားကြဟန်တူသည်။ လင်မင်းချီ၏ မျက်နှာသည် ဖွေးဖွေးဖြူသွားပြီး လင်ကျွေ့လျူသည်လည်း မသဲမကွဲ ညည်းတွားလိုက်သည်။ ရွှေရောင်ငှက်သည် ဝိညာဉ်ဖျက်ဆီးရေးကျောက်စိမ်းကို ကောင်းကောင်းကြီးထိန်းချုပ်နိုင်ခဲ့သော်လည်း နဂါးကင်းခြေများ၏ ပီဘိအရှိန်အဝါစစ်စစ်ကိုတော့ ခံနိုင်ရည်ရှိပုံမပေါ်ချေ။
တခနအကြာမှာပင် နှလုံးခွဲဓားက နောက်တကြိမ် ပြန်လည်ထွက်ပေါ်လာပြန်၏။ ထိုအခါ လင်ကျွေ့လျူကလည်း ရေစီးကြောင်းများကို ဖန်တီးပြီး ပြန်လည်တုံ့ပြန်လိုက်ပြန်သည်။
လင်ကျွေ့လျူ၏ ရေစီးကြောင်းများမှာ ရေကိုထိန်းချုပ်နိုင်သည့် လျူယု၏ သွေးဗီဇနှင့် နဂါးကင်းခြေများ၏ သွေးဗီဇကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ရေစီးကြောင်း တထောင် မူလစွမ်းရည်တထောင်ထိ ပါဝင်နေသည်။ ရွေရောင်ဓားသည် ကြောက်စရာကောင်းလှသော်လည်း မူလစွမ်းရည်တထောင်ကိုတော့ ထိုးဖောက်နိုင်စွမ်းမရှိသည်မှာ မြင်သာနေ၏။
စွမ်းအားနှစ်မျိုး ထိပ်တိုက်ဆုံမ်ိချိန်မှာပင် နှလုံးခွဲဓားသည် လွင့်စင်ထွက်သွားပြီး လင်ကျွေ့လျူ၏ ရေစီးကြောင်းများမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။
နှစ်ဦးလုံး ပြိုင်တူမျက်နှာပျက်သွား၏။ သို့သော် သူတို့ ပြိုင်တူပင် တိုက်ခိုက်လိုက်ကြပြန်သည်။
ဤနေရာတွင် ခြုံပြောရလျင် လင်ကျွေ့လျူ၏သုတေသနကား အတော်အသင့် အောင်မြင်မှုရနေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် လင်မင်းချီ၏ ကိုယ်ပိုင်ခွန်အားမှာကား အိပ်မက်ဆိုးကျိန်စာကြောင့် တရွေ့ရွေ့ ယုတ်လျော့နေ၏။ ထိုမျှသာမကသေး လင်ကျွေ့လျူ၏ တိုက်ခိုက်မှုကြောင့် လင်မင်းချီအနေနှင့် ဒဏ်ရာရထားပြီးသား ဖြစ်နေသည်။
ထို့ကြောင့် နှစ်ဦးသားစီးချင်းထိုးပွဲတွင် လင်မင်းချီက ပို၍ အားနည်းသူဖြစ်သည်မှာ သေချာနေ၏။ သို့သော် ဤကွာခြားလျက်ကို လင်မင်းချီက သူပိုင်ဆိုင်ထားသည့် ရတနာအများအပြားနှင့် ထောက်ကန်ထားလေသည်။ ထိုအခါ တိုက်ပွဲမှာ ဘက်မျှနေသည်ဟု ဆိုနိုင်၏။
သို့သော် ဤတိုက်ပွဲစည်းဝိုင်းထဲတွင် လောင်ပိုကျွန်းလည်း ရှိနေ၏။
ထိုအချိန်တွင် လောင်ပိုကျွန်းသည် အခြေအနေကို ကောင်းကောင်းကြီး စောင့်ကြည့်လျက်ရှိသည်။ ထို့နောက် သူ လင်မင်းချီအနီးသို့ တရွေ့ရွေ့ ချည်းကပ်နေ၏။
တချီတွင်တော့ လောင်ပိုကျွန်းက အခွင့်အရေးကို ဖြတ်ခနဲ မြင်တွေ့လိုက်ပြီး စတင်လှုပ်ရှားလိုက်တော့သည်။
သူ တိုက်ကွက်က ရိုးရိုးလေးပင် ဖြစ်သည်။ လင်မင်းချီ၏ နောက်ကျောကို သူ လက်သီးနှင့် ထိုးချလိုက်ခြင်းပင်။
သို့သော်...
သူ့ဘက်သို့လှည့်ကာ ရယ်မောလှောင်ပြောင်နေသော လင်မင်းချီ၏ မျက်နှာကို မြင်လိုက်ရသဖြင့် လောင်ပိုကျွန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဘာဖြစ်တာလဲ...
ဒီကောင် ရယ်နေတာတဲ့လား...
ခုနက ဒီကောင် ငါ့ကို ကျောခိုင်းထားတာမဟုတ်ဘူးလား...
နေပါအုံး...သူ့မျက်နှာက...
အံ့သြသင့်စရာကောင်းလောက်အောင်ပင် လင်မင်းချီ၏ နောက်စေ့တွင် နောက်ထပ်မျက်နှာတခု ပေါ်လာသည်ကို လောင်ပိုကျွန်း မြင်လိုက်ရသည်။
ထ်ို့နောက်တွင်တော့ လောင်ပိုကျွန်း၏ မြင်ကွင်းတခုလုံး မှောင်မိုက်သွားပြီး သူ့တကိုယ်လုံး လေထဲသို့ လွင့်စင်သွားတော့သည်။