← Chapters

လောင်ပိုကျွန်း၏ နောက်ဆုံးအချိန်

Vol. 98 Ch. 971

လောင်ပိုကျွန်း၏ နောက်ဆုံးအချိန်

Vol. 98 Ch. 971

ဒလိန့်ကောက်ကွေး လွင့်စင်သွားရင်းနှင့်ပင် လင်းမင်းချီ၏ နောက်စေ့မှ မျက်နှာဆိုးကြီးက သူ့ကို သွားဖြဲပြနေသည်ကို လောင်ပိုကျွန်း မြင်တွေ့နေရ၏။ တချိန်တည်းမှာပင် ဆိုးယုတ်ကောက်ကျစ်သောအရှိန်အဝါတခုက သူ့ခန္ဓာကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်းပင် ထိုးဖောက်ဝင်ရောက်သွားလေသည်။

ထိုစဥ် လင်ကျွေ့လျူကလည်း ပြိုင်တူပင် တိုက်ခိုက်လိုက်၏။

အလင်းတန်းများ။

များပြားလှသော အလင်းတန်းများ ကောင်းကင်ယံမှ မိုးရွာချလိုက်သကဲ့သို့ ကျဆင်းလာ၏။ အနီးကပ်သာကြည့်ခွင့်ရလျင် အနှီအလင်းတန်းများသည် သင်တုန်းဓားများ ဖြစ်နေကြောင်း မြင်ရပေလိမ့်မည်။ ဓားအသီးသီး၏ ဓားသွားများမှာ လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို ခုတ်ချဖျက်ဆီးသွားတော့မည့်အလား ထက်မြေ့နေ၏။ ဓားတချောင်းစီတိုင်းတွင် အလွန်ကြောက်စရာကောင်းသော အရှိန်အဝါတမျိုးကို သယ်ဆောင်လာကြောင်း အတိုင်းသား မြင်တွေ့နေရသည်။

ဤတကွက်ကား လင်ကျွေ့လျူ၏ အစွမ်းအထက်ဆုံးတိုက်ကွက်မှန်း မြင်ရုံနှင့် သိသာနေ၏။

သို့သော် လင်မင်းချီကား သာမာန်လူမဟုတ်။ လင်ကျွေ့လျူ တိုက်ခိုက်လိုက်ချိန်မှာပင် လင်မင်းချီ၏ နောက်စေ့ရှိ မျက်နှာက ကျယ်လောင်စွာ အသံပြုလိုက်ရာ ကောင်းကင်မှ ကျဆင်းလာသော ဓားသွားများ လေထဲမှာပင် ရပ်တန့်သွားတော့၏။

ထိုအခွင့်အရေးကို အမိရယူပြီး လင်မင်းချီ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ရိုးရိုးထွက်ပြေးခြင်းတော့မဟုတ်။ လောင်ပိုကျွန်းကိုပါ တပါတည်းဖမ်းဆီးပြီး ထွက်ပြေးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သူ့အနေနှင့် နောက်ဆုံးအချိန်ထ်ိ လောင်ပိုကျွန်းကို ဖမ်းဆီးရန် ကြိုးစားသွားမည့်ပုံပင်။

ထိုအခါ လောင်ပိုကျွန်းကလည်း ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်မှလည်း အနီရောင်အလင်းတန်းများ စူးရှတောက်ပစွာ ထွက်ပေါ်လာသည်။ ထို့နောက် အနီရောင်ဝဲဂယက်တခုက လင်မင်းချီ၏ လက်ကို အရှိန်နှင့် ဝင်တိုက်လိုက်၏။

လင်မင်းချီ နာကျင်စွာ အော်ဟစ်ငြီးငြူပြီး အဝေးသို့ လွင့်စင်သွားလေသည်။

“ထွက်ပြေးဖို့ မစဉ်းစားနဲ့"

​လင်မင်းချီ ထွက်ပြေးရန် ကြံစည်နေသည်ကို လောင်ပိုကျွန်း သဘောပေါက်ထားပြီးပြီ မဟုတ်ပါလား။

လင်မင်းချီ နှာခေါင်းရှုံ့လိုက်သည်။

“ငါ သွားချင်ရင် သွားမှာပဲ ဘယ်သူ ငါ့ကို တားနိုင်လို့လဲ ဟေ့ လောင်ပိုကျွန်း ငါ နောက်တစ်ကြိမ် မင်းရဲ့ အသက်ကို ပြန်လာယူမယ်”

“မင်း အဲဒီအခွင့်အရေးကို ရတော့မယ် မထင်ဘူး”

လင်ကျွေ့လျူက ကြားဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် ကောင်းကင်တွင် ဧရာမ သိမ်းငှက်တကောင် ပေါ်လာပြီး လင်မင်းချီကို ဝင်ရောက်တိုက်ခိုက်လိုက်၏။ တိမ်တိုက်တုမျိုးနွယ်၏ တိမ်တိုက်သွေးဗီဇကို လင်ကျွေ့လျူ ထုတ်သုံးလိုက်ခြင်းပင် ဖြစ်သည်။

သိမ်းငှက်ကြီး၏တိုက်ခိုက်မှုကြောင့် လင်မင်းချီ နောက်တကြိမ် လွင့်စင်သွားပြန်၏။

ဤတကြိမ်တွင်တော့ လင်မင်းချီ ပြန်လည်တိုက်ခိုက်ရန် စိတ်မကူးတော့။ လွင့်စင်သွားသည်အရှိန်ကို ယူကာ တချိုတည်း ထွက်ပြေးသွားတော့သည်။

တဖက်မှ လင်ကျွေ့လျူကလည်း လင်မင်းချီ​နောက်သို့ လိုက်ရန် စိတ်ဝင်စားပုံမပေါ်ချေ။ နေရာတွင် အသာရပ်ကာ အတိုင်းသား ကျန်ရစ်ခဲ့လေသည်။

“ဘာလို့ သူနောက်ကို မလိုက်တာလဲ”

လောင်ပိုကျွန်း ဒေါသတကြီးနှင့် မေးလိုက်၏။

လင်ကျွေ့လျူ ခေါင်းခါလိုက်သည်။

“လိုက်လို့ဘာမှမထူးဘူး ဒီကောင့်မှာ ထွက်ပြေးမဲ့ နည်းလမ်းတွေ အများကြီးရှိတယ် ဒီတော့ သူ့ကို သတ်မယ့်အစား သူ့စွမ်းအားရဲ့ တစိတ်တပိုင်းကို ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းတယ်”

လင်ကျွေ့လျူ အထက်ပါအတိုင်းပြောရင်း လင်မင်းချီ ကျန်ရစ်ခဲ့သည့် နှလုံးခွဲဓား နှင့် ဆန်ခါထီးကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်ထိ နှလုံးခွဲဓားသည် ကြယ်ပုလဲ နှင့် ဆက်လက်တိုက်ခိုက်နေပြီး ဆန်ခါထီးကလည်း လင်ကျွေ့လျူ၏ နဂါးကင်းခြေများစွမ်းရည်ကို ခုခံနေဆဲပင်။

တကယ်တော့ လင်ကျွေ့လျူ လင်မင်းချီနောက်သို့ မလိုက်ခြင်းမှာ ဤရတနာနှစ်ပါးကို သိမ်းပိုက်ရန် စိတ်ကူးထားခြင်းကြောင့်ပင်ဖြစ်သည်။ အကယ်၍ သူသာ လင်မင်းချီနောက်သို့ လိုက်သွားခဲ့လျင် လင်မင်းချီက ဤရတနာများကို အဝေးမှ ပြန်လည်ခေါ်ယူသွားပေလိမ့်မည်။

သူ့လက်ထဲသို့ ရောက်လာသော နှလုံးခွဲဓားနှင့် ဆန်ခါထီးကို ကြ​ည့်ရင်း လင်ကျွေ့လျူ အားရပါးရ ရယ်မောလိုက်၏။

“ဒီရတနာနှစ်မျိုးနဲ့သာဆိုရင် နောက်တခါ လင်မင်းချီ ဘာအခွင့်အရေးမှ ရတော့မှာမဟုတ်ဘူး ဟား ဟား ဟား"

“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား သူ့ကိုသတ်လို့ရမဲ့အခွင့်အရေးကို လွဲချော်သွားပြီ”

လောင်ပိုကျွန်း မကျေမချမ်းနှင့် ပြောလို​က်သည်။

"အရေးမကြီးဘူး ဒီကောင် ဒဏ်ရာရသွားတယ် ပြီးတော့ သေလုဆဲဆဲဆန္ဒရဲ့ကျိန်စာလဲ ရှိသေးတယ် ဒီတော့ ဒီကောင် သိပ်မကြာခင် သေမှာပဲ"

လင်ကျွေ့လျူက စိတ်အေးလက်အေးနိုင်သော အမူအရာနှင့် ပြန်ပြောလိုက်၏။

လောင်ပ်ိုကျွန်း ပို၍ဒေါသထွက်လာသည်။

"လင်မင်းချီဟာ ကျုပ်ချစ်သူကို သတ်သွားတယ် ဒီလိုကောင်မျိုးကို လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ"

“လက်စသတ်တော့ ဒီလိုကိုး မင်းဟာ မိန်းမတယောက်အတွက် နိုင်ငံကိုတောင် သစ္စဖောက်တဲ့ကောင်ပါလား ဒီအတိုင်းဆိုရင် မင်းရဲ့သစ္စာတရားက မေးခွန်းထုတ်စရာတော့ ကောင်းနေပြီ”

လင်ကျွေ့လျူ ခေါင်းတခါခါလည်တခါခါနှင့် မှတ်ချက်ပြုလိုက်သည်။ ထိုစကားကြောင့် ​လောင်ပိုကျွန်း ဒေါသအိုးပေါက်ကွဲသွား၏။

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

“ဘာကို ဆိုလိုတာလဲ ဟုတ်လား”

လင်ကျွေ့လျူ အားရပါးရ ရယ်မောလိုက်သည်။

“ငါက မင်းနဲ့မတူဘူးကွ ငါ့ရဲ့ ရည်မှန်းချက်က လောင်စန်းနိုင်ငံရဲ့ဧကရာဇ်ဖြစ်လာဖို့ပဲ ကျန်တာတွေ ငါ ဂရုမစိုက်ဘူး ငါ ဧကရာဇ် ဖြစ်တဲ့အချိန်မှာ ငါ့ရဲ့အမှုတော်ထမ်းတွေက ငါ့အမိန့်ကို တသွေမတိမ်းလိုက်နာရမယ် အခုတော့ မင်းက မိန်းမတယောက်အတွက် အရှင်သခင်ကို သစ္စာဖောက်ရဲတဲ့ကောင် ဖြစ်နေတယ် မင်းလိုကောင်မျိုးက ငါ့အတွက် အသုံးဝင်မဲ့ပုံမပေါ်ဘူး"

အထက်ပါအတိုင်းပြောရင်း သူ လောင်ပိုကျွန်းကို ဖမ်းချုပ်ရန် လက်လှမ်းလိုက်သည်။

“ခင်ဗျား”

လင်ကျွေ့လျူ သူ့ကို တိုက်ခိုက်လိမ့်မည်ဟု လုံးဝမျှော်လင့်မထား၍ လောင်ပိုကျွန်း အတော်လေးထိတ်လန့်သွား၏။

“ခင်ဗျား ကျုပ်ကို ဒီလိုလုပ်ရင် စုချန်းက ခင်ဗျားကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”

“ငါက သူ့ကို ကြောက်နေမယ်များထင်သလား"

လင်ကျွေ့လျူ၏ မျက်နှာ ချက်ချင်းပင် တင်းမာသွား၏။

လင်ကျွေ့လျူသည် ကိုယ်ပိုင် ရည်မှန်းချက်ရှိသူ ဖြစ်သည်။ သူ့ရည်မှန်းချက်မှာကား ကမ္ဘာကြီးကို အုပ်စိုးရန်ပင် ဖြစ်သည်။ သို့မဟုတ်လျင် သွေးဗီဇခုနှစ်မျိုးပေါင်းစပ်သည့်သုတေသနကို သူ ဤမျှ အပင်ပန်းခံ၍ ဆောင်ရွက်နေမည်မဟုတ်။ စုချန်နှင့် သူ့အကြား ပူးပေါင်းဆောင်ရွက်မှုမှာလည်း ယာယီသဘောမျှသာဖြစ်ပြီး သူသည် စုချန်း၏ လက်အောက်ခံဟု လင်ကျွေ့လျူ ဘယ်တုန်းကမျှ ယူဆဖူးသည်မဟုတ်ချေ။

သို့သော် စုချန်းနှင့် အတိုက်အခံလုပ်မည်ဟု အတွေးပေါက်လိုက်သည့်အချိန်မှာပင် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အယောက်တသောင်းကို လင်ကျွေ့လျူ ပြန်လည်မြင်ယောင်လာ၏။

သူ့အနေနှင့် မည်မျှပင် အင်အားကြီးမားစေကာမူ အနှီ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တသောင်းကို မယှဥ်နိုင်မည်မှာ သေချာနေသည်မဟုတ်ပါလား။

ထိုအခါ လင်ကျွေ့လျူက ခပ်တည်တည်နှင့် ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို ဒီမှာပဲ အသေသတ်လိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး ပြီးရင် မင်းသေတာ လင်မင်းချီကြောင့်လို့ အပြစ်ပုံချလိုက်ရုံပဲ”

ထိုစကားကိုကြည့်ရုံနှင့် စုချန်းကို လင်ကျွေ့လျူ သတိထားနေသေးကြောင်း လောင်ပိုကျွန်း သဘောပေါက်လိုက်သည်။

“စုချန်းမှာ မူလအရိုးတောင်ဝှေး ရှိတယ်ဆိုတာ ခင်ဗျား မေ့နေပြီလား ခင်ဗျားလုပ်ရပ်ကို သူ ပြန်သ်ိသွားမှာ သေချာသလောက်ပဲ"

လောင်ပိုကျွန်း၏စကားကြောင့် လင်ကျွေ့လျူ မျက်မှောင်ကုတ်သွား၏။ လောင်ပိုကျွန်း၏စကားက အမှန်ပင်။ မူလအရိုးတောင်ဝှေးကြောင့် သူ့လုပ်ရပ်ကို စုချန်း ပြန်သိသွားမည်မှာ သေချာနေ၏။

ထိုအခါ သူက ချက်ချင်းပင် စကားကိုလျှောချလိုက်သည်။

“ဟဲဟဲဟဲ ငါက မင်းကို စနေတာပါကွာ ငါ့စကားကို ဒီလောက်လဲ အလေးအနက်ထားနေစရာမလိုပါဘူး ဗိုလ်ချုပ်လောင်ရာ ပြီးတော့ အခုက စစ်ပွဲကြီးစလိုက်ပြီဆိုတော့ ကျုပ်မှာ မင်းလို အရည်အချင်းရှိတဲ့ စစ်သူကြီးတွေ အများကြီးလိုအပ်နေတယ် ဒီလိုအနေအထားမှာ ငါက မင်းကို ဘယ်လိုလုပ်ပြီး သတ်မှာတဲ့လဲ”

လောင်ပိုကျွန်းက ခပ်တည်တည်ပင်။

“ခင်ဗျားကို ကျုပ် မယုံဘူး ပြီးတော့ ခင်ဗျား ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ တကယ်မှန်တယ် ကျုပ်ရဲ့သစ္စာတရားက အများကြီး မေးခွန်းထုတ်စရာကောင်းတယ် ဒီတော့ ခင်ဗျား သစ္စာရှိတဲ့ခွေးတကောင် လိုချင်ရင် ကိုယ့်ဘာသာကိုယ် သွားရှာတာ ပိုကောင်းလိမ့်မယ် ကျုပ်ကတော့ ခင်ဗျား ရှာနေတဲ့လူ မဟုတ်ဘူး"

လင်ကျွေ့လျူ၏ မျက်လုံးများ မှေးစင်းသွား၏။

“မင်း ဆိုလိုတာ……”

“ခုချိန်ကစပြီး ကျုပ်တို့ ကိုယ့်လမ်းကို လျှောက်ကြတာပေါ့ နောက်နောင် ကျုပ်တို့ ထပ်တွေ့စရာအကြောင်းမရှိတော့ဘူး"

လောင်ပိုကျွန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

“ဒီလိုလား”

လင်ကျွေ့လျူ၏ မျက်နှာ အေးစက်တင်းမာသွား၏။ ထို့နောက် သူ အောက်ပါအတိုင်း ပြောလိုက်လေသည်။

“မင်းဟာ လင်မင်းချီရဲ့ ဝိညာဉ်ပေါင်းစည်းတစ္ဆေကျိန်စာ မိနေပြီ ဒီကျိန်စာက မင်းအသက်ကို နှုတ်ယူသွားလိမ့်မယ် ငါ့ရဲ့ အကူအညီမပါရင် မင်း တစ်နာရီအတွင်း သေသွားနိုင်တယ်”

ထိုစကားကို ကြားသောအခါ လောင်ပိုကျွန်း မသိမသာ ပြုံးလိုက်၏။

"ဒီလိုကိုး ဒီတော့ ခင်ဗျားမကူညီရင် ကျုပ် သေရတော့မယ်ပေါ့ ကောင်းပါတယ် ဒီလိုပဲ ဖြစ်သင့်တယ် ကျုပ် လွန်ခဲ့တဲ့နှစ်တွေကတည်းက သေသင့်ခဲ့တာ ကြာပြီ ခုတော့ ကျုပ် ကျုပ်ချစ်သူနဲ့ ပြန်တွေ့ခွင့်ရတော့မယ် တခုစိတ်မကောင်းတာက လင်မင်းချီသေတာကို ကျုပ်ကိုယ်တိုင် မမြင်လိုက်ရတော့တာပဲ ဒါပေမဲ့ ဘာဖြစ်သလဲ ဒီကောင် သေဖို့သေချာနေပြီပဲလေ ကျုပ်မျက်လုံးနဲ့ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ သူ့ရဲ့ ကံကြမ္မာက ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေပြီ ဒါကြောင့် ကျုပ် သေပျော်ပြီ ကျုပ် သေဖို့အသင့်ပဲ"

စကားဆုံးသည်နှင့် လောင်ပိုကျွန်းက လင်ကျွေ့လျူကို ကျောခိုင်းလိုက်၏။

လောင်ပိုကျွန်းကိုကြည့်ရင်း လင်ကျွေ့လျူ အံ့အားသင့်သွား၏။ ထို့နောက် သူ သက်ပြင်းချရင်း ပြောလိုက်သည်။

"အေးလေ ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာ အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆိုတော့ ငါ မင်းကို တတ်နိုင်သလောက် ကူညီပေးလိုက်မယ်"

အထက်ပါအတိုင်းပြောရင်း လင်ကျွေ့လျူက လောင်ပိုကျွန်း၏ ကျောပြင်ကို လက်ညိုးဖြင့်ထောက်လိုက်၏။ ထိုအခါ လောင်ပိုကျွန်း၏ မျက်နှာပေါ် ပျံ့နှံ့စပြုနေသော အနက်ရောင်အရိပ်များ သိသိသာသာပင် မှေးမှိန်သွား၏။

လောင်ပိုကျွန်းကား နောက်ပြန်လှည့်မကြည့်တော့။ သူသည် လက်နှစ်ဖက်ကို ယှက်ပြီး လင်ကျွေ့လျူကို ကျေးဇူးတင်ကြောင်း ဖော်ပြကာ ထွက်ခွာသွားလေသည်။

အဝေးသို့ထွက်ခွာသွားသော လောင်ပိုကျွန်းကိုကြည့်ရင်း လင်ကျွေ့လျူ အောက်ပါအတိုင်း လှမ်းအော်ပြောလိုက်၏။

“လင်မင်းချီရဲ့ ဝိညာဉ်ပေါင်းစည်းတစ္ဆေဟာ အလွန်ကို ကြောက်စရာကောင်းတယ် ငါလဲ တထိုင်တည်းနဲ့ ဒီကျိန်စာကို မချေဖျက်နိုင်ဘူး ဒါကြောင့် လောလောဆယ် ကျိန်စာရဲ့ပျံ့နှံမှုကိုပဲ ငါ ထိန်းချုပ်ပေးထားတယ် ဒီတော့လောလောဆယ် မင်း မသေနိုင်သေးဘူး မင်းအတွက် အချိန်နည်းနည်းပိုရသွားတာပေါ့ကွာ"

“ဒီလောက်ဆိုရင်ကို လုံလောက်ပြီ”

ထ်ို့နောက် လောင်ပိုကျွန်း ထိုနေရာမှ ထွက်ခွာလာခဲ့၏။

နောက်ထပ်ရက်များတွင်တော့ လောင်ပိုကျွန်းသည် မည်သည့်ရည်ရွယ်ချက်မှ မရှိပဲ လျှောက်သွားနေခဲ့၏။ သူ့ရင်ထဲတွင်ကား မည်သည့်ခံစားချက်မှ မရှိပဲ ဟာလာဟင်းလင်းဖြစ်လျက် ရှိ၏။

မည်သို့ဆိုစေ ​​ရွေရောင်ခံတပ်နှင့် ပတ်သက်၍ စုချန်း ပေးအပ်လိုက်သည့်တာဝန်ကို သူ ကျေပြွန်အောင် ထမ်းဆောင်နိုင်ခဲ့လေပြီ။ သူ့နှင့်လင်မင်းချီအကြား တင်နေသောကြွေးမြီကိုလည်း အပြီးတိုင် ရှင်းလင်းပြီးခဲ့လေပြီ။ သူ့တွင် မည်သည့်နောက်ဆံတင်းစရာမှ ရှိမနေတော့။

ထိုအခါ လောင်ပိုကျွန်း၏ မျက်လုံးထဲတွင် ကမ္ဘာကြီးသည် ပို၍လှလာ၏။

တရက်တွင်တော့ လောင်ပိုကျွန်းသည် တောင်ထိပ်တခုတွင် ထိုင်ကာ အလွန်လှပသော ရှုခင်းကို ငေးမောလျက်ရှိသည်။ သူ့ခန္ဓာကိုယ်မှာကား တစတစ အားလျော့လာနေ၏။ သိပ်မကြာခင် သူ သေရပေတော့မည်။ ထိုအချိန်မှာပင် အသံတသံကို သူ ကြားလိုက်ရသည်။

“ဗိုလ်ချုပ်... ဗိုလ်ချုပ်လောင်”

အသံရှင်ကိုမြင်သော် လောင်ပိုကျွန်း အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် သူကလည်း ပြန်ခေါ်လိုက်လေသည်။

“ဗိုလ်ချုပ်လျူ”

ဗိုလ်ချုပ်လျူ၏ အမည်မှာ လျူစစ်ထုံဖြစ်ပြီး လောင်ပိုကျွန်း၏ သစ္စာရှိလူယုံတော်တဦးပင် ဖြစ်သည်။ အစောပိုင်းတိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်သွားသူများထဲတွင် လျူစစ်ထုံသည်လည်း တယောက်အပါအဝင်ပင်။

လောင်ပိုကျွန်းကို တွေ့လိုက်ရ၍ လျူစစ်ထုံ အကြီးအကျယ် ဝမ်းသာသွားဟန်တူသည်။

“ဗိုလ်ချုပ်လောင် တော်သေးတာပေါ့ ခင်ဗျား ဘာမှ မဖြစ်လို့"

လောင်ပိုကျွန်း ပြုံးပြပြီး အကြောင်းစုံကို ရှုင်းပြလိုက်၏။ လျူစစ်ထုံ၏ မျက်နှာတွင် နောင်တရဟန်များ အတိုင်းသား ပေါ်လွင်လာသည်။

“ကျုပ်ဟာ တော်တော်ညံ့ဖျင်းတဲ့ကောင်ပါပဲဗျာ ဧကရာဇ်ကို မြင်တဲ့အချိန်မှာ ကျုပ်တွေးမိတဲ့ တခုတည်းသော အတွေးက ကိုယ့်အသက်ကို ကယ်ဖို့ပဲ အဲဒီနောက် ဗိုလ်ချုပ်ရဲ့ အမိန့်ကို ကြားလိုက်တော့ ဘာမှတွေးမနေပဲ တခါတည်း ထွက်ပြေးခဲ့မိတယ် ဒီအတွက် ကျုပ် ရှက်မ်ိပါရဲ့ဗျာ”

လောင်ပိုကျွန်းက နှစ်သိမ့်လိုက်သည်။

“ဒါ မင်းရဲ့ အမှားမဟုတ်ပါဘူးလေ လင်မင်းချီမှာ ထူးဆန်းတဲ့ စိတ်ဝိညာဥ်နည်းစနစ်တွေ ရှိတယ်ဆိုတော့ သူသူကိုယ်ကိုယ် ထွက်ပြေးမိကြမှာပဲပေါ့"

ထို့နောက် သူတို့နှစ်ဦးသည် တောင်ထိပ်တွင် ထိုင်ကာ ဝိုင်သောက်ပြီး အေးအေးဆေးဆေး စကားထိုင်ပြောနေကြလေသည်။

လောင်ပိုကျွန်းသည် ဘယ်သောအခါမှ စကားများများ ပြောတတ်သူမဟုတ်။ သို့သော် ဤတကြိမ်တွင်တော့ သူသည် မည်သည့်အရာကိုမှ ထိန်ချန်မနေတော့ပဲ လျှို့ဝှက်ချက်အားလုံးကို လျူစစ်ထုံအား အိတ်သွန်ဖာမှောက်ပင် ပြောပြလိုက်တော့သည်။

သူသည် လျူစစ်ထုံအား သွေးနတ်ဆိုးးအရိုးအကြောင်း၊ သူ့ချစ်သူနှင့်သူ့အကြောင်း၊ အနက်ရောင်မီးလျံနှင့် သူ၏ စစ်ဆင်ရေးများအကြောင်း၊ ထို့နောက် စုချန်းနှင့် သူ မည်သို့ ဆုံတွေ့ခဲ့ကြောင်း စသည့်အကြောင်းအရာတိုင်းကို မခြွင်းမချန်ပင် ပြောပြလိုက်၏။

ထို့နောက် နောက်ဆုံးအနေနှင့် သူက ပြောလိုက်လေသည်။

“ကျုပ် သေရတော့မယ်”

လျူစစ်ထုံ လောင်ပိုကျွန်းကို ဝမ်းပမ်းတနည််းနှင့် စိုက်ကြည့်လျက်ရှိသည်။

လောင်ပိုကျွန်း မသိမသာ ပြုံးလိုက်သည်။

“သေတယ်ဆိုတာ မဆန်းဘူး စောသေတာနဲ့ နောက်ကျသေတာပဲ ရှိတယ် အခု ကျုပ်ဘေးနားမှာ ကျုပ်ရဲ့ဘဝတသက်တာ အယုံကြည်ရဆုံး လက်ထောက် ရှိနေတယ် ဒီလောက်ဆို ကျုပ် သေဖို့လုံလောက်ပါပြီလေ"

“ဗိုလ်ချုပ်”

လျူစစ်ထုံ ဝမ်းပမ်းတနည်း ငိုကြွေးလိုက်၏။

လောင်ပိုကျွန်းကား ကြယ်စုံကောင်းကင်ကို မော့ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်ပြန်သည်။

"ကျုပ်မှာ နောက်ဆုံးဆန္ဒတခုရှိတယ် စစ်ထုံ မင်း ကျုပ်ကို တခုလောက်ကူညီပေးနိုင်မလား”

“ပြောပါ ဗိုလ်ချုပ် ကျုပ်သေချင်သေသွားပါစေ ဖြစ်အောင်လုပ်ပေးပါ့မယ်”

"တခြားတော့မဟုတ်ပါဘူးကွာ ကျုပ် သေသွားရင် မင်းက ကျုပ်ခန္ဓာကိုယ်ထဲက သွေးနတ်ဆိုးအရိုးကို ထုတ်ပြီး အစာကျွေးပါ ပြီးရင် ပင်လယ်ချောက်နက်ကို သွားပြီး အရိုးကို စုချန်းလက်ထဲ အရောက်ထည့်ပေးပါ ဒါ ကျုပ် အချုပ်အနှောင်မဲ့ဂိုဏ်းအတွက် တခါက ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် လုပ်ပေးနိုင်တဲ့ တခုတည်းသော အရာပဲ”

အထက်ပါအတိုင်း ပြောရင်း လောင်ပိုကျွန်း၏အသံမှာ တဖြည်းဖြည်း တိမ်ဝင်သွား၏။

တခေတ်တခါမှ နာမည်ကျော် စစ်နတ်ဘုရားကြီး လောင်ပိုကျွန်းကား တမလွန်ခရီးသို့ ထွက်ခွာသွား​ချေပြီတည်း။

All Chapters