← Chapters

အဆုံးအဖြတ်တိုက်ပွဲနှင့် နီးကပ်လာခြင်း

Vol. 98 Ch. 972

အဆုံးအဖြတ်တိုက်ပွဲနှင့် နီးကပ်လာခြင်း

Vol. 98 Ch. 972

ထာဝရ ကြည်လင်ကျွန်းတွင် ဖြစ်သည်။

အချုပ်အနှောင်မဲ့ဂိုဏ်း၏ နန်းတော်ထဲတွင် စုချန်းသည် သေတ္တာတလုံးအတွင်းရှိ အနီရောင်တောက်နေသော အရိုးတချောင်းကို စိုက်ကြည့်နေ၏။

ထိုအရိုးကား သွေးနတ်ဆိုးအရိုးပေတည်း။

အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် စုချန်း သက်ပြင်းချရင်း ပြောလိုက်၏။

“ဗိုလ်ချုပ်လျူ ခင်ဗျား ပင်ပန်းဆင်းရဲခံပြီး ခုလိုလာပို့တဲ့အတွက် ကျုပ် အထူးကျေးဇူးတင်ပါတယ်”

ဗိုလ်ချုပ်လျူက ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ်စု ကျုပ် ဒီသွေးနတ်ဆိုးအရိုးရဲ့ အစိတ်အပိုင်းနည်းနည်းကို ဖြတ်ယူထားမိပါတယ်”

“ဟင်”

စုချန်း နားမလည်နိုင်ပဲ လျူ စစ်ထုံကို ကြည့်လိုက်သည်။

လျူစစ်ထုံက ဆက်ပြောလိုက်၏။

“ပြီးတော့ အဲဒီအစိတ်အပိုင်းတွေကို ကျုပ် လင်မင်းချီဆီ ပို့လိုက်တယ်”

စုချန်း ပို၍အံ့သြသင့်သွားလေသည်။

“ခင်ဗျားက ဘာလို့ ဒီလို လုပ်ရတာလဲ”

“လင်မင်းချီ ဆက်ပြီး အသက်ရှင်အောင်ပါပဲ”

လျူ စစ်ထုံ ပြန်ဖြေလိုက်၏။ ထို့နောက် သူက အောက်ပါအတိုင်း ဆက်ပြောလိုက်ပြန်သည်။

"လင်ကျွေ့လျူဟာ ဗိုလ်ချုပ်လောင် သေဆုံးတာကို ထိုင်ကြည့်နေခဲ့တယ် ကူညီလို့ရရဲ့သားနဲ့ မကူညီခဲ့ဘူး သူ့ရည်ရွယ်ချက်ကတော့ လင်မင်းချီ သေတာကိုစောင့်မယ် ပြီးရင် အာဏာကို အလွယ်တကူ သိမ်းပိုက်ဖို့ပါပဲ.. ဒါပေမဲ့ သူ လိုချင်တာ ဒီလောက် အလွယ်တကူတော့ ကျုပ်က မပေးနိုင်သေးဘူး”

လျူစစ်ထုံအနေနှင့် လောင်ပိုကျွန်းသေဆုံးရခြင်းအတွက် လင်မင်းချီကို ထူး၍မုန်းမနေတော့။ တနည်းအားဖြင့် အရိုးစွဲအောင် မုန်းနေပြီးသားလူကို ထူး၍မုန်းနေစရာမလိုတော့ချေ။

သို့သော်လည်း လင်ကျွေးလျူ ကျူးလွန်ခဲ့သည့်အပြစ်ကတော့ တမျိုးတဘာသာ ဖြစ်သည်။ ၎င်းသည် လောင်ပိုကျွန်း သေသည်ကို ဘေးမှ ရပ်ကြည့်နေခဲ့၏။ ဤအချက်ကြောင့် လျူစစ်ထုံအနေနှင့် လင်ကျွေ့လျူကို ခွင့်မလွှတ်နိုင်ချေ။

ထို့ကြောင့် လင်မင်းချီ နောက်ထပ် အချိန်တချို့မျှ အသက်ဆက်ရှင်နိုင်ရန် သူ ကူညီပေးလိုက်ခြင်းပင်။

လျူစစ်ထုံ၏ လုပ်ရပ်ကြောင့် စုချန်း ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။

“ဒါပေမဲ့ ခင်ဗျား ဒီလို လုပ်လိုက်တော့ လင်မင်းချီ နောက်ထပ်နှစ်တချို့ကြာအောင် အသက်ရှင်သွားနိုင်လိမ့်မယ်"

လျူစစ်ထုံက ပြောလိုက်ပြန်သည်။

“ဂိုဏ်းချုပ်စု လင်မင်းချီ ဒီလို သေသွားတာ သူ့အတွက် အရမ်းလွယ်လွန်းနေတယ် ဗိုလ်ချုပ်လောင်ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ကျုပ်တို့အားလုံးဟာ သူ့နိုင်ငံပြိုလဲသွားတာကို ကြည့်ချင်ကြတယ် သူ့ကို ရာဇပလ္လင်ကနေ ဆွဲချပြီး အပိုင်းပိုင်းအထစ်ထစ် ခုတ်ပစ်ချင်ကြတယ် ဒါပေမဲ့ ကျုပ်တို့မှာ အဲဒီလို လုပ်နိုင်စွမ်းမရှိဘူး"

စုချန်း သူ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။

"ဒီတော့ ခင်ဗျားက ကျုပ်ကို လုပ်ပေးစေချင်တာလား”

လျူစစ်ထုံ ခေါင်းငုံ့သွား၏။

"အချုပ်အနှောင်မဲ့ဂိုဏ်းကို ဖြစ်ပျက်စေခဲ့တဲ့ အကြောင်းတွေ ဗိုလ်ချုပ်လောင်က ကျုပ်ကို ပြောပြခဲ့တယ် လင်မင်းချီက အချုပ်အနှောင်မဲ့ဂိုဏ်းကို စိန်ခေါ်လိုက်တဲ့အတွက် အချုပ်အနှောင်မဲ့ဂိုဏ်းကလဲ မကြာခင် ပြန်လည် လက်တုံ့ပြန်ရမှာပါပဲ"

စုချန်း ခေတ္တ စဉ်းစားလိုက်၏။

“ကျုပ် နားလည်ပြီ"

“ဂိုဏ်းချုပ်”

လျူစစ်ထုံ တစုံတခု ထပ်ပြောရန်ဟန်ပြင်လိုက်သည်။

သို့သော် စုချန်းက ဆက်ပြောလိုက်၏။

“အချုပ်အနှောင်မဲ့ဏ်း အင်အားကြီးလာဖို့အတွက် အရည်အချင်းရှိသူအများအပြား လိုတယ်”

လျူ စစ်ထုံ ချက်ချင်းနားလည်လိုက်သည်။

“စစ်ထုံ အချုပ်အနှောင်မဲ့ဂိုဏ်းကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ် ပြီးတော့ ဂိုဏ်းချုပ်သာ ခွင့်ပြုမယ်ဆိုရင် စစ်ထုံ လောင်စန်းကို ပြန်သွားပြီး အရင်လူဟောင်းတွေကို စုရုံးသိမ်းသွင်းပါမယ်”

စုချန့် ဘာမှ ထပ်မပြောတော့ပဲ လျူစစ်ထုံ ထွက်သွားရန် လက်ဟန်ပြလိုက်၏။

လျူ စစ်ထုံ ထွက်သွားပြီး စုချန်းတယောက်တည်းသာ ခန်းမဆောင်ကြီးတွင် ကျန်ရစ်ခဲ့၏။

စုချန်း သေတ္တာအတွင်းမှ သွေးနတ်ဆိုးအရိုးကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။

အချိန်အတော်လေးကြာမှ တပည့်တဦးကို လှမ်းခေါ်ပြီး အောက်ပါအတိုင်း အမိန့်ပေးလိုက်သည်။

“ ဓားတစ်သောင်းတောင်ကို သတင်းပို့လိုက် လင်ချောက်ချွန်ကိုပြောလိုက်... လောင်ပိုကျွန်း တိုက်ပွဲမှာ ကျဆုံးသွားပြီလို့"

အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေ၏။ မျက်စိတမှိတ်အတွင်း သုံးနှစ်ဟူသောအချိန် ကုန်ဆုံးသွားခဲ့လေသည်။

ဘာလိုလိုနှင့် စုချန်းတို့လူစု ဤဒေသတွင် နေထိုင်ခဲ့သည်မှာ ငါးနှစ်ကြာသွားခဲ့လေပြီ။

အဆိုပါငါးနှစ်တာ ကာလအတွင်း သင်္ဘောအုပ်စုသည် တိုက်ပွဲများ အကြိမ်ကြိမ်ဆင်နွှဲခဲ့ပြီး ပင်လယ်သားရဲအများအပြားကို မရေမတွက်နိုင်အောင် သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ဤအချိန်ကာလအတွင်း မူလကမ္ဘာကြီး၏ အခြား ဒေသများတွင်လည်း အပြောင်းအလဲအများအပြား ဖြစ်ပေါ်နေခဲ့လေပြီ။

သတ်ဖြတ်သူများနယ်မြေ အာဏာလုပွဲတွင် ဒန်ဘာအနိုင်ရရှိသွား၏။

တနှစ်ခန့်အကြာက ဒန်ဘာသည် သူ့စစ်တပ်များကိုဦးဆောင်ကာ ဂိုလန်ရဲတိုက်ကို ဝင်ရောက်စီးနင်းကာ အရူးဘုရင်ကို သုတ်သင်ချေမှုန်းခဲ့၏။

ထိုနေ့မှ စ၍ မီးလျံမျိုးနွယ်စု၏ နှစ်တစ်ထောင်ကြာအုပ်စိုးမှု အဆုံးသတ်သွားတော့သည်။ ကျောက်တုံးပုတ်သင်အသိုက်သည်လည်း အာဏာရလာခဲ့၏။

လောင်စန်းနိုင်ငံရှိ ပြည်တွင်းစစ်မှာလည်း အကြိတ်အနယ် ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

သို့သော် အနှီပြည်တွင်းစစ်ကား အလှည့်အပြောင်းများလှသည့် စစ်ပွဲဟု ဆိုရပေလိမ့်မည်။

မူလက လင်မင်းချီသည် သေလုနီးပါးအခြေအနေတွင် ရှိသော်လည်း လျူ စစ်ထုံ၏လက်စားချေမှုက လင်မင်းချီကို အခွင့်အရေးတရပ် ပေးလိုက်သလို ဖြစ်သွားစေ၏။ လင်မင်းချီ သေသွားသည့်သတင်းကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ထိုသတင်းကား လင်ကျွေ့လျူထံသို့ ဘယ်သောအခါမှ ရောက်မလာခဲ့ချေ။ ထို့အစား လင်မင်းချီကသာ သူ့တပ်ဖွဲ့များကို စုစည်းပြီး နတ်ဘုရားမြစ်ဝှမ်းတွင် လင်ကျွေ့လျူကို အကြီးအကျယ် သင်ခန်းစာ ပေးသွားခဲ့၏။

ဤသို့နှင့် လင်ကျွေ့လျူ အချိန်အတော်ကြာအောင် တည်ဆောက်ခဲ့သော စစ်တပ်ကြီးသည် တိုက်ပွဲတပွဲတည်းနှင့် ရစရာမရှိအောင် ချေမှုန်းခံလိုက်ရတော့သည်။ ကံကောင်းသည်မှာ သူတို့ အမြစ်ပြတ် သုတ်သင်ခံရတော့မည့် အချိန်မှာပင် အချုပ်အနှောင်မဲ့ဂိုဏ်းက နောက်ကွယ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့၏။ သို့နှင့် လင်ကျွေ့လျူ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

ထိုအခါ လင်မင်းချီလည်း အကြီးအကျယ် ဒေါသထွက်သွားပြီး ဓားတစ်သောင်းတောင်ဆီသို့ စစ်တပ်ကို ဦးတည်လိုက်၏။ သို့သော် ကြိုတင်သတင်းရထားသော လင်ချောက်ချွန်ဦးဆောင်သည့် အချုပ်အနှောင်မဲ့ဂိုဏ်းကား ဓားတသောင်းတောင်မှ ပျောက်ကွယ်သွားခဲ့လေပြီ။

အထက်ပါအခြေအနေအတိုင်း နှစ်ဖက်လုံးသည် တစ်နှစ်ခွဲကျော်ကြာအောင် သူတပြန်ကိုယ်တလှည့် တိုက်ခိုက်နေကြ၏။

နှစ်နှစ်ခန့်အကြာတွင် လင်မင်းချီသည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အဖွဲ့ခွဲတဖွဲ့ကို ကိုယ်တိုင် ချုံခို တိုက်ခိုက်ခဲ့လေသည်။ သို့သော် ရန်သူများကို အမြစ်ပြတ် သုတ်သင်နိုင်တော့မည့်အချိန်မှာပင် အံ့မခန်းအစွမ်းထက်သော စစ်သား အုပ်စုတစု ရုတ်တရက် ထွက်ပေါ်လာ လောင်စန်းတပ်များကို ဝင်ရောက်တိုက်ခိုက်ကာ ပဟေဋ်ိဆန်ဆန်ပင် ပျောက်ကွယ်သွားခဲ့၏။

ထို့နောက်တွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်းသည် လျှို့ဝှက်တပ်ဖွဲ့ တဖွဲ့ကို ပိုင်ဆိုင်ထားကြောင်းသတင်းများ စတင် ပျံ့နှံ့လာလေသည်။ သို့သော် ထိုတပ်ဖွဲ့နှင့် ပတ်သက်၍ မည်သူမျှ အတိအကျ မပြောနိုင်ချေ။

ယေဘုယျအားဖြင့် လောင်စန်းတပ်များသည် အကြိမ်ကြိမ်ချေမှုန်းခံခဲ့ရသော်လည်း ဧကရာဇ်၏ ကျောထောက်နောက်ခံကြောင့် အကြိမ်ကြိမ် ပြန်လည်စုဖွဲ့နိုင်ခဲ့၏။ သို့သော် ပုန်ကန်သူများ၏ တပ်ဖွဲ့အတွက်မူ တကြိမ်တည်းသော ရှုံးနိမ့်မှုနှင့်ပင် သူတို့ကို အပြီးအပိုင် ဒူးထောက်သွားစေရန် လုံလောက်သည်ဟု ဆိုနိုင်သည်။

ထ်ို့ကြောင့် နောက်​ပိုင်းနှစ်များတွင် လင်မင်းချီလက်မှလွတ်ရန် လင်ကျွေ့လျူတယောက် အမြဲတစေ ထွက်ပြေးနေရတော့၏။

တဖက်တွင်လည်း လောင်ပိုကျွန်းအပေါ် ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ လင်ကျွေ့လျူအပေါ် လင်ချောက်ချွန်က အကြီးအကျယ် အညိုးထားလျက်ရှိသည်။ အစပိုင်းတွင် သူ့အနေနှင့် လင်ကျွေ့လျူကို မတတ်သာ၍ ကယ်တင်ခဲ့ရ၏။ သို့သော် နောက်ပိုင်းတွင် သူ ထိုသို့မလုပ်တော့။

ထိုအဖိုးကြီး၏ အခန်းကဏ္ဍ မကြာခင် အဆုံးသတ်တော့မည်မှန်း သူ ကောင်းကောင်းကြီး သိထားသည်မဟုတ်ပါလား။

ငါးနှစ်ကုန်လွန်သွားသည့်နောက်တွင် လင်ကျွေ့လျူ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားလာ၏။ သို့သော် လင်ချောက်ချွန်ကတော့ လင်ကျွေ့လျူကို လှည့်၍ပင် မကြည့်တော့ချေ။

သူ စောင့်ဆိုင်းနေသည့် အချိန်မှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပေပြီ။

----------------------

ခရုသင်းမှုတ်သံ ကျယ်လောင်စွာ ပျံ့လွင့်သွား၏။

သင်္ဘောအုပ်စု နောက်တကြိမ် ပြန်လည်စုဝေးလိုက်ကြပြန်သည်။

ပြီးခဲ့သော ငါးနှစ်အတွင်း သူတို့ မရေမတွက်နိုင်အောင် စုဝေးခဲ့ကြ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ တခုခု ထူးခြားနေသည်ဟု မှတ်ထင်ရသည်။

အလွန်ကြီးမားသော နန်းတော်သည် လေထဲသို့ ပျံတက်သွား၏။ နဂါးလှေရှစ်စင်းက နန်းတော်ကို ဘေးမှ ဝန်းရံထားလေသည်။

ရေပြင်ပေါ်တွင်ကား စစ်သင်္ဘောအများအပြားနှင့် ရှုပ်ရှက်ခတ်နေ၏။ စစ်သားတိုင်း၏ မျက်နှာအမူအရာမှာ အထူးပင် တင်းမာလျက်ရှိသည်။

စုချန်းသည် နန်းတော်ထိပ်ဖျားတွင် ရပ်ကာ သူ့လူများကို ကြည့်နေ၏။ ထို့နောက် သူ၏မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသောအသံက စစ်သားတိုင်း၏ နားထဲသို့ တိုးဝင်သွားတော့သည်။

“ကျုပ်တို့ ပထမဆုံး စုဝေးခဲ့တဲ့ အချိန်ကစပြီး ခုဆိုရင် ငါးနှစ် ရှိခဲ့ပြီ ဒီငါးနှစ်အတွင်းမှာ မရေမတွက်နိုင်တဲ့တိုက်ပွဲတွေ ကျုပ်တို့ ဆင်နွှဲခဲ့ကြတယ် ခုတော့ ဒီအချိန်ကို ရောက်လာပြီ ဟုတ်တယ် ကျုပ်တို့ ချောက်နက်ကို သွားပြီး ပင်လယ်သားရဲတွေကို ချေမှုန်းကြ​တော့မယ် ပြီးရင် ပင်လယ်လူသားတွေကို နှစ်သောင်းချီကြာအောင် ဒုက္ခပေးခဲ့တဲ့ အိပ်မက်ဆိုးကို တကြိမ်တည်းနဲ့ အပြီးအပိုင် ချေမှုန်းဖယ်ရှားပစ်တော့မယ် ဒီတိုက်ပွဲဟာ ပြင်းထန်မယ် သွေးထွက်သံယိုတွေ ရှိလိမ့်မယ် ကျုပ်ဟာ ဒီငါးနှစ်တာကာလအတွင်း သုတေသနတွေ အများကြီးလုပ်ခဲ့တယ် ပြဿနာတွေအများကြီး ဖြေရှင်းခဲ့တယ် ဒါပေမဲ့ ကျုပ် မ​ဖြေရှင်းနိုင်သေးတဲ့ ပြသနာတတချို့ ရှိနေသေးတာကိုတော့ ဝန်ခံရလိမ့်မယ် ဒါပေမဲ့ ကျုပ်တို့ဟာ စစ်ပွဲထဲ ရောက်ပြီးနေပြီ တရာရာခိုင်နှုန်းလုံး အာသာချက်ရတဲ့အထိ ကျုပ်တို့ ထိုင်စောင့်နေလို့မရဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် ဘယ်လိုအစွမ်းမျိုး ဘယ်လိုလက်နက်မျိုး ပိုင်ဆိုင်ထားမှန်း မသိတဲ့အချိန်မှာတောင် ခင်ဗျားတို့ရဲ့မျက်နှာမှာ ကြောက်ရွံ့ဟန်တစက်မှ မတွေ့ရတဲ့အတွက် ကျုပ် တကယ်ကို ကျေးဇူးတင်တယ် ချီးလဲချီးကျူးတယ်

ဒါကိုက ကျုပ်တို့ရဲ့စိတ်ဓာတ်တွေ ဘယ်လောက်ခိုင်မာကြောင်း ပြသနေတာပဲ ခင်ဗျားတို့ဆီမှာ ခွန်အားနဲ့ စွမ်းအင်ကိုသာမကဘဲ လူသားမျိုးနွယ် တရပ်လုံးရဲ့ အနာဂတ်ကိုပါ ကျုပ် မြင်နေရတယ်”

ထိုအချိန်တွင် စုချန်း၏ မျက်နှာပေါ်၌ အပြုံးတခု ပေါ်ပေါက်လာ၏။ ထို့နောက် သူက ဆက်ပြောလိုက်ပြန်သည်။

“ခု ကျုပ်တို့ ဘယ်လို အစွမ်းမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာကို ခင်ဗျားတို့ကို ပြောပြရမယ့် အချိန် ရောက်လာပြီ

ချောက်နက်ထဲက သားရဲမဟာဧကရာဇ်တွေဟာ နက်ရှိုင်းသော ပင်လယ်ဝမ်းနည်းမှုကို အားကိုးပြီး အလွန် အင်အားကြီးလာကြတယ် ဒါပေမဲ့ ဒီနေ့မှာတော့ ဒီခွန်အားကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကို ကျုပ် ရှာဖွေတွေ့ရှိခဲ့ပြီးပြီ ကျုပ် ချောက်နက်ထဲမှာ ပြင်ဆင်ထားတဲ့ အရာတွေဟာ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နေပြီ ဒီနေ့ဟာ ကျုပ်တို့ရဲ့ အသီးအပွင့်ကို ရိတ်သိမ်းရမယ့် နေ့ပဲ ကျုပ် ဖန်တီးထားတဲ့ဆေးက သူတို့ကို သတ်နိုင်ပါလိမ့်မယ် ဒါပေမဲ့ ကျုပ်တို့မှာ အချိန်ကန့်သတ်ချက်တော့ ရှိတယ်”

စုချန်းက လက်ညှိုးတချောင်းကို ထောင်ပြလိုက်၏။

“တနာရီ ကျွန်တော်တို့မှာ အချိန် တနာရီစာပဲ ရှိတယ် အဲဒီအချိန် ကျော်သွားတာနဲ့ သားရဲမဟာဧကရာဇ်တွေ ပြန်ပြီးအားကြီးလာလိမ့်မယ်"

ဤနေ​ရာအရောက်တွင် စုချန်းက စကားကို ခေတ္တရပ်လိုက်ပြန်၏။ လူတိုင်းမှာ ငြိမ်ငြိမ်သက်သက်နှင့် စုချန်း၏ စကားကို နားထောင်နေကြလေသည်။ ထို့နောက် သူ အောက်ပါအတိုင်း ဆက်ပြောလိုက်၏။

“ဒီနေ့ ကျုပ်တို့ ချောက်နက်ထဲက သားရဲမဟာဧကရာဇ်တွေကို ချေမှုန်းပစ်ကြမယ်"

“ဒီနေ့ ကျုပ်တို့ ချောက်နက်ကို တကြိမ်တည်းနဲ့ အပြီးအပိုင် ဖျက်ဆီးပြီး သမိုင်းထဲကို ပို့ပစ်ကြမယ်"

“ဒီနေ့ ကျုပ်တို့ လူသားမျိုးနွယ်အတွက် အံ့ဖွယ်ရာတခုကို ဆောင်ကျဥ်းကြမယ်"

စုချန် ဟိန်းဟောက်လိုက်သည်။

ထို့နောက် စစ်သားအားလုံး ပြိုင်တူအော်ဟစ်ကြွေးကြော်လိုက်ကြသည်။

ခရုသင်းမှုတ်သံ နောက်တစ်ကြိမ် ပျံ့လွင့်လာပြန်၏။ ထို့နောက် သင်္ဘောအုပ်စုကြီး ချောက်နက်ဆီသို့ ဦးတည်ထွက်ခွာသွားကြလေသည်။

သူတို့အားလုံး နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရပေတော့မည်။ ဤတိုက်ပွဲတွင် သူတို့၏ ရန်သူများ သေလျင်သေ သို့မဟုတ် သူတို့ သေကြရပေလိမ့်မည်။

သို့သော်လည်း သင်္ဘောအုပ်စုကား အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိ။

ဤအခြေအနေသည် လူသားများနှင့် သားရဲများ၏ ပဋိပက္ခသမိုင်းကြောင်းတွင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည့် အခြေအနေမျိုးပင် မဟုတ်ပါလား။

မည်သို့ဆိုစေ ယနေ့တွင် အံ့ဖွယ်ရာတခု အမှန်တကယ် ဖြစ်လာတော့မည်မှာ သေချာနေခဲ့လေပြီတည်း။

All Chapters