← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 98 Ch. 973

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 98 Ch. 973

ထုထည်ကြီးမားလှသည့် ရေတပ်ကြီးသည် ချောက်နက်၏ ဝင်ပေါက်ပတ်ဝန်းကျင်တွင် စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေကြ၏။

ဤအန္တရာယ်ကြီးလှသော နေရာဌာနကြီးသို့ သူတို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဝင်ထွက်သွားလာပြီးဖြစ်သည်။ ထို့ကြောင့် ပင်လယ်ချောက်နက်ဟူသည် သူတို့အတွက် နောက်ဖေးခြံကဲ့သို့ များစွာ ရင်းနှီးနေခဲ့လေပြီ။ စစ်သည်များအဖို့လည်း ပင်လယ်သားရဲတို့၏ အသားများ​ကို စားရလွန်း၍ ငြီးငွေ့နေခဲ့လေပြီ။

သို့သော် ယနေ့သည် ဤအရာများအားလုံး အဆုံးသတ်မည့်နေ့အဖြစ် မှတ်တမ်းတွင်သွားပေလိမ့်မည်။

ရေတပ်ကြီးသည် ဝင်ပေါက်အနီးသို့ တရွေ့ရွေ့ ချည်းကပ်လာ၏။ ကင်းထောက်စစ်သည်နှစ်ဦးက ဝဲဂယက်ကို တပတ်ပတ်ကြည့်ပြီး အစီရင်ခံလိုက်သည်။

"ဂိုဏ်းချုပ်ကြီး အမဲလိုက်တာ အောင်မြင်ပါတယ် ကျုပ်တို့ နတ်ဆိုးဘုရင်အဆင့် သားရဲတကောင်နဲ့ နတ်ဆိုးသခင်အဆင့် သားရဲနှစ်ကောင် ဖမ်းမိခဲ့ပါတယ်"

ကုန်းမြေပေါ်ရှိ မြို့တမြို့ကို အကြီးအကျယ် ဒုက္ခပေးနိုင်သည့် နတ်ဆိုးဘုရင်အဆင့်သားရဲတကောင်ကို ကင်းထောက်အဖွဲ့နှစ်ဖွဲ့က အလွယ်တကူ ဖမ်းဆီးလိုက်နိုင်ကြောင်း ထင်ရှားနေ၏။

ထိုအခါ စုချန်းက ပစ္စည်းတခုကို ချက်ချင်း ဆွဲထုတ်လိုက်သည်။

ထိုပစ္စည်းမှာ တခြားမဟုတ်။ အိတ်တလုံးသာ ဖြစ်သည်။ အိတ်ထဲမှ များပြားလှသော ပိုးကောင်များ တရွေ့ရွေ့ထွက်ပေါ်လာကြ၏။ အဆိုပါပိုးကောင်များသည် လက်သီးဆုပ်အရွယ်မျှသာရှိပြီး ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ မျက်နှာရှေ့တွင်ကား သင်တုန်းဓားကဲ့သို့ ထက်မြက်သော ပါးစပ်ပေါက်များ တွဲလောင်းကျလျက်ရှိသည်။ ဤပိုးကောင်များကား ကမ္ဘာဖျက်ပိုးကောင်းများဖြစ်မည်မှာ အတိုင်းသား မြင်သာနေ၏။

လွန်ခဲ့သည့်နှစ်တစ်လျှောက် စုချန်းသည် နယ်ပယ်များစွာကို တပြိုင်နက်တည်း ရှာဖွေစူးစမ်းခဲ့သည်။ ထိုအထဲတွင် ဤပိုးကောင်များကို ပိုမိုနားလည်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းလည်း ပါဝင်ပေသည်။

လတ်တလော ကမ္ဘာဖျက်ပိုးကောင်များအတွက် စုချန်း၏ အစီအစဥ်မှာ ၎င်းတို့ကို လက်နက်သဖွယ် အသုံးချပြီး ချောက်နက်ထဲမှ သားရဲမဟာဧကရာဇ်များအား တိုက်ခိုက်သွားရန်ပင် ဖြစ်သည်။

သို့သော် စုချန်း မွေးမြူထားသည့် ကမ္ဘာဖျက်ပိုးကောင်များမှာ မူလမျိုးစိတ်နှင့်မတူပဲ ကွဲပြားခြားနားချက်တချို့တော့ ရှိနေသေး၏။ ထိုအထဲမှအဓိက ကွာခြားချက်မှာကား စုချန်း၏ပိုးကောင်များသည် မူရင်းထက် အားနည်းနေခြင်းပင်။

မူလမျိုးစိတ် ကမ္ဘာဖျက်ပိုးကောင်များသည်ကား မူလစွမ်းအင်တိုက်ခိုက်မှုတိုင်းကို ခုခံနိုင်စွမ်းရှိရုံမက မူလစွမ်းအင်စီးကြောင်းများအတိုင်းပင် အလိုရှိသလို လှုပ်ရှားသွားလာနိုင်ကြ၏။ တစ်နည်းအားဖြင့် ၎င်းတို့သည် မူလစွမ်းရည်တခုကို ထုတ်လွှတ်လိုက်သည့် ရင်းမြစ်အထိ လိုက်လံရှာဖွေနိုင်ကြသည်။ ထို့အပြင် ၎င်းတို့သည် မူလစွမ်းအင်အကာအကွယ်များကိုပါ ထိုးဖောက်တိုက်ခိုက်နိုင်ကြသေး၏။

ထို့ကြောင့် ဤပိုးကောင်များသည် မူလ စွမ်းအင်အသုံးပြုသူတိုင်းကို တန်ပြန်နိုင်သည်ဟု ယေဘုယျအားဖြင့် ဆိုသော်ရပေသည်။ ထို့ကြောင့် ဤပိုးကောင်များကို အမာအား၊ တနည်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများဖြင့် ရင်ဆိုင်ရုံမှအပ တခြားနည်းမရှိပေ။

သို့သော် စုချန်း၏ ကမ္ဘာဖျက်ပိုးကောင်များကတော့ မူလမျိုးစိတ်များနှင့်ယှဥ်လျင် အတော်လေး နိမ့်ကျနေသည်ဟု ဆိုရပေလိမ့်မည်။ ၎င်းတို့သည် မူလစွမ်းအင်ကို ရာနှုန်းပြည့်ခုခံနိုင်စွမ်းမရှိပဲ ၈၀ရာခိုင်နှုန်းသာ ခုခံနိုင်စွမ်းရှိကြ၏။

ထို့ပြင် မူလစွမ်းအင်အကာအကွယ်များကို ထိုးဖောက်ကျော်ဖြတ်ရာတွင်လည်း ဤပိုးကောင်များတွင် ကန့်သတ်ချက်များ ရှိနေကြပြန်သည်။ အားကောင်းသော အကာအကွယ်တခုကို ထိုးဖောက်ရန် စုချန်း၏ ပိုးကောင်များက အတော်လေးပင် အချိန်ယူရလေ့ရှိသည်။

သို့သော် ဤအားနည်းချက်များနှင့် ပတ်သက်၍ စုချန်း တတ်နိုင်သည်မှာ ဘာမှမရှိ။ ကမ္ဘာဖျက်ပိုးကောင်များကို ထိန်းချုပ်ရန်မှာ များစွာ ခက်ခဲလှသည် မဟုတ်ပါလား။ ထို့ကြောင့် ဤအားနည်းချက်များကို ဖြေရှင်းလိုလျင် စုချန်းအနေနှင့် နောက်ထပ် နှစ်တချို့ကြာအောင် သုတေသနဆောင်ရွက်ရဖွယ်ရာ ရှိနေသည်။

ထိုအခါ စုချန်းသည် ဤပိုးကောင်များ၏ စွမ်းရည်များ၊ အားသာချက်များကို လျှော့ချပြီး ပို၍လွယ်ကူစွာ ထိန်းချုပ်နိုင်မည့် ပိုးကောင်များကို ဖွေးထုတ်လိုက်တော့သည်။

ယခုတော့ စုချန်းသည် ကမ္ဘာဖျက်ပိုးကောင်များကို ယဉ်ပါးအောင် လုပ်ဆောင်နိုင်ခဲ့လေပြီ။ ထို့ပြင် ၎င်းတို့အားလုံးသည် သားပေါက်နိုင်သော သားပေါက်မိခင်များ ဖြစ်ကြ၏။

သိပ်မကြာမီ စုချန်း၏ လေချွန်သံနှင့်အတူ ကမ္ဘာဖျက် ပိုးကောင်များအားလုံး လေထဲသို့ ပျံတက်သွားပြီး ကနဦး ကင်းထောက်အဖွဲ့များ ဖမ်းလာခဲ့သော နတ်ဆိုးဘုရင်သားရဲနှင့် နတ်ဆိုးသခင်သားရဲများဆီသို့ ဦးတည်ပျံသန်းသွားကြ၏။

ပင်လယ်သားရဲများကား ကူကယ်ရာကင်းမဲ့စွာ အော်ဟစ် ရုန်းကန်နေကြရှာ၏။ ထိုအချိန်မှာပင် သားပေါက်မိခင်များပိုးကောင်များသည် သားရဲများ၏ ကိုယ်ထဲသို့ ကိုက်ဖြတ်ဝင်ရောက်သွားကြ၏။ ကြည့်ရသလောက် သားရဲများ၏ အော်သံက ပိုးကောင်များ၏ ဆာလောင်စိတ်ကို ပို၍ပြင်းထန်လာစေဟန် ရှိနေသည်။

ထို့နောက်တွင်တော့ ကမ္ဘာဖျက်ပိုးကောင်များသည် ပင်လယ်သားရဲများကို လျင်မြန်စွာစားသုံးပြီး စတင်မျိုးပွားကြတော့သည်။

ကမ္ဘာဖျက်ပိုးကောင်များ၏ မျိုးပွားနိုင်စွမ်းဟူသည်မှာ အလွန်ပင်မြင့်မားလှ၏။ တနည်းအားဖြင့် ဤပိုးကောင်များသည် အစားအစာလုံလောက်နေသရွေ့ အဆက်မပြတ် မျိုးပွားနေတတ်သော သတ္တဝါမျိူး ဖြစ်သည်။ မကြာမီမှာပင် သားရဲအသေကောင်များမှ ဘေးကမ္ဘာဖျက်ပိုးကောင်ပေါက်များ လှိုင်းလုံးများသဖွယ် စတင်ပေါ်ပေါက်လာလေသည်။

အချိန်အတော်ကြာသော် စုချန်းက အဝေးတနေရာရှိ စစ်သည်အဖွဲ့တဖွဲ့ကို အချက်ပြလိုက်၏။

ထိုအခါ ချောက်နက်ဝင်ပေါက်ကို စောင့်ကြပ်နေသည့် အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်အချို့က ထပ်မံအချက်ပြလိုက်ပြန်ရာ လှေတစင်း ၎င်းတို့ရှိရာသို့ စတင်ခုတ်မောင်းလာကြောင်း တွေ့လိုက်ရသည်။

လှေပေါ်တွင် ဝိုင်စည်ပိုင်းများ အပြည့်အနှက် တင်ဆောင်ထားသောကြောင့် မြင်ရသည်မှာ ထူးဆန်းနေသယောင်ရှိ၏။ အဆိုပါ ထောင်ပေါင်းများစွာသော ဝိုင်စည်ပိုင်းများ သယ်ဆောင်လာသည့်လှေကို ဦးဆောင်ကြီးကြပ်နေသူမှာ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်အဆင့်ပညာရှင် ကျုံးကျန်းကျွန်ဖြစ်နေသည်ကိုကြည့်လျင် ဤလှေ မည်မျှအရေးကြီးမှန်း မြင်သာနေသည်။

"လွှတ်တော့"

အမိန့်ရသည်နှင့် ကျုံးကျန်းကျွန် စတင်လှုပ်ရှားလိုက်သည်။ သူသည် လှေကို လေပေါ်သို့ မြှောက်တင်ကာ ချောက်နက်ထဲသို့ ပစ်ချလိုက်၏။ ထိုအချိန်မှာပင် မူလစွမ်းအင်မီးပွားတခု ဖြတ်ခနဲ တောက်ပသွားပြီး ဝိုင်စည်ပိုင်းများကို မီးတောက်လောင်စေတော့သည်။ ထို့နောက် ဖျော့တော့သောအပြာရောင် အရည်များ နေရာတိုင်းသို့ ကျဲပြန့်သွားပြီး ထိုအရည်များသည် လှေကြီးနှင့်အတူ ချောက်နက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

ထိုအပြာရောင်အရည်များမှာ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ထိန်းချုပ်ရန် စုချန်း ဖန်တီးထားသည့် အထူးဆေးတမျိုးပင် ဖြစ်သည်။

ဤဆေးရည်သည် ချောက်နက်တခုလုံးကို ပစ်မှတ်ထားသည်ဖြစ်၍ လှေတစ်စင်းစာမျှသော ဆေးကို စုချန်း ဖော်စပ်ခဲ့ရ၏။ ဤမျှများပြားသောဆေးဝါးများကို ထုတ်လုပ်ရန် ရေတပ်သည် အရင်းအမြစ်များစွာကို အသုံးပြုခဲ့ရသည်။ အကယ်၍ နောက်ထပ်ဆေးတဖုံ ဖော်စပ်မည်ဆိုလျင် သူတို့အနေနှင့် နောက်ထပ်ငါးနှစ် သို့မဟုတ် ထို့ထက်ပို၍ အချိန်ယူရပေလိမ့်မည်။ အကြောင်းမှာ ဤဆေးဖော်စပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ရှာဖွေရသည်မှာ အလွန်ခက်ခဲလာသောကြောင့်ပင်။

"ဒီဆေးက သူတို့ကို ဘယ်လောက်များ အားနည်းသွားစေမလဲ မသိဘူးနော်"

စစ်သည်တဦးက တိုးတိုးလေး မေးလိုက်သည်။

ဤဆေးသည် သားရဲမဟာဧကရာဇ်များကို အားနည်းသွားစေမည်ဟုသာ လူတိုင်း သိထားကြ၏။ မည်ရွေ့မည်မျှ အတိုင်းအတာ အခြေအနေအထိ အားနည်းသွားမည်ကိုတော့ စုချန်း တစ်ခါမျှ မပြောခဲ့ဖူးချေ။ သို့မဟုတ် စုချန်းကိုယ်တိုင်က အဖြေကို မသိ၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"ပင်လယ်သားရဲတွေဟာ တကောင်နဲ့တကောင် မတူဘူး တချို့က အဆိပ်ပြီးတယ် တချို့က ထူးခြားတဲ့ ကြီးထွားမှုဖြစ်စဉ်တွေရှိတယ် ဒါကြောင့် အဝေးကနေ လတ်တလောကမှ ချောက်နက်ထဲရောက်လာတဲ့ ပင်လယ်သားရဲတွေထက်စာရင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့ ထိန်းချုပ်ခြင်းကို ခံနေရတဲ့ ပင်လယ်သားရဲတွေက ဒီဆေးရဲ့ဒဏ်ကို ပိုပြီး ခံရလိမ့်မယ် ကျုပ်အနေနဲ့ အကြမ်းဖျင်း ဒီလောက်ပဲ ပြောနိုင်မယ် ကျန်တာ အတိအကျပြောဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

စုချန်းက ရှင်းပြလိုက်သည်။

စုချန်း၏ စကားကို နားထောင်ရင်း စစ်သည်တိုင်း အချင်းချင်း တီးတိုးသဖန်းပိုး လုပ်ကုန်ကြ၏။

"ပါးစပ်တွေ ပိတ်ထားစမ်း"

စစ်သည်များ၏ စကားသံကျယ်လောင်လာ၍ အရာရှိတဦးက ပိတ်အော်လိုက်မှ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ထိုအချိန်တွင် ကြီးမားသော အပြောင်းအလဲတခု စတင်ပေါ်ပေါက်နေပြီဖြစ်ကြောင်း လူတိုင်း သဘောပေါက်လိုက်ကြ၏။ ထိုအပြောင်းအလဲမှာ ကမ္ဘာဖျက်ပိုးကောင်များ၏ အပြောင်းအလဲပင် ဖြစ်သည်။

မရေမတွက်နိုင်သော ပိုးကောင်များသည် သားရဲအသေကောင်များကိုယ်ထဲမှ ပျံသန်းထွက်ပေါ်လာကြလေရာ သိပ်မကြာမီ ကောင်းကင်တခွင်လုံး ပိုးကောင်များနှင့်သာ ပြည့်နှက်သွားတော့၏။ ၎င်းကိုမြင်တွေ့ရသော စစ်သည်တိုင်းလိုလို ဦးရေပြားများ ယားယံလာသည့်နှယ် ခံစားလိုက်ကြရသည်။

ဤသို့နှင့် ကမ္ဘာဖျက်ပိုးကောင်များက ရှေ့တန်းတပ်ဖွဲ့များအဖြစ် လေဟာနယ်ထဲသို့ ဝင်ရောက်သွားချိန်မှာပင် ဒုတိယလိုက်၍ လှုပ်ရှားလာသူများမှာ ပင်လယ်လူသားများပင် ဖြစ်သည်။

၎င်းတို့ကို ပင်လယ်လူသားမျိုးစိတ်၏အုပ်စိုးရှင် ကြီးမြတ်သောတိမ်တိုက်က ဦးဆောင်လာပြီး သူ့ကို ပင်လယ်ဘုရင်ခုနစ်ပါးက ဝန်းရံထား၏။

ဤနောက်ဆုံးစစ်​ဆင်ရေးသည် သူတို့အတွက် အသက်တမျှ အရေးပါလေရာ နောက်ဆုံးတော့ ပင်လယ်လူသားများ အင်အားအပြည့်ဖြင့် ထွက်ပေါ်လာခဲ့လေပြီ။ အရေးကြီးသောနေရာဌာနတချို့ကိုကာကွယ်ရန် အစောင့်တချို့ ချန်ခဲ့သည်မှအပ ကြီးမြတ်သောတိမ်တိုက်အပါအဝင် ပင်လယ်လူသားတိုက်ခိုက်ရေးသမားများအားလုံး ဤနေရာတွင် ရှိနေကြ၏။

အနှီ ပင်လယ်လူသားစစ်သည်များသည် ခန္ဓာကိုယ်တောင့်တင်းသန်မာကြပြီး နီရဲရဲဆံပင်များက ပုခုံးတိုင်အောင် ဖြာကျလျက်ရှိသည်။

၎င်း၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင်ကား မည်သည့်အဝတ်အစားမှ ဝတ်ဆင်ထားခြင်းမရှိကြပေ။ ၎င်းတို့အသီးသီး၏ လက်ထဲတွင် သုံးမြှောင်ပုံမှိန်းကိုယ်စီ ကိုင်ဆောင်ထားကြ၏။

အဆိုပါမှိန်းများကား ပင်လယ်သားများ၏ နာမည်ကြီးလက်နက်ဖြစ်သည့် နက်ပ်ကျွန်းသုံးမြှောင့်မှိန်းပင် ဖြစ်သည်။

"ခေါင်းဆောင်ကြီးခင်ဗျာ ကျုပ် ဒီတိုက်ပွဲကို ခင်ဗျားလက်ထဲ အပ်လိုက်ပါပြီ"

စုချန်းက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုရင်း ပြောလိုက်သည်။

"ကျုပ်တို့ ပင်လယ်သားတွေဟာ ဒီနေ့ကိုရောက်ဖို့ စောင့်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ"

ကြီးမြတ်သောတိမ်တိုက်က မချိပြုံးပြုံးရင်း ပြောလိုက်သည်။

တကယ်လည်း သူပြောခဲ့သည့်အတိုင်း ပင်လယ်လူသားများ ဤနေ့ရောက်လာရန် အချိန်အကြာကြီး စောင့်ခဲ့ကြပြီး ဖြစ်သည်။

ထို့ကြောင့် ဤလိုနေ့မျိုးတွင် ပင်လယ်လူသားများက ရှေ့တန်းအကျဆုံးနေရာမှ တိုက်ခိုက်ခြင်းမှာ သဘာဝကျနေ၏။

ထို့နောက်တွင်တော့ ကြီးမြတ်သောတိမ်တိုက်ဦးဆောင်သည့် ပင်လယ်လူသားများသည် ချောက်နက်ထဲသို့ ခုန်ဆင်းသွားကြလေသည်။ ဤကား စစ်ဆင်ရေး၏ ဒုတိယစစ်ကြောင်းပေတည်း။

သို့သော် စစ်ဆင်ရေး၏ တတိယစစ်ကြောင်းကတော့ လူသားများမဟုတ်ချေ။

ပင်လယ်လူသားများ ချောက်နက်ထဲ ခုန်ဆင်းသွားသည်နှင့်တပြိုင်နက် ကောင်းကင်ပေါ်ရှိ နန်းတော်ဆီမှ ဧရာမ အရုပ်ကြီးများ စတင်ထွက်ပေါ်လာတော့သည်။

ဧရာမရုပ်သေးရုပ်ကြီးများ။

ဤသည်မှာ နောက်ဆုံးတိုက်ပွဲအတွက် စုချန်း၏ နောက်ထပ်လျှို့ဝှက်လက်နက်ပင် ဖြစ်သည်။

ကမ္ဘာဖျက်ပိုးကောင်များတွင် စွမ်းရည်ကန့်သတ်ချက်များ ရှိနေသော်လည်း ဤဧရာမအရုပ်များကတော့ စုချန်း၏ အဓ်ိကဖျက်ဆီးရေးလက်နက်ဟု ဆိုနိုင်၏။

ရုပ်သေးရုပ်များကား အရေအတွက်အားဖြင့် သိပ်မများလှ။ အရုပ် လေးဆယ်ခန့်သာ ရှိ၏။ သို့သော် ထိုရုပ်သေးရုပ်လေးဆယ်အနက် သုံးဆယ့်ခြောက်ရုပ်မှာ တောင်အဆင့်ရုပ်သေးရုပ်များ ဖြစ်ပြီး တရုပ်ချင်းစီသည် စစ်တပ်တတပ်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိ၏။ တနည်းအားဖြင့် ၎င်းတို့၏အင်အားမှာ အတွေး​ပုံဖော်ခြင်းနယ်ပယ် ပညာရှင်တဦးနှင့် ညီမျှပေသည်။

ကျန်ရုပ်သေးရုပ်လေးရုပ်မှာ ဒဏ္ဍာရီလာအဆင့် ရုပ်သေးရုပ်များပင်တည်း။ အဆိုပါ ဒဏ္ဍာရီလာအဆင့် ရုပ်သေးရုပ်များကို စုချန်းက မိခင်နတ်ဘုရားမဂိုဏ်းမှ ယူဆောင်ခဲ့သည့် ပြန်လည်ပြည့်ဖြိုးနိုင်သော ကြယ်သတ္တုနှင့် ထာဝရညထံမှ ရရှိခဲ့သော အမှောင်အကျဥ်းစံသတ္တုများဖြင့် တည်ဆောက်ထား၏။ တည်ဆောက်ရာတွင်လည်း မိုးပျံမြို့တော်မှ ရရှိလာသည် တည်ဆောက်ရေးပုံစံပြာများ၏ အကူအညီ​ကို စုချန်း ယူခဲ့ရလေသည်။

တကယ်တော့ ဤမျှတန်ဖိုးကြီးသည့် ရုပ်သေးရုပ်များ တည်ဆောက်ခြင်းလုပ်ငန်းမှာ ငွေကုန်ကြေးကျ များလွန်းလှ၏။ ရုပ်သေးရုပ်လေးဆယ်ရရှိရန် စုချန်းတယောက် စုဆောင်းထားသမျှ အရင်းအမြစ်အားလုံးကို ပုံအောသုံးစွဲခဲ့ရသည်။

မည်သို့ဆိုစေ ဒဏ္ဍာရီလာအဆင့်ရုပ်သေးရုပ်တရုပ်သည် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်တဦးနှင့် အဆင့်ချင်းတူလေရာ ငွေကုန်ရသည်မှာ တန်သည်ဟုသာ ဆိုရပေလိမ့်မည်။

ထို့ကြောင့်လည်း စုချန်းကိုယ်တိုင်က ရုပ်သေးရုပ်များကို သူ့အစွမ်းအထက်​ဆုံး လက်နက်များအဖြစ် သတ်မှတ်ထားခြင်းပင်။

စုချန်း၏ ရုပ်သေးရုပ်တပ်ဖွဲ့ကြီး ချောက်နက်ထဲဝင်ရောက်သွားသည်ကိုကြည့်ရင်း ကျုံးကျန်းကျွန် ကြီးစွာတုန်လှုပ်သွား၏။

ဒီကောင့်မှာ နောက်ထပ်လျှို့ဝှက်လက်နက် ဘယ်နှစ်မျိုးလောက်များ ဆက်ရှိအုံးမယ်မဆိိုနိုင်ဘူး...

ရုပ်သေးရုပ်များ ပျောက်ကွယ်သွားသည်နှင့် စုချန်းနှင့်ကုချိန်းလွှာတို့သည်လည်း ချောက်နက်ထဲသို့ ပြိုင်တူပင် ခုန်ချလိုက်ကြတော့သည်။

All Chapters