တိုက်ပွဲ ၁
Vol. 98 Ch. 974
ပုံမှန်အားဖြင့်ဆိုလျင် စစ်သင်္ဘောအုပ်စု ချောက်နက်နယ်မြေသို့ ဝင်ရောက်လာတိုင်း ဝင်ပေါက်အနီးတွင် သားရဲမဟာဧကရာဇ်ကြီးများ မနည်းမနော ရှိနေတတ်၏။ ထို့ကြောင့် သူတို့အနေနှင့် နက်ရှိုင်းသောအတွင်းပိုင်းဆီသို့ စူးစမ်းရှာဖွေတိုင်း ပြင်းထန်သော တိုက်ပွဲတခုကို အမြဲတမ်းလိုလို ဆင်နွှဲရလေ့ရှိသည်။
သို့သော် ဤတကြိမ်တွင်တော့ အခြေအနေမှာ သိသိသာသာ ကွဲပြားနေ၏။
စုချန်းနှင့် ကုချိန်းလွှာတို့ ချောက်နက်ထဲသို့ရောက်သည်နှင့် ပင်လယ်လူသား ဗိုလ်ချုပ်ခုနစ်ဦးနှင့် အချုပ်အနှောင်မဲ့ဂိုဏ်းမှ ရုပ်သေးရုပ်လေးဆယ်တို့သည် သားရဲမဟာဧကရာဇ်ကြီးသုံးကောင်ကို ဝိုင်းအုံတိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။
ဤမျှ ကြီးမားလှသည့်ဖိအားနှင့် ရင်ဆိုင်လိုက်ရသောအခါ သားရဲဧကရာဇ်ကြီး သုံးကောင်သည်ပင် ခေါင်းပင်မဖော်နိုင်အောင် ဖိနှိပ်ခံထားရတော့၏။
“ဒီလောက်နဲ့ အစပျိုးထားနိုင်တယ်ဆိုတော့ မဆိုးပါဘူး”
စုချန်းက မှတ်ချက်ချလိုက်သည်။
“ဒါပေမဲ့ ဒါ အစပဲ ရှိသေးတယ်”
ကုချိန်းလွှာက ထပ်ဖြည့်ပြောလိုက်၏။
ပုံမှန်ဆိုလျင် သူတို့၏ စစ်သင်္ဘောအုပ်စုသည် လိုအပ်သောအရင်းအမြစ်များကို စုဆောင်းပြီးပါက ချောက်နက်ထဲမှ ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ချောက်နက်ထဲတွင် တစ်နာရီကြာနေရန် သူတို့ စီစဉ်ထား၏။
တနာရီဟူသောအချိန်သည် ချောက်နက်အတွင်းရှိ သားရဲဧကရာဇ်ကြီးအားလုံး အခြေအနေကို သတိပြုမိရန်၊ သူတို့ကို ဝိုင်းအုံတိုက်ခိုက်လာရန် လုံလောက်သည်ထက် ပိုသောအချိန်ဖြစ်သည်။
တနည်းအားဖြင့် ဤအခြေအနေသည် စစ်သင်္ဘောအုပ်စုအတွက် များစွာ ဖိအားများသော အခြေအနေမျိုး ဖြစ်သည်။ မည်သို့ပင် ကြိုတင်ပြင်ဆင်ထားစေကာမူ သူတို့အသက်ကိုထပ်၍ အလောင်းအစားလုပ်ရသည့် အခြေအနေမျိုးဟုလည်း ဆိုကဆိုနိုင်သည်။
ထိုအချိန်မှာပင် ကြီးမြတ်သောတိမ်တိုက်က အော်ဟစ်လိုက်၏။
“စုချန်း ကျန်တာ မင်းတာဝန်ပဲ”
“နားလည်ပါပြီ”
စုချန်း ချက်ချင်းပင် အိတ်တလုံးကို ထုတ်ယူပြီး လက်ဟန်တချက်ပြလိုက်၏။ ထိုအခါ ဒဏ္ဍာရီလာအဆင့်ရုပ်သေးရုပ်လေးရုပ်သည် အိတ်ထဲသို့ အလင်းတန်းများအဖြစ် ပြောင်းလဲဝင်ရောက်သွားကြသည်။
စစ်သင်္ဘောအုပ်စုကား ထိုနေရာမှာပင် နေရစ်ကာ သားရဲဧကရာဇ်ကြီးများကို ထိန်းချုပ်ထားပြီး ဘေးကင်းကင်းနှင့် ထွက်ခွာနိုင်ရေးအတွက် တာဝန်ယူရပေလိမ့်မည်။ ထိုအချိန်တွင် စုချန်ကတော့ နက်ရှိုင်းသောပင်လယ်ဝမ်းနည်းခြင်းကို ဖျက်ဆီးရပေလိမ့်မည်။ ထိုအတောအတွင်း ရုပ်သေးရုပ်လေးရုပ်က စုချန်း၏ ကိုယ်ရံတော်များအဖြစ် ဆောင်ရွက်ကြပေလိမ့်မည်။
ထို့နောက်တွင်တော့ စုချန်းနှင့် ကုချိန်းလွှာတို့သည် စစ်သင်္ဘောအုပ်စုကို ပတ်ကာ သတ်မှတ်ထားသောနေရာဆီသို့ ဦးတည်လိုက်ကြ၏။ ချောက်နက်ထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာပြီးနောက် စုချန်းအနေနှင့် နက်ရှိုင်းသောပင်လယ်ဝမ်းနည်းမှု၏ တည်နေရာကို ကောင်းစွာသိရှိထားပြီးလေပြီ။
ထိုအချိန်မှာပင် စစ်သင်္ဘောအုပ်စု၏ စစ်သည်များ ချောက်နက်အတွင်း အဆက်မပြတ် ဝင်ရောက်လာကြပြီး အနီးနားရှိ သားရဲဧကရာဇ်ကြီးများကို ထိန်းချုပ်ထားလိုက်ကြ၏။ တချို့ကလည်း သားရဲကြီးများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အတားအဆီးပုံစံကွက်များ စတင်တည်ဆောက်ကြလေသည်။
အချိန်အတော်ကြာအောင် ပျံသန်းပြီးနောက် အဝေးဆီမှ ကျွန်းတကျွန်းကို စုချန်းတို့နှစ်ယောက် မြင်လိုက်ရ၏။
သို့သော် ဤကျွန်းကား တကယ့် ကျွန်းမဟုတ်ပဲ ကြီးမားသော လိပ်ဧကရာဇ်ကြီးတကောင်သာ ဖြစ်သည်။ စုချန်း၏ ကိုယ်ပွားတချို့ပင်လျင် ယခင်က ဤလိပ်ကြီး၏ ဝါးမျိုခြင်းကို ခံခဲ့ရသေး၏။
သာမာန်ဆိုလျင် ဤလိပ်ကြီးသည် အပျင်းကြီးလှပြီး အထူးတလည် လှုပ်လှုပ်ရှားရှား လုပ်လေ့မရှိချေ။ စစ်သင်္ဘောအုပ်စုသည် ချောက်နက်ဝင်ပေါက်အနီးတွင် သားရဲဧကရာဇ်ကြီးများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည့်တိုင် အနှီလိပ်ကြီးကား ဘယ်သောအခါမှ ဝင်မပါဖူးခဲ့ပေ။
သို့သော် သူ့အနီးသို့ တစုံတဦး ချည်းကပ်လာပါက လိပ်ကြီးမှာ အလိုအလျောက်ပင် တိုက်ခိုက်တတ်၏။
သို့သော် နက်နဲပင်လယ်ဝမ်းနည်းမှုသို့ ရောက်ရှိလိုလျင် ဤလိပ်ကို မဖြစ်မနေ ရင်ဆိုင်ရမည်သာ။ တနည်းအားဖြင့် ၎င်းသည် နက်ရှိုင်းပင်လယ်ဝမ်းနည်းမု၏ ဂိတ်စောင့်နှင့် အလားသဏ္ဍန်တူ၏။
စုချန်းသည် လိပ်ကြီးကို အေးစက်သောမျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မင်း ဒီကောင်တွေကို ယှဥ်နိုင်မလား ငါ စမ်းကြည့်လိုက်အုံးမယ်”
ထို့နောက် တဝီဝီမြည်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကမ္ဘာဖျက်ပိုးကောင်အုပ်ကြီးတအုပ် ကောင်းကင်ယံတွင် ပေါ်ပေါက်လာ၏။ အနှီ ကမ္ဘာဖျက်ပိုးကောင်အုပ်စုမှာကား အဓိကတိုက်ပွဲဖြစ်ပွားရာနေရာတွင် ကျန်ခဲ့သည့် အုပ်စုမဟုတ်ပဲ စုချန်းနှင့်အတူ လိုက်ပါလာသည့်အုပ်စု ဖြစ်သည်။
စုချန်း၏ အမိန့်ထွက်ပေါ်လာသည်နှင့် ကမ္ဘာဖျက်ပိုးကောင်အုပ်စုကြီးသည် ရှေ့သို့ တိုးဝင်သွားတော့၏။
ဧရာမလိပ်ကြီးကား သူ့ထံသို့ချည်းကပ်လာသည့် ခြိမ်းခြောက်မှုကို ခံစားမိဟန်တူသည်။ ၎င်း၏အခွံပေါက်ဆီမှ ရှည်လျားသောလည်ပင်းတခု ထွက်ပေါ်လာပြီး ၎င်း၏ ကြီးမားသောခန္ဓာကိုယ်မှာလည်း ကျွန်းတကျွန်းသဖွယ် ရေပြင်ပေါ်သို့ တိုးထွက်လာ၏။ ထို့နောက် ၎င်းက စုချန်းကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
အဆိုပါ အော်သံသည် မိုးခြိမ်းသံသဖွယ် မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွား၏။
ကံဆိုးသည်မှာ အဆိုပါ အော်သံသည် ကမ္ဘာဖျက်ပိုးကောင်များအပေါ် မည်သည့်သက်ရောက်မှုမှ ရှိဟန်မတူပေ။
တဖန် လိပ်ကြီးသည် လေကိုမှုတ်ထုတ်လိုက်ပြန်ရာ ကြီးမားသော ရေငွေ့တိမ်တိုက် ကောင်းကင်ဆီသို့ မြင့်တက်လာပြန်၏။ သာမာန်အားဖြင့်ဆိုလျင် အနှီလိပ်အိုကြီးသည် ၎င်း၏အခွံထဲတွင် ခိုအောင်းကာ ကိုယ့်ကိုယ်ကိုသာ အထူးတလည် ကာကွယ်ထားတတ်သော်လည်း ယခုတကြိမ်တွင်တော့ ကိုယ်တိုင်ပင် ဦးဆောင် တိုက်ခိုက်နေ၏။ လိပ်ကြီးအနေနှင့် ကမ္ဘာဖျက်ပိုးကောင်များကို အန္တရာယ်ကြီးအဖြစ် ရှုမြင်နေသည်မှာ သေချာနေ၏။
လိပ်ကြီး ပစ်ထုတ်လိုက်သည့် ရေငွေ့အမှုန်အမွှားများထဲတွင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတဦး၏ အစွမ်းသတ္တိနှင့် ညီမျှသော ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပြည့်နှက်နေ၏။ အဆိုပါ ရေစက်များသည် တောင်တလုံး သို့မဟုတ် မြို့တမြို့ကိုပင် ဖျက်ဆီးပစ်နိုင်လောက်ပုံ ပေါ်နေသည်။
သို့သော် လိပ်ကြီး၏ ကြောက်စရာတိုက်ခိုက်မှုမှာ ကမ္ဘာဖျက်ပိုးကောင်များကို အနည်းငယ်မျှသာ ထိခိုက်ခဲ့၏။ ပိုးကောင်များ၏ မူလစွမ်းအင်တိုက်ခိုက်မှုပမာဏအား လျှော့ချနိုင်သည့်အစွမ်းကြောင့် ဤသို့ဖြစ်ရခြင်းပင်။
သို့နှင့် လိပ်ကြီး၏ ကြောက်မက်ဖွယ်ရေငွေ့တိမ်တိုက်ကြောင့် ပိုးကောင်ရာဂဏန်းမျှသာ သေကြေခဲ့ရလေသည်။
လိပ်ကြီးကား အန္တရာယ်ကိုသိဟန်ဖြင့် ရေငုပ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။
သို့သော် ဘာမှမထူးချေ။ ဤပိုးကောင်များသည် ရေထဲတွင်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည် မဟုတ်ပါလား။
စက္ကန့်ပိုင်းအတွင်းမှာပင် မရေမတွက်နိုင်သည့် ကမ္ဘာဖျက်ပိုးကောင်များသည် ဧရာမလိပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားကြတော့သည်။
လိပ်၏အခွံသည် အလွန်ခိုင်ခံ့မာကျောသော်လည်း ပြီးပြည့်စုံနေသည်တော့မဟုတ်ချေ။ တကယ်တော့ ကမ္ဘာဖျက်ပိုးကောင်များအတွက် အားနည်းချက်ဟူ၍ မရှိ။ ၎င်းတို့၏ ပါးစပ်များဖြင့် ကိုက်ချနိုင်သော နေရာကို ရှာတွေ့သည်နှင့် ၎င်းတို့အတွက် လုံလောက်သွားခဲ့ပေပြီ။
မျက်စိတစ်မှိတ်အတွင်း လိပ်ကြီး၏ တကိုယ်လုံး ကမ္ဘာဖျက်ပိုးကောင်များနှင့်သာ ပြည့်နှက်သွားတော့၏။
လိပ်ကြီး နာကျင်စွာ အော်ဟစ်ငြီးငြူလိုက်သည်။
ကမ္ဘာဖျက်ပိုးကောင်များကား များစွာ ရက်စက်လှ၏။ ၎င်းတို့သည် အပေါက်တစ်ပေါက်တွေ့သည်နှင့် ပစ်မှတ်၏ ကိုယ်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားကြပြီး ကြုံသမျှအသားကို ဝါးစားကာ မျိုးပွားလေ့ရှိကြ၏။ မျိုးပွားရာမှ ထွက်ပေါ်လာသည့် ပိုးလောင်းများသည်လည်း တွေ့သမျှအကုန်စားသည့် အစားကြီးမျိုးများ ဖြစ်ကြသည်။
ထို့ကြောင့် ကမ္ဘာဖျက်ပိုးကောင်များ တိုက်ခိုက်ခံရသည့် မည်သည့်ပစ်မှတ်မဆိုသည် အရှင်လတ်လတ် စားသောက်ခံရပေလိမ့်မည်။ လိပ်ကြီးကား ဤသို့ကြောက်မက်ဖွယ် နာကျင်မှုမျိုးကို အဘယ်မှာ ခံနိုင်ရည်ရှိမည်နည်း။ ထိုအခါ သနားစရာလိပ်ကြီးမှာ ပင်လယ်မျက်နှာပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်ငြီးငြူရင်း လူးလိမ့်ခံစားနေရလေသည်။
ထိုအချိန်မှာပင် လိပ်ကြီးသည် လေထဲသို့ ခုန်တက်ကာ စုချန်းအား ကိုက်ခဲရန်ကြိုးစားလိုက်တော့သည်။ သေကာမှသေရော စုချန်းကိုတော့ လက်စားချေသွားမည်ဟု လိပ်ကြီးအနေနှင့် တွေးလိုက်မ်ိသည့်ပုံပင်။
ဧရာမလိပ်ကြီး သူ့ကို တိုက်ခိုက်လာငည်ကို မြင်သည်နှင့် စုချန်းက ကုချိန်းလွှာ လက်ကို ဆုပ်ကိုင်လိုက်ပြီး အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို ထုတ်သုံးကာ ရှောင်တိမ်းလိုက်၏။
သို့သော် ထောင်ပေါင်းများစွာသော ရေစီးကြောင်းများ သူတို့ရှိရာသို့ တိုးဝင်လာသည်ကို စုချန်း မြင်လိုက်ရပြန်၏။
“ဒါဆို မင်းက ငါ့ကို ခွင့်မလွှတ်နိုင်တော့ဘူးပေါ့လေ”
စုချန့် ရယ်မောလိုက်လေသည်။
ထို့နောက် သူက နောက်တကြိမ် ရှောင်တိမ်းရင်း စူးရှသောအသံနှင့် လေချွန်လိုက်၏။
စုချန်း၏ လေချွန်သံကို ကြားသည်နှင့် ကမ္ဘာဖျက်ပိုးကောင်များအားလုံးသည် လိပ်ကြီး၏ အသားများကို နှစ်ဆတိုး၍ စားသောက်ကြပြန်၏။
သိပ်မကြာမီ အသံကြီးတသံ ထွက်ပေါ်လာပြီး ပစ္စည်းတခု လေထဲသို့ လွင့်စင်လာ၏။ မြင်ရုံနှင့် လိပ်ကြီး၏ အခွံမှန်း သိသာနေသည်။ လိပ်ကြီးတကိုယ်လုံးကား ကမ္ဘာဖျက်ပိုးကောင်များ၏စားသောက်ခြင်းကို ခံလိုက်ရရှာလေပြီ။
လိပ်ကြီးကို နှိမ်နှင်းပြီးသည်နှင့် စုချန်းနှင့် ကုချိန်းလွှာမှာလည်း ဆက်လက်ပျံသန်းလာခဲ့ကြ၏။
နက်နဲပင်လယ်ဝမ်းနည်းမှုကား ချောက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိပေသည်။ မည်သည့် အနှောင့်အယှက်မရှိလျှင်ပင် ထိုနေရာသို့ရောက်ရှိရန် အချိန်အတော်ကြာလိမ့်မည်။ ထို့ကြောင့် သူတို့တွင် ဖြုန်းတီးနေရန် အချိန်များများစားစား မရှိချေ။
သို့သော် သိပ်မကြာမီ သူတို့နှစ်ယောက် နောက်ထပ် ပင်လယ်သားရဲကြီးနှစ်ကောင်နှင့် ထပ်မံဆုံတွေ့မိကြပြန်သည်။
ထိုသားရဲနှစ်ကောင်အနက် တကောင်မှာ ရေခူနှင့်တူပြီး ကောင်းကင်ယံတွင် ငြိမ်သက်စွာ ပျံဝဲနေ၏။ ချောက်နက်အတွင်းရှိ သားရဲဧကရာဇ်တိုင်းသည် ပင်လယ်သားရဲများ ဖြစ်ကြသော်လည်း အမျိုးမျိုးအဖုံဖုံသော စွမ်းရည်များ ပိုင်ဆိုင်ထားကြလေရာ တချို့တလေ ပျံသန်းနိုင်ခြင်းမှာ ဘာမှမဆန်းလှချေ။
ကျန်တကောင်မှာကား ပင်လယ်ဖျံကြီးတကောင်ပင် ဖြစ်သည်။ ၎င်းသည် ပင်လယ်မျက်နှာပြင်ပေါ်တွင် ပက်လက်လှန်လျက်သား ရှိနေ၏။ ၎င်းကိုကြည့်ရသည်မှာ ရေစီးကြောင်းအတိုင်း မြောပါနေသည်ဟု ထင်ရသော်လည်း ထိုအနီးတဝိုက်မှာပင် တဝဲလည်လည် ရှိနေ၏။ ပို၍ထူးဆန်းသည်မှာကား အနှီပင်လယ်ဖျံသည် ထိုရေစီးကြောင်းများ၏ ရင်းမြစ်ဖြစ်နေခြင်းပင်။
အနီးကပ်သာကြည့်လိုက်လျင် ရေသည် ဝဲသြဎငယ်တခုသဖွယ် ဝေ့ဝဲလှည့်ပတ်နေ၏။ ပင်လယ်ဖျံကား အဆိုပါ ဝဲသြဎ ၏ ဗဟိုတွင် တည်ရှိနေလေသည်။
သို့သော် ဤနေရာတွင် စုချန်းသာမဟုတ်ပဲ အခြားသူတဦးဦးဆိုလျှင် ထူးဆန်းသည်ဟူသော အတွေးမှအပ တခြားအရာကို သတိထားမိလိမ့်မည်မဟုတ်ချေ။ သို့သော် စုချန်းကတော့ပင်လယ်ဖျံကို မြင်သည်နှင့် တစုံတရာကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။
"ဒါ သဘာဝစွမ်းအင်ပဲ”
“သဘာဝစွမ်းအင် ဟုတ်လား”
ကုချိန်းလွှာ အံ့အားသင့်သွားသည်။
“ရှင် ဆိုလိုတာ…”
“ဟုတ်တယ် အဲဒီ ပင်လယ်ဖျံ သဘာဝစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရှိနေတယ်”
စုချန်းက ရှင်းပြလိုက်၏။
“ဒါပေမဲ့ ရှင်ပြောတော့ ချောက်နက်ထဲက သားရဲဧကရာဇ်ကြီးတွေဟာ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကြောင့် ဉာဏ်ရည်ဉာဏ်သွေးချို့တဲ့နေတာဆို သူတို့ထဲက တကောင်က ဘယ်လိုလုပ်ပြီး သဘာဝစွမ်းအင်ကို နားလည်သွားတာလဲ”
ကုချိန်းလွှာက ပြန်မေးလိုက်သည်။
"စိတ်ဝင်စားစရာပဲ ဒီပင်လယ်ဖျံသာ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းရဲ့ ကန့်သတ်ချက်တွေကို တစ်နည်းနည်းနဲ့ ဖောက်ထွက်သွားပြီး သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိမ်းသိမ်းထားနိုင်တာသာ မဟုတ်ရင် တခုတည်းသော ရှင်းပြချက်က…သဘာဝစွမ်းအင်ကို နားလည်သဘောပေါက်ဖို့ ဉာဏ်ရည်ဉာဏ်သွေး မလိုအပ်တာမျိုး ဖြစ်လိမ့်မယ်”
သို့သော် သဘာဝစွမ်းအင်ကို နားလည်သဘောပေါက်ရန် ညဏ်ရည်ညဏ်သွေးမလိုလျင် တခြားဘာလိုသနည်း။
ထိုမေးခွန်း၏ အဖြေကို စုချန်းကိုယ်တိုင်လည်း မသိချေ။
ထို့နောက် စုချန်းက ဆက်ပြောလိုက်ပြန်သည်။
“သားရဲဧကရာဇ်ကြီး နှစ်ကောင်ကို တပြိုင်တည်းတိုက်ခိုက်ရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ဒါပေမဲ့ မတတ်နိုင်ဘူး ကျုပ်တို့ရင်ဆိုင်ရမှာပဲ"
ပြောပြောဆိုဆို သူက လက်ထဲရှိအိတ်ကိုဖွင့်လိုက်ရာ ဒဏ္ဍာရီလာရုပ်သေးရုပ်လေးရုပ် ရှေ့သို့တရှိန်ထိုး ပျံသန်းသွားကြတော့၏။