← Chapters

ကျွန်မကိုယ်ကျွန်မ ပုံစံမျိုးစုံနဲ့ပြန်တွေ့နေရသလိုပဲ

Vol. 26 Ch. 360

ကျွန်မကိုယ်ကျွန်မ ပုံစံမျိုးစုံနဲ့ပြန်တွေ့နေရသလိုပဲ

Vol. 26 Ch. 360

အခန်း (၃၆၀) ကျွန်မကိုယ်ကျွန်မ ပုံစံမျိုးစုံနဲ့ပြန်တွေ့နေရသလိုပဲ

ချွိယန်ချီ၏စကားကြောင့် ရန်ကျောက်ကဲတို့အဖွဲ့ အနောက်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

တစ်ယောက်နှင့်တစ်ယောက် မနီးမဝေးတွင်ရှိနေပါက ဝါဒတောင်တပည့်အချင်းချင်း လွယ်ကူစွာဆက်သွယ်နိုင်သည့် နည်းလမ်းများရှိသဖြင့် ယခု ရန်ကျောက်ကဲက စစ်ခုန်ချင်း၏တည်နေရာကို အတည်ပြုနိုင်ပြီ ဖြစ်သည်။

စစ်ခုန်ချင်းက ပင်လယ်သားရဲကြီးတစ်ကောင်၏ကျောပြင်ထက်တွင်ထိုင်ရင်း ခရီးနှင်လျှက် ရှိသည်။ ပင်လယ်သားရဲကြီး၏ခန္ဓာကိုယ်က ဒီရေလှိုင်းနှင့်အတူ နိမ့်လိုက်မြင့်လိုက်ဖြင့် လျှင်မြန်စွာ ကူးခတ်နေသည်။

ရန်ကျောက်ကဲက ထိုပင်လယ်သားရဲကြီးကို အကဲခတ်လိုက်ရာ ကျောက်စိမ်းပင်လယ်မြို့တော်မှ ပင်လယ်တွင်းခရီးသွားရန် မွေးမြူထားသောသားရဲအမျိုးအစားဖြစ်ကြောင်း သိလိုက်သည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ စုန့်ချောင် ၊ လီကျင်းဝမ်နှင့် အခြားသူများက စစ်ခုန်ချင်း ခရီးထွက်ရအဆင်ပြေစေရန် သူမကို ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲတို့အဖွဲ့ သူမနှင့် နီးကပ်လာသည့်အခါ စစ်ခုန်ချင်းက မှေးမှိတ်ထားသည့်မျက်လုံးများကိုဖွင့်လိုက်ပြီး သူတို့ရှိရာသို့ လှမ်းကြည့်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး နှုတ်ခမ်းများအနည်းငယ်တွန့်ကွေးရင်း သူ့ဘေးမှ ချွိယန်ချီကို လှည့်ကြည့်လိုက်၏။

ချွိယန်ချီကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ရန်ကျောက်ကဲတို့အုပ်စု ပန်ပန်နှင့်အတူ စစ်ခုန်ချင်းနှင့် ပင်လယ်သားရဲကြီးအနားသို့ ရောက်လာကြသည်။

စစ်ခုန်ချင်းကို ခဏမျှအကဲခတ်ပြီးနောက် ရန်ကျောက်ကဲက ပင်လယ်သားရဲကြီးထက်သို့ ခုန်တက်သွားပြီး လက်တစ်ဖက်ဆန့်ထုတ်ကာ စစ်ခုန်ချင်း၏နောက်ကျောသို့ ဖိကပ်လိုက်ပြီး သိုင်းစွမ်းအသုံးပြုကာ သူမ၏ဒဏ်ရာများကို ကုသပေးလိုက်သည်။

“မင်း ဒဏ်ရာအပြင်းအထန်ရထားတာပဲ”

စစ်ခုန်ချင်းက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ ကျွန်မနောက်ကိုလိုက်နေတဲ့ လူတစ်ယောက်ရှိတယ် ၊ ဒါကြောင့် ဒဏ်ရာကိုမကုသနိုင်ဘဲ တောက်လျှောက်ပြေးနေရတာ”

သူမက ရန်ကျောက်ကဲနှင့် စကားပြောရင်း ပန်ပန်ထက်တွင်ရှိနေသော ချွိယန်ချီကို လှမ်းကြည့်လိုက်သည်။ ချွိယန်ချီကို အားဟူက ထိန်းချုပ်ထားလေသည်။

အမြဲတမ်းအေးစက်ပြီး လူများနှင့်ခပ်ရှောင်ရှောင်နေတတ်သော စစ်ခုန်ချင်း၏မျက်နှာထက်တွင် ယခုတော့ စိတ်ရှုတ်ထွေးမှုများ ၊ အန္တရယ်ကိုသတိထားမှုများနှင့် အခြားမဖော်ပြနိုင်သောခံစားချက်ပေါင်းစုံ ရောထွေးလျှက် ရှိသည်။

ချွိယန်ချီသည်လည်း စစ်ခုန်ချင်းကို စိုက်ကြည့်နေလျှက် သူ့မျက်ဝန်းများတွင် စိတ်ရှုတ်ထွေးမှုများဖြင့် ပြည့်နက်နေသည်။

သူတို့နှစ်ယောက်က ချွတ်စွပ်တူသည့် ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်လေရာ တစ်ယောက်နှင့်တစ်ယောက် ယခုလိုဆုံတွေ့ရတော့ ပတ်ဝန်းကျင်လေထုသည်ပင် လေးလံလာသလို ထင်မှရသည်။

ရန်ကျောက်ကဲက...

“ငါ နည်းနည်းတော့ ရိပ်မိသွားပြီ”

သူက ချွိယန်ချီကို လှမ်းကြည့်လိုက်ပြီး စစ်ခုန်ချင်းကို ပြန်ကြည့်လိုက်သည်။

“မင်း ဘယ်နေရာမှာရှိနေလဲဆိုတာ သူက အာရုံခံနိုင်စွမ်းရှိတယ် ၊ အဲဒီလိုပဲ မင်းကလည်း သူ ဘယ်နေရာမှာရှိနေလဲဆိုတာ ပြန်ပြီးအာရုံခံနိုင်စွမ်းရှိတယ် ၊ ဟုတ်တယ်မလား”

စစ်ခုန်ချင်းက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ မိုင် (၃၀၀) ပတ်လည်အတွင်းမှာဆိုရင် သူ့ရဲ့တည်ရှိမှုကို ကျွန်မ အာရုံခံနိုင်တယ်”

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

“ကျွန်မနဲ့တိုက်ခိုက်ခဲ့တဲ့ မိန်းကလေးနဲ့လည်း အဲဒီလိုပဲ”

ရန်ကျောက်ကဲက...

“မင်းနောက်ကို လိုက်နေတဲ့သူရှိတယ်လို့ ပြောတယ်နော် ၊ အဲဒါ ဘယ်သူလဲ”

စစ်ခုန်ချင်းက...

“အဲဒီလူက သူတို့လိုမဟုတ်ဘူး ၊ ကျွန်မတို့ တစ်ခါမှ မဆုံဖူးကြပေမယ့် ကျွန်မကို လိုက်ရှာနေတဲ့သူက သိုင်းစွမ်းအရမ်းမြင့်မားပြီး အမဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်လို့ ပြောနေတာ ကြားလိုက်ရတယ်”

ရန်ကျောက်ကဲက ချွိယန်ချီကို လှမ်းကြည့်ရင်း...

“အဲဒီလူက မင်းရဲ့ဆရာ မဟုတ်လား”

ချွိယန်ချီက မည်သည့်စကားမှမဆိုပေ။

ရန်ကျောက်ကဲ၏လက်ဖဝါးက စစ်ခုန်ချင်းကျေထက် ဖိကပ်ထားပြီး သူမ၏ ဒဏ်ရာများကို ကုသပေးနေသည်။

“တကယ်ပဲ မီးဒြပ်စင်လက်ဝါးသိုင်းရဲ့ မီးတောက်မိစ္ဆာဝိညာဉ်ပဲ”

ဒဏ်ရာကို အာရုံခံရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။

မီးဒြပ်စင်လက်ဝါးသိုင်းက မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာတစ်ခု ဖြစ်သည်။ ယခု အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြန်လည်ထွက်ပေါ်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

အမှန်တော့ ထိုလက်ဝါးသိုင်းက ဒြစပ်စင်ငါးပါးကို အခြေခံထားသည့် လက်ဝါးသိုင်း (၅)ခု ဖြစ်သည်။

ရွှေဒြပ်စင်လက်ဝါးသိုင်း ၊ သစ်သားဒြပ်စင်လက်ဝါးသိုင်း ၊ ရေဒြပ်စင်လက်ဝါးသိုင်း ၊ မီးဒြပ်စင်လက်ဝါးသိုင်းနှင့် မြေကြီးဒြပ်စင်လက်ဝါးသိုင်းတို့ ဖြစ်ကြသည်။

ရွှေဒြပ်စင်လက်ဝါးသိုင်းမှထွက်ပေါ်လာသော ရွှေမိစ္ဆာဝိညာဉ်က ပြင်းထန်ပြီး အလွန်မာကျောသလို ထက်ရှနက်နဲပြီး ထိပ်တိုက်ရင်ဆိုင်မှုများတွင် ကျွမ်းကျင်သည်။

သစ်သားဒြပ်စင်လက်ဝါးသိုင်း၏ သစ်သားမိစ္ဆာဝိညာဉ်ကတော့ ရိုးရှင်းသော်လည်း ပုံမှန်မဟုတ်သည့် ချိုးဖျက်စွမ်းအားကို ပိုင်ဆိုင်သည်။ ရိုးရှင်းစွာဖြင့်ပင် ရန်သူ၏တိုက်ခိုက်မှုကို ချိုးဖျက်ရာတွင် အသုံးပြုနိုင်သည်။

ရေဒြပ်စင်လက်ဝါးသိုင်း၏ ရေမိစ္ဆာဝိညာဉ်ကတော့ ပေါ့ပါးလျှင်မြန်သည်။ သစ်သားမိစ္ဆာဝိညာဉ်နှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး တိုက်စစ်ထက် ခံစစ်ပိုမိုအားကောင်းသည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကို အနိုင်ယူရာတွင် အသုံးဝင်သည်။

မြေကြီးဒြပ်စင်လက်ဝါးသိုင်း၏ မြေကြီးမိစ္ဆာဝိညာဉ်မှာ တည်ငြိမ်ပြီးသိပ်သည်းမှများကာ နက်ရှိုင်းလေးလံပြီး ခံစစ်အားကောင်းသည်။

နောက်ဆုံးဖြစ်သည့် မီးဒြပ်စင်လက်ဝါးသိုင်း၏ မီးတောက်မိစ္ဆာဝိညာဉ်ကတော့ တိုက်ခိုက်မှုအလုံးစုံကို အခြေခံပြီး သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးတွင် ရန်သူနှင့်အတူ အသေခံရန် ရွေးချယ်သည့်အခါမျိုးတွင် အသုံးပြုလေ့ရှိ၏။

ထို လက်ဝါးသိုင်းဖြင့် အတိုက်ခိုက်ခံရသည့ရန်သူတော့ မည်သို့ရှိမည်မသိ ၊ မီးတောက်မိစ္ဆာဝိညာဉ်ကို ထုတ်ဖော်အသုံးပြုသူကတော့ အန္တရယ်များစွာရင်ဆိုင်ရပြီး သေလုမျောပါးဒဏ်ရာများ ရရှိမည် ဖြစ်သည်။ သို့သော် ထိုသိုင်းပညာ၏စွမ်းအားက အလွန်ပြင်းထန်လေရာ တိုက်ခိုက်ခံရသောရန်သူအနေဖြင့် လွတ်မြောက်သွားသည့်တိုင် သေစေလောက်သောဒဏ်ရာများ ရရှိသွားနိုင်ပေသည်။

ထိုသိုင်းညာက ရေနယ်မြေ ၊ ကျောက်စိမ်းပင်လယ်မြို့တော်၏ အထွတ်ထိပ်သိုင်းပညာဖြစ်သော “ကောင်းကင်ဒီရေလျှံ တိုက်ကွက်” ထက် မလျော့နည်းသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။

စစ်ခုန်ချင်းက...

“သူက ကျွန်မကို အနိုင်မရတာနဲ့ သူနဲ့အတူ သေရွာခေါ်သွားချင်တာလေ ၊ နောက်ဆုံး သူလည်း အသက်ပျောက်သွားသလို ကျွန်မလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်”

သူမ၏ရန်သူအကြောင်းပြောနေစဉ် စစ်ခုန်ချင်းအမူအရာက အနည်းငယ် ထူးဆန်းနေသည်။

စစ်ခုန်ချင်းက ဖန်းယွင်ရှန်း‌လောက်အတွေ့အကြုံမများသော်လည်း ရန်သူအချို့၏အသက်ကိုနှုတ်ယူခဲ့ဖူးလေရာ သူမ၏ဓားတွင် သွေးများစွန်းထင်းနေခဲ့သည်ပင်။ အထူးသဖြင့် အတွေ့အကြုံရှာဖွေရန်အတွက် ပင်လယ်ပြင်ခရီးထွက်လာရာ လမ်းတစ်လျှောက် ရန်သူများစွာကို သတ်ဖြတ်ခဲ့သေးသည်။

သို့ပေသိ ယခုတစ်ကြိမ် သူမရင်ဆိုင်ခဲ့ရသော ရန်သူကတော့ အခြားသူများနှင့် မတူကွဲပြားသည်မှာ သေချာသည်။

ရန်ကျောက်ကဲ သိုင်းစွမ်းဖြင့်ကုသပေးသည့်အတွက် စစ်ခုန်ချင်းအသက်ရှူသံများ ပုံမှန်ပြန်ဖြစ်သွားပြီး ဒဏ်ရာများသက်သာသွားခဲ့သည်။ အချိန်ခဏမျှ အနားယူလိုက်လျှင် လုံးဝ ပျောက်ကင်းသွားပေမည်။

ရန်‌ကျောက်ကဲက စစ်ခုန်ချင်း၏ ကျောပြင်ထက်မှ လက်ဖဝါးကိုဖယ်ရှားလိုက်ချိန် စစ်ခုန်ချင်းက သူမ၏ အရိပ်ကျုံ့အိတ်လေးကို ဖွင့်လိုက်သည်။

ထိုအခါ ရန်ကျောက်ကဲရှေ့တွင် မိန်းကလေး ရုပ်အလောင်းတစ်လောင်း ပေါ်လာသည်။ သေသေချာချာကြည့်လိုက်တော့ ထိုရုပ်အလောင်းက စစ်ခုံချင်းနှင့် တစ်ထေရာတည်းတူနေကြောင်း တွေ့လိုက်ရသည်။

ချွိယန်ချီမှာ စစ်ခုန်ချင်းနှင့် ကျား မ ကွဲပြားသဖြင့် အနည်းငယ်ကွာခြားမှုရှိသည်ဟု ဆိုနိုင်သော်လည်း ဤမိန်းကလေးကတော့ စစ်ခုန်ချင်းနှင့် ဘာတစ်ခုမှ ကွာခြားမှုမရှိဘဲ ချွပ်စွပ်တူလွန်းလှသည်။

တစ်ခုတည်းသောခြားနားချက်မှာ သူတို့၏ အဝတ်အစားများဖြစ်ကြသည်။ အင်္ကျီဆင်တူသာဝတ်ပေးလိုက်ပြီး အတူတူယှဉ်ကာ မတ်တတ်ရပ်ခိုင်းထားမည်ဆိုပါက သူတို့နှစ်ယောက်ကို မည်သူမှ ခွဲခြားမှတ်မိနိုင်မည် မဟုတ်ပေ။

သေဆုံးသွားသည့်မိန်းကလေးသည်လည်း အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာတစ်ယောက်ဖြစ်ပြီး သူမ၏ခန္ဓာကိုယ်က အတော်လေး ကျစ်လျစ်သန်မာသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်နှင့်သိုင်းစွမ်းအခြေခံခိုင်မာမှုကြောင့် သေဆုံးသွားသည့်တိုင် သူမခန္ဓာကိုယ်က များစွယိုယွင်းပျက်ဆီးသွားခြင်း မရှိသေးပေ။

သို့သော် သူမနဖူးထက်မှ သွေးရောင်အပေါက်တစ်ပေါက်ကို စစ်ခုန်ချင်းက ဖွင့်လိုက်သည့်အခါ သူမ၏ခန္ဓာကိုယ်က လျှင်မြန်စွာယိုယွင်းပျက်ဆီးသွားပြီး ချီစွမ်းအားနှင့် သွေးစွမ်းအားများ ချက်ချင်းဆုတ်ယုတ်သွားကာ အသွေးအသားများပျက်ဆီးပုပ်ဆွေးသွားသည်။

စစ်ခုန်ချင်းက ရေခဲဝိညာဉ်တစ်ခုကို မိန်းကလေး၏ နဖူးထဲတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်၏။

သူမက ရှင်းပြသည်။

“ဒါက ကျွန်မ ခရီးထွက်ရင်းရခဲ့တဲ့ အတွေ့အကြုံတစ်ခုပေါ့ ၊ လူတစ်ယောက်ရဲ့အလောင်း ပုပ်ပွမသွားအောင် ထိန်းထားနိုင်တယ်လေ”

ထို့နောက် သူမက သွေးရောင်မရှိတော့သော မိန်းမပျို၏အလောင်းကို စိတ်ရှုတ်ထွေးစွာဖြင့်ကြည့်နေသည်။ သူမကိုယ်သူမ မှန်ထဲတွင်ပြန်မြင်နေရသကဲ့သို့ ခံစားရသည်။

“သူကကျွန်မကို အရှင်ဖမ်းဖို့ ထောင်ချောက်ဆင်ခဲ့တာ ၊ ကျောက်စိမ်းပင်လယ်မြို့တော်က အစ်မ ‘လီကျင်းဝမ်’ ဆီက ရတနာပစ္စည်းတစ်ခု လက်ဆောင်ရခဲ့လို့သာ သူ့ရဲ့ထောင်ချောက်က လွတ်မြောက်နိုင်ခဲ့တာ ၊ ပြီးတော့ ကျွန်မတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတာပဲ ၊ နောက်တော့ သူ ကျွန်မကို မယှဉ်နိုင်ဘဲ ရှုံးသွားတယ်လေ”

“ကျွန်မ သူ့ကို အဲဒီနေရာမှာပဲ ထားခဲ့မလို့ပဲ ၊ ဒါပေမဲ့ သူက နှစ်ယောက်လုံးသေစေလောက်တဲ့တိုက်ကွက်မျိုးနဲ့ တိုက်ခိုက်ခဲ့လို့ ကျွန်မတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့တယ် ၊ ကျွန်မ လွတ်မြောက်လာခဲ့ပေမယ့် သူကတော့ သေသွားခဲ့တယ်”

စစ်ခုန်ချင်းမျက်ဝန်းများ တဖြည်းဖြည်းတည်ငြိမ်သွားသော်လည်း နားမလည်နိုင်မှုအချို့ကတော့ ထင်ကျန်နေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက...

“သူ သေသွားတော့ မင်းကိုယ်တိုင်မှာရော ပြောင်းလဲမှုတစ်ခုခု ဖြစ်သွားသေးလား”

စစ်ခုန်ချင်းက ခေါင်းခါယမ်းရင်း...

“ဘာမှ မပြောင်းလဲပါဘူး ၊ ဒါပေမဲ့ အရမ်းထူးဆန်းတဲ့ခံစားချက်တစ်ခုတော့ ခံစားရတယ်... ၊ ဘယ်လိုမျိုးလဲဆိုတော့... အဲဒါက ... အဲဒါက ... ကျွန်မကိုယ်ကျွန်မ သတ်လိုက်သလိုပဲ ၊ တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသတ်ပစ်လိုက်သလိုမျိုး ခံစားရတယ်”

သူမက ခဏမျှစဉ်းစားရင်း...

“ပိုပြီးထူးခြားတာတစ်ခုကိုပြောရရင်... အဲဒီအချိန်ခဏမှာ ကျွန်မမျက်လုံးထဲမှာ မြင်ကွင်းတွေအများကြီးကို တစ်ပြိုင်နက်တည်းတွေ့မြင်ရတယ်”

ထိုစကားကိုပြောစဉ် စစ်ခုန်ချင်းမျက်နှာထက်တွင် တွေ့မြင်ရခဲသော အံ့အားသင့်မှုတစ်ခုကို တွေ့မြင်ရသည်။

“ကျွန်မ မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရောက်သွားသလိုပဲ ၊ ယောကျ်ားလေးတွေရော မိန်းကလေးတွေရော လူတိုင်းက ကျွန်မနဲ့ ချွပ်စွပ်တူနေကြတယ် ၊ အသက်အရွယ်လည်းအတူတူ ၊ သူတို့မျက်နှာတွေကလည်း ကျွန်မအတိုင်းပဲ ၊ ကျွန်မကိုယ်ကျွန်မ ပုံစံမျိုးစုံနဲ့ ပြန်တွေ့နေရသလိုပဲ”

ရန်ကျောက်ကဲက မျက်လုံးထောင့်ကပ်ကာ ချွိယန်ချီကို လှမ်းကြည့်လိုက်သည်။ ချွိယန်ချီက ပြဿနာမရှိသကဲ့သို့ မျက်နှာအမူအရာ တည်ငြိမ်လျှက်ပင်။

“မင်းနဲ့ပုံစံတူတွေ အများကြီးကို မတူကွဲပြားတဲ့ မြင်ကွင်းအမျိုးမျိုးနဲ့ တွေ့မြင်လိုက်ရတာမျိုးလား”

ရန်ကျောက်ကဲက ထိုစကားကို နှုတ်မှထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

စစ်ခုန်ချင်းက ခေါင်းညိတ်အဖြေပေးသည်။

ရန်ကျောက်ကဲက ထိုအကြောင်းဆက်မပြောတော့ဘဲ ချွိယန်ချီကို လှမ်းကြည့်ရင်း ပြုံးပြလိုက်၏။

“ငါ့ရဲ့ ဂိုဏ်းတူညီမလေးနဲ့ တိုက်ခိုက်ခဲ့တဲ့မိန်းကလေးက မင်းနဲ့ဂိုဏ်းတူမောင်နှမတွေလား”

ချွိယန်ချီက ခဏမျှတုံ့ဆိုင်းနေပြီးမှ...

“ဟုတ်တယ် ၊ သူ့နာမည်က ချွိယန်နင် တဲ့”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“မင်းတို့က မောင်နှမအရင်းတွေ မဟုတ်ဘူးမလား ၊ မင်းတို့ထဲကတစ်ယောက်က မျိုးရိုးနာမည် ပြောင်းထားတာလား”

All Chapters