ကဖေး
Vol. 32 Ch. 467
"လောကသစ်ပင်လား။ ငါ သိပြီ။ ဘာကြောင့် သူ့မှာ ဒီလောက် ကြီးမားတဲ့ မာနာရေကန် ရှိနေလဲဆိုတာ ငါ နားလည် သွားပြီ။"
ရှားလော့ခ် ခေါင်းညိတ် လိုက်သည်။
"အရှင်ရှားလော့ခ်၊ ဗစ်တိုးရီးယားမြို့က ဂိမ်းမာတွေကို လောကသစ်ပင်ကို သိမ်းပိုက်ခိုင်း သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ နဂါးမျိုးနွယ်သားက လောကသစ်ပင် အနီးအနားမှာ ရှိနေရင် ကျွန်တော်တို့ သူ့ တည်နေရာကို အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။ ကျွန်တော်တို့မှာ လောကသစ်ပင် ရှိနေရင် အဖွင့်ဘီတာကို စတင် နိုင်ပါပြီ။ ဂိမ်းမာ အရေအတွက်က အံ့မခန်း တိုးတက် လာပါလိမ့်မယ်။ ဒီဂိမ်းမာတွေနဲ့ဆို ကမ္ဘာကြီးကို သိမ်းပိုက် အောင်နိုင်ဖို့က ပြဿနာ မဟုတ်တော့ပါဘူး။" ဘရုက စိတ်လှုပ်ရှားစွာ အကြံပြု လိုက်သည်။
ရှားလော့ခ်မှာမူ တည်ငြိမ်နေဆဲပင်။ သူ ခဏ စဉ်းစား ပြီးနောက် ပြောလိုက်သည်။ "လောကသစ်ပင်ကို ရှာပါ။ ငါတို့ အဲ့ဒါကို လိုအပ်တယ်။ အကြမ်းဖက်မှု သုံးရင် မလိုအပ်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်စေပြီး မြေပေါ်ကမ္ဘာမှာ အတိုင်းအတာ ကြီးမားတဲ့ စစ်ပွဲ တစ်ခု စတင်မိ စေလိမ့်မယ်။ ဒါက ငါတို့ ဒန်ဂျင်အပေါ် အာရုံစိုက်မှုကို ဆွဲဆောင် မိနိုင်ပြီး အဲ့ဒီ အခါကျ မြေပေါ်ကမ္ဘာရဲ့ တိုက်ခိုက်မှုတွေကို အဓိက ခံရနိုင်တယ်။ ထာဝရတိုင်းပြည်က ကုန်ကျစရိတ် များတဲ့ တိုက်ပွဲ တစ်ခု ထဲကို ဆွဲသွင်း ခံရလိမ့်မယ်။"
အခြေအနေကို သုံးသပ်ပြီးနောက် သူ ဆက်ပြောသည်။ "ငါတို့ မြေအောက်လောကမှာ ငါတို့ရဲ့ တာဝန်တွေကို မပြီးမြောက် သေးဘူး။ လောကသစ်ပင်ကို သိမ်းပိုက်ပြီး ရန်သူတွေ ပိုများအောင် လုပ်တာက နည်းဗျူဟာကောင်း မဟုတ်ဘူး။"
"ဟုတ်ပါတယ်၊ ငါတို့ လောကသစ်ပင်ကို ကောင်းကောင်း သိမ်းပိုက်နိုင်ဖို့ စီစဉ်ရမယ်။ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး။ နဂါးမျိုးနွယ်သားကို အရင်ဆုံး ရှာဖွေပါ။"
"ကျွန်တော် နားလည်ပါတယ် အရှင်ရှားလော့ခ်။ စိတ်မပူပါနဲ့၊ ကျွန်တော် နဂါးမျိုးနွယ်သားကို ရှာဖွေပါ့မယ်။" ဘရု ပြောပြီး တိတ်ဆိတ် သွားသည်။
...
ဆယ်ဗားနပ်စ်သည် လှောင်အိမ်ထဲတွင် စိတ်မရှည်စွာ ထိုင်နေစဉ် တိုက်ပွဲသံများ နီးကပ် လာသည်ကို ကြားလိုက် ရသည်။ တိုက်ပွဲမှာ အကျဉ်းထောင် အပြင်ဘက် တွင်ပင် ဖြစ်ပွားနေခြင်း ဖြစ်၏။ သို့သော် သူမ ဘာဖြစ်သွားသည်ကို မသိသော်လည်း တိုက်ပွဲသံများမှာ တိုးညင်းသွားပြီး ဝေးကွာ သွားခဲ့သည်။
သူတို့ ရှုံးနိမ့်သွား ကြပြီလား။
ဆယ်ဗားနပ်စ် စိုးရိမ် နေခဲ့သည်။ အကယ်၍ သူတို့ ရှုံးနိမ့်ခဲ့ပါက ဘောင်းဘီမဝတ်သူနှင့် ကျန်သူများလည်း အကျဉ်းချ ခံရမည်လား။ ချန်အန်းမြို့မှ အဖွဲ့ဝင်များမှာ ကောက်ကျစ် စဉ်းလဲပြီး မရိုးမသား လုပ်ရပ်များ ပြုလုပ်နိုင်စွမ်း ရှိကြသည်။ အကယ်၍ သူတို့သာ အဆင့်မြင့် အစည်းအရုံးဝင် များကို ပိုမို အကျဉ်းချ ထားနိုင်ခဲ့ပါက အံ့ဩစရာ မဟုတ်ပေ။
တိုက်ပွဲမှာ နှစ်နာရီ နီးပါး ကြာမြင့်ခဲ့ပြီး ၎င်းမှာ အစည်းအရုံးများ အတွက်ပင် တိုတောင်းသော တိုက်ပွဲ မဟုတ်ပေ။ ဂိမ်းမာများ အတွက် နှစ်နာရီကြာ တိုက်ခိုက်မှု အပေါ် အာရုံစိုက်ရန်မှာလည်း ခက်ခဲလှသည်။ အထူးသဖြင့် ဂိမ်းမှာ အလွန် လက်တွေ့ကျသော ကြောင့်ပင်။ တိုက်ခိုက်ခြင်းက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင် နှစ်မျိုးလုံးကို စားသုံးခဲ့သည်။
အကျဉ်းထောင် အပြင်ဘက်မှ တိုက်ပွဲသံများ ကြားရပြီးနောက် ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ အကျဉ်းထောင်တံခါးမှာ ဗုံးဖြင့် ဖောက်ခွဲ ခံလိုက်ရပြီး အပိုင်းအစများ နေရာအနှံ့ ပျံကျဲသွားသည်။ အော့ခ် ချန်အန်းမြို့ ဂိမ်းမာ တစ်ဦး ပေါက်ကွဲမှုကြောင့် လွင့်သွားပြီး ဆယ်ဗားနပ်စ်၏ အချုပ်ခန်းရှေ့သို့ ကျရောက် လာခဲ့သည်။ ဆယ်ဗားနပ်စ် ထိုဂိမ်းမာ၏ ဓားရှည်ကို လျင်မြန်စွာ ကောက်ယူ လိုက်သည်။ ၎င်းမှာ အစိမ်းရောင် အရည်အသွေးသာ ရှိသော်လည်း ဘာမှ မရှိခြင်းထက် ပိုကောင်းသည်။ သူမ ထိုဓားကို အသုံးပြု၍ မိမိကိုယ်ကို သတ်သေပြီး အကျဉ်းထောင်မှ လွတ်မြောက် နိုင်ပေသည်။
ဆယ်ဗားနပ်စ် အပြင်ဘက်ကို သတိကြီးစွာ ကြည့်လိုက်သည်။ ပေါက်ကွဲမှု အပြီး ဖုန်မှုန့်များဖြင့် ပြည့်နှက် နေ၏။ သူမ အော့ဖ်လိုင်း ဆင်းပြီး ဘောင်းဘီမဝတ်သူ သို့မဟုတ် အာသာကို ဝီချက် သို့မဟုတ် ဖုန်းဖြင့် ဘာဖြစ်နေသည်ကို မေးမြန်း လိုသော်လည်း ၎င်းက သူတို့၏ တိုက်ပွဲများကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ် နေခဲ့သည်။ သူတို့ သူတို့၏ တိုက်ခိုက်မှု အပေါ် အာရုံစိုက် ရမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု တစ်ခုက သူတို့၏ ကျဆုံးမှုကို ဖြစ်စေ နိုင်ပေသည်။
အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် ဆယ်ဗားနပ်စ် အကျဉ်းထောင်ထဲတွင် နေပြီး သူတို့၏ ကယ်တင်မှုကို ဆက်စောင့်ဆိုင်းရန် ဆုံးဖြတ် လိုက်သည်။
ဖုန်မှုန့်များ ငြိမ်သက် သွားသော အခါ အစိမ်းရောင် အသားအရောင် ရှိသော အော့ခ် တစ်ဦး ပြေးဝင် လာခဲ့သည်။ ၎င်းမှာ ဘောင်းဘီမဝတ်သူပင်။ ဆယ်ဗားနပ်စ် ဘောင်းဘီမဝတ်သူကို မြင်ပြီး စိတ်လှုပ်ရှားစွာ အော်ပြော လိုက်သည်။ "နင်တို့ နောက်ဆုံးတော့ ငါ့ကို ကယ်တင်ဖို့ ရောက်လာကြပြီပဲ။ ငါ့ကို ဒီနေရာကနေ ထုတ်ပေး၊ မြန်မြန်။"
ဘောင်းဘီမဝတ်သူမှာ စိတ်ဓာတ်ကျ နေခဲ့သည်။ သူ ဆယ်ဗားနပ်စ်ကို ပြောလိုက်သည်။ "မင်းကြောင့် ငါတို့ အဖွဲ့ဝင် ရာပေါင်း များစွာ လာပြီး ကယ်ခဲ့ရတယ်။ ငါတို့ ခံတပ်ကို တိုက်ခိုက်ပြီးနောက် ချန်အန်းမြို့ အဖွဲ့ဝင်တွေရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ အခု ငါတို့ အားလုံး သေပြီး ငါတို့ရဲ့ ပစ္စည်းတွေ အားလုံး ဆုံးရှုံး ရတော့မယ်။ မင်း ငါတို့ကို ဘယ်လို ပြန်လျော် ပေးမှာလဲ။"
ဆယ်ဗားနပ်စ်မှာ ကြောင် သွားခဲ့သည်။ သူမ ထိုအရာကို မစဉ်းစားမိခဲ့ပေ။ သူမ လျင်မြန်စွာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဘရားသား၊ ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ်ပါဘူးဟာ။ စိတ်မပူပါနဲ့၊ ငါ့ကို ကယ်တင်ဖို့ ကူညီခဲ့တဲ့ အစည်းအရုံးဝင် အားလုံးကို ငါ လျော်ကြေး ပေးပါ့မယ်။ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို ငါ အစားထိုး ပေးပြီး အဆင့် ၅ အထိ မြှင့်တင် ပေးပါ့မယ်နော်။"
ဘောင်းဘီမဝတ်သူ နောက်မှ ဝင်လာသော ဂိမ်းမာများ ပျော်ရွှင်စွာ အော်ဟစ် လိုက်ကြသည်။
"ညီမဗားနပ်စ်က အလန်းစားပဲ။"
"ဗားနပ်စ်ဘရားသားက သတ္တိ ရှိတယ်။"
ဂိမ်းမာများမှာ စိတ်လှုပ်ရှား နေပုံ ရပြီး ဆယ်ဗားနပ်စ်မှာမူ စိတ်ရှုပ်ထွေး နေခဲ့သည်။ သူမ ဘောင်းဘီမဝတ်သူနှင့် ယခုမှဝင်လာသော ဂိမ်းမာများ၏ မျက်နှာ အမူအရာ များကွာခြား နေသည်ကို သတိပြု မိလိုက်သည်။
"ငကြောင် ဘောင်းဘီမဝတ်သူ ငါ့ကို လာလှည့်စားနေတာလား။"
"ငါ မင်းကို လှည့်စားနေတာတဲ့လား။ ငါ အဖွဲ့ဝင် ၁၀၀ ခေါ်လာခဲ့ပြီး အခု ဆယ်ဂဏန်းပဲ ကျန်တော့တယ်ဟ။ ငါ မင်းကို ဘယ်လို လှည့်စားနေ တာလဲ။" ဘောင်းဘီမဝတ်သူ ဆယ်ဗားနပ်စ်ကို အော်ပြော လိုက်သည်။
ဘောင်းဘီမဝတ်သူမှာ လေးနက်မှု မရှိတော့ပေ။ သူ ရယ်မောကာ ပြောလိုက်သည်။ "ငါတို့ ချန်အန်းမြို့နဲ့ တခြား အစည်းအရုံးတွေရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံရပြီး ရှုံးနေခဲ့တယ်။ ဒါပေမဲ့ အာသာက အဖွဲ့ဝင် အများကြီး ခေါ်လာပြီး အဲ့အခြေအနေကို ပြောင်းပြန် လှန်ပစ် လိုက်တယ်။ ငါတို့ ချန်အန်းမြို့နဲ့ တခြား အစည်းအရုံးတွေရဲ့ အဖွဲ့ဝင် အားလုံးကို သတ်ဖြတ်ပြီး သူတို့ရဲ့ ပစ္စည်းတွေကို ယူခဲ့တယ်။ ငါတို့ ချန်အန်းမြို့ အဆင့်မြင့် အဖွဲ့ဝင် တစ်ယောက်ကိုတောင် အရှင် ဖမ်းခဲ့သေးတယ်။ သူ့ကို သူ့ရဲ့ ဆေးခါးကြီးကို ပြန်မြည်းစမ်းခိုင်းဖို့ လနည်းနည်းလောက် အကျဉ်းချ ထားလိုက်မယ်။"
ဂိမ်းမာ တစ်ဦးက ဗုံး တစ်လုံး ယူဆောင်လာပြီး ဆယ်ဗားနပ်စ်ကို ပြောလိုက်သည်။ "ညီမဗားနပ်စ်၊ ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ။ ငါတို့ မင်းကို ထုတ်ဖို့ ဗုံးသုံးတော့မှာ။"
ဆယ်ဗားနပ်စ် ခေါင်းညိတ်ကာ ခြေလှမ်း နှစ်လှမ်း နောက်ဆုတ် လိုက်သည်။ လှောင်အိမ်မှာ အလွန် မကြီးမားပေ။ အကယ်၍ ဗုံးပေါက်ကွဲပါက အန္တရာယ် ရှိပေ လိမ့်မည်။ ဆယ်ဗားနပ်စ် လက်ဆန့်တန်းကာ အော်ပြော လိုက်သည်။ "ခဏလေး စောင့်ဦး ဘရားသား၊ နေရာလွတ် သိပ်မရှိဘူး။"
ဂိမ်းမာမှာ သူ၏ လက်ထဲမှ ဆီးအိတ်ဗုံးကို မီးညှိပြီး ဖြစ်နေပြီး မီးစာမှာ အဆုံးသို့ ရောက်လု နီးပါး ဖြစ်နေလေပြီ။ နောက်ထပ် ဂိမ်းမာ တစ်ဦးက မီးစာကို ပြန်ငြှိမ်းသတ်ရန် ကြိုးစား သော်လည်း ဘောင်းဘီမဝတ်သူက သူ့ကို တားကာ ပြောလိုက်သည်။ "နောက်ကျသွားပြီ။ ထွက်ပြေးကြစို့။"
"နေဦး၊ နေဦး။ သောက်ကျိုးနည်းပြီဟေ့။"
"ဘုန်း—။"
...
"ဒါက အလန်းစားပဲ။ အာသာက အသား၊အရွက်နဲ့ ဆန် မဟာမိတ် အဖွဲ့ဝင်တွေကို ချန်အန်းမြို့ကို တိုက်ခိုက်ဖို့ ခေါ်လာတယ်လို့ ငါ ကြားတယ်။"
"အသား၊အရွက်နဲ့ ဆန် မဟာမိတ်အဖွဲ့နဲ့ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့တို့ မဟာမိတ် ဖွဲ့လိုက် ကြပြီလား။ ငါ မသိခဲ့ဘူးရော။"
"ချန်အန်းမြို့က အသား၊အရွက်နဲ့ ဆန်မဟာမိတ်အဖွဲ့နဲ့ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့တို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အပြင်းအထန် ခံလိုက်ရတယ်။"
"ကြားနေ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကတောင် အခု အစည်းအရုံး စစ်ပွဲတွေမှာ ပါဝင်နေပြီ။ ဂိမ်းက အရမ်း စိတ်ဝင်စားစရာ ကောင်းလာ တော့မယ်။ အစည်းအရုံး တစ်ခု ဝင်လိုက်ပါ၊ အထူးသဖြင့် အစည်းအရုံး အားလုံးက တက်တက်ကြွကြွ လူသစ်စုဆောင်း နေချိန်မှာပေါ့။ မင်း အပတ်တိုင်း လစာ ရလိမ့်မယ်။ ငါ အစည်းအရုံးဝင် တစ်ယောက် အနေနဲ့ လစာရနေတာ ရက်သတ္တပတ် အနည်းငယ် ရှိပြီ။"
"မဟုတ်ဘူး၊ ငါ အဖွဲ့အစည်းမဲ့ ဂိမ်းမာ တစ်ယောက် ဖြစ်ရတာကို ပိုကြိုက်တယ်။"
ထာဝရတိုင်းပြည်၏ ကုန်သွယ်ရေး ဧရိယာတွင် ဂိမ်းမာများ ငှားရမ်း ထားသော ဆိုင်တစ်ဆိုင်ကို ကဖေးငယ်လေး တစ်ခု အဖြစ် ပြောင်းလဲ ထားခဲ့သည်။ ကဖေးတွင် စားပွဲ ဆယ်လုံးနှင့် ထိုင်ခုံ လေးဆယ်လုံး ရှိပြီး လိုအပ်ချက်အရ ထိုင်ခုံများ ထပ်မံ ထည့်သွင်း နိုင်ပေသည်။ လက်ရှိတွင် ဆိုင်ငယ်လေးမှာ လူပြည့်လု နီးပါး ဖြစ်နေသည်။
ကဖေး၏ အမည်မှာ မာကိုပိုလို အမြန်ရ အစားအစာ ဆိုင် ဖြစ်၏။
မည်သူမဆို ဤဆိုင်၏ ပိုင်ရှင်ကို ခန့်မှန်းနိုင်ပေသည်။ ၎င်းမှာ ရပ်ကွက်ဟောင်း ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို စတင် ဖြစ်ပေါ်စေခဲ့သော မာကိုပိုလိုပင်။
မာကိုပိုလိုသည် ရပ်ကွက်ဟောင်း နေထိုင်သူများထံမှ မှော်ကျောက်တုံး အမြောက်အမြား ရရှိခဲ့ပြီး သူ ထိုအရာများကို အသုံးပြု၍ ထာဝရတိုင်းပြည် ဆိုင်များကို ဝယ်ယူခဲ့သည်။ သူ ဆောင်းတောင်ကုန်းမြို့ ဆိုင်များတွင် ရင်းနှီး မြှုပ်နှံခြင်း မပြုခဲ့ပေ။ အကြောင်းမှာ ထာဝရတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ဆောင်းတောင်ကုန်းမြို့ထက် အဆပေါင်း များစွာ သာလွန် နေသောကြောင့်ပင်။
ဆောင်းတောင်ကုန်းမြို့မှ အရာရှိများမှာ ထာဝရတိုင်းပြည်အပေါ် မျက်နှာသာ ပေးကြပြီး ထာဝရတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ဆောင်းတောင်ကုန်းမြို့ကို ကျော်တက်သွား လိမ့်မည်။ ထိုအချိန်တွင် သူ၏ ဆိုင်များ၏ တန်ဖိုးမှာ အဆပေါင်း များစွာ တိုးပွား လာနိုင်ပေသည်။
မှော်ကျောက်တုံးများ ရရှိရန်မှာ မာကိုပိုလို၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ကဖေး တစ်ခု တည်ထောင်ပြီး တခြားဂိမ်းမာများ ထံမှ သတင်း အချက်အလက်များ စုဆောင်းရန်ပင်။ ထို့နောက် သူ သူ၏ စူးစမ်း ရှာဖွေရေး စရိတ်များကို ထောက်ပံ့ရန် မှော်ကျောက်တုံးများ ရရှိ နိုင်ပေမည်။
မာကိုပိုလိုသည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့နှင့် ချန်အန်းမြို့တို့ ကြားမှ တိုက်ပွဲအကြောင်း သတင်း အချက်အလက်များ ရရှိခဲ့သည်။
သူ အစည်းအရုံး စစ်ပွဲများကို စိတ်မဝင်စားခဲ့ပေ။ သူ မြေပုံအသစ်များနှင့် လမ်းကြောင်းအသစ် များကို ပိုမို စိတ်ဝင်စား ခဲ့သည်။ သူ၏ အမည်အတိုင်းပင် သူ အစည်းအရုံး စစ်ပွဲများနှင့် နေ့စဉ် မစ်ရှင်များထက် မြေပုံများ စူးစမ်း ရှာဖွေခြင်း၊ ကစားနည်း အသစ်များနှင့် အီစတာဥများ ရှာဖွေခြင်းကို ပိုမို နှစ်သက် ခဲ့သည်။
သူ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တန်ဖိုး ရှိသော သတင်း အချက်အလက်များ ရရှိ ခဲ့သည်။