ရင်းနှီးနေသော မျက်နှာ
Vol. 79 Ch. 1155
အပန်းဖြေမြို့တော် အတွင်း လျှောက်သွားနေသော ယန်ကျန့်သည် စားပွဲတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် ကစားသမား အများအပြားသည် စားပွဲပတ်လည်တွင် ထိုင်၍ ဖဲရိုက်နေကြပြီး လောင်းကြေးများမှာ အလွန် မြင့်မားသည်။
အသက် လေးဆယ် ဝန်းကျင်ခန့် ရှိပုံရသော ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်မှာ တော်တော် ဆိုးဆိုးရွားရွား ရှုံးနိမ့်နေသည်။ သူ၏ စိတ်အခြေအနေမှာ အလွန် ဆိုးရွားနေပြီး သူ၏ သောက်စရာကို တစ်ငုံ မော့သောက်လိုက်သည်။ သူ၏ လည်စည်းကို ဖြေလျှော့လိုက်ပြီး သွားများကို ကြိတ်ကာ သူ၏ ချစ်ပြားများ အားလုံးကို ရှေ့သို့ တွန်းပို့လိုက်သည်။
အခြား ကစားသမားများမှာလည်း သိပ်မထူးခြားလှပေ။ နိုင်သည်ထက် ရှုံးသည်က များနေသည်။ သို့သော် ထိုလူက ဤသို့ အသည်းအသန် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ သူတို့ မကြည့်ဘဲ မနေနိုင်သော်လည်း တည်ငြိမ်စွာ နေထိုင်ပြီး သူ၏ အရူးထမှုတွင် လိုက်မပါဝင်ကြပေ။
"ကတ်တွေ ဝေတော့"
ထိုလူက ပြောသည်။
ဒိုင်က စကားမပြောဘဲ လက်ဟန် အမူအရာ တစ်ခု ပြုလုပ်လိုက်ပြီးနောက် ကတ်များကို ဝေလိုက်သည်။
ယန်ကျန့်က ကြည့်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း ဒီတစ်ပွဲ ရှုံးဖို့ သေချာနေပြီ။ ဒီလောက် အများကြီး လောင်းတာ ဒိုင်က မင်းကို နိုင်ခွင့် ပေးမှာ မဟုတ်ဘူး"
ဝတ်စုံပြည့်နှင့် လူက အသံကို ကြားပြီး ချက်ချင်း ယန်ကျန့်ကို လှမ်းကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။
ဒိုင်က အလျင်အမြန် ပြောသည်။
"ခင်ဗျား ကျေးဇူးပြုပြီး ဒီနေရာမှာ ပြဿနာ မရှာပါနဲ့။ မဟုတ်ရင် ကျွန်တော် လုံခြုံရေးကို ခင်ဗျားကို အပြင် ခေါ်ထုတ်ခိုင်းရလိမ့်မယ်။ ကျုပ်တို့ အပန်းဖြေမြို့တော်ရဲ့ နာမည် ဂုဏ်သတင်းက အာမခံပြီးသားပါ"
ယန်ကျန့်က မျက်နှာသေဖြင့် ပြောသည်။
"နာမည် ဂုဏ်သတင်း ဟုတ်လား။ မင်း သူတို့ ရှေ့မှာတင် လိမ်နေပြီးတော့ နာမည် ဂုဏ်သတင်းအကြောင်း လာပြောနေသေးတယ်။ မင်း ကတ်တွေတောင် အကုန် မဝေရသေးဘူး။ မင်း ဆက်ဝေသွားရင် တခြား နှစ်ယောက် နိုင်ပြီး ဒီတစ်ယောက်တည်း ရှုံးလိမ့်မယ်လို့ ငါ အာမခံတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် ခုနစ်မှတ် ပေးပြီး သူ့ကို ငါးမှတ် ပေးလိမ့်မယ်"
ဒိုင်၏ လက်များ အနည်းငယ် တောင့်တင်းသွားသည်။
သို့သော် ထိုအချိန်တွင် လုံခြုံရေးများက ဤဘက်သို့ ဦးတည် လာနေပြီ ဖြစ်သည်။
ယန်ကျန့်က လှမ်းကြည့်လိုက်ရာ ချဉ်းကပ်လာသော လုံခြုံရေး ဝန်ထမ်းများ ချက်ချင်း အခြား လမ်းကြောင်းတစ်ခုသို့ လှည့်ထွက်သွားကြသည်။
"ဘာလဲ မဝေရဲတော့ဘူးလား"
ဒိုင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လုံခြုံရေးများ ချဉ်းကပ် မလာသည်ကို တွေ့သောအခါ သူ တည်ငြိမ်စွာ ရှိနေပြီး အလွန် တည်ငြိမ်စွာ ဆက်လက် ဝေလိုက်သည်။
"ခင်ဗျား ကျေးဇူးပြုပြီး တိတ်တိတ်နေပါ"
"ကတ်တွေ ဝေလေ မင်း ဘာ ရပ်လုပ်နေတာလဲ"
ဝတ်စုံပြည့်နှင့် လူ၏ မျက်နှာအမူအရာ အနည်းငယ် မသက်မသာ ဖြစ်လာပြီး သူ တိုက်တွန်းလိုက်သည်။
"တောင်းပန်ပါတယ်"
ဒိုင်က လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ရင်း ကျန်ရှိသော ကတ်နှစ်ကတ်ကို ဝေလိုက်ပြီး အမှတ် စုစုပေါင်းကို ဖော်ပြလိုက်သည်။
"ဒိုင် ခြောက်မှတ် ကစားသမား လှန်ပါ"
ခြောက်မှတ်။
ဒါက ယန်ကျန့် အစောပိုင်းက ပြောခဲ့သည်နှင့် လုံးဝ ကွဲပြားနေသည်။
အခြား ကစားသမားများက ဤလူသည် ပြဿနာ လာရှာခြင်းသာ ဖြစ်သည်ဟု ထင်ကာ တခစ်ခစ် ရယ်မောလိုက်ကြပြီး ချက်ချင်းပင် သူတို့၏ စိတ်ထဲမှ ထုတ်ပယ်လိုက်ကြသည်။
ယန်ကျန့်က ဆက်ပြောသည်။
"အမှတ်တွေ ပြောင်းသွားပြီ။ သူ ခုနက ကတ်တွေကို လဲလိုက်တာ ခုနစ်မှတ်ကို ခြောက်မှတ် ဖြစ်သွားစေပြီး မင်းရဲ့ ကတ်ကို လေးမှတ် ဖြစ်သွားစေတယ်။ မင်း ရှုံးတုန်းပဲ"
ဝတ်စုံပြည့်နှင့် လူက သူ၏ ကတ်များကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ ယန်ကျန့် ပြောသည့်အတိုင်းပင် သူ လေးမှတ်သာ ရရှိသည်ကို တွေ့လိုက်ရသည်။
သို့သော် ဒိုင်က တည်ငြိမ်စွာပင် ထိုလူ၏ ချစ်ပြားများ အားလုံးကို သိမ်းယူလိုက်သည်။
ယန်ကျန့်က ထိုနေရာတွင် ပြဿနာ ရှာနေသဖြင့် သဘာဝအတိုင်း လုံခြုံရေး ဌာနက ဒါကို ဖြေရှင်းလိမ့်မည် ဖြစ်သည်။ သူက ဂိမ်းကို ချောမွေ့စွာ လည်ပတ်နိုင်စေရန် စားပွဲတွင် သူ၏ အလုပ်ကိုသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။
"သူ တကယ် မှန်တာပဲ ဒီတစ်ပွဲ ငါ နိုင်တယ်"
အနီးအနားမှ ကစားသမားတစ်ဦးက ရှစ်မှတ် ရရှိပြီး ဤအပွဲကို နိုင်သွားသော်လည်း လုံးဝ မပျော်ရွှင်ဘဲ ယန်ကျန့်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
"မင်းရဲ့ ကတ်တွေက အရင် ဝေတာ မင်း နိုင်မှာ သေချာတယ်။ ဒိုင်က မင်းရဲ့ ကတ်တွေကို လဲလှယ်လို့ မရဘူး"
ယန်ကျန့်က ပြောသည်။
"ဘာလို့ ဂိမ်းအားလုံးက မဝေခင် လောင်းကြေး ထပ်ခိုင်းရတယ် ထင်လဲ။ အရင် ဝေပြီးမှ ဆိုရင် ဒီလို ကစားနည်းမျိုးကို ထားဦး ဖဲကစားပွဲတောင် ရှိမှာ မဟုတ်ဘူး။ မင်းတို့ ဒီနေရာမှာ ဆက်ကစားနေရင် အကုန် ရှုံးဖို့ပဲ ရှိတော့တယ်။ အခု ထွက်သွားတော့"
ထိုစကားများ ပြောပြီးနောက် သူ လှည့်ထွက်သွားသည်။
"ခဏ နေဦး လူငယ်"
အနီးအနားမှ ကစားသမားတစ်ဦးက သူ့ကို လှမ်းခေါ်လိုက်ပြီး အလျင်အမြန် လိုက်မီအောင် သွားလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ စကားတွေက ကျွန်တော့် မျက်စိကို ဖွင့်ပေးလိုက်တယ်။ ကျွန်တော့်မှာ ပြန်ပေးဆပ်စရာ ဘာမှ မရှိဘူး။ ဒါကြောင့် ဒီချစ်ပြားတွေကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အနေနဲ့ ယူသွားပါ"
ဤသို့ ပြောရင်း သူ ယန်ကျန့်ကို ချစ်ပြား အနည်းငယ် ကမ်းပေးလိုက်သည်။
သူ အလွန် ရက်ရောသည်။ ချစ်ပြား တစ်ပြားလျှင် တစ်သိန်း တန်ဖိုး ရှိပြီး ယန်ကျန့်ကို ငါးပြား အပြည့် ပေးလိုက်သည်။
အကယ်၍ ၎င်းတို့ကို လဲလှယ်နိုင်မည် ဆိုပါက ငါးသိန်း တန်ဖိုး ရှိမည် ဖြစ်သည်။
"ငါလည်း ဆက်မကစားတော့ဘူး"
အခြား ကစားသမားများလည်း သူတို့၏ ချစ်ပြားများကို ယူပြီး ဂိမ်းထဲမှ ထွက်ခွာသွားကြသည်။
သူတို့ ဒိုင်နှင့် ပြဿနာ မတက်ကြပေ။ အပန်းဖြေမြို့တော်ကို လုပ်ကိုင်နိုင်သော တစ်စုံတစ်ယောက်ကို သူတို့ ရန်မစနိုင်မှန်း သိသောကြောင့် ဖြစ်သည်။ ဤနေရာတွင် ပြဿနာများ ရှိနေပါက အလျင်အမြန် ထွက်ခွာသွားခြင်းက ပိုကောင်းသည်။
"ခင်ဗျား ခင်ဗျားရဲ့ လုပ်ရပ်တွေက ကျုပ်တို့ အပန်းဖြေမြို့တော်ရဲ့ နာမည် ဂုဏ်သတင်းကို ထိခိုက်စေပါတယ်။ ခင်ဗျား လုပ်ခဲ့တဲ့ အရာအတွက် တောင်းပန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဒိုင်က ချက်ချင်း ပြောလိုက်သည်။ ဒီကိစ္စကို ကိုင်တွယ်ရန်မှာ သူ၏ တာဝန် မဟုတ်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လုံခြုံရေး တစ်ယောက်မှ မရှိသဖြင့် သူ ဝင်ပြောရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ မဟုတ်ပါက သတင်း ထွက်သွားလျှင် သူ အပြစ်တင် ခံရနိုင်သည်။
"တောင်းပန်ရမယ် ဟုတ်လား။ မင်းက အပန်းဖြေမြို့တော်ကို လိမ်လည်ပြီး ပိုက်ဆံ ခိုးယူဖို့ ကူညီပေးနေတယ်။ ပြီးတော့ မင်းက ငါ့ကို တောင်းပန်ခိုင်းချင်တာလား။ နောက်တစ်ခေါက် ထပ်ပြောကြည့်"
ယန်ကျန့်က သူ့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ခင်ဗျား ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား"
ဒိုင်က သူ၏ တည်ငြိမ်မှုကို ထိန်းထားသည်။
"ကျုပ်တို့မှာ လုပ်ငန်းစဉ် တစ်ခုလုံးကို စောင့်ကြည့် မှတ်တမ်းတင်ထားတာ ရှိပါတယ်။ ပြီးတော့ ကျွန်တော် ယုံကြည်ပါတယ် ကျုပ်တို့ရဲ့ ဥပဒေ ဌာနက ခင်ဗျားဆီကို စာတစ်စောင် ပို့ပေးဖို့ ဝမ်းမြောက်နေမှာပါ"
သူ၏ ပေါက်ပေါက်ဖောက် စကားများကို နားထောင်ရင်း ယန်ကျန့်သည် သူ့ဘေးရှိ ကစားသမား၏ လက်ထဲမှ အမှတ်တစ်သန်းတန် ချစ်ပြားတစ်ခုကို ရုတ်တရက် ဆွဲယူလိုက်ပြီး စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။
"ဘုန်း"
ကျယ်လောင်သော အသံကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း ထိတ်လန့်သွားပြီး ဒိုင်၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ယန်ကျန့်က သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။
ချစ်ပြားမှာ အစိတ်စိတ် အပိုင်းပိုင်း ကြေမွသွားသည်။ သို့သော် အပျက်အစီးများ အကြားတွင် အလွန် သေးငယ်သော ချစ်ပြားလေး တစ်ခု ရှိနေသည်။ သူက ၎င်းကို ညှပ်ယူလိုက်ပြီး ပြောသည်။
"မင်းက ငါ မင်းကို ခြိမ်းခြောက်နေတယ်လို့ ထင်တာလား ဒါမှမဟုတ် မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။ အမှတ်တစ်သန်းတန် ချစ်ပြားတိုင်းမှာ ချစ်ပြား အသေးလေး တစ်ခု ပါဝင်တယ်။ စားပွဲအောက်မှာ အာရုံခံကိရိယာ ရှိတယ်။ ချလိုက်တာနဲ့ လောင်းကြေး ဘယ်လောက်လဲဆိုတာ ချက်ချင်း သိနိုင်တယ်"
"ငါက မူလက သူဌေးကိုပဲ ဒုက္ခပေးချင်ခဲ့တာ။ ဒါပေမဲ့ သူ့လူတွေကလည်း သိပ်မကောင်းတာပဲ။ ဒါပေမဲ့ ဒီလို နည်းလမ်းမျိုးနဲ့ အောက်တန်းကျတဲ့ မင်းတို့လို လူမျိုးတွေကို ကိုင်တွယ်ရတော့ ငါလည်း လက်မနှေးတော့ဘူး"
ထိုသို့ ပြောရင်း သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ သူ၏ လက်ထဲရှိ ချစ်ပြားမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် ဒိုင်က သူ၏ နှာခေါင်းမှ တစ်စုံတစ်ခု စီးကျလာသည်ကို ခံစားလိုက်ရသည်။ ထိကြည့်လိုက်ရာ သူ၏ လက်များ သွေးများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ နှာခေါင်းသွေးယိုနေသည်။ ထိုမျှသာမက သူ၏ ခေါင်းမှာ မူးနောက်လာပြီး အိပ်ချင်လာသည်။
ငါ ဒဏ်ရာ ရသွားတာလား။
ထိုအတွေး သူ၏ ခေါင်းထဲသို့ ဝင်လာသည်။ သို့သော် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ မျက်လုံးများ မှိတ်သွားပြီး လုံးဝ သတိလစ်သွားသည်။
ပတ်ဝန်းကျင်ရှိ အခြားသူများ ချက်ချင်းပင် သံသယများနှင့် မသေချာမှုများဖြင့် ပြည့်နှက်သွားသည်။
အစောပိုင်းက တုံ့ဆိုင်းနေခဲ့သူများ ယခု လုံးဝ ယုံကြည်သွားကြပြီ ဖြစ်သည်။ ဤ တာရှင်း အပန်းဖြေမြို့တော်သည် လိမ်လည်နေခြင်း ဖြစ်သည်။ အာရုံခံကိရိယာများ ပါဝင်သော ချစ်ပြားများဖြင့် ရှင်းပြစရာ နေရာပင် မရှိတော့ပေ။
ခုနက ဆိုးဆိုးရွားရွား ရှုံးသွားသော ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း အရွယ် လူမှာ မျက်နှာ အလွန် တင်းမာသွားပြီး အပန်းဖြေမြို့တော်၏ ကစားစရာ မျောက်တစ်ကောင်လို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ယန်ကျန့်၏ လှုပ်ရှားမှုများကို အာရုံစိုက်နေသော သူဌေးဟဲသည် အလျင်အမြန် ရောက်ရှိလာပြီး ချက်ချင်း ပြောလိုက်သည်။
"ခေါင်းဆောင်ယန် ဘာလို့ ဝန်ထမ်းတွေနဲ့ ဒီလောက် ဖြစ်နေရတာလဲ။ သူတို့က သူတို့ အလုပ် သူတို့ လုပ်နေကြတာပါ။ ပြဿနာ တစ်ခုခု ရှိရင် ခေါင်းဆောင်ယန် ကျွန်တော့ဆီ လာလို့ ရပါတယ်။ ကျွန်တော် စိတ်ကျေနပ်စရာ အဖြေတစ်ခု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ခေါင်းဆောင်ယန်က ကျွန်တော့်ကို စိတ်ရင်းမှန်နဲ့ တောင်းပန်ဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"မလောပါနဲ့။ သူဌေးဟဲ ပေါ်လာရမယ့် အချိန် မရောက်သေးဘူး။ ငါတို့ ကစားဖို့ အချိန် ရှိပါသေးတယ်။ ခင်ဗျား နေရာက တော်တော် ပျော်စရာ ကောင်းတယ်"
ယန်ကျန့်က လှမ်းကြည့်ပြီး ဖြည်းညင်းစွာ ပြောသည်။
သူဌေးဟဲက မျက်နှာ တင်းမာသွားပြီး ယန်ကျန့်က သူ၏ တောင်းပန်မှုကို လက်ခံရန် အစီအစဉ် မရှိပုံရကြောင်း သဘောပေါက်လိုက်သည်။
သူ အနားသို့ တိုးကပ်လိုက်ပြီး အသံ နှိမ့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်ယန် ကျွန်တော့်ကို အခွင့်အရေး ပေးပါလား။ ဒီလောင်းကစားပွဲမှာ ကျွန်တော် ရှုံးကြောင်း ဝန်ခံပါတယ်။ ခေါင်းဆောင်ယန်သာ ကျွန်တော့်ကို ခွင့်လွှတ်ဖို့ ဆန္ဒရှိရင် ကျွန်တော် ခေါင်းဆောင်ယန်ကို ကုမ္ပဏီကနေ ငွေသား ဘီလီယံ တစ်ရာ လက်ဆောင် ပေးဖို့ ဆန္ဒရှိပါတယ်။ ဒီကိစ္စ တစ်ခုလုံးက လုံးဝ နားလည်မှု လွဲတာပါ။ ကျွန်တော် ခုမှ သိလိုက်ရတာ။ တာအောင်းမြို့က လော့ရှန်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တစ္ဆေဆရာ အများအပြားက ခေါင်းဆောင်ယန်ကို ကိုင်တွယ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာပါ။ ကျွန်တော်က နယ်ရုပ်တစ်ခုလို အသုံးချခံခဲ့ရတာ"
"ပြီးတော့ အခု လော့ရှန်းက အပန်းဖြေမြို့တော် အတွင်းထဲမှာ ရှိနေတယ်။ ကျွန်တော် ခေါင်းဆောင်ယန်ကို သူတို့နဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ ခေါ်သွားနိုင်ပါတယ်"
ယန်ကျန့်က မျက်နှာသေဖြင့် ရှိနေပြီး မတုန်လှုပ်ပေ။ သူ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားသည်။
သူဌေးဟဲက ထိုနေရာတွင် ကြောင်ငိုင်စွာ ရပ်နေခဲ့သည်။
ရှောင်တိမ်းတာလား။
ယန်ကျန့်က အခု ငါ့ကို ရှောင်နေတာလား။
မဟုတ်ဘူး မဟုတ်ဘူး။
ဒီ ယန်ကျန့်က ငါ့ကို ဘယ်တုန်းကမှ အရေးပါတဲ့သူလို့ မသတ်မှတ်ခဲ့ဘူး။ တောင်းပန်တာတွေ လျော်ကြေးပေးတာတွေ အမှား ဝန်ခံတာတွေ အားလုံးက အဓိပ္ပာယ် မရှိဘူး။ ပိုက်ဆံတောင် သူ့အတွက် တန်ဖိုး မရှိဘူး။ ဒါက ပိုကြီးမားတဲ့ ကိန်းဂဏန်းတစ်ခု သက်သက်ပဲ ဖြစ်နိုင်တယ်။
သူဌေးဟဲက သူ၏ လက်ကို တင်းတင်း ဆုပ်ထားလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သေးငယ်ပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။
အခြေအနေတွေ ဒီအတိုင်း ဆက်သွားနေရင် သူ သေမှာ သေချာပြီ။
"ခေါင်းဆောင်ယန် ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး ပေးပါ"
သူဌေးဟဲက သွားကြိတ်ရင်း သူ့နောက်သို့ လိုက်သွားသည်။
ယန်ကျန့်က သူ၏ လမ်းကို ပိတ်ဆို့နေသော သူဌေးဟဲကို ကြည့်လိုက်ပြီး သူ့ကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်သွားသည်။
"အသက်ရှင်ချင်တာလား။ စကားလုံးတွေချည်းနဲ့ မလုံလောက်ဘူး။ လုပ်ရပ်တွေပေါ် မူတည်တယ်။ မင်း ငါ့ဆီက အခွင့်အရေး တောင်းချင်တာလား။ ကောင်းပြီ ငါ မင်းကို တစ်ခု ပေးမယ်။ ငါ အတိတ်က ကိစ္စတွေကို မေ့ထားလိုက်လို့ ရတယ်"
"ကျွန်တော် ဘာလုပ်ပေးရမလဲ"
သူဌေးဟဲက ဆက်မေးလိုက်ပြီး ရှင်းမပြနိုင်စွာ စိတ်သက်သာရာ ရသွားသည်။
ယန်ကျန့်က ပြောသည်။
"မင်းက လော့ရှန်းက နောက်ကွယ်ကနေ ပြဿနာ ရှာနေတယ်လို့ ပြောခဲ့တယ်။ သူ့ကို ရှင်းပစ်လိုက် ဒါဆို ငါ မင်းကို ယုံမယ်"
ဘာ……
သူဌေးဟဲ အံ့အားသင့်သွားသည်။
ယန်ကျန့်က ဒီလောက် တိုက်ရိုက် ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ မည်သည့် အခြေအနေမှ မတောင်းဆိုဘဲ သူ့ကို လော့ရှန်းအား ရှင်းပစ်ခိုင်းလိုက်ရုံ သက်သက်သာ ဖြစ်သည်။
"ခေါင်းဆောင်ယန် လော့ရှန်းက တာအောင်းမြို့ရဲ့ အကြီးအကဲလေ။ ဒါက ဒါက တကယ် မဖြစ်နိုင်ဘူး"
သူဌေးဟဲက ပြောသည်။
"ဒါဆို မင်းက ငါ့ကို ကိုင်တွယ်ရ ပိုလွယ်တယ်လို့ ထင်တာလား"
ယန်ကျန့်က သူ့ကို လှမ်းကြည့်လိုက်သည်။
သူဌေးဟဲ သတိ ဝင်လာသည်။
တကယ်ပဲ။
လော့ရှန်းက တာအောင်းမြို့ရဲ့ အကြီးအကဲ သက်သက်ပဲ။ ဒါပေမဲ့ ယန်ကျန့်က ဌာနချုပ်က ခေါင်းဆောင်…. လော့ရှန်းထက် အဆင့်အတန်း မြင့်တယ်။ ဘယ်အခြေခံနဲ့ သူက ယန်ကျန့်ကို ကိုင်တွယ်ရ ပိုလွယ်တယ်လို့ ထင်ခဲ့တာလဲ။
ယန်ကျန့်က အသက် နှစ်ဆယ် ဝန်းကျင် လူငယ်လေး တစ်ယောက် ဖြစ်နေလို့လား။
သူက လော့ရှန်း၏ ထူးဆန်းမှုနှင့် ကြောက်မက်ဖွယ် ကောင်းမှုများကို မျက်မြင် တွေ့ခဲ့ရသော်လည်း ဤ တစ္ဆေမျက်လုံး ယန်ကျန့်၏ ကြမ်းတမ်းမှုကို အမှန်တကယ် မခံစားဖူးသေးပေ။
ထိြအချက်ကို သဘောပေါက်သွားသည်။
သူဌေးဟဲ၏ နဖူးမှ ချွေးစေးများ ထွက်လာသည်။ သူ့အသက်ကို ကယ်တင်ပြီး ဤ ပြင်းထန်သော စမ်းသပ်မှုကို အဆုံးသတ်ရန် လော့ရှန်းကို ရှင်းပစ်ဖို့ နည်းလမ်း ရှာလိုသော စိတ်များ အမှန်တကယ် ပေါ်ပေါက်လာသည်။
သို့သော် သူ၏ ကျိုးကြောင်းဆီလျော်မှုက သူ့ကို စိတ်လိုက်မာန်ပါ ဖြစ်ပြီး ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန် ကြီးမားကြောင်း ပြောပြနေသည်။
ရှေ့သို့ ဆက်လျှောက်နေသော ယန်ကျန့်သည် ရုတ်တရက် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူ လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ပို တိတိကျကျ ပြောရလျှင် အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ယန်ကျန့်သည် အမျိုးသမီးတစ်ယောက်ကို မြင်ရုံဖြင့် လမ်းလျှောက် ရပ်တန့်တတ်သူ မဟုတ်ပေ။ သို့သော် ထိုအမျိုးသမီး၏ အသွင်အပြင်မှာ အတော်လေး ထူးခြားနေသည်။ သူ သူမကို တစ်နေရာရာတွင် မြင်ဖူးသလို ထင်လိုက်မိသည်။ မဟုတ်ဘူး သူ ထိုမျက်နှာကို လက်တွေ့တွင် မမြင်ဖူးပေ။ ဓာတ်ပုံတစ်ပုံထဲတွင် ပန်းချီကားတစ်ချပ်ထဲတွင်သာ မြင်ဖူးသည်။
၎င်းသည် တစ္ဆေဗီရိုထဲမှ ဓာတ်ပုံတစ်ပုံမှ တစ္ဆေအရိပ်ပေါ်မှ ပန်းချီကားမှ အစပြုခဲ့သည်။
အပြစ်အနာအဆာ ကင်းပြီး ထူးဆန်းလုနီးပါး ဖြစ်နေသော အမျိုးသမီး ပုံတူတစ်ခု….
သူ ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်ပြီး အလိုလို တင်းမာသွားသည်။ သူမသည် တစ္ဆေ ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ ဖြစ်နေသည်။
သို့သော် အမျိုးသမီး၏ ဝတ်စားဆင်ယင်မှုက သူ၏ ထင်ယောင်ထင်မှား ဖြစ်မှုကို ပယ်ဖျက်လိုက်သည်။
အမျိုးသမီးသည် ဂါဝန်နှင့် ဒေါက်မြင့် ဖိနပ်များ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှု ရှိသလို အပြစ်ကင်းစင်သော ပုံစံလည်း ရှိကာ အလွန် ဆွဲဆောင်မှု ကောင်းနေသည်။
"တစ္ဆေ ပန်းချီကားထဲက အမျိုးသမီးနဲ့ တစ်ပုံစံတည်း တူတဲ့သူ"
ယန်ကျန့်သည် ချက်ချင်း လှုပ်ရှားလိုက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
သူ အမျိုးသမီး၏ ရှေ့တွင် ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ မီးများ မှိတ်တုတ် မှိတ်တုတ် ဖြစ်သွားပြီး သဘာဝလွန် စွမ်းအားက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို နှောင့်ယှက်လိုက်သည်။
အေးစက် တောင့်တင်းသော လက်တစ်ဖက်က အမျိုးသမီး၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မြှောက်တင်လိုက်သည်။ ထိုလည်ပင်းကို ကြေမွသွားစေနိုင်လောက်သော အားဖြင့် ဖြစ်သည်။
"မင်း ဘယ်သူလဲ"
ယန်ကျန့်၏ မျက်လုံးများက အနီရောင် အလင်းတန်း ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေပြီး သူ၏ အငွေ့အသက်မှာ အေးစက်ကာ အန္တရာယ်များပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။
"ယွဲ့လျန်"
သူဌေးဟဲ အော်လိုက်သည်။
ထိုအမျိုးသမီးမှာ ဟဲယွဲ့လျန် ဖြစ်ပြီး သူ၏ တရားမဝင် သမီး ဖြစ်သည်။ သူမ၏ အထောက်အထားက အထူးတလည် မရှိပေ။ တစ်ခုတည်းသော ခြွင်းချက်မှာ သူမ၏ ထူးကဲစွာ လှပသော မျက်နှာ ဖြစ်သည်။
မရေမတွက်နိုင်သော ယောက်ျားများသည် ထိုမျက်နှာကြောင့် လုံးဝ စွဲလမ်းသွားခဲ့ကြသည်။
သို့သော် ယန်ကျန့်က ဟဲယွဲ့လျန်ကို မြင်လိုက်သည်နှင့် ထိုသို့ ပြုမူလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ သူမကို လည်ပင်း ညှစ်သတ်ရန်ပင် ကြိုးစားလိမ့်မည်ဟု မထင်ထားပေ။
"မင်း စကားမပြောဘူး ဆိုရင်လည်း ရတယ်။ ငါ မင်းရဲ့ မှတ်ဉာဏ်တွေကို ယူလိုက်မယ်"
ယန်ကျန့်၏ နောက်ကွယ်ရှိ အရိပ်က လှုပ်ရှားလာပြီး ထူးဆန်းစွာ လူးလွန့်လာသည်။ မြေပြင်တစ်လျှောက်မှ ဟဲယွဲ့လျန်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။
ဟဲယွဲ့လျန်၏ မျက်နှာမှာ နီရဲလာသည်။ သူမ ရုန်းကန်ရန် ကြိုးစားသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ခံစားမှု အားလုံး ပျောက်ဆုံးနေပြီ ဖြစ်ပြီး မခုခံနိုင်တော့ပေ။
"ဒီလူက ကောလာဟလတွေထဲက တစ္ဆေမျက်လုံး ယန်ကျန့်လား"
သူမ အသက်ရှူကျပ်မှုကို ကြံ့ကြံ့ခံရင်း သူမ၏ ရှေ့မှ လူကို ခွဲခြား ကြည့်ရှုလိုက်သည်။
ငယ်ရွယ်သည် အေးစက်သည် ထုံထိုင်းနေသည်။ မကြုံဖူးသော ဖိနှိပ်မှု အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူ့ကို ရင်ဆိုင်ရသည်မှာ တစ္ဆေတစ်ကောင်ကို ရင်ဆိုင်နေရသလိုပင်။ မဟုတ်ဘူး တစ္ဆေတစ်ကောင်ထက်ပင် ပို ကြောက်စရာ ကောင်းသည်။
တစ္ဆေအရိပ်က ဟဲယွဲ့လျန်ကို ကျူးကျော် ဝင်ရောက်နေသည်။
ယန်ကျန့်က သူမ၏ မှတ်ဉာဏ်များကို ရယူလိုပြီး အမျိုးသမီး၏ ဇာစ်မြစ်ကို နားလည်လိုသည်။
ထိုအမျိုးသမီးသည် တစ္ဆေ ပန်းချီကားထဲမှ အမျိုးသမီးနှင့် အဘယ်ကြောင့် တစ်ပုံစံတည်း တူနေရသည်ကို သူ ရှာဖွေရန် လိုအပ်သည်။