ဧကရာဇ်လည်း ဇနီးလေးကို ချော့နေရပြီ
Vol. 39 Ch. 574
"ငါ အဝတ်သွားလဲလိုက်ဦးမယ်"
စူးချင်းက ပိတ်ကြမ်းအင်္ကျီကို ၀တ်ဆင်ထားပြီး ထိုအင်္ကျီက လမ်းလျှောက်ရန် ခက်ခဲသည့် နန်းတွင်းအဝတ်အစားများနှင့် မတူဘဲ သူမကို သက်တောင့်သက်သာ ဖြစ်စေသည်။ ထိုအဝတ်အစားများနှင့် အလုပ်လုပ်ရခြင်းက ပင်ပန်းနွမ်းနွယ်မှုကို သက်သာစေသော်လည်း သူမ၏ဖခင်ဖြစ်သူကို သွားတွေ့ချိန်တွင်တော့ ထိုဖျင်အင်္ကျီကြမ်းကို ဝတ်သွားရန် မသင့်တော်ပေ။ ဧကရီ၏ အဆင့်အတန်းနှင့် ကိုက်ညီသော နန်းတော်ဝတ်စုံကို မဝတ်လျှင်ပင် သန့်ရှင်းပြီး လှပနူးညံ့သော ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုး ၀တ်စားဆင်ယင်ရန် လိုအပ်နေသေးသည်။
စူးချင်းက သူမ၏စိတ်ထဲတွင် မကြည်မသာ ဖြစ်နေသောကြောင့် ဧကရီ၏ဝတ်စုံကိုလည်း မဝတ်ချင်တော့ပေ။ ထိုအစား သူမက သူမ တန်းဖိုးကြီးကြီးဖြင့် ရောင်းချရန် ယက်လုပ်ထားသည့် ပိုးသားဖြင့် ချုပ်ထားသော ၀တ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ မူလက ရောင်းချရန် ပြင်ဆင်ထားသော ဝတ်စုံ ဖြစ်သော်လည်း ယခု သူမဘာသာ ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
ပိုးသားက ပျော့ပျောင်းပြီး ပေါ့ပါးသော်လည်း လှပသည့်အပြင် တောက်ပကြည်လင်နေသေးသည်။ ထိုဝတ်စုံက သူမနှင့်အသားအရေနှင့်လည်း လိုက်ဖက်လွန်းပြီး သူမကို နတ်သမီးလေးနှင့် တူသွားစေသည်။ ဝတ်စုံ၏အရောင်ကလည်း စူးချင်း အကြိုက်ဆုံး အစိမ်းဖျော့ရောင် ဖြစ်သည်။ ပြေပြစ်ပြီး ကျက်သရေရှိသော်လည်း အနည်းငယ် အေးစက်ဟန်ရှိသည့် ထိုအရောင်က သူမ၏အေးစက်ပြီး သီးသန့်ဆန်သော စိတ်နေစိတ်ထားနှင့် အထူးလိုက်ဖက်ညီနေပြန်သည်။
စူးချင်းက သူမ၏ဆံပင်ကို ဘာမှ အထူတလည် မပြင်ဆင်တော့ဘဲ ပေါ့ပေါ့ပါးပါးသာ ထုံးဖွဲ့လိုက်သည်။ သူမ ဧကရီ မဖြစ်ချင်တော့သည့်အတွက် ဧကရီ၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်တော့ပေ။
ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယောင်းမဖြစ်သူကို မြင်လိုက်ရချိန်တွင် ရှောင်းလန်ရှင်း၏ မျက်လုံးလေးများက တောက်ပလာသည်။
အိုး လှလိုက်တာ။ ယောင်းမက အရမ်းလှတာပဲ၊ ကိုယ်ဝန်ရှိနေတာတောင် ယောင်းမရဲ့ အလှက သာမန်လူတွေ ယှဉ်ပြိုင်နိုင်တဲ့အလှမျိုး မဟုတ်ဘူး။
သူမရဲ့ယောင်းမက ထူးမြတ်တဲ့ ဖီးနစ်ငှက်လို တောက်ပကြော့ရှင်းပြီး ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့သူလေ။
“ယောင်းမ၊ ဒီဝတ်စုံက ယောင်းမနဲ့ အရမ်းလိုက်ဖက်တယ်”
ရှောင်းလန်ရှင်းက ယောင်းမဖြစ်သူကို စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။ သူမက သူမ၏ယောင်းမကို နှစ်သက်သဘောကျသည့်အပြင် အလွန်လည်း လေးစားယုံကြည်လှသည်။ သူမ၏အမြင်တွင် ဤကမ္ဘာပေါ်ရှိ မည်သည့်အမျိုးသမီးကမှ သူမ၏ယောင်းမနှင့် မယှဉ်နိုင်သလို သူမ ခံစားရသည်။
“ငါ မင်းအတွက်လည်း တစ်စုံ ချုပ်ပေးထားတယ်။ မင်း လက်ထပ်တဲ့အချိန်ရောက်ရင် လက်ဆောင်ပေးမယ်"
စူးချင်းက ရှောင်းလန်ရှင်း၏ ချစ်စဖွယ်မျက်လုံးတောက်တောက်လေးများကို မြင်လိုက်ပြီး စိတ်အခြေအနေ ပိုကောင်းလာသည်။ သူမက ရှောင်းလန်ရှင်းနှင့်စကားပြောရင်း ပြန်ပြုံးနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် စူးချင်း ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းလန်ရှင်းလည်း ပျော်ရွှင်သွားရသည်။ သူမက စူးချင်း၏လက်ကို ဆုပ်ကိုင်ကာ ချွဲနွဲ့လိုက်သည်။
"ယောင်းမ... ဘာတွေ လျောက်ပြောနေတာလဲ? ညီမက အိမ်ထောင်မပြုတော့ဘဲ ယောင်းမနောက်ကိုပဲ တစ်သက်လုံး လိုက်တော့မှာ"
“ကောင်းပြီ ဒါဆို ငါ မင်းအစ်ကိုကြီးကို ရှင်းပြီးရင်…”
စူးချင်းက အမှတ်တမဲ့ ပြောလိုက်ပြီးမှ သူမ ပြောနေသည့်အကြောင်းကို ပြန်သတိရသွားကာ သူမ၏စကားများကို ပြန်မျိုချလိုက်သည်။
"အစ်ကိုကြီးနဲ့ ဘာကို ရှင်းမှာလဲ?"
ရှောင်းလန်ရှင်းက မသိဟန်ဆောင်ကာ စူးချင်းက ရည်ရွယ်ချက်ရှိရှိ ပြန်မေးလိုက်သည်။
သူမ သူတို့ကြားထဲက ဒီကြိုးထုံးကို ဖြည်ပေးမှ ဖြစ်မယ်။ သူမရဲ့ယောင်းမ မပျော်မရွှင် ဖြစ်နေတာကို မြင်နေရရုံနဲ့ သူမရဲ့နှလုံးသားလည်း နာကျင်ရတယ်။
သူမက ယောင်းမရဲ့ မာနအပြည့်နဲ့ ယုံကြည်မှုတွေ လျှံထွက်နေတဲ့ အကြည့်လေးတွေကိုပဲ သဘောကျတယ်။ သူမရဲ့ယောင်းမ စိတ်မချမ်းမသာ ဖြစ်နေတာကို မမြင်ချင်ဘူး။
"ဘာမှ မဟုတ်ပါဘူး။ အဓိပ္ပါယ် မရှိတဲ့ စကားတွေ မပြောနဲ့တော့။ မင်း အိမ်ထောင်မပြုတော့ဘူးဆိုရင် တတိယမင်းသားက မင်းကို ပြန်တောင်းဖို့ ငါ့နောက်ကို လိုက်လာလိမ့်မယ်"
စူးချင်း၏ မျက်နှာပေါ်မှ အပြုံးများက ပျောက်ကွယ်သွားပြီး သူမက အားတင်းကာ ပြောနေဟန်ဖြင့် တိုးတိုးလေးပြောလိုက်သည်။
"ယောင်းမ၊ မနက်ဖြန်ကျရင် နန်းတော်ကနေ ထွက်ပြီး လျောက်လည်ကြရအောင်"
ယောင်းမဖြစ်သူ မပျော်တော့မှန်း နားလည်လိုက်သောကြောင့် ရှောင်းလန်ရှင်းက အကြောင်းအရာကို အမြန်ပြောင်းလိုက်ပြီး သူမ၏အစ်ကိုကြီးအကြောင်း ထပ်မပြောရဲတော့ပေ။
သူမတို့နှစ်ယောက် စကားပြောလာရင်း ရန်ရှင်းနန်းတော်ခန်းမဘက်သို့ ရောက်လာကြသည်။ မိန်းမစိုးက သတင်းပို့ရန် ဝင်သွားပြီး စူးချင်းက သူ့ကို စိုက်ကြည့်နေကာ သူမ၏မျက်ခုံးများ စုကျုံလာပြီး စိတ်ပျက်ဟန်ပေါ်လာပြန်သည်။
ဒီရှုပ်ထွေးတဲ့ ကျင့်ဝတ်ဓလေ့တွေက သူမကို အရမ်း စိတ်အနှောက်အယှက်ဖြစ်စေတယ်။
“နောက်ဆိုရင် ဧကရီမယ်မယ် အပြင်မှာ စောင့်နေရတာမျိုးဖြစ်အောင် မလုပ်နဲ့၊ အတွင်းထဲကို တစ်ခါတည်း ဖိတ်ခေါ်ခဲ့”
စူးချင်းမပါလာဘဲ မိန်းမစိုးသာ သတင်းပို့ရန် ဝင်လာသည်ကို မြင်လိုက်သည်နှင့် ရှောင်းကျဲယွိ၏မျက်နှာက မည်းမှောင်သွားသည်။ စူးချင်း အပြင်တွင် ရှိနေကြောင်း သိသွားမှ သူက နောက်ပိုင်းတွင် သတင်းမပို့ရန် အမိန့်ထုတ်လိုက်သည်။
“အမိန့်တော်မြတ်အတိုင်းပါ”
မိန်းမစိုးက ကမန်းကတန်း ဒူးထောက်ပြီး အမိန့်ကို နာခံကြောင်း တုံ့ပြန်လိုက်သည်။ စူးဟန်ရွှမ်က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်နေပြီး သူ့မျက်လုံးများတွင် ကျေနပ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဧကရာဇ်က ချင်းအာအပေါ် အရမ်းကောင်းမွန်လွန်းတယ်။
မိန်းမစိုးက စူးချင်းကို ဖိတ်ခေါ်ရန် ပြန်ထွက်သွားပြီး စူးချင်းက စိတ်တိုနေပြီ ဖြစ်သည်။ သူမ ရန်ရှင်းနန်းတော်ခန်းမထဲသို့ ဝင်လာခဲ့သော်လည်း သူမ၏အမူအရာက နှစ်ထောင်ပေါင်းများစွာ အရည်မပျော်ခြင်းနိုင်သည့် ရေခဲတောင်ပေါ်များပေါ်မှ ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်နေလေသည်။
"ဧကရီမယ်မယ်ကို နှုတ်ခွန်းဆက်သပါတယ်"
စူးဟန်ရွှမ်က သင့်တော်သော ကျင့်ဝတ်အားလုံးကို အပြည့်အဝ လိုက်နာနိုင်သူ ဖြစ်သည်။ သူတို့က အဖေနှင့်သမီး ဖြစ်သော်လည်း သူတို့အဆင့်အတန်းကြောင့် စူးချင်းကို သူ့ကလေးအဖြစ် မပြောဆိုခင် သင့်တင့်သော ကျင့်ဝတ်အတိုင်း အရင်နှုတ်ဆက်လိုက်သည်။
စူးချင်းက ဖခင်ဖြစ်သူဆီသို့ အမြန်လျောက်သွားပြီး သူ့ကို ပြန်ဆွဲထူကာ သူမက ပြန်ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“အဖေ၊ အဖေက သမီးရဲ့အဖေလေ။ နောက်လည်း ဦးညွှတ်စရာ မလိုဘူး”
“ချင်းအာ၊ သင့်တော်တဲ့ ကျင့်ဝတ်တွေကို ပစ်ပယ်လို့မရဘူး။ ဒါက မော့ချန်က စူးအိမ်တော် မဟုတ်ဘူး။ တော်ဝင်နန်းတော်”
စူးဟန်ရွှမ်က သူ့သမီး လက်ရှိအခြေအနေကို နားလည်စေနှင့် သူတို့ မော့ချန်၏ စူးအိမ်တော်၌ ရှိနေစဥ်ကအတိုင်း မပြုမူရန် သတိပေးလိုက်သည်။
“ဒါက တော်ဝင်နန်းတော်ဆိုရင်တောင် ဘာလုပ်ရမှာလဲ?”
ဖခင်ဖြစ်သူ၏ စကားများက စူးချင်း၏နှလုံးသားအတွင်းမှ ပုန်ကန်မှုများကို ပိုနိုးကြားလာစေခဲ့သည်။ သူမက ရှောင်းကျဲယွိကို အေးစက်စွာ စိုက်ကြည့်ရင်း ဖခင်ဖြစ်သူကို ပြန်မေးလိုက်သည်။ သူမ၏ အသံမှာပင် မာနနှင့် စိန်ခေါ်မှုများ ပြည့်နှက်နေသည်။
ရှောင်းကျဲယွိက စူးချင်း၏ အကြည့်ကြောင့် ပို၍ ခါးသီးလာသလို ခံစားနေရသည်။
ဒါက သူ တောင်းဆိုတာ မဟုတ်ဘဲ သူ့ယောက္ခမက သူ့ဘာသာသူ အတင်းဦးညွှတ်ချင်နေတာလေ။
"တော်ဝင်နန်းတော်မှာ နန်းတော်ရဲ့စည်းမျဉ်းတွေ ရှိတယ်"
စူးဟန်ရွှမ်က စိတ်တိုလာပြီး သူ့သမီးကို ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
ချင်းအာ လက်မထပ်ခင်မှာ သူမကို သေသေချာချာ မသင်ပေးနိုင်ခဲ့တဲ့အတွက် သူ အခု နောင်တရနေမိပြီ။ လက်ရှိမင်းဆက်မှာ အမျိုးသားတွေက အမျိုးသမီးတွေထက် သာလွန်ပြီး အမျိုးသားတွေက အမျိုးသမီးတွေရဲ့ကောင်းကင်ကြီးပဲ။ ချင်းအာက ဒီရှုထောင့်ကို သတိမထားမိဘူးလား?
"သမီးက အဲ့စည်းမျဥ်းတွေကို မလိုက်နာဘူးဆိုရင် ဘယ်သူက သမီးကို တားဆီးနိုင်မှာလဲ?"
ရှောင်းကျဲယွိကို မော့ကြည့်နေသည့် စူးချင်း၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏မျက်ခုံးများက ပင့်တက်လာကာ သူမ၏ အကြည့်များကလည်း မာန်အပြည်ဖြင့် စူးရှလာသည်။
"ဟုတ်တယ်၊ တကယ်တော့ ဒီအဓိပ္ပါယ်မရှိတဲ့ စည်းမျဥ်းတွေက လုံးဝ မလိုအပ်ဘူး"
ရှောင်းကျဲယွိ၏ အသက်ရှင်လိုသော ဆန္ဒက အလွန်ပြင်းထန်နေပြီး သူက သူ့မိန်းမကို ပြန်ချော့ချင်သော်လည်း သူ့ယောက္ခမ၏စကားများက သူနှင့် သူ့ဇနီးကြားမှ အကွာအဝေးကို ပိုကျယ်ပြန့်လာစေမှန်း သူ နားလည်သွားခဲ့သည်။
ရှောင်းကျဲယွိ၏ စကားက စူးချင်း၏ပင့်တက်နေသော မျက်ခုံးကို အနည်းငယ် ပြေလျော့သွားစေပြီး သူမ၏ နှလုံးသားထဲမှ ရန်လိုမှုကလည်းထက်ဝက်လောက် လျော့ကျသွားသည်။
စူးချင်း၏ အမူအရာ ပြေလျော့သွားသည်ကို မြင်လိုက်ရမှ ရှောင်းကျဲယွိလည်း သက်ပြင်းချနိုင်တော့သည်။
သူ သူ့ယောက္ခမကို စစ်ကူခေါ်မိတာ မှားသွားပြီ။ အဲဒါက အခြေအနေတွေကို ပိုဆိုးလာစေတယ်။
စူးဟန်ရွှမ်လည်း ရှောင်းကျဲယွိ သူ့သမီးအပေါ် မည်မျှ ချစ်ခင်ပြီး မည်မျှ အလိုလိုက်သည်ကို သူ့မျက်လုံးများဖြင့် မြင်ခွင့်ရလိုက်သည်။ ထိုအရာက သူကို ပျော်ရွှင်မှုနှင့် စိုးရိမ်ပူပန်မှု နှစ်မျိုးလုံး တပြိုင်တည်း ခံစားရစေသည်။
အခု ချင်းအာက သူမဘဝရဲ့ အတောက်ပဆုံးအချိန်မှာ ရှိနေပြီး သူမရဲ့မျက်နှာကလည်း အရမ်း လှပနေတာလေ။ အဲတော့ ရှောင်းကျဲယွိက သူမကို ချစ်ခင်မြတ်နိုးပြီး အရမ်းအလိုလိုက်တာ သဘာဝပဲ။ ဒါပေမယ့် နောင်အနာဂတ်မှာ သူမရဲ့မျက်နှာက အိုမင်းရင့်ရော်လာဦးမှာလေ၊ သူမက ဘာကြောင့် ဧကရာဇ်ကို မထီမဲ့မြင် ပြုနိုင်ရတာလဲ? ဒီနေ့ သူမရဲ့လုပ်ရပ်တွေက ဧကရာဇ် သူမကို သဘောမကျတော့တဲ့နေ့ သူမကို ဧကရီရာထူးကနေ ဖယ်ရှားဖို့ အကြောင်းပြချက်ကောင်းတွေ ဖြစ်လာလိမ့်မယ်။
"ချင်းအာ၊ လာ ဒီမှာ မြန်မြန်ထိုင်ပြီး အနားယူလိုက်နော်"
ရှောင်းကျဲယွိက သူ့စကားကို တည်ရုံသာမက ငဲ့ညှာထောက်ထားတတ်သူလည်း ဖြစ်သည်။ သူက မိန်းမစိုးများနှင့် နန်းတွင်းအစေခံများရှေ့များပင် စူးချင်းကို ကူတွဲပေးပြီး ထိုင်ရန် ကူညီပေးနေခဲ့သည်။ လက်ရှိအချိန်တွင် သူက သူ့ဇနီးကို ဂရုစိုက်တတ်သော သာမာန်ခင်ပွန်းကောင်းတစ်ယောက်သာ ဖြစ်သည်။
စူးချင်းက ရှောင်းကျဲယွိ သူမကို မျက်နှာလုပ်ပြီး သူမ ကျေနပ်စေရန် ကြိုးစားနေမှန်း သိသော်လည်း အေးစက်နေမြဲဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူမက သူမလက်ကို ကိုင်ထားသည့်သူ့လက်ကို ဖယ်မချခဲ့ပေ။
"ချင်းအာ၊ ကိုယ် ဒီနေ့ ကျိုးဝမ်ကို သင်ခန်းစာပေးပြီးပြီ။ မင်း စိတ်ဆိုးပြေသွားအောင် အဲ့အကြောင်းကို နားထောင်ချင်လား?"
ရှောင်းကျဲယွိက စူးချင်း ထိုင်နိုင်ရန် ကူညီပေးပြီးမှ သူ ကျိုးဝမ်ကို မည်သို့ ကိုင်တွယ်ခဲ့ကြောင်း စူးချင်းအား ပြောပြလိုက်သည်။
ရှောင်းကျဲယွိ၏စကားများက စူးချင်း၏မျှော်လင့်ချက်နှင့် လုံးဝကို လွဲချော်နေခဲ့သည်။
သူ မှူးမတ်တွေကိုပါ မောင်းမမိဿံ ယူခွင့်မပေးတော့ဘူးလား? ဒါပေမယ့် ဒါက သူမရဲ့စိတ်ထဲက ဒေါသတွေကို တစ်ဝက်ကျော်လောက် လျော့ကျသွားစေတယ်။ သူက မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြလိုက်တာပဲ။ နောက်ဆိုရင် ဘယ်သူက ဧကရာဇ်ကို ကိုယ်လုပ်တော်ယူဖို့ လျှောက်တင်လွှာ တင်သွင်းရဲတော့မှာလဲ? လျှောက်တင်လွှာတင်ရဲတဲ့ ဘယ်သူမဆို အပြစ်ပေးခံရမှာ သေချာသွားပြီ။
"ချင်းအာ၊ ယွိအာက တကယ်ကို လူကောင်းလေးပါ”
စူးဟန်ရွှမ်က သူ့သမက်အတွက် စကားပြောပေးနေပြီး သူ့သမီးအား သမက်ဖြစ်သူကို တန်ဖိုးထားရန် တိုက်တွန်းနေသည်။
"အဖေ၊ သမီး အမေနဲ့ ရှောင်ချန့်ကို လွမ်းတယ်။ ဒီရက်ပိုင်းမှာ အိမ်ကို ခဏလောက် ပြန်နေချင်တယ်"
စူးချင်းက သူမအမေ၏အိမ်သို့ ရက်အနည်းငယ် ပြန်သွားကာ အေးအေးဆေးဆေး စဥ်းစားရန် အချိန်ယူဖို့ တွေးနေခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?"
စူးဟန်ရွှမ်က အထိတ်တလန့် ထအော်လိုက်သည်။
သူ့သမီးက လုံးဝကို မိန်းမ မပီသဘူး။ ဘယ်လိုကြောင့် ခင်ပွန်းသည်ကို ထားခဲ့ပြီး မိဘအိမ်ကို ပြန်ချင်နေရတာလဲ?
"ဘာလို့ မဖြစ်နိုင်ရတာလဲ? သမီး လက်ထပ်လိုက်တာနဲ့ သမီးတို့က မိသားစုတွေ မဟုတ်တော့ဘူးလား?"
စူးချင်းအတွက်လည်း သူမ ခက်ခက်ခဲခဲ ပြန်စုဆောင်းထားသော စိတ်အခြေအနေကောင်းလေး ပျောက်ကွယ်သွားရပြန်သည်။
သူမရဲ့အဖေက ဒီလောက် ရှေးရိုးစွဲဆန်တာကို သူမ အရင်တုန်းက ဘာကြောင့် သတိမထားမိခဲ့တာတုန်း?
"ချင်းအာ၊ မင်း ပြန်ချင်တယ်ဆိုရင် နောက်တစ်ရက်နှစ်ရက်နေပြီးတာနဲ့ ကိုယ် မင်းကို လိုက်ပို့ပေးမယ်လေ ဟုတ်ပြီလား?"
ရှောင်းကျဲယွိက စူးချင်းကို အလျင်အမြန် ချော့ပြောလိုက်သည်။
သူ သူမ ဘယ်တော့မှ ပြန်မလာတော့မှာကို စိုးရွံ့နေပြီး သူမကို တစ်ယောက်တည်း သွားခွင့်မပေးနိုင်ဘူး။
"မလိုပါဘူး၊ ဧကရာဇ်က ကိုယ်လုပ်တော် ရွေးချယ်ဖို့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား?"
စူးချင်းက သူ့ကို စိုက်ကြည့်နေပြီးမှ မျက်စောင်းထိုးကာ အကြည့်လွှဲသွားသည်။
“ချင်းအာ၊ ကိုယ် မှူးမတ်တွေကိုတောင် ကိုယ်လုပ်တော် ယူခွင့်မပေးတော့ဘူးလေ။ ကိုယ်က ဧကရာဇ်အနေနဲ့ စံနမူနာပြသင့်တာမဟုတ်ဘူးလား?”
စိုးရွံ့နေဆဲဖြစ်သည့် ရှောင်းကျဲယွိက သူ၏ ရိုးသားမှုကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။
တကယ်လို့ သူက မှူးမတ်တွေကို မောင်းမမိဿံ ယူခွင့်မပေးဘဲ သူ မောင်းမမိဿံယူကြည့်ပါလား? ဘယ်မှူးမတ်ကမှ အဲ့အမိန့်ကို ကြည်ကြည်ဖြူဖြူ နာခံတော့မှာ မဟုတ်ဘူး။
ရှောင်းကျဲယွိ၏ ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချင်း၏ဒေါသများက လုံးဝ ပြေပျောက်သွားပြီ ဖြစ်သည်။
သူမ၏ကိုယ်ဝန်ကြောင့် ဖြစ်နိုင်ပြီး သူမ၏စိတ်ခံစားချက်များက အလွန်အမင်း ပြောင်းလဲလွယ်ကာ အတွေးလွန်တတ်သည့်အကျင့်လည်း ပေါ်လာသည်။
"ချင်းအာ၊ ယွိအာက ဒီလောကကြီးမှာ ရှာတွေ့ဖို့ခက်တဲ့ လူကောင်းတစ်ယောက်ပါ"
"ဘယ်လိုလုပ်ပြီး ရှာတွေ့ဖို့ ခက်မှာလဲ? အဖေနဲ့ ဦးလေးမှာ ဘယ်သူက ကိုယ်လုပ်တော်ယူခဲ့လိုလဲ? အဖေတို့ နှစ်ယောက်လုံး ဒီတစ်သက်မှာ ဇနီးတစ်ယောက်ကိုပဲ ချစ်ပါမယ်လို့ ကတိသစ္စာပြုထားတာ မဟုတ်ဘူးလား? သူက ဘာလို့ အဲ့အတိုင်း မလုပ်နိုင်ရမှာတုန်း"
စူးချင်းက ဖြစ်သင့်သည့်အကြောင်းအရာကို ပြောနေသလို ခပ်ပေါ့ပေါ့ ပြောနေပြီး ရှောင်းကျဲယွိက ကမန်းကတန်း ဝင်ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ ချင်းအာ ပြောတာမှန်တယ်။ ကိုယ် ယောက္ခမနဲ့ ဦးလေးဆီကနေ သင်ယူပြီး ဆံဖြူသွားကျိုးတဲ့အထိ ချင်းအာနဲ့အတူတူ အသက်ကြီးသွားချင်တယ်"
စူးချင်းက ရှောင်းကျဲယွိကို စိုက်ကြည့်လိုက်ပြန်သည်။ ယခုတကြိမ်တွင်တော့ သူမ၏အကြည့်များက ယခင်ကလို စူးရှမနေတော့ဘဲ နူးညံ့သိမ်မွေ့သည့် အရိပ်အယောင်များ ရောပါလာသည်။ ထိုအကြည့်က ရှောင်းကျဲယွိ၏ နှလုံးသားကို ရွှင်လန်းစေပြီး ပန်းများ ပွင့်လန်းလာသလို ခံစားရစေကာ သူ့စိတ်လည်း အနည်းငယ် ပြန်ပေါ့ပါးသွားရသည်။
ချင်းအာ ဒီည သူ့ဆီကို ပြန်ပြောင်းလာနိုင်လောက်တယ်မလား?
"အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ ရွှမ်ဝူစစ်စခန်းမှာ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်"