← Chapters

ရန်သူကို ထောင်ချောက်ထဲသို့ ဖိတ်ခေါ်ခြင်း

Vol. 39 Ch. 575

ရန်သူကို ထောင်ချောက်ထဲသို့ ဖိတ်ခေါ်ခြင်း

Vol. 39 Ch. 575

“ဝင်စေ”

ရွှမ်ဝူစစ်စခန်းဟု ကြားလိုက်ရသောကြောင့် ရှောင်းကျဲယွိ၏အမူအရာက ချက်ချင်း လေးနက်သွားပြီး သတင်းလာပို့သူကို ချက်ချင်း ဝင်ခွင့်ပြုလိုက်သည်။

စူးချင်းကလည်း ရှောင်းကျဲယွိနှင့် ငြင်းခုံမနေတော့ဘဲ သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

နောက်ဆုံးတော့ ကြွက်တွေက လှုပ်ရှားလာပြီပေါ့။

မိန်းမစိုးတစ်ယောက်က ရွှမ်ဝူစစ်စခန်းမှ အစောင့်တပ်မှူးကို ရန်းရှင်းနန်းတော်ခန်းမဆောင်ထဲသို့ ခေါ်ဆောင်လာပြီး ထိုလူက အထဲသို့ ရောက်ရောက်ချင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ လျှောက်တင်လိုက်သည်။

“အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ မနေ့ညက ရွှမ်ဝူစစ်စခန်းထဲကို ကျုးကျော်လာတဲ့ သူလျှိုတစ်ယောက် ဖမ်းမိခဲ့ပါတယ်”

“သူ့ကို ခေါ်လာခဲ့”

ရှောင်းကျဲယွိက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အမိန့်ပေးလိုက်သည်။

သူက သူတို့အတွက် လုံးဝ မရုန်းထွက်နိုင်တဲ့ ပိုက်ကွန်တစ်ခု တပ်ဆင်ထားပြီး သူတို့ ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေခဲ့ရတာလေ။

"သူက သူ့ကိုယ်သူ သတ်သေသွားပါပြီ"

တပ်မှူးက ရှက်ရွံ့စွာဖြင့် ခေါင်းငုံရင်း ပြန်ဖြေလိုက်သည်။

အဓိကပြသနာက သူတို့ သူလျှိုကို အပြည့်အဝ မထိန်းသိမ်းနိုင်သေးခင်မှာ အဲ့လူက အဆိပ်သောက်ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပဲ။ သူ့ပါးစပ်ထဲက အဆိပ်ကို ရှာဖို့တောင် အချိန်မရလိုက်ဘူး။

“အလောင်းကို ဒီနေရာကို သယ်လာခဲ့၊ ပြီးတော့ အနက်ရောင်၀တ်လူတွေ ပျောက်ဆုံးနေလားဆိုတာ စောင့်ကြည့်ထား။ စုံစမ်းစစ်ဆေးတဲ့ကိစ္စကိုလည်း သူတို့ သတိမထားမိစေနဲ့”

စူးချင်းက ဘေးမှ ဝင်ပြောလိုက်သည်။ စူးချင်းက သူအတွက် တိုင်းရေးပြည်ရာများ ပြန်ဖြေရှင်းပေးရန် ဆန္ဒရှိလာသည့်အတွက် ရှောင်းကျဲယွိ အလွန်ပျော်ရွှင်သွားရသည်။

ဆိုလိုတာက ချင်းအာ သူ့ကို စိတ်မဆိုးတော့ဘူး။

တပ်မှူးက ဧကရီ၏အမိန့်ကို ကြားလိုက်ရပြီး ဧကရာဇ်မင်း၏ အမိန့်တော်ကို မစောင့်တော့ဘဲ ပြန်ထွက်ခွာရန် တုံ့ဆိုင်းနေခဲ့သည်။ ရှောင်းကျဲယွိက သူ့လက်ကို ဝှေ့ယမ်းကာ အေးအေးဆေးဆေး ဝင်ပြောလိုက်သည်။

"ဧကရီပြောတဲ့အတိုင်း လုပ်လိုက်"

“အမိန့်တော်မြတ်အတိုင်းပါ”

ထိုတပ်မှူးအနေဖြင့် ဧကရာဇ်မင်းမြတ်က ဧကရီမယ်မယ်အား အလွန်လေးစားကြောင်း လူအများ ပြောကြသည်ကို ကြားဖူးနေပြီးသားဖြစ်ကာ ယနေ့တွင် သူ မျက်မြင်ကြုံတွေ့လိုက်ရသည်။

အစောင့်တပ်မှူး ပြန်ထွက်သွားပြီးနောက် ရှောင်းကျဲယွိက စူးချင်းကို ပြန်မေးလိုက်ပြောသည်။

“ဘာလို့ သူတို့အားလုံးကို တစ်ခါတည်း မဖမ်းခိုင်းတာလဲ?”

“အလောတကြီးလုပ်ဖို့ မလိုဘူး။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ကျွန်မတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတုန်းပဲ”

စူးချင်းက နောက်ကွယ်မှ ကြိုးကိုင်သူကို ဖမ်းရန် ကြိုးရှည်ရှည်ဖြင့် လှန်ထားပြီး ကစားပွဲကို ကစားနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမလက်ထဲမှ မည်သူမျှ လွတ်မြောက်သွားမည် မဟုတ်ပေ။

“ဒါဆိုရင်တော့ ရန်သူကို သတိပေးဖို့ မနေ့ညက ဝင်လာတဲ့သူလျိုအကြောင်း သတင်းဖြန့်ပေးလိုက်ကြတာပေါ့”

စူးချင်းက နောက်ကွယ်မှ လူကို ဖမ်းချင်နေကြောင်း နားလည်သွားသည့် ရှောင်းကျဲယွိက သူလျှို၏သေဆုံးမှုကို လူသိရှင်ကြားထုတ်ပြန်ရန် အကြံပြုလိုက်သည်။

ဘယ်လို သတင်းဖြန့်ရမလဲဆိုရင်တော့ တရားဝင် ကြေငြာလို့တော့ ဘယ်ရမလဲ? အကောင်းဆုံးနည်းလမ်းက တဆင့်စကား တဆင့်နားနဲ့ လူတွေရဲ့ပါးစပ်ကနေ ပျံ့နှံ့သွားစေတာပဲ။

ထိုနေ့၏ နေ့လည်ပိုင်းတွင် ရွှမ်ဝူစစ်စခန်းမှ စစ်သည်တစ်စုက စားသောက်ဆိုင်သို့ ရောက်လာကြသည်။ သူတို့က စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး သီးသန့်ခန်းတစ်ခန်း တောင်းလိုက်ကြသည်။ သို့သော် သူတို့ စားသောက်ဆိုင်ထဲသို့ ဝင်လာလာချင်းမှာပင် သတိထားခံလိုက်ရပြီး စောင့်ကြည့်ခံလိုက်ရသည်။

ရွှမ်ဝူစစ်စခန်းမှ ထိုစစ်သည်များက ဟင်းပွဲတစ်ဒါဇင်ကျော် မှာယူကြပြီး ခဏအကြာတွင် ဟင်းပွဲများရောက်လာကာ စတင်သောက်နေကြသည်။ သူတို့ အသံအကျယ်ကြီး စကား မပြောသော်လည်း တံခါးဝ၌ ရပ်နေလျှင် သူတို့၏အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်သေးသည်။

သူတို့အခန်း၏ဘေးကပ်လျက် သီးသန့်ခန်းထဲတွင် အပြာရောင်ပိုးဖဲအင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရှိနေပြီး သူက တင်းမာသောမျက်နှာထားဖြင့် သူတို့၏စကားသံများကို နားထောင်နေခဲ့သည်။

“ညီအစ်ကိုတို့၊ ငါက မနေ့က သူလျှိုဖမ်းပေးနိုင်လို့ ဆုငွေငါးလျန်တောင် ရထားတာပါကွ၊ အားရပါးရ စားကြစမ်းပါကွာ။ မင်းတို့နဲ ငါနဲ့ကြားမှာ အားနာနေဖို့ မလိုဘူး"

"အစ်ကိုလျို၊ ခင်ဗျားက အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ခင်ဗျား မကြာခင် ရာထူးတိုးမှာ သေချာတယ်"

"ဟား ဟား၊ မင်းရဲ့စကားကောင်းအတွက် ကျေးဇူးတင်တယ်ဟေ့၊ ငါ ရာထူးတိုးရင် လူတိုင်းကို အရက်အဝတိုက်မယ်"

ထိုစစ်သည်က ဂုဏ်ယူဝံ့ကြွားနေပုံဖြင့် လူတိုင်းအား ဧည့်ခံနေကာ သူ့၏အောင်မြင်မှုကို ကြွားဝါချင်နေသော ငတုံးတစ်ယောက် ဖြစ်ပုံရသည်။

"သူတို့ သူ့ကို ဖမ်းမိသွားတာလား?"

တစ်စုံတစ်ယောက်၏ မေးမြန်းသံ ထွက်ပေါ်လာပြီး ဘေးခန်းမှ အပြာရောင်ဝတ်လူက မတ်တပ်ထရပ်ကာ သူ့နားကို နံရံပေါ်သို့ ဖိကပ်လိုက်သည်။ သူက သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး ဘေးအခန်းမှ အသံများကို ခိုးနားထောင်ရန် လုံးဝ အာရုံစိုက်နေခဲ့သည်။

“အဟမ်း၊ လျောက်မပြောနဲ့။ အဲဒီလူကို မဖမ်းမိခင်မှာ အဲ့လူက သူ့ဘာသာ သတ်သေသွားပြီး အလောင်းဖြစ်သွားတာ။ ဒါပေမယ့် ခေါင်းဆောင်ကတော့ ငါတို့ အဲဒီလူကို ဖမ်းမိခဲ့တယ်လို့ပဲ ပြောဖို့ မှာထားတယ်”

ဘေးခန်းမှ အသံက တော်တော်နိမ့်ဝင်သွားသော်လည်း အပြာရောင်ဝတ်လူအတွက်တော့ ကြားရန် လုံလောက်နေသေးသည်။ အဖမ်းခံရသူ သေဆုံးသွားကြောင်း ကြားလိုက်ရချိန်တွင် သူ့အမူအရာက ပြန်တည်ငြိမ်သွားပြီး သူက ထိုင်ခုံတွင် ပြန်ထိုင်ကာ အေးအေးဆေးဆေး သောက်စားနေပြန်သည်။

ဘေးအခန်းမှ စစ်သည်များက တစ်ရှိးချန်ကျော်ကျော်ကြာအောင် စားသောက်ပြီးမှ ပြန်ထွက်သွားကြသည်။ ခဏအကြာတွင် အပြာရောင်၀တ်လူကလည်း သူ့၏သီးသန့်ခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

ရှောင်းကျဲယွိက ရန်ရှင်းနန်းတော်ခန်းမရှိ နဂါးပုလ္လင်ပေါ်တွင် ထိုင်နေရင်း လျှို့ဝှက်အထောက်တော်ထံ၏အစီရင်ခံမှုကို နားထောင်နေသည်။

“အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ အမိန့်တော်အတိုင်း ငါးစာ ချထားပြီးပါပြီ"

“အဲဒီအနက်ရောင်ဝတ်လူတွေထဲမှာ ပျောက်နေတဲ့လူတွေ ရှိသေးလား?”

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး စူးချင်း သံသယဝင်နေသည့် ပင်လယ်ဓားပြများအကြောင်း ထပ်မေးလိုက်သည်။

"လူတစ်ယောက် ပျောက်နေတယ်၊ ​​ဒါပေမယ့် သူက အိမ်ပြန်မယ်လို့ ပြောပြီးမှ ထွက်သွားခဲ့တာပါ"

လျှို့ဝှက်အထောက်တော် ဆက်လက်တင်ပြနေပြီး ရှောင်းကျဲယွိက သူ့၏အစီရင်ခံမှုကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်ပြန်သည်။

ဒါဆို ဒါက အနက်ရောင်ဝတ်အမျိုးသားတွေ လုပ်ထားတဲ့ အစီအစဉ်ပေါ့။ ဖမ်းမိပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်တော့လည်း အိမ်ပြန်သွားပြီလို့ ပြောလိုက်ရုံပဲ။

သူတို့က တကယ်ကို ပါးနပ်လွန်းတယ်!

“ကောင်းပြီလေ၊ ဒီအစီအစဉ်အတိုင်း ဆက်လုပ်ဖို့ အမိန့်တော် ထုတ်ပြန်လိုက်”

ရှောင်းကျဲယွိနှင့် စူးချင်းတို့က ဤစစ်တုရင်ကစားပွဲကို စိတ်ရှည်လက်ရှည် ကစားရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

သူတို့က ပုဇွန်စစ်သည်အနည်းငယ်နဲ့ ကဏန်းခေါင်းဆောင်တွေကို ဖမ်းချင်ရုံပဲ မဟုတ်ဘူးလေ။

နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် ရွှမ်ဝူစစ်စခန်း၏လုပ်ငန်းစဥ်များအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သည်။ အနက်ရောင်ဝတ်အမျိုးသားများကလည်း ကမူးရှူးထိုး မလုပ်ကြဘဲ မြို့တော်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်ကိုပင် ဝယ်ယူခဲ့ကြသည်။ ထိုနေရာက ရွှမ်ဝူစစ်စခန်းနှင့် မျက်နှာချင်းဆိုင်အနေအထားတွင် တည်ရှိပြီး သူတို့က ဤနေရာတွင် စတည်းချရန် ပြင်ဆင်ထားပုံရသည်။

ထိုစားသောက်ဆိုင်တွင် ဂီတမျိုးစုံတီးမှုတ်နိုင်သော၊ သာယာသော သီချင်းသံများဖြင့် ဧည့်ခံပေးနိုင်သော၊ ဇာတ်လမ်းပုံပြင်များ ပြောပြပေးနိုင်သော၊ စာအုပ်များ ဖတ်ပြနိုင်သော စသည် အတတ်ပညာမျိုးစုံ ကျွမ်းကျင်သည့် မိန်းမလှလေးများ ရှိနေသည်။

ထိုစားသောက်ဆိုင်၏အမည်က ကျင့်လိုင်ရွှမ် ဖြစ်ပြီး ဖွင့်လှစ်ပြီးသည့်အချိန်မှစ၍ လူစည်ကားနေခဲ့သည်။ အဓိကအကြောင်းအရင်းကတော့ ထိုစားသောက်ဆိုင်မှ မိန်းကလေးများက သီချင်းတီးမှုတ်ကပြဖျော်ဖြေရာတွင် ကျွမ်းကျင်လှပြီး သူမတို့အားလုံးက ချစ်စရာကောင်းကာ ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မြို့တော်မှ အဆင့်မြင့်အရာရှိများနှင့် မင်းမျိုးမင်းနွယ်များက ဤနေရာကို ရတနာသိုက်တစ်ခုအဖြစ် ရှုမြင်လာပြီး မကြာခဏ လာရောက်လည်ပတ်ကြသောကြောင့် သူတို့၏စီးပွားရေးက အလျင်အမြန်တိုးတက်လာခဲ့သည်။

ရွှမ်ဝူစစ်စခန်းမှ အရာရှိများနှင့် စစ်သည်များကလည်း ထိုဆိုင်သို့ မကြာခဏ သွားရောက်လည်ပတ်ကြပြီး ဆိုင်ရှင်က သူတို့ကို အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များထက်ပင် ပို၍ နွေးနွေးထွေးထွေး ကြိုဆိုလေ့ရှိသည်။ သူက ရွှမ်ဝူစစ်စခန်းမှလူများအတွက် အလှဆုံးမိန်းကလေးများကို ရွေးချယ်စေလွှတ်ပေးတတ်ပြီး အရက်ကောင်းကောင်းနှင့် အစားအသောက်ကောင်းများ တည်ခင်းပေးလေ့ရှိသည်။

သိပ်မကြာခင်မှာပင် ထိုဆိုင်ရှင်က ရွှမ်ဝူစစ်စခန်းမှ အရာရှိငယ်လေးတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ထိုအရာရှိငယ်လေးက မော်တာများကို စောင့်ကြပ်ရသည့် အဖွဲ့ခွဲ၏ခေါင်းဆောင်ငယ်‌လေး ဖြစ်သည်။ နောက်ပိုင်းတွင် ဆိုင်ရှင်က သူရောက်လာချိန်တွင် အခမဲ့ကျွေးမွေးဧည့်ခံလေ့ရှိပြီး သူ့ကို လောင်းကစားရုံရှိရာ အိမ်နောက်ဘက်ခြံဝင်းသို့ မကြာခဏ ခေါ်သွားတတ်သည်။ ထိုအရာရှိငယ်လေး အနိုင်ရလျှင် လျှော်ကြေားငွေအားလုံးကို သူ့ဘာသာသူ ယူသွားနိုင်ပြီး သူ လောင်းကြေးရှုံးသွားလျင်တော့ ဆိုင်ရှင်က သူ့ကို ထိုလောင်းကြေးငွေပင် ပြန်ပေးလေ့ရှိသည်။ သူတို့၏ဆက်ဆံရေးက တဖြည်းဖြည်း ပိုခိုင်မာလာပြီး အချင်းချင်း ညီအကိုဟု ခေါ်ကြသည်အထိ အလျင်အမြန် နီးကပ်လာကြသည်။

ရှောင်းကျဲယွိက ထိုအရာများအားလုံး ထဲထဲဝင်ဝင် သိနေခဲ့သော်လည်း ရန်သူဘက်ကိုမှ လုံးဝ သတိမပြုမိအောင် တိတ်ဆိတ်မြဲတိတ်ဆိတ်နေခဲ့သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့ စိတ်ဆိုးစိတ်ကောက် ဖြစ်ခဲ့ကြသော်လည်း ပြန်လည်သင့်မြတ်ပြီးနောက်တွင် စူးချင်းက ရှောင်းကျဲယွိ၏နန်းဆောင်သို့ ပြန်ပြောင်းလာခဲ့သည်။ ရှောင်းကျဲယွိက အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေပြီး သူ လျှောက်တင်လွှာများ စစ်ဆေးတိုင်း စူးချင်းကို သူ့အနားတွင် နေရန် တောင်းဆိုလေ့ရှိသည်သည်။

စူးချင်းကတော့ သူ့၏လျှောက်တင်လွှာများကို မကြည့်တော့ဘဲ ဗိုက်ထဲမှ မထွက်လာသေးသည့် ကလေးအတွက် အဝတ်အစားများ ထိုင်ချုပ်နေသည်။

သူမက သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးပြီးပြီ ဖြစ်‌သောကြောင့် အဝတ်အစားနှစ်စုံ ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်သည်။

ယနေ့ နေ့လည်တွင် ရှောင်းကျဲယွိက တိုင်းရေးပြည်ရေးကိစ္စများ ဆောင်ရွက်ရန် အရှေ့ဘက် ခန်းမဆာင်တွင် ရှိနေပြီး စူးချင်းကို အဖော်ပြုပေးရန် ယန်ရုရွှယ်နှင့် ရှောင်ချန်တို့ကို နန်းတွင်းသို့ ဖိတ်ခေါ်ပေးထားခဲ့သည်။

စူးချင်းက သူမ၏မောင်လေးအား ကိုယ်ခံပညာ သင်ကြားလေ့ကျင့်ပေးရန် ရည်ရွယ်ထားခဲ့သည်။ ရှောင်းကျဲယွိက သူမကို လယ်မလုပ်ရန် တားမြစ်ထားခဲ့ပြီး နန်းတော်ဝင်းများအတွင်းရှိ လယ်ကွင်းများအား ပြုစုစောင့်ရှောက်ရန် လယ်သမားသက်တော်စောင့်ဆယ်ယောက်အား တာဝန်ပေးထားခဲ့သည်။ ထို့ကြောင့် စူးချင်းထံတွင် ဘာမှ လုပ်စရာ မရှိတော့ဘဲ ပျင်းရိနေကာ ရှောင်ချန်အတွက် စဥ်းစားမိသွားခြင်း ဖြစ်သည်။

သူမမှာ ဘာမှ လုပ်စရာမရှိမှတော့ ရှောင်ချန်ကိုပဲ သင်ကြားလေ့ကျင့်ပေးတော့မှာပေါ့။

စူးချင်းက ရှောင်ချန် စိတ်ပါဝင်စားစွာ လေ့ကျင့်စေရန် ရှောင်ချန်နှင့်အတူ လေ့ကျင့်ဖို့ ရှောင်ချီကိုပါ ခေါ်ထုတ်လိုက်သည်။

ရှောင်ချန်က ရှောင်ချီကို မြင်သည်နှင့်တပြိုင်နက် သူမကို ပွေ့ဖက်နမ်းရှုံ့ပြီး တင်းနေအောင် ဖက်ထားလိုက်သည်။ ရှောင်ချီကတော့ ဝမ်းနည်းနေသည့်အမူအရာလေးဖြင့် သခင်ဖြစ်သူကို ကြည့်ကာ သနားစဖွယ် အသနားခံနေရှာသည်။

နောက်ဆုံးတော့ သခင်က သူမကို ရောင်းစားလိုက်ပြန်ပြီ။

ရှောင်ချီ၏ မကျေမနပ်အကြည့်ကို ရင်ဆိုင်လိုက်ရသည့် စူးချင်းက သူမအတွက် ခရမ်းချဉ်သီးတစ်လုံး ထုတ်ပေးလိုက်သည်။

"စားလိုက်၊ စားပြီးရင် ကောင်းကောင်း လေ့ကျင့်တော့"

ရှောင်ချီက ခရမ်းချဉ်သီး စားရခြင်းကိ နှစ်သက်သည့်အတွက် စူးချင်းက သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

ရှောင်ချီကို ချော့မော့ရန်က လွယ်ကူလွန်းလှပြီး သူမက ရှောင်ချန်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ပေးနေခဲ့သည်။

ရှောင်ချန်ကလည်း ရှောင်ချီ သူနှင့်အတူရှိနေသ‌ရွေ့ သူ မည်မျှပင် ပင်ပန်းနွမ်းနယ်နေစေကာမူ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေရှာသည်။

ယန်ရုရွှယ်က စူးချင်း၏ဘေးတွင် ထိုင်နေပြီး သူမ၏ အနာဂတ်မြေးလေးအတွက် အဝတ်အစားများ ချုပ်ပေးနေသည်။ သူမက သူမ၏ကလေးနှစ်ယောက်ကို ကြည့်ကာ ကျေကျေနပ်နပ် ပြုံးနေပြီး သူမက ဤကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသဖွယ် ခံစား‌နေလေသည်။

"ချင်းအာ၊ ဧကရာဇ်မင်းမြတ်က သမီးအပေါ် အရမ်း ကောင်းတာပဲ၊ သမီးကို အဖော်ပြုပေးဖို့ အမေကိုတောင် ခေါ်ထားပေးတယ်"

အများအားဖြင့် ဧကရာဇ်တစ်ပါး၌ မောင်းမမိဿံများကို မည်မျှပင် ရှိပါစေ သူတို့၏မိသားစုဝင်များက နန်းတွင်းထဲသို့ ရံဖန်ရံခါသာ ဝင်ရောက်ခွင့်ရှိပြီး ဧကရီပင်လျှင် သူမ၏မိသားစုများကို မြင်နိုင်ရန် ခက်ခဲလွန်းလှသည်။ ရှောင်းကျဲယွိကတော့ ယန်းရုရွှယ်နှင့် ရှောင်ချန်ကို နန်းတော်ထဲကိုသို့ နေ့တိုင်း ခေါ်ဆောင်လေ့ရှိပြီး အချိန်မရွေး ဝင်ထွက်ခွင့်ပေးထားကာ သူ့ယောက္ခမ သက်တော့သက်သာ အနားယူနေထိုင်နိုင်ရန် ရှုလန်နန်းဆောင်ကိုပင် အထူးပေးအပ်ထားခဲ့သည်။

"ဒါက ဖြစ်သင့်တဲ့ကိစ္စပဲလေ ဘာထူးဆန်းလို့လဲ?”

စူးချင်းကတော့ အထူးအဆန်းဟု မတွေးထားခဲ့ပေ။

မိခင်တစ်ယောက်က သမီးဖြစ်သူ ကိုယ်ဝန်ဆောင်နေလို့ လာစောင့်‌ရှောက်ပေးတာလေ၊ အဲ့ဒါကို ခင်ပွန်းဖြစ်သူဆီကနေ ခွင့်ပြုချက်ယူနေရဦးမှာလား? ဒီလောက်ပုံမှန်ဖြစ်တဲ့အရာတစ်ခုက ဒီရှေးခေတ်က လူတွေရဲ့ပါးစပ်ထဲမှာ ဘယ်လိုလုပ်ပြီး အခွင့်ထူးခံ ဖြစ်လာရတာလဲ?

"ချင်းအာ၊ သမီး ကျေးဇူးတရားကို နားလည်ရမယ်"

“အမေ၊ သမီးကို ဒီလိုအတွေးမျိုးတွေ တွေးမိအောင် မသင်ပေးနဲ့။ သမီးက သူနဲ့တန်းတူပဲ။ သမီးလည်း သူနဲ့အတူ တိုက်ပွဲဝင်ခဲ့ရတာလေ၊ ဒီအင်ပါယာတစ်ဝက်က သမီးအပိုင်ပဲ”

စူးချင်း စိတ်မရှည်ဘဲ မိခင်ဖြစ်သူ၏ ရှေးရိုးစွဲအတွေးများကို မကြားချင်တော့ပေ။

ခနနေရင် သူမရဲ့အမေက ပြောတော့မယ်လေ၊ ယောက်ျားတွေက မိန်းမတွေထက် သာလွန် မြင့်မြတ်တဲ့အကြောင်းနဲ့ ယောကျာ်းကို ကိုးကွယ်ရမယ့်အကြောင်း....

အမေနှင့် သမီး ငြင်းခုန်ရန် ပြင်နေစဥ်မှာပင် မိန်းမစိုးတစ်ယောက် ရောက်လာပြီး စူးချင်းကို လျှောက်တင်လိုက်သည်။

"ဧကရီမယ်မယ်၊ အရှင်မင်းမြတ်က မယ်မယ့် ညီလာခံခန်းမကို ကြွလာဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

All Chapters