စနစ် အဆင့်မြှင့်တင်ခြင်း
Vol. 39 Ch. 580
သူ့၏အရှိန်အဝါက အလွန်အားကောင်းနေပြီး နေရာတိုင်းတွင် ရှိနေသလို ခံစားရစေသည်။ စူးချင်းက သူမ၏ပတ်ပတ်လည်တွင် သူ့အငွေ့အသက်များ ဝိုင်းရံနေသလို ခံစားနေရပြီး ယခုအချိန်တွင် သူမ တခြားဘာကိုမှ မတွေးနိုင်တော့ပေ။ သူမက ရှောင်းကျဲယွိ၏လည်ပင်းကို သိုင်းဖက်ကာ ထိုပျော်ရွှင်မှုထဲတွင် နှစ်မြှုပ်နေလေသည်။
သူတို့နှစ်ယောက် လတ်ဆတ်သော ပန်းပွင့်များဖြင့် ဝိုင်းရံထားသော ရေကန်ထဲတွင် ရေစိမ်နေကြပြီး ပန်းများ၏ သင့်ပျံ့သောရနံ့နှင့် အပူငွေ့များကြားတွင် မြင့်တတက်လာသော သာယာကြည်နူးမှုကို ကျေကျေနပ်နပ် ခံစားပျော်ရွှင်နေခဲ့ကြသည်။
နောက်တစ်နေ့တွင် စူးချင်းက ကျုံးယုံနှင့် ကျန်းယွိရန်တို့ကို ခေါ်ဆောင်ကာ ဆေးပင်များရှာရန် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။ ရှောင်းလန်ရှင်းကို မခေါ်ခဲ့ရသည့် အကြောင်းအရင်းက သူမ၏မင်္ဂလာပွဲ နီးကပ်လာသောကြောင့် ဖြစ်ပြီး သူမက ထိုအချိန်မတိုင်ခင်က နန်းတွင်းစည်းကမ်းများကို သင်ယူနေရသည်။ ယဲ့လွီချွမ်းက သူမ သင်ယူရန် မလိုအပ်ဟု ပြောခဲ့သော်လည်း ရှောင်းလန်ရှင်းက သူမကိုယ်သူမ တာ့ထန်အင်ပါယာ၏ ကိုယ်စားပြုပုံရိပ် အဖြစ် သတ်မှတ်ကာ သူမတို့တိုင်းပြည် အရှက်မရစေရန် ကြိုးစားပမ်းစာ သင်ယူနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းအတွက် ထိုစည်းမျဉ်းများကို သင်ယူလိုစိတ်ရှိနေခဲ့သည်။
သူမမှာ သူမရဲ့ယောင်းမလို့ စည်းကမ်းတွေကို ဖောက်ဖျက်ဖို့အထိ အရည်အချင်း မရှိမှတော့ သူများတိုင်းပြည်မှာ လိုက်လျောညီထွေ နေနိုင်အောင် သင်ယူရတော့မှာပေါ့။
ကျန်းယွိရန်က ကျုံးယုံနှင့်အတူ တောအုပ်ထဲ လျှောက်ပြေးနေပြီး ကလေးလေးကဲ့သို့ ပျော်ရွှင်နေကာ ခုန်ပေါက်နေလေသည်။
ကျုံးယုံက သူမကို အပြုံးဖြင့် ကြည့်နေပြီး သူတို့နှစ်ယောက်လုံးက ဆေးပင်ရှာရန် အလေးအနက် မရှိကြပေ။ နှစ်ယောက်သား သူတို့၏ခြေထောက်အောက်မှ ဆေးပင်များကိုပင် မမြင်နိုင်ဖြစ်နေသောကြောင့် စူးချင်းတစ်ယောက် သူတို့ကို ကြည့်ကာ ခေါင်းယမ်းနေရသည်။
သူမ သူတို့ကို ခေါ်လာမိသည်အား နောင်တရနေပြီး သူမကိုယ်တိုင် ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် ဆုံးဖြတ်လိုက်ရတော့သည်။ သူမက သူမ အလျင်အမြန် အဆင့်တက်နိုင်ရန် တွေးတောနေပြီး လင်ဇီးနှင့် ဂျင်ဆင်းကဲ့သို့သော အဖိုးတန်ဆေးဖက်ဝင်အပင်များကို ရှာနိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့သော် ဤအရာအားလုံးက ကံတရားပေါ်တွင် မူတည်နေပြီး ကံကြမ္မာမရှိသည့်သူများက ထိုအရာကို မြင်တွေ့ခွင့်ရမည် မဟုတ်ချေ။
သို့သော် စူးချင်းတွင် ရှောင်ချီ ရှိနေပြီး ရှောင်ချီက ဆေးပညာဖြင့် ရပ်တည်ရန် ကံကြမ္မာကောင်းရှိသူ ဖြစ်သည်။
“သခင်၊ ခုနစ်နာရီမှာ အနှစ်တစ်ထောင် ဂျင်ဆင်းတစ်ပင် ရှိတယ်”
(t/n: ဒီနေရာမှာ ရှောင်ချီပြောတဲ့ နာရီဆိုတာက နာရီတွေရဲ့လက်တံအနေအထားအတိုင်း အရပ်မျက်မှာကို ညွှန်ပြတာပါ၊ ခုနစ်နာရီဆိုတာက တောင်နဲ့ အနောက်တောင်ကြားပါ)
ရှောင်ချီက စနစ်၏စခရင်ရှေ့တွင် ရပ်နေပြီး သူမ၏သခင်အတွက် ဂျင်ဆင်း ကူရှာပေးနေခဲ့သည်။ ၎င်းကို တွေ့ရှိပြီးနောက်တွင် သူမက စိတ်လှုပ်ရှားစွာ သတင်းပို့လိုက်သည်။
စူးချင်းက ကျုံးယုံနှင့် ကျန်းယွိရန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျန်းယွိရန်က လှပသောလိပ်ပြာတစ်ကောင်ကို တွေ့သွားပြီး လိုချင်နေကြောင့် ကျုံးယုံက သူမအတွက် လိပ်ပြာဖမ်းပေးရန် အာရုံစိုက်နေခဲ့သည်။ စူးချင်းက သူတို့ကို မခေါ်တော့ဘဲ လိပ်ပြာဖမ်းရန် ထားခဲ့ပြီး သူမဘာသာ ဂျင်ဆင်း သွားရှာရန် ဆုံးဖြတ်လိုက်သည်။
စူးချင်း၏ကိုယ်ပိုင် သက်တော်စောင့်လေးယောက်ကတော့ ဧကရီ၏နောက်မှ ထပ်ကြပ်မကွာ အနီးကပ် လိုက်ပါနေကြသည်။ ထိုလူလေးယောက်ထဲမှ နှစ်ယောက်က စူးချင်း၏ လယ်ကွင်းများထဲတွင် အလုပ်လုပ်နေသူများ ဖြစ်ပြီး ယခုလည်း သူတို့က သူမနှင့်အတူ ဆေးပင်များ ကူရှာပေးရန် လိုက်ပါလာခြင်း ဖြစ်သည်။
စူးချင်းက ချုံထူသော မြက်ခင်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ အမှန်တကယ်တွင် မြက်ခင်းပြင်ထဲ၌ ဂျင်ဆင်းရှာဖွေရသည်က ငါးမျက်လုံးများထဲမှ ပုလဲကို ရှာဖွေရသလို ခက်ခဲလွန်း လှသည်။
အေးလေ၊ ဂျင်းဆင်းပါဆိုမှ ဘယ်လိုလုပ်ပြီး လွယ်လွယ်ရနိုင်မှာတုန်း။
ကံကောင်းထောက်မစွာဖြင့် ရှောင်ချီ၏ အဆက်မပြတ် လမ်းညွှန်ပေးမှုကြောင့် စူးချင်းက ဂျင်ဆင်း၏တည်နေရာကို အမြန်ရှာဖွေနိုင်ခဲ့သည်။ ထိုဂျင်ဆင်း၏ဘေးတွင် တောက်ပသော အရောင်ရှိပြီး အဆိပ်ပြင်းမှန်း သိသာနေသည့် မြွေကြီးတစ်ကောင် ရှိနေသည်။ လူများရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ထိုမြွေကြီးက စူးချင်းတို့ကို ခြိမ်းခြောက်ရန် ပါးပျဥ်းထောင်လိုက်ပြီး စူးချင်းနှင့် သူမ၏ သက်တော်စောင့်လေးယောက်ကို ရန်မူလိုက်သည်။
"မယ်မယ်၊ သတိထားပါ"
သက်တော်စောင့်တစ်ယောက်က အလျှင်အမြန် ရှေ့တိုးလာပြီး စူးချင်းကို သူ့နောက်တွင် ထားကာ ရှေ့မှကာကွယ်ပေးလိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ထိုအဆိပ်မြွေကြီးက သူ့ကို တိုက်ခိုက်တော့မည်ဟု ထင်သွားပုံရပြီး သူ့မျက်လုံးထဲမှ အဆိပ်များကို ပစ်ထုတ်လိုက်သည်။
စူးချင်းက သူမရှေ့မှ သက်တော်စောင့်ကို တွန်းထုတ်လိုက်ပြီး ရှေ့တိုးသွားကာ မြွေ၏အမြီးကို ဖမ်းကိုင်ပြီး မြွေကို လေထဲ၌ ဝှေ့ယမ်းလိုက်သည်။ မျက်စိတမှိတ်အတွင်းမှာပင် ထိုမြွေကြီးက သူ့၏တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားပြီ ဖြစ်သည်။
စူးချင်းက ထိုအဆိပ်မြွေကြီးကို ရှောင်ချီထံသို့ ပစ်ပေးလိုက်သည်။ မြွေများက ဆေးဖက်ဝင်ပြီး အထူးသဖြင့် အဆိပ်ပြင်းသောမြွေများက ပိုအဖိုးတန်သည်။ စူးချင်း၏ ဆေးပင်ရှာဖွေမှု စွမ်းရည်က အနည်းငယ် တိုးလာခဲ့သည်။
"ကျွန်တော်မျိုးရဲ့အသက်ကို ကယ်တင်ပေးလို့ မယ်မယ့်ကို ကျေးဇူးတင်ပါတယ်"
စူးချင်း တွန်းထုတ်လိုက်သည့် သက်တော်စောင့်က စိတ်ပျက်ဝမ်းနည်းနေသ့် အမူအရာဖြင့် မြေပြင်ပေါ်မှ ပြန်ကုန်းထလာသည်။ ထို့နောက် သူ ပထမဆုံးလုပ်လိုက်သည့်အရာက စူးချင်းရှေ့တွင် ဒူးထောက်လိုက်ပြီး အသက်ကယ်ကျေးဇူးအတွက် အရိုအသေပေးလိုက်ခြင်းပင်။
“....”
စူးချင်းကတော့ ဘာမှမဖြစ်ဖျက်ခြဲသလို အမူအရာလည်း မပြောင်းဘဲ သူ့ကို ကြည့်ပင် မကြည့်တော့ပေ။ သူမက အနီရောင်ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဂျင်ဆင်းကို ချည်နှောင်ကာ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။
“တူးတော့”
သက်တော်စောင့်ရှောင်တင်းက တောင်တန်းများပေါ်တွင် ကြီးပြင်းခဲ့သူ ဖြစ်ပြီး ဆေးပင်တူးရာတွင် အတွေ့အကြုံအချိုရှိခဲ့ဖူးသည်။ ဧကရီက သူမ၏ ကိုယ်ဝန် အရင့်အမာကြီးကို ထိန်းကာ ဂျင်ဆင်းတူးရန် ရုန်းကန်နေကို မြင်လိုက်ရသောကြောင့် သူက ကူညီရန် ချက်ချင်း ရှေ့တိုးလာသည်။
"သတိထား၊ အမြစ်မွှေးတွေ မကျိုးသွားစေနဲ့"
စူးချင်းက သူ့ဗိုက်ကြီးဖြင့် ခဏသာ ထိုင်နိုင်ပြီး အသက်ရှူရ ခက်လာသောကြောင့် ပြန်ထရပ်ကာ သူ့ကို သတိပေးလိုက်သည်။
စူးချင်းက မတ်တပ်ထရပ်လိုက်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ ဖန်းဖုန့်နှင့် ထျန်းချီကဲ့သို့သော ဆေးဖက်ဝင်အပင်များကို သူမ ထပ်တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် ဤတောင်ပေါ်သို့ လူသူအရောက်အပေါက် နည်းသောကြောင့် နေရာတိုင်းတွင် ဆေးပင်ဆေးရွက်များ ရှိနေသည်။
သူမက အခြားသက်တော်စောင့်သုံးယောက်အား တာဝန်တစ်ခု ပေးလိုက်သည်။
"ဒီအပင်တွေအားလုံးကို ခူးလိုက်"
သူမကိုယ်တိုင်ကတော့ သစ်ပင်အောက်မှ အရိပ်ရသည့်နေရာတစ်ခုကို ရှာပြီး ထိုင်ချလိုက်ကာ သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူပြီး မြေပြင်ပေါ်တွင် စစ်သင်္ဘောပုံစံတစ်ခု စမ်းဆွဲကြည့်နေခဲ့သည်။
ကျုံးယုံက ကျန်းယွိရန်အတွက် လိပ်ပြာ ကူဖမ်းပေးနေခဲ့ပြီး သူ လှည့်ကြည့်လိုက်ချိန်တွင် စူးချင်းနှင့် သက်တော်စောင့်လေးယောက်ကို မတွေ့ရတော့ပေ။ နှစ်ယောက်သား အလွန် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို အမြန် အကဲခတ်လိုက်ကြသည်။
ထိုအချိန်တွင် ချုံပုတ်ထဲမှ အသံတစ်သံ ကြားလိုက်ရသောကြောင့် ကျုံးယုံက ကျန်းယွိရန်ကို သူ့နောက်တွင် နေရန် ပြောလိုက်ပြီး ထိုနေရာကို စစ်ဆေးရန် ချဥ်းကပ်လာခဲ့သည်။
သူ ရှေ့သို့ တိုးသွားနေရင်း ငွေရောင်မြွေဖြူလေးတစ်ကောင်က တောအုပ်ထဲမှ ရုတ်တရက် ပျံထွက်လာသည်ကို တွေ့လိုက်ရသောကြောင့် ကျုံးယုံက ထိုမြွေကို ဖမ်းရန် သူ့လက်ကို မြှောက်လိုက်သည်။ သို့သော် မြွေလေးက အလွန် လျင်မြန်သွက်လက်နေပြီး သူ့၏တိုက်ခိုက်မှုကို ရှောင်တိမ်းကာ သူ့လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။
"တောက်၊ လူယုတ်တဲ့သားရဲလေး"
ကျုံးယုံက ကျိန်ဆဲလိုက်ပြီး ငွေရောက်မြွေလေး၏အမြီးကို ဖမ်းကိုင်ကာ ထိုမြွေလေး အပိုင်းပိုင်း ပြတ်သွားအောင် လှုပ်ခါလိုက်သည်။ သို့သော် ရုတ်တရက် အနက်ရောင်၀တ် လူငါးယောက် တောထဲမှ ခုန်ထွက်လာပြီး သူ့ကို မြွေပုံစံဓားများဖြင့် ပစ်ပေါက်လာကြပြန်သည်။
ကျန်းယွိရန်က ကျုံးယုံကို သတိထားရန် အော်ဟစ်လိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို မြှောက်ကာ သူမ၏အင်္ကျီလက်ထဲ၌ ဝှက်ထားသည့် မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
သစ်ပင်အရိပ်အောက်တွင် အနားယူနေသည့် စူးချင်းက ကျန်းယွိရန်၏အသံကို ကြားသွားပြီး ချက်ချင်း ထရပ်ကာ သက်တော်စောင့်များကိုပင် မခေါ်တော့ဘဲ တောထဲသို့ ပြန်ပြေးဝင်သွားတော့သည်။
ငွေရောင်မြွေလေး၏အဆိပ်က အလွန်ပြင်းထန်ပြီး ထိုမြွေထံမှ အကိုက်ခံရပြီးနောက် ကျုံးယုံက သူ့တစ်ကိုယ်လုံး ထုံကျင်လာလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများ ဝေဝါးလာကာ အမြင်အာရုံက မရှင်းလင်းတော့ပေ။ သူ သူ၏လက်များကို လေထဲ၌ ဝှေ့ယမ်းနေခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားပါ ပျောက်ဆုံးလာပြီ ဖြစ်သည်။
ကျန်းယွိရန်ကလည်း မြှားသုံးချောင်းကို ဆက်တိုက် ပစ်လွှတ်ခဲ့သည်။ သို့သော် ထိုအနက်ရောင်ဝတ်လူများက သရဲတစ္ဆေများကဲ့သို့ လှုပ်ရှားနေကာ မြှားများကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ကြသည်။ သူမ၏မြှားချက်တိုင်းက လွှဲချော်သွားပြီး မည်သူ့ကိုမျှ မထိမှန်ခဲ့ပေ။
သူမထံတွင် ထိုလျှို့ဝှက်မြှားသုံးစင်း သာရှိပြီး ထိုမြှားသုံးစင်း လွှဲချော်သွားခြင်းက ရန်သူကို ခုခံနိုင်စွမ်းကုန်ဆုံးသွားပြီဟု ဆိုလိုသည်။ သို့သော်လည်း ကျန်းယွိရန်က ကျုံးယုံကို ကာကွယ်ရန် သူ့ဆီသို့ ပြေးသွားလိုက်သေးသည်။ မြှားတံများ ကုန်သွားသည်နှင့်တပြိုင်နက် သူမက မြေပြင်ပေါ်ရှိ သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်ကာ အနက်ရောင်၀တ်လူများကို စတင်တိုက်ခိုက်တော့သည်။
အနက်ရောင်ဝတ်လူများကလည်း သူမနှင့် ကျုံးယုံကို အသေသတ်ရန် ဆုံးဖြတ်ထားပုံဖြင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ ကျန်းယွိရန်၏ရင်ဘတ်ဆီသို့ မြွေဓားတစ်ချောင်း ထိုးစိုက်မိလုနီးပါးဖြစ်နေချိန်တွင် အဖြူရောင်အရိပ်တစ်ခု ကောင်းကင်မှ ပျံဆင်းလာပြီး အနက်ရောင်ဝတ်လူ၏ လက်ကောက်ဝတ်ကို ကိုက်ဖြတ်လိုက်သည်။
ရှောင်ချီက ကျန်းယွိရန်အား ကယ်တင်နေသည်ကို မြင်လိုက်ရသည့် စူးချင်းက ကျန်းယွိရန်အတွက် စိတ်မပူတော့ဘဲ ကျုံးယုံကို ကယ်တင်ရန် ပြေးသွားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အဆိပ်သင့်နေသည့်တိုင် ကျုံးယုံက အလွန်သန်မာနေသေးသည်။ သူက ထိုအနက်ရောင်၀တ်လူများကို သူနားသို့ ကပ်ခွင့်မပေးခဲ့ပေ။ သို့တိုင်အောင် သူ့ပခုံးကို ဓားဖြင့် အထိုးခံလိုက်ရသေးသည်။ နောက်တစ်ခဏသာ အချိန်ထပ်နောက်ကျလျှင် ကျုံးယုံ လုံးဝ ရှုံးနိမ်ပြီး အသက်ပျောက်သွားပေလိမ့်မည်။
စူးချင်း ရောက်သွားချိန်တွင် ထိုအနက်ရောင်၀တ်လူများထဲမှ တစ်ဦးကသာ ကျုံးယုံကို ကိုင်တွယ်ရန် ကျန်နေခဲ့ပြီး ကျန်လူများက စူးချင်းကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ သူတို့က သူမက မပြေးနိုင်အောင် စက်ဝိုင်းပုံ ဝိုင်းရံထားပြီး မြွေဓားများဖြင့် ချက်ချင်း တိုက်ခိုက်လာကြသည်။
သက်တော်စောင့်လေးယောက်ကလည်း ထိုအနက်ရောင်၀တ်လူများအား တိုက်ခိုက်ရန် အချိန်မီရောက်လာကြသည်။ သို့သော် ထိုအနက်ရောင်ဝတ်လူများ၏ ကိုယ်ခံပညာက ထူးဆန်းလွန်းလှပြီး သူတို့၏ဓားက အနက်ရောင်ဝတ်လူကို ဓားမိခါနီးတွင် ထိုအနက်ရောက်ဝတ်လူက ရုတ်တရက် ပျောက်သွားသည်။ သက်တော်စောင့်များက သူ့ကို လိုက်ရှာနေစဥ်မှာပင် သူက အနောက်မှ ပေါ်လာပြီး ချောင်းမြောင်းတိုက်ခိုက်ပြန်သည်။ စူးချင်းက ဤလျှို့ဝှက်နည်းပညာတစ်ခုကို မှတ်မိ သွားခဲ့သည်။
ဒါက ခတ်သစ်မှာ နင်ဂျာလို့ အလွယ်ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေ မဟုတ်ဘူးလား? ဆိုတော့ ဒီလူတွေက ဂျပန်ကောင်တွေပဲ ဖြစ်ရမယ်။
စူးချင်းက သူမ၏ ဓားပျော့ကို ဆွဲထုတ်လိုက်ပြီး သက်တော်စောင့်များအား အမြန်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ အနက်ရောင်ဝတ်လူများက သူမကို ထပ်မံ ဝန်းရံရန် အခွင့်အရေး ယူကာ ငွေရောင်မြွေလေးကို နောက်တကြိမ် ထပ်လွှတ်ပေးလိုက်သည်။ သူတို့က စူးချင်းကို ကိုင်တွယ်ရန် ကျုံးယုံအား ဖြေရှင်းခဲ့သည့် အောက်တန်းစားနည်းလမ်းကို အသုံးပြုလိုက်ခြင်းပင်။
စူးချင်းက ဓားတစ်ချက်သာ ဝှေ့ယမ်းပြီး ထိုငွေရောင်မြွေလေးကို တစ်ဝက်ပိုင်းဖြတ်လိုက်သည်။ ထို့နောက် သူမက သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သောကြောင့် အနက်ရောင်ဝတ်လူများ ဒဏ်ရာကိုယ်စီဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
စူးချင်းက သူတို့ကို အသက်ဆက်ရှင်ခွင့်ပေးခဲပြီး သူတို့ကို မသတ်ချင်သေးသောကြောင့်သာ သူတို့ အသက်ရှင်နေခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ယခုအချိန်၌ သူတို့၏ခေါင်းများ ရှိတော့မည် မဟုတ်ပေ။
သက်တော်စောင့်လေးယောက်က ထိုအနက်ရောင်ဝတ်လူများကို နွားအရွတ်ကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။ ရှောင်ချီကတော့ ရတနာတစ်ခုကို ရှာတွေ့သလို ငွေရောင်မြွေလေးဆီသို့ ပြေးသွားပြီး ထိုမြွေကို ကောက်ယူကာ ဝမ်းသာအားရ အော်ဟစ်နေသည်။
“ဟား ဟား၊ ငွေမြွေလေး၊ ငါရဲ့ရတနာလေး၊ နှစ်တစ်ထောင်အတွင်းမှတောင် တွေ့ရခဲတဲ့ ရတနာလေး”
ရှောင်ချီ၏ စကားသံ ဆုံးသွားသည်နှင့် စူးချင်းလည်း သူမ၏ ဆေးပင်ရှာဖွေစုဆောင်းမှု အဆင့်တက်လာသည်ကို တွေ့လိုက်ရသည်။ တခဏချင်းမှာပင် အဆင့်ခြောက်မှ အဆင့်ခုနစ်အထိ ခုန်တက်လာခဲ့သည်။
[အဆင့်တက်ခွင့်ရတဲ့အတွက် Host ကို ဂုဏ်ပြုပါတယ်။ ဆေးဖက်ဝင်ပစ္စည်း စုဆောင်းခြင်းက အဆင့် ၇ အထိ တိုးမြင့်သွားပါပြီ။ Host ရဲ့ ကာယစွမ်းအား၊ ဝိညာဉ်စွမ်းအားနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ အပါအဝင် စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၈၁ အထိ တိုးလာခဲ့ပါတယ်]
စနစ်၏ အသံကလည်း ချက်ချင်း ထွက်ပေါ်လာသည်။ ထိုသတင်းကောင်းကို သတင်းပို့ပြီးနောက် ၎င်းက Host ထံမှ ဆုလာဒ်တောင်းသံကို စောင့်ဆိုင်းနေခဲ့သည်။
“အင်း၊ ငါ စစ်သင်္ဘောရဲ့ အသေးစိတ်ပုံစံနဲ့ သူ့ရဲ့ထုတ်လုပ်မှုနည်းလမ်းကို လိုချင်တယ်”
စူးချင်းကလည်း ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ခြင်းပင်။ သူမက စစ်သင်္ဘော၏အသေးစိတ်ပုံစံနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်ကို တိုက်ရိုက်တောင်းဆိုလိုက်သည်။
“ကောင်းပါပြီ”
စူးချင်းက စနစ်က သူမနှင့် ထပ်မံညှိနှိုင်းလာမည်ဟု ထင်ထားခဲ့သော်လည်း သူမ မျှော်လင့်ထားသလို ဖြစ်မလာဘဲ ဤတစ်ကြိမ်တွင် စနစ်က အလွယ်တကူ လက်ခံလိုက်သည်။ ထိုအရာက စူးချင်းကို အံ့အားသင့်သွားစေပြီး သူမ စနစ်ကို ပြန်မေးလိုက်သည်။
"ဒီအချိန်မှာ နင်က ဘာလို့ အရမ်းနာခံနေရတာတုန်း"