မင်းတို့ရဲ့သခင် ဘယ်မှာလဲ?
Vol. 39 Ch. 581
စနစ်ကတော့ မည်သူမျှ မကြားအောင် သူဘာသာသူ ပြန်ပြောနေရှာသည်။
ဒါကို လိမ္မာပါးနပ်ပြီး လက်တွေ့ကျတယ်လို့ ခေါ်တယ်။ Host က အခု ဧကရီတစ်ပါး ဖြစ်လာပြီး ဖီးနစ်အရှိန်အဝါနဲ့ ခန်းမဆောင်ကိုတောင် ဝင်ရောက် လွှမ်းမိုးနေနိုင်ပြီလေ။ ဒီစနစ်သေးသေးလေးက မနာခံဘဲ နေဝံ့ပါ့မလား?
"Host အဆင့်တက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်"
စနစ်က သူ့ဘာသာသူသာ တွေးတောရဲပြီး အပြင်တွင်တော့ လုံးဝ ထုတ်မပြောရဲပေ။
Host သာ သူမ ဖီးနစ်အရှိန်အဝါကြောင့် ခန်းမဆောင်ထဲ ဝင်ထွက်နိုင်တာကို သိသွားရင် သူ့ကို ဘယ်လို နှိပ်စက်ပြီး ဘယ်လောက် ပြသနာရှာမယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။
“အရင်က ငါ အဆင့်တွေ တက်တော့ ဒီလိုမျိုး ထည့်မတွက်ခဲ့ဘူးမလား?”
စူးချင်း၏ အသံက အနည်းငယ် အေးစက်နေသောကြောင့် စနစ်ကလည်း အနည်းငယ် တုန်လှုပ်လာခဲ့သည်။
"ထည့်တွက်ပါတယ်၊ ဒါပေမယ့် အဲ့တုန်းက Host ရဲ့အဆင့်က လုံလောက်အောင် မမြင့်သေးလို့ပါ၊ အခုမှ လုံလောက်သွားတာပါ”
"လုံလောက်အောင် အဆင်မြင့်သွားပြီပေါ့လေ"
စူးချင်းက စနစ်၏စကားများထဲမှ ဟာကွက်တချို့ကို ဖမ်းဆုပ်လိုက်ပြီး ချက်ချင်း ထပ်မေးလိုက်သည်။ စနစ်ကတော့ ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။ စူးချင်းက သူ့အတွက် ထောင်ချောက်တစ်ခုကို တူးနေသည်ဟု သူ ခံစားနေမိပြီး မဖြေချင်တော့ဘဲ ထွက်ပြေးရန် ဆင်ခြေရှာလိုက်သည်။
"ဪ အခုမှ သတိရတယ်၊ စနစ်ရဲ့နယ်မြေမှာ အစည်းအဝေးတစ်ခု လုပ်ဖို့ ရှိနေတာပဲ။ ဒီစနစ်ကလေးကအခုချက်ခြင်း ပေါင်းစည်းရေးနယ်မြေကို ပြန်သွားရတော့မယ်"
စနစ် ထွက်ပြေးသွားပြီးနောက်တွင် စူးချင်းက ချည်နှောင်ခံထားရသည့် အနက်ရောင်ဝတ် လူအနည်းငယ်ကို လှည့်ကြည့်ကာ အေးတိအေးစက်ဖြင့် စတင် စစ်မေးတော့သည်။
"ဘယ်သူက ငါ့ကို သတ်ခိုင်းလိုက်တာလဲ?"
ပြန်ဖြေသည့်အသံ တစ်ခွန်းမှ ထွက်မလာဘဲ သူတို့အားလုံးက သူတို့၏ပါးစပ်ထဲမှ အဆိပ်ကို ကိုက်ကာ သတ်သေရန် အလုပ်ရှုပ်နေကြသည်။ စူးချင်းက ရှေ့တိုးသွားလိုက်ပြီး အနက်ရောင်ဝတ်လူတစ်ယောက်၏ မေးစေ့ကို ကန်ကာ သူ့ပါးစပ်ထဲသို့ အဆိပ်ဖြေဆေး ပစ်ထည့်လိုက်သည်။
ထိုအနက်ရောင်ဝတ်လူကတော့ ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိနေပြီး အဆိပ်မှ ထွက်ပေါ်လာသည့် နာကျင်မှုကြောင့် သူ ချက်ချင်း သေသွားရန် မျှော်လင့်နေခဲ့သည်။ နောက်ဆုံးတွင် သူ မသေဘဲ အသက်ရှင်လျှက် နှိပ်စက်ညှဉ်းပန်း ခံရတော့မည်ကို နားလည်လိုက်သည်။ ထိုအနက်ရောင်ဝတ်လူက သူ့၏အဖွဲ့သားများကို မနာလိုစွာ စိုက်ကြည့်နေပြန်သည်။
သူက ဘာလို့ ဒီလောက် ကံဆိုးပြီး အဆိပ်ဖြေဆေး သောက်ခွင့်ရခဲ့တာလဲ?
သူ ပြန်မဖြေချင်သော်လည်း စူးချင်း၏နှိပ်စက်မှုက သူ၏သည်းခံနိုင်မှုထက် ကျော်လွန်နေခဲ့သည်။ နာကျင်လွန်းသဖြင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး ထိုဝေဒနာမှ လွတ်မြောက်ခွင့်က သူ့အမျှော်လင့်ဆုံးအရာ ဖြစ်လာခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုညှဉ်းပန်းနှိပ်စက်မှု အားလုံး ပြီးသွားသည်တိုင် သူ ခေါင်းနှင့်ကိုယ်တွဲလျက် အသက်ရှင်နေသေးသည်။ သို့သော်လည်း သည်းမခံနိုင်သော ဝေဒနာက သူ့ကို မြန်မြန်သေသွားရန် ဆုတောင်းမိစေပြန်သည်။
“နောက်ထပ် မေးခွန်းတစ်ခုကို ပြောင်းမေးမယ်။ မင်းတို့ရဲ့သခင် ဘယ်မှာလဲ?"
စူးချင်းက ထိုအနက်ရောင်ဝတ်လူ၏ရှေ့တွင် ထိုင်ချလိုက်ပြီး သူ့မေးစေ့ကို ကိုင်ကာ မေးမြန်းနေခဲ့သည်။ သူမ၏အေးစက်နေသော မျက်နှာပေါ်၌ နွေးထွေးမှုတစ်စပင် မရှိသလို သူမ၏အသံကလည်း ရေခဲသဖွယ် အေးစက်နေလေသည်။ သူမ၏ လှပသော မျက်လုံးလေးများထဲ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပြီး တဖက်လူကို ကျောရိုးထဲအထိ အေးစက်သွားစေခဲ့သည်။
"ငါ မသိဘူး"
အနက်ရောင်၀တ်လူကလည်း အေးစက်စက် ချွေးသီးများ စိုရွှဲနေသော သူ့မျက်နှာကို ခပ်တင်းတင်း မော့ထားပြီး သူ့သွားများ ကျိုးလုမတတ် အံ့ကြိတ်တောင့်ခံနေသည်။
"နင် မသိဘူးလား? ရတယ်လေ”
စူးချင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူမ မြောင်ကျားတောင်မှ ယူလာသည့် အဆိပ်ကို ထိုလူ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ အဆိပ်ကို မျိုချလိုက်ရပြီးနောက်တွင် ထိုအနက်ရောင်ဝတ်လူက ပုရွက်ဆိတ်အကောင်တစ်သောင်း ကိုက်ခံနေရသလို သို့မဟုတ် သူ့ခန္ဓာကိုယ်ကို ဆီပူပူထဲသို့ ပစ်ချကာ အကြော်ခံနေသလို ခံစားလိုက်ရသည်။ ထိုအရာက သာမန်လူများ သည်းမခံနိုင်လောက်သည့် နှိပ်စက်ညှဉ်းပန်းမှုတစ်ခု ဖြစ်နေလေသည်။
၎င်းကို ဆယ့်ရှစ်ထပ်ငရဲဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုခြင်း မဖြစ်နိုင်ချေ။
စူးချင်းက ပြန်ထရပ်ပြီး သူ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။ လက်ဖက်ရည်ခွက်၏ တစ်ဝက်ကုန်စာ မပြည့်မီမှာပင် ထိုအနက်ရောင်ဝတ်လူက သည်းမခံနိုင်တော့ဘဲ ဝန်ခံလာခဲ့သည်။
“မင်းသမီးလန်းတင်က မင်းကို သတ်ဖို့ ငါတို့ကို စေလွှတ်လိုက်တာ”
စကားသံ ဆုံးသွားပြီးနောက်တွင် ထိုအနက်ရောင်၀တ်လူက သူ့အင်အားကို လုံးဝ ဆုံးရှုံးသွားပုံဖြင့် မြေပြင်ပေါ်သို့ ပစ်လဲသွားတော့သည်။
"အခု သူ(မ) ဘယ်မှာလဲ?"
စူးချင်းက မျက်ခုံးပင့်ရင်း ထပ်မေးလိုက်သည်။
ဒီလန်ထင်က သေလမ်းရှာနေတာပဲ။ အရင်က သူမ ဒီမင်းသမီးကို ဂျပန်ရောက်အောင် ပြန်ခွင့်ပြုခဲ့ပြီးပြီ၊ ဒါပေမယ့် အခုတော့ သူမ စိတ်ပြောင်းသွားပြီ။
“ပြန်သွားပြီ၊ မင်းသမီးက ဝူးခို့ပြည်ထောင်ကို ပြန်ရောက်သွားပြီ”
ထိုအနက်ရောင်ဝတ်လူက စူးချင်း၏မျက်လုံးများထဲမှ လူသတ်ချင်စိတ်ကို မြင်သွားခဲ့ပြီး လန်တင်ကို ကာကွယ်ရန် လိမ်ညာလိုက်သည်။ သို့သော် သူ ပြန်ဖြေနေသည့်အချိန်တွင် သူ့မျက်လုံးများက ဟိုဟိုဒီဒီ ရွှေ့လျားနေခဲ့သည်။
"အင်း.... သေသေချာချာ အချိန်ယူပြီး စဉ်းစားလိုက်ပါဦး"
စူးချင်း၏မျက်နှာက မည်းမှောင်သွားပြီး သူမ၏သက်တော်စောင့်များအား အမိန့်ပေးလိုက်သည်။
"သူ့ကို စောင့်ကြည့်ထားကြ"
သူမ ဂျင်ဆင်း ဆက်တူးရဦးမယ်လေ။ ဒီလူက နာကျင်တာကို ခံနိုင်ရည်ရှိနေသေးတည်၊ အဲ့တော့ သူကို ခဏလောက် ဆက်ပြီး နာကျင်ခိုင်းထားလိုက်ဦးမယ်။
“မသွားပါနဲ့၊ ငါ့ကို အဆိပ်ဖြေဆေးပေးပါတော့”
စူးချင်း ထွက်သွားတော့မည်ကို မြင်လိုက်ချိန်တွင် ထိုအနက်ရောင်ဝတ်လူက အလွန်အမင်း ထိတ်လန့်သွားပြီး စူးချင်းဆီသို့ တွားသွားလာကာ သူမကို တောင်းပန်လိုက်သည်။
ဒီပုရွက်ဆိတ် သောင်းချီ အကိုက်ခံရသလို နာကျင်တဲ့ ဝေဒနာကို သူ သည်းမခံနိုင်တော့ဘူး။ ဒါက သေရတာထက် ပိုဆိုးတယ်။
“ငါ နင့်ကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် နင်က ငါ့ကို အမှန်အတိုင်း မပြောဘူးလေ၊ အဲတော့ နင် နောက်ထပ်စကားပြောခွင့်ရဖို့ ခဏတော့ စောင့်ပေးဦး”
စူးချင်းက ခေါင်းပင် ပြန်မလှည့်လာခဲ့ပေ။
ငါ နင့်ကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် နင်က လက်မခံခဲ့ဘူး။ ဒါဆို ဆက်ပြီး ဒုက္ခခံလေ။ နင် ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်လဲဆိုတာ ငါက အေးအေးဆေးဆေး စောင့်ကြည့်ပေးနိုင်ပါတယ်။
“အစ်မစူးချင်း၊ ကျွန်မ အစ်မနဲ့ လိုက်ခဲ့မယ်"
ကျန်းယွိရန်က စူးချင်းနောက်သို့ လိုက်လာပြီး လေးစားမှုများ၊ ကျေးဇူးတင်မှုများ ပြည့်နေသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
အစ်မစူးချင်းက သူမနဲ့ အစ်ကိုကြီးကျုံးရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြန်ပြီ။
“အင်း”
စူးချင်းက ကျန်းယွိရန်၏ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့်အကြည့်များကို မြင်နေပြီး သူမကို အပြစ်မတင်ရက်တော့ပေ။
တကယ်တော့ သူမတို့ အပြင်ထွက်ရတာ ရှားပါးလွန်းတယ်လေ၊ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ လှပတဲ့လိပ်ပြာတစ်ကောင်ကို မြင်သွားပြီး လိုချင်မိတာ ပုံမှန်ပါပဲ။
သူမတို့နှစ်ယောက်ကြောင့်သာ အနက်ရောင်၀တ်လူတွေကို မြှားခေါ်နိုင်သလို ဖြစ်သွားခဲ့တာ။ မဟုတ်ရင် သူမ ဒီလူတွေကို အခုထိ ဖမ်းနိုင်ဦးမှာ မဟုတ်ဘူး။
"ဆရာ၊ ကျွန်တော် မှားသွားပါတယ်"
ကျုံးယုံက အမှားလုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ ဆရာဖြစ်သူနောက်မှ လိုက်ပါလာရင်း စူးချင်းကို တိုးတိုးလေး တောင်းပန်နေသည်။
"မင်း အခုတော့ မင်းရဲ့အမှားကို သိပြီပေါ့၊ ဒါဆို အခု အလုပ်စလုပ်တော့လေ”
စူးချင်းက နောက်သို့လှည့်လိုက်ပြီး ကျုံးယုံကို တစ်ချက်ကြည့်လိုက်သည်။ သူက ခေါင်းငုံ့ထားပြီး မိန်းမငယ်လေးကဲ့သို့ သူ့အဝတ်အစားများ ဆွဲလိမ်နေသောကြောင့် စူးချင်း မပြုံးဘဲ မနေနိုင်တော့ပေ။ သို့သော် သူမက အေးစက်သောမျက်နှာကို ပြန်ဖန်တီးလိုက်ပြီး သူ့ကို အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ၊ ကျွန်တော် အလုပ်စလုပ်ပါ့မယ်”
သူ့ဆရာက သူ့ကို အလုပ်စလုပ်ခိုင်းသောကြောင့် ကျုံးယုံက စိတ်အားထက်သန်စွာ သဘောတူလိုက်ပြီး ဆေးပင်ရှာရန် ဝမ်းသာအားရ ပြေးသွားတော့သည်။ သူကြ ဖန့်ဖုန်းနှင့် စန်းချီတို့ကိုသာ သိသောကြောင့် အခြားအပင်များကို မတူးရဲဘဲ ထိုနှစ်မျိုးကိုသာ ရှာဖွေ စုဆောင်းနေခဲ့သည်။
ယခုတစ်ကြိမ်တွင် ကျန်းယွိရန်က သူမဘာသာ ဆေးပင်မရှာတော့ဘဲ စူးချင်း၏ဘေးမှ ကပ်လိုက်လာသည်။ စူးချင်းက သူမကို ဂျင်ဆင်း ရှာရန် ခေါ်သွားခဲ့ပြီး ထိုနေရာသို့ အရောက်တွင် ထိုင်ချကာ စတူးရန် ပြင်ဆင်လိုက်သည်။
“အစ်မစူးချင်း၊ ဒါက အစ်မအတွက် အဆင်မပြေဘူး။ ကျွန်မ တူးပေးမယ်”
ကျန်းယွိရန်က စူးချင်းကို အမြန် တားဆီးလိုက်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် စောင့်ကြောင့်ထိုင်ကာ ဆေးပင်တူးဖော်ရန် ခက်ခဲလွန်းလှသည်။
“အင်း”
စူးချင်းကလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ကျန်းယွိရန်က စေ့စေ့စပ်စပ်ရှိသူ ဖြစ်ပြီး ဆေးပင်တူးရန် သူမနောက်သို့ မကြာခဏ လိုက်ပါဖူးသူ ဖြစ်သည်။ ကျန်းယွိရန်က ထိုဂျင်ဆင်းကို မပျက်စီးစေဘဲ တူးနိုင်မှန်း စူးချင်း သိနေပြီး နောက်ဆုံးတွင် သူမလည်း သက်တောင့်သက်သာ စောင့်ကြည့်ရုံသာ လုပ်နေတော့သည်။နေ
ကိုယ်ဝန်ဆောင်ထားရသည့် သူမ၏ခန္ဓာကိုယ်က မူလထက် လေးလံနေသောကြောင့် စူးချင်းက သစ်ပင်တစ်ပင်ကို မှီထိုင်နေလိုက်သည်။ ပူနွေးသော နေရောင်ခြည်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး နွေးထွေးလာသောကြောင့် သူမ အိပ်ငိုက်လာကာ ခဏအကြာတွင် သစ်ပင်ကို ခေါင်းမှီရင်း အိပ်ပျော်သွားတော့သည်။
“ဧကရီမယ်မယ့်ကို သတင်းပို့ပါတယ်၊ အဲဒီလူက ဝန်ခံချင်နေပါပြီ”
စူးချင်း အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပင် သက်တော်စောင့်တစ်ယောက် ရောက်လာပြီး အလျင်အမြန် သတင်းပို့လာခဲ့သည်။
"သူ့ကို နောက်ထပ် ရှီးချန်တစ်ဝက်လောက် နာကျင်ခိုင်းထားလိုက်ဦး"
စူးချင်းက သူမ၏မျက်လုံးကိုပင် မဖွင့်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။
ငါ နင့်ကို မေးနေတုန်းက နင်က မပြောချင်ဘူး၊ အခု နင်က ပြောချင်လာပေမယ့် ငါက နားမထောင်ချင်သေးဘူး။
“ဟုတ်ကဲ့”
ဧကရီအပေါ် လေးစားမှုနှင့် ကြောက်ရွံ့မှု အပြည့်ရှိနေသော သက်တော်စောင့်က သူမကို လက်သီးအုပ် အရိုအသေပေးကာ သတင်းပြန်ပို့ရန် ပြန်ထွက်ဖို့ ပြင်လိုက်သည်။ ထို့နောက် သူက သိပ်မကြာခင် ဧကရီကို ကာကွယ်ပေးရန် သူ စူးချင်းဆီသို့ ပြန်လာမည့်အကြောင်း ထပ်ပြောလာခဲ့သည်။
“သူ့ကို ဒီဘက် ခေါ်လာခဲ့”
စူးချင်းက ထိုအနက်ရောင်ဝတ်လူများထံတွင် နောက်ထပ်ကြံရာပါများ ရှိနေမည်ကို တွေးမိကာ စိုးရိမ်သွားပြီး အားလုံး နေရာပြောင်းလာရန် ညွှန်ကြားလိုက်သည်။ ထိုသက်တော်စောင့်ကလည်း အမိန့်ကို လက်ခံကာ အခြားလူများကို ခေါ်ရန် ထွက်သွားတော့သည်။
သိပ်မကြာခင်မှာပင် သက်တော်စောင့်များက အနက်ရောင်၀တ်လူကို ဆွဲခေါ်လာကြပြီး ထိုလူက နာကျင်မှုကြောင့် ချွေးများ ရွှဲနစ်နေသည်။ သူ့တစ်ကိုယ်လုံး ရေထဲက ဆွဲထုတ်ခံလာရသလို စိုရွဲနေပြီး အထူးသဖြင့် သနားစဖွယ် ဖြစ်နေရှာသည်။
“ပြော”
စူးချင်းက သူမ၏မျက်လုံးများကို မှိတ်ထားခဲ့ပြီး လက်ရှိအချိန်တွင် သူမ အင်အားပြန်ပြည့်လာပြီ ဖြစ်သည်။ သူမက မတ်မတ် ပြန်ထိုင်လိုက်ပြီး ထိုအနက်ရောင်ဝတ်လူကို စိုက်ကြည့်ကာ အေးစက်သော လေသံဖြင့် စကားတစ်လုံး ပြောလာခဲ့သည်။ သူမကို ကြည့်ရသည်မှာ စကားနှစ်လုံး ပြောရန်ပင် ပျင်းရိနေပုံရသည်။
“မင်းသမီးလန်ထင်နဲ့ သံတမန်တို့က အိမ်ပြန်လမ်းမှာပဲ ရှိနေပါသေးတယ်။ သူတို့က ငါတို့ကို ကျင်းချန်ကနေ စောင့်နေမှာပါ။ အဲ့နေရာမှာ ထောက်လှမ်းရေးနဲ့ သတင်းစုဆောင်းဖို့ သုံးတဲ့ ကုန်သည်တွေ ရှိတယ်။ ကျင်းချန်ကနေ ဟိုင်ချန်ကို ဆက်သွားရင် ငါတို့ကို လာကြိုမယ့် သင်္ဘောတစ်စင်း ရှိတယ်”
ယခုတစ်ကြိမ်တွင်တော့ ထိုအနက်ရောင်ဝတ်လူက ရိုးရိုးသားသားဖြင့် ဘာမှ မမေးရသေးခင် ပြောပြနေခဲ့သည်။
"သင်္ဘော” ဟူသော စကားကို ကြားလိုက်ရချိန်တွင် စူးချင်း၏မျက်ခုံးများက ချက်ချင်း ပင့်တတ်သွားသည်။
သူမ လန်တင်ကို သတ်ချင်သလို အဲ့သင်္ဘောကိုလည်း သိမ်းယူချင်တယ်။
"နောက်ထပ် ဖုံးကွယ်ထားတာ ဘာရှိသေးလဲ?"
စူးချင်းက ထိုအနက်ရောင်ဝတ်လူကို ထပ်စိုက်ကြည့်လိုက်ပြီး အစ်အောက်လိုက်ပြန်သည်။ ထိုအနက်ရောင်ဝတ်လူက ခဏလောက် တုံ့ဆိုင်းသွားသော်လည်း ထပ်ဝန်ခံလာပြန်သည်။
“ဒီတစ်ခါ မြို့တော်ကနေ လူတစ်ယောက် ခေါ်လာခဲ့ပါတယ်။ သူက မင်းတို့တိုင်းပြည်က ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ပါ။ မင်းသမီးလန်ထင်က သူ့ကို အသုံးချပြီး ပိုအားကောင်းတဲ့ ရေယာဉ်စုတစ်ခု တည်ဆောက်ဖို့ သူ့ကို ပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တာပါ”
စူးချင်းက တည့်တည့်မတ်မတ် ထပ်ပြင်ထိုင်လိုက်ရင်း ထိုအနက်ရောင်ဝတ်လူကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
"အဲဒီလူရဲ့နာမည်ကို ဘယ်လိုခေါ်လဲ"
“ငါ မသိဘူး။ သံတမန်နဲ့ မင်းသမီးလန်ထင်ပဲ အဲဒီလူရဲ့နာမည်ကို သိခွင့်ရှိတယ်”
အနက်ရောင်ဝတ်လူက ခေါင်းခါလိုက်သည်။
သူတို့က သူတို့ရဲ့သခင်တွေကို အကာအကွယ်ပေးရပြီး အမိန့်ရလာရင် လူသတ်ပေးရတဲ့ သက်ရှိရုပ်သေးရုပ်တွေပဲ။ သူတို့ မသိသင့်တဲ့ မေးခွန်းတွေကို ဘယ်တုန်းကမှ မေးခွင့်မရှိဘူး။
"သူရဲ့ပုံစံကရော?"
စူးချင်းက နောက်ထပ်နည်းလမ်းတစ်ခုဖြင့် ထပ်မေးလိုက်သည်။
ဒီလူက သူမ သိတဲ့လူလားဆိုတာ သူမ သိချင်နေပြီ။
"အဲဒီလူက မျက်နှာအကာပါတဲ့ ဦးထုပ်ကို အမြဲ၀တ်ထားတယ်၊ သူ့မျက်နှာကို ဘယ်သူမှ မမြင်ရဘူး"
အနက်ရောင်ဝတ်လူက ခေါင်းခါလိုက်သည်။ စူးချင်းက သူ့မျက်လုံးတွေကို အကဲခတ်သလို စိုက်ကြည့်နေပြီး သူ လိမ်နေခြင်း မဟုတ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့သည်။
"သူတို့က ကျင်းချန်က နင်တို့ရဲ့ကုန်သည်အဖွဲ့မှာ နင်တို့ကို စောင့်နေမယ်လို့ နင် ပြောခဲ့တယ်မလား? ငါ့ကို အဲ့ကုန်သည်အဖွဲ့ရဲ့တည်နေရာ ပြောပြ"
စုချင်းက မျက်မှောင်ကြုတ်ထားရင်း ကျင်းချန်ဘက်သို့ လှည့်ကြည့်ကာ အနက်ရောင်ဝတ်လူဆီသို့ သစ်ကိုင်းခြောက်တစ်ခု ပစ်ပေးလိုက်သည်။
လန်တင် ခေါ်သွားတဲ့လူကိုလည်း သူမ ပြန်ခေါ်နိုင်ရမယ်။