ညတွင်းချင်း လိုက်သွားခြင်း
Vol. 38 Ch. 582
အနက်ရောင်၀တ်လူက ကုန်သည်အဖွဲ့၏တည်နေရာကိ နာနာခံခံ ရေးပေးခဲ့သည်။ စူးချင်းက အကြည့်တစ်ချက်ဖြင့် ၎င်းကို အလွတ်ကျက်လိုက်ပြီး ကျင်းချန်သို့ ရောက်ရှိရန် ကြာမည့်အချိန်အား သိနိုင်ရန် စနစ်အတွင်းရှိ ဒေတာများကို စစ်ဆေးပေးဖို့ ရှောင်ချီကို တောင်းဆိုလိုက်သည်။
"သခင်၊ မြို့တော်ကနေ ကျင်းချန်အထိဆိုရင် လီပေါင်းနှစ်ရာ့နှစ်ဆယ် ကွာဝေးပါတယ်"
ရှောင်ချီက သခင်ဖြစ်သူ ပေးလိုက်သည့် တည်နေရာကို စနစ်ထဲသို့ ထည့်သွင်းပြီး အချက်အလက်များ ရှာဖွေကာ စူးချင်းကို ပြန်ပြောပြလိုက်သည်။
လီ ၂၂၀ အကွာအဝေးက သိပ်မဝေးသလို နီးလွန်းသည်လည်း မဟုတ်ပေ။ သို့သော် လမ်းက မညီမညာ ဖြစ်နေပြီး ရထားလုံးဖြင့် သွားလျှင် အနည်းဆုံး ကိုးနာရီခန့် ကြာနိုင်သည်။ မွန်းတည့်ချိန်ဖြစ်သည့် ယခုအချိန်မှ စတင်ထွက်ခွာလျှင် သန်းခေါင်ကျော်မှ ကျင်းချန်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
စူးချင်းက ထိုလူအား တာ့ထန်အင်ပါယာမှ ခေါ်ထုတ်သွားမည်ကို အလွန် စိုးရိမ်နေပြီး သူမက ဂျင်ဆင်းများကို ဂရုမစိုက်နိုင်ဘဲ လက်လျော့လိုက်သည်။ ထို့အပြင် ရှောင်းကျဲယွိကို အကြောင်းကြားရန်လျှင် အချိန်မယူချင်တော့ဘဲ သူမ ကျင်းချန်သို့ ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်သည်။
ထိုအနက်ရောင်ဝတ်လူ ဝန်ခံခဲ့သည့်စကားများကလည်း မှန်ကန်မှု ရှိ မရှိ မသေချာသေးသောကြောင့် စူးချင်းက သူ့ကို အလျင်စလို မသတ်တော့ဘဲ ထိုအစား သူ့ကို သူမနှင့်အတူ ကျင်းချန်သို့ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။
ဧကရီ ကျင်းချန်သို့ သွားတော့မည်အကြောင်း သိလိုက်ရသည့် သက်တော်စောင့်များက ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချကာ သူမကို ဝိုင်းတောင်းပန်ကြတော့သည်။
“မယ်မယ်၊ ကျွန်တော်မျိုးတို့ အဲ့လို လုပ်လို့ မဖြစ်ပါဘူး။ ကျေးဇူးပြုပြီး နန်းတော်ကို ပြန်ကြွပါ”
သူတို့က ဧကရာဇ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်လိုလုပ်ပြီး ဧကရီကို သွားခိုင်းဖို့ သတ္တိရှိမှာတုန်း? ဧကရီက တစ်ခုခု ဖြစ်သွားရင် ဧကရာဇ်က သူတို့ရဲ့မိသားစုဝင်တွေအားလုံးကိုတောင် သေဒဏ်ပေးနိုင်တဲ့ ရာဇဝတ်မှုဖြစ်သွားလိမ့်မယ်။
“ငါ သွားမှ ဖြစ်မယ်။ မင်းတို့က နန်းတော်ကို ပြန်သွားပြီး ငါ ကျင်းချန်ကို သွားတဲ့အကြောင်း ဧကရာဇ်ဆီကို သတင်းပြန်ပို့လိုက်”
စူးချင်းက အေးစက်သော မျက်နှာဖြင့် အမိန့်ပေးလိုက်ပြီး သူတို့ကို စိုက်ကြည့်လိုက်ပြန်သည်။
သူမ ဆုံးဖြတ်ချက် ချပြီးရင် သူမကို ဘယ်သူမှ တားလို့ မရနိုင်တော့ဘူး။
စူးချင်းက ဤသက်တော်စောင့်များကြောင့် သူမ နှောင့်နှေးမည်ကို မလိုချင်ဘဲ သူတို့၏ အပ်စိုက်မှတ်များကို ဖိနှိပ်လိုက်သည်။
သက်တော်စောင့်များက ဧကရီကို ပြူးကြောင်ကြောင် စိုက်ကြည့်နေကြသည်။
သူတို့ဧကရီရဲ့သိုင်းပညာက နားမလည်နိုင်အောင် အစွမ်းထက်လွန်းတယ်။ သူတို့က သူတို့ကိုယ်သူတို့ အဆင့်မြင့်သိုင်းပညာရှင်တွေလို့ ယူဆထားကြပေမယ့် အခုတော့ ဧကရီရဲ့ အလစ်တိုက်ခိုက်မှုကိုတောင် မရှောင်တမ်းနိုင်ခဲ့ကြဘူး။
"ဆရာ၊ ကျွန်တော်လည်း လိုက်ခဲ့မယ်"
ကျုံးယုံက ဆေးရွက်အိတ်ကြီးတစ်လုံးနှင့်အတူ အပြေးရောက်လာခဲ့သည်။ သူက သူ့ဆရာနှင့်အတူ တာဝန်များ ထမ်းဆောင်ရခြင်းကို အလွန်နှစ်သက်ပြီး တိုက်ခိုက်ရခြင်းက သူ့အတွက် အထူးစိတ်ဝင်စားဖွယ် ကျေနပ်စရာတစ်ခု ဖြစ်သည်။
“အင်း”
စူးချင်းက အလွယ်တကူ ခေါင်းညိတ်လိုက်သည်။
ကျုံးယုံက အရမ်းသန်မာပြီး အင်အားကြီးမားသလို သူရဲ့သိုင်းပညာကလည်း အဆင့်တစ်ခုကို ရောက်နေပြီ။ သူတစ်ယောက်တည်းနဲ့ လူဆယ်ယောက်ကို အနိုင်တိုက်နိုင်တယ်။ စိတ်ကျေနပ်စရာအကောင်းဆုံးကတော့ ကျုံးယုံက သူမရဲ့စကားကို တသွေမတိမ်း လိုက်နာတဲ့သူ ဖြစ်နေတာပဲ။
သူ့၏ဆရာက သဘောတူလိုက်သည်နှင့် ကျူံးယုံက သူ့၏ပါးစပ်ကို အကျယ်ကြီး ဖွင့်ကာ ရယ်မောနေပြန်သည်။
“မယ်မယ်၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ အိပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးပါ။ ကျွန်တော်မျိုး မယ်မယ်နဲ့အတူ ကျင်းချန်ကို လိုက်ပါပြီး မယ်မယ့်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်”
သက်တော်စောင့်ရှောင်တင်းက စူးချင်းကို တောင်းပန်လိုက်သည်။ စူးချင်းက သူတို့ မလှုပ်ရှားနိုင်ရန်သာ အကြောပိတ်ထားခဲ့ပြီး သူတို့ကို လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားခဲ့သည်။
ကျန်နေသည့် သက်တော်စောင့်သုံးယောက်ကလည်း အပြင်းအထန် ခေါင်းညိတ်နေကာ ရှောင်တင်း၏စကားကို ထောက်ခံနေကြသည်။
“မယ်မယ်၊ ကျွန်တော်မျိုးတို့လည်း မယ်မယ်နဲ့အတူ ကျင်းချန်ကို လိုက်ပါပြီး မယ်မယ့်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်”
သူတို့ ဧကရီနဲ့အတူ ကျင်းချန်ကို လိုက်သွားခဲ့ရင် ဧကရာဇ်က သူတို့ကို ဒေါသတကြီး အပြစ်ပေးနိုင်တယ်။ ဒါပေမယ့် သူတို့ မလိုက်သွားလို့ ဧကရီ တစ်ခုခု ဖြစ်ခဲ့ရင် အကျိုးဆက်တွေက အများကြီး ပိုကြီးမားလာနိုင်ပြီး သူတို့ရဲ့ မိသားစုဝင်တွေပါ ပါဝင်ပတ်သက်လာနိုင်တယ်။ အဲ့ဒါကြောင့် ဒီရွေးချယ်စရာနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဧကရီနဲ့အတူ ကျင်းချန်ကို လိုက်သွားပြီး ဧကရီအတွက် အစွမ်းကုန် ကာကွယ်ပေးတာက ပိုကောင်းနိုင်တယ်။ သူတို့ ဧကရီကို ကာကွယ်ရင်း သေသွားရရင်တောင် သူတို့ရဲ့မိသားစုဝင်တွေ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနိုင်သေးတယ်။
"မလိုဘူး။ ပြန်သွားပြီး ဧကရာဇ်မင်းမြတ်ကို သတင်းပို့ဖို့ ကူညီပေးကြဦး။ မင်းတို့ ပြန်ယူဖို့ စာတစ်စောင် ရေးပေးလိုက်မယ်"
စူးချင်းက သူမနှင့်အတူ လူအများကြီး မခေါ်သွားချင်ပေ။ သူမတို့ထံတွင် ရထားလုံးတစ်စင်းသာရှိပြီး လူများလာလေလေ ခရီးဖင့်လေလေ ဖြစ်လာနိုင်သည်။
"ဧကရီမယ်မယ်၊ ကျေးဇူးပြုပြီး ကျွန်တော်မျိူးကိုတော့ လိုက်ခွင့်ပြုပါ"
သက်တော်စောင့်ရှောင်တင်းက စူးချင်းကို ထပ်တောင်းပန်ပြီး ဧကရီ၏ရထားလုံးကို မောင်းပေးမည်ဟုပင် ကမ်းလှမ်းလာခဲ့သည်။
“ကောင်းပြီလေ၊ ဒါဆို မင်း ရထားလုံး မောင်းလို့ ရတယ်”
စူးချင်းက သူ့ကို စိုက်ကြည့်ရင်း လိုက်ခွင့်ပြုလိုက်သည်။
ဒီရှောင်တင်းက ဉာဏ်ကောင်းပြီး တည်ငြိမ်တယ်။ သူမလည်း ရထာလုံးမောင်းဖို့ လူလိုနေမှတော့ သူ့ကို ခေါ်သွားလိုက်တော့မယ်။
အခြားသက်တော်စောင့်သုံးယောက်ကတော့ ရှောင်တင်းကို မနာလိုစွာ စိုက်ကြည့်နေကြသည်။
အခု သူတို့ တောင်းပန်နေလည်း ဘာမှ အသုံးမဝင်တော့ဘူး။ ဧကရာဇ်တောင်မှ ဧကရီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲအောင် ဆွဲဆောင်နိုင်တာမဟုတ်ဘူး။ သူတို့ဆိုရင်တော့ တွေးတောင် မတွေးနဲ့။
"အစ်မစူးချင်း၊ ကျွန်မလည်း အစ်မနဲ့ လိုက်ခဲ့မယ်"
ဂျင်ဆင်း၏အမြစ်တစ်ဝက်ကိုသာ တူးရသေးသည့် ကျန်းယွိရန်က စူးချင်း ကျင်းချန်သို့ သွားတော့မည့်အကြောင်း ကြားသွားပြီး စိတ်လှုပ်ရှားမှုအပြည့်ဖ့င့် ချက်ချင်း ပြန်ပြေးလာသည်။
"အင်း လိုက်ခဲ့"
စူးချင်းက သူမအား ပြုစုစောင့်ရှောက်ပေးရန် မိန်းခလေးအဖော် လိုအပ်နေသေးသည်ကို တွေးမိသောကြောင့် ကျန်းယွိရန်အား လိုက်ခွင့်ပေးလိုက်သည်။ သက်တော်စောင့်သုံးယောက်က ကျန်းယွိရန်ကို မနာလိုစွာ ထပ်ကြည့်လိုက်ကြပြန်သည်။
ဖြစ်နိုင်ရင် မိန်းခလေး ဖြစ်ပြီး သူမရဲ့နေရာကနေ အစားထိုး လိုက်သွားချင်တယ်။
"သွားကြရအောင်!"
စူးချင်းက သက်တော်စောင့်ရှောင်တင်း၏ အပ်စိုက်မှတ်ကို အရင်ဖွင့်ပေးပြီး ရထားလုံး သွားမောင်းလာရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ကျုံးယုံနှင့် ကျန်းယွိရန်တို့ကို ခေါ်ကာ တောင်ပေါ်မှ ဆင်းသွားတော့သည်။
သို့သော် သူမ မသွားခင် သူတို့ကို ညွှန်ကြားလိုက်သေးသည်။
"မင်းတို့ရဲ့အပ်စိုက်မှတ်တွေ ပွင့်သွားရင် ဒီဂျင်ဆင်းကို ဆက်တူးပြီး ပြန်ယူသွားလိုက်"
"ရှောင်ချီ၊ နင် ဒီမှာ ခဏနေခဲ့ပြီး သူတို့ကို ကာကွယ်ပေးလိုက်ဦး။ ငါ ထွက်သွားပြီး ရှီးချန်တစ်ဝက်လောက် ကြာမှ သူတို့ရဲ့ အပ်စိုက်မှတ်တွေကို ဖွင့်ပေးလိုက်"
စူးချင်းက မလှုပ်ရှားနိုင်သည့် သက်တော်စောင့်သုံးယောက်အား ဒီအတိုင်း ထားသွားလျှင် သူတို့ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ရှောင်ချီအား သူတို့ကို ကာကွယ်ပေးရန် တာဝန်ပေးထားခဲ့သည်။
သက်တော်စောင့်သုံးယောက်ကတော့ မျက်ရည်များပင် ဝဲလာကြသည်။
သူတို့ရဲ့ဧကရီက အပေါ်ယံအသွင်အပြင်အရ အေးစက်တယ်လို့ ထင်ရပေမယ့် သူမရဲ့အတွင်းစိတ်ကတော့ တကယ်ကို နွေးထွေးလွန်းတယ်။ သူတို့ဘ၀မှာ ဒီလိုကောင်းတဲ့ သခင်နောက်ကို လိုက်နိုင်တာ အရင်ဘဝက လုပ်ခဲ့တဲ့ ကောင်းမှုတွေကြောင့် ကံကောင်းနေတာ ဖြစ်နိုင်တယ်။
စူးချင်း တောင်ပေါ်မှ ဆင်းလာပြီးနောက် သက်တော်စောင့်ရှောင်တင်းက ရထားကို မောင်းယူလာပြီ ဖြစ်သည်။ ကျုံးယုံက အနက်ရောင်၀တ်လူကို သယ်လာပြီး ရထားခုံပေါ်သို့ ပစ်ချကာ ကြိုးချည်ထားလိုက်သည်။
ကျုံးယုံက ကြမ်းတမ်းသည့်လူ ဖြစ်သော်လည်း စေ့စပ်သေချာသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက သူ့၏သခင်က ကိုယ်ဝန်ကြောင့် ရထားလုံးပေါ်သို့ တက်ရန် အဆင်မပြေ ဖြစ်မည်ကိုပင် စိုးရိမ်နေသေးသည်။ သူက ရထားလုံး၏အောက်သို့ ခုံပုလေးတစ်ခု ချပေးကာ ကျန်းယွိရန်က အရင်တက်စေပြီးမှ နှစ်ယောက်သား အပေါ်အောက် ဝိုင်းထိန်းကာ စူးချင်း ရထားလုံးပေါ်တက်နိုင်အောင် ကူညီပေးနေကြသည်။
အမှန်တကယ်တွင် စူးချင်းက ကျုံးယုံနှင့် ကျန်းယွိရန်၏အကူအညီကို မလိုအပ်ပေ။ သူမ၏ကိုယ်ဝန်က လေးလမျှသာရှိသေးပြီး လှုပ်မရနိုင်သည့်အခြေအနေလည်း မဟုတ်သေးပေ။ သို့သော်လည်း သူမက ယခင်ကကဲ့သို့ ရထားပေါ်သို့ ခုန်တက်ခြင်းမျိုးတော့ မလုပ်ရဲတော့ပေ။ ထိုအပြင် တပည့်ဖြစ်သူ၏ သိတက်မှုကိုလည်း မပယ်ရှားချင်သောကြောင့် ခွေးခြေခုံပေါ်မှတဆင့် ရထားလုံးပေါ်သို့ တက်လိုက်သည်။
စူးချင်း ကျင်းချန်သို့ အပြေးအလွှား သွားနေစဉ်တွင် ညီလာခံပြီးသွားပြီး နန်းတွင်းရေးကိစ္စများကိုပါ ဖြေရှင်းပြီးသွားသည့် ရှောင်းကျဲယွိက စူးချင်းကို ရှာဖွေရန် အတွင်းနန်းတော်ဆီသို့ ပြန်လာခဲ့သည်။ ရလဒ်အနေဖြင့် မိန်းမစိုးတစ်ယောက်က ကြောက်ရွံ့တုန်လှုပ်အပြည့်ဖြင့် ဧကရီ နန်းတော်မှ ထွက်ခွာသွားကြောင်း လျှောက်တင်လာခဲ့သည်။
အထူးသဖြင့် စူးချင်း ဆေးပင်များ ရှာရန် တောင်ပေါ်သို့ တက်သွားသည်ဟု ကြားလိုက်ရသောကြောင့် ရှောင်းကျဲယွိက အလွန်အမင်း စိုးရိမ်သွားသည်။
ချင်းအာက မသွားခင် ဘာလို့ သူ ပြန်လာတာကို မစောင့်ရတာလဲ?
နေ့လည်ခင်းတွင် တော်ဝင်စားဖိုဆောင်မှ ဟင်းလျာများ ပေးပို့လာပြီး အရသာရှိနိုင်မည့် ဟင်းပွဲများကို မြင်နေရသည်တိုင် ရှောင်းကျဲယွိတစ်ယောက် စားချင်စိတ် မရှိတော့ပေ။
မွန်းလွဲနေပြီ၊ ချင်းအာက အခုထိ ပြန်မလာသေးဘူး။ သူမ ဗိုက်ဆာနေလောက်ပြီ။
"ဧကရီက ဘယ်တောင်ကို သွားမယ်လို့ ပြောသွားတုန်း"
နောက်ဆုံးတွင် နေ့လယ်စာ စားချိန်ကို ကျော်လွန်လာပြီ ညနေစောင်းလာပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိက ထပ်မစောင့်နိုင်တော့ဘဲ မိန်းမစိုးကို ထပ်မေးလိုက်သည်။
"ဧကရီမယ်မယ်က မပြောသွားပါဘူး"
မိန်းမစိုးက ကြောက်ရွံ့တုန်လှုပ်စွာ ပြန်ဖြေလိုက်သည်။
အဓိက ပြသနာက သူ ဧကရီကို မတားနိုင်ခဲ့ဘူးလေ။
ရှောင်းကျဲယွိက သူ ဘာမှ မသိသည်ကို နားလည်သွားပြီး ဒေါသတကြီးဖြင့် စားပွဲကို လက်သီးဖြင့် ထုကာ အော်ဟစ်လိုက်သည်။
"မင်း ဘာလို့ ကျန်းကို သတင်းလာမပို့ရတာလဲ?"
“ဧကရီက သိပ်မကြာခင် ပြန်လာမယ်လို့ ပြောခဲ့ပါတယ်၊ ပင်မနန်းဆောင်ကို သတင်းမပို့ဖို့လည်း တားမြစ်ခဲ့ပါတယ်။ ဧကရာဇ်မင်းမြတ်က တိုင်းရေးပြည်ရာတွေနဲ့ အလုပ်ရှုပ်နေပြီး အသေးအဖွဲကိစ္စတွေအတွက် ဧကရာဇ်မင်းမြတ်ကို မနှောင့်ယှက်သင့်ဘူးလို့ ပြောခဲ့ပါတယ်”
မိန်းမစိုးက တုန်ယင်နေသောအသံဖြင့် ပြန်ဖြေလိုက်သည်။
တကယ်တော့ သူတို့ ဧကရာဇ်မင်းမြတ် အပြစ်တင်မှာကို ကြောက်သလို ဧကရာဇ်ကိုလည်း သွားမပြောရဲကြဘူးလေ။ အဲ့တော့ ဧကရီရဲ့ အယုံသွင်းစကားတွေကိုပဲ လက်ခံလိုက်ရတယ်။ အခုတော့ တကယ်ကို အကြီးအကျယ် နောင်တရနေပြီ။
"ဧကရီက မပြောဖို့ တားမြစ်ရုံနဲ့ မင်းတို့က ဘာမှ မပြောတော့ဘူးလား? ဧကရီ တစ်ခုခု ဖြစ်သွားရင် ဘယ်သူ တာဝန်ယူမှာလဲ?”
ရှောင်းကျဲယွိက အလွန်ဒေါသနေပြီး အော်ဟစ်ဆူပူနေပြန်သည်။
သူ ဒီမိန်းမစိုးတွေနဲ့ မိန်းကလေးအစေခံတွေအပေါ် အရမ်းသက်ညှာပေးခဲ့မိပုံရတယ်။ အခု သူတို့က ဘယ်သူက အရှင်သခင်ဆိုတာမေ့လျော့နေပြီး သူ့ကို ဖုံးကွယ်ထားဖို့တောင် သတ္တိရှိနေကြပြီ။
ရှောင်းကျဲယွိက မိန်းမစိုးများနှင့်နန်းတွင်းအစေခံမိန်းကလေးများအား ဆွဲထုတ်ခိုင်းပြီး ကြိမ်ဒဏ်ငါးဆယ်စီ ပြစ်ဒဏ်ပေးရန် ညွှန်ကြားခါနီးတွင် တံခါးစောင့် မိန်းမစိုးက အစီရင်ခံရန် ပြေးဝင်လာသည်။
"ဧကရာဇ်မင်းမြတ်ကို လျောက်တင်ပါတယ်၊ ဧကရီမယ်မယ်ရဲ့ သက်တော်စောင့်တွေ ပြန်ရောက်လာပါပြီ"
"သူတို့ကို ခုချက်ချင်း ခေါ်လိုက်"
သက်တော်စောင့်များ ပြန်ရောက်လာသည်ဟု ကြားလိုက်ရသောကြောင့် ရှောင်းကျဲယွိ၏မျက်ခုံးများက ပို၍ တွန့်ချိုးလာသည်။
သက်တော်စောင့်တွေ ပြန်လာတယ်ဆိုတော့ ချင်းအာကရော....???
သက်တော်စောင့်သုံးယောက်က စိတ်ဓာတ်ကျနေသည့်ဟန်များဖြင့် နန်းတော်ထဲသို့ ဝင်လာကြပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ ရှောင်းကျဲယွိကလည်း သူတို့၏အမူအရာကို မြင်သွားပြီး သူ့ဒေါသကို ထိန်းရန် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ မျက်လုံး ပြန်ဖွင့်လာချိန်တွင် သူက သွားကြားထဲမှ လေသံဖြင့် အမိန့်ပေးလိုက်သည်။
“ပြော”
“ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ ဧကရီက လုပ်ကြံသတ်ဖြတ်သူတစ်စုကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါက ဧကရာဇ်မင်းမြတ်ဆီကို ပေးအပ်ဖို့ ကျွန်တော်မျိုးတို့ကို တာဝန်ပေးလိုက်တဲ့ ဧကရီရဲ့စာလွှာပါ”
သက်တော်စောင့်တစ်ယောက်က စူးချင်း ပေးလိုက်သည့်စာကို ထုတ်ယူကာ သူတို့ဘေးနားမှ မိန်းမစိုးဆီသို့ လှမ်းပေးလိုက်သည်။ ဧကရီ၏စာကို ဖတ်ပြီးနောက် ဧကရာဇ်က သူတို့၏အသက်ကို ချမ်းသာပေးရန် သူတို့ မျှော်လင့်နေကြသည်။
ရှောင်းကျဲယွိက စိတ်ငြိမ်အောင် ထားပြီး စာကို ဖွင့်ဖတ်လိုက်သည်။
စူးချင်းက စာကို အတိုချုံးသာ ရေးပေးလိုက်သည်။
"ရွှေ့ရှန့်၊ အချိန်က အရမ်းတန်ဖိုး ရှိတယ်၊ အဲ့ဒါကြောင့် ကျွန်မ အသေးစိတ်အချက်အလက်တွေကို မပြောတော့ဘူး။ ကျွန်မ အခု ကျင်းချန်ကို သွားနေပြီ။ လန်ထင်ဆီမှာ အရေးကြီးတဲ့တာဝန်တစ်ခု ပါလာခဲ့တယ်။ ပြီးတော့ ဟိုင်ချန်မှာ သူတို့ကို လာခေါ်မယ့် သင်္ဘောတစ်စင်း ရှိတယ်၊ အဲဒီမှာ သူတို့ကို ချုံခိုတိုက်ခိုက်ဖို့ လူတွေ လွှတ်ပေး။ ဒီသက်တော်စောင့်တွေကို ကျွန်မ အကြောပိတ်ပြီး ချန်ထားခဲ့တာ။ သူတို့ကို မသတ်နဲ့”
ရှောင်းကျဲယွိက စာကို ဖတ်ပြီးသည်နှင့် ထိုသက်တော်စောင့်သုံးယောက်ကို မည်းမှောင်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။ ထိုသုံးယောက်လည်း အလွန်ကြောက်လန့်နေပြီး တချက်ပင် မလှုပ်ရဲကြပေ။
“သူတို့ကို ဆွဲထုတ်သွားပြီး ကြိမ်ဒဏ်ငါးဆယ်စီ အပြစ်ပေးလိုက်”
ရှောင်းကျဲယွိက အသက်ကို ပြင်းပြင်းရှူကာ အမိန့်ချလိုက်သည်။ နောက်ဆုံးတွင် သူက ထိုသုံးယေက်ကို မသတ်ခဲ့ပေ။
ဒါက ချင်းအာ လုပ်ချင်တာကို ဘယ်သူမှ မတားနိုင်ဘူးဆိုတာ သူ သိနေလို့ပါပဲ။
ညသန်းခေါင်ယံအချိန်၌ စူးချင်းတို့အဖွဲ့ ကျင်းချန်သို့ ရောက်လာခဲ့သည်။ ညအချိန်ဖြစ်နေသောကြောင့် မြို့တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး မြို့စောင့်တပ်သားများက မြို့ရိုးများကို စနစ်တကျ ကင်းလှည့် စောင့်ကြပ်နေကြသည်။
"သွား... တံခါးသွားခေါက်လိုက်"