← Chapters

တွင်းထဲကမြွေကို မလှန့်မိစေနဲ့

Vol. 39 Ch. 583

တွင်းထဲကမြွေကို မလှန့်မိစေနဲ့

Vol. 39 Ch. 583

မြို့ရိုးပေါ်တွင် ကင်းလှည့်နေသည့် မြို့စောင့်တပ်သားများကလည်း ရထားလုံးတစ်စင်း ချဉ်းကပ်လာသည်ကို မြင်သွားပြီး အုတ်ရိုးကို မှီကာ အောက်သို့ ငုံရင်း အော်မေးလိုက်သည်။

"ဘယ်သူလဲ?"

သက်တော်စောင့်ရှောင်တင်းက ရထားလုံးပေါ်မှ အမြန်ခုန်ဆင်းလိုက်ပြီး သူ့လက်ထဲမှ တံဆိပ်ပြားကို ကိုင်မြှောက်ကာ မြို့ရိုးပေါ်သို့ ပြန်အော်လိုက်သည်။

"တော်ဝင်သက်တော်စောင့်တွေ"

တော်ဝင်သက်စောင့်များဟု ကြားလိုက်ရချိန်တွင် မြို့စောင့်တပ်သားများက ခြင်းတောင်းသေးသေးလေးတလုံးကို မြို့ရိုးပေါ်မှ တွဲလောင်း ချပေးလာသည်။

"တံဆိပ်ပြားကို ခြင်းတောင်းထဲထည့်လိုက်"

စူးချင်းက ရထားလုံးပေါ်တွင် အေးအေးဆေးဆေး ထိုင်နေပြီး မြို့စောင့်တပ်သားများ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။ သူတို့၏သတိရှိမှုက သူမကို အလွန်ကျေနပ်စေသည်။

သက်တော်စောင့်ရှောင်တင်းက သူ့၏တံဆိပ်ပြားကို ခြင်းတောင်းလေးထဲသို့ ထည့်ပေးလိုက်ပြီး မြို့ရိုးပေါ်မှ မြို့စောင့်တပ်သားများက ခြင်းတောင်းကို ပြန်ဆွဲတင်သွားကြသည်။ ထိုတံဆိပ်ပြားက အမှန်တကယ် တော်ဝင်သက်တော်စောင့်များ ကိုင်ဆောင်လေ့ရှိသော အမှတ်အသားဖြစ်နေသည်ကို အတည်ပြုပြီးနောက် မြို့စောင့်တပ်သားတစ်ယောက်က သတိအပြည့်ဖြင့် မြို့ရိုးပေါ်မှ ဆင်းလာကာ မြို့တံခါးကို ဖွင့်ပေးလိုက်သည်။

မြို့​တံခါးကို ​ဖွင့်ပေး​ပြီး​နောက် ရှောင်းတင်းက ရထားလုံး​ကို မြို့​ထဲသို့ မောင်းသွားလိုက်သော်လည်း မြို့စောင့်တပ်သားများက ရထားလုံးကို ထပ်တားကာ စစ်ဆေးကြပြန်သည်။

"ရထားလုံးထဲက ဘယ်သူလဲ?"

တော်ဝင်သက်တော်စောင့်ကို တားရဲတယ်တဲ့လား?

စူးချင်းက ထိုမြို့စောင့်တပ်သားခေါင်းဆောင်ကို အလွန်သဘောကျနေခဲ့သည်။

သူက စည်းမျဥ်းစည်းကမ်းတွေကို အပြည့်လိုက်နာပြီး အာဏာရှိတဲ့သူတွေကို စော်ကားမိမှာကိုတောင် မကြောက်ဘူး။ ဒီလို အရည်အချင်းရှိတဲ့လူက အရေးကြီးတဲ့ ရာထူးနဲ့ ထိုက်တန်တယ်။

"မယ်မယ်"

သက်တော်စောင့်ရှောင်တင်းကလည်း ခက်ခဲနေဟန်ဖြင့် တွန့်ဆုတ်နေခဲ့သည်။

ဧကရီမယ်မယ်က ခွင့်ပြုချက်မရဘဲ နန်းတော်ကနေ သူမရဲ့သဘောနဲ့ သူမဘာသာ ထွက်ခွာလာခဲ့တာလေ။ အဲ့ဒါအပြင် ဧကရီမယ်မယ် ရောက်လာတာကို လျှို့ဝှက်ထားတာက သူတို့အတွက် ပို လုံခြုံနိုင်တယ်။

"သူ့ကို ပြလိုက်"

စူးချင်းက တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ပြီး သက်တော်စောင့်ရှောင်တင်းကို လှမ်းပေးလိုက်သည်။ ထိုတံဆိပ်ပြားက ရှောင်းမိသားစုစစ်တပ်၏ တပ်မှူးတံဆိပ်ပြား ဖြစ်ပြီး စစ်တပ်ကိုပင် ဆင့်ခေါ်နိုင်သည်။

သက်တော်စောင့်ရှောင်တင်းက ထိုတပ်မှူးတံဆိပ်ပြားကို မြို့စောင့်တပ်သားခေါင်းဆောင်ဆီသို့ ပေးလိုက်သည်။ မြို့စောင့်တပ်သားခေါင်းဆောင်က ထိုတပ်မှူးတံဆိပ်ကို ယူကြည့်လိုက်ပြီး ရှောင်တင်းထံသို့ ပြန်ပေးလိုက်သည်။ ထို့နောက် သူက မြို့စောင့်တပ်သားများကို နောက်ပြန်ဆုတ်စေပြီး ရထားလုံးဝင်နိုင်ပြီဖြစ်ကြောင်း တရိုတသေ လက်ဟန်ပြလိုက်သည်။

"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"

တပ်မှူးတံဆိပ်တော်ကို ယူလာနိုင်တဲ့သူက အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်မှာသေချာတယ်။ သူတို့မှာ တော်ဝင်သက်တော်စောင့်တစ်ယောက်နဲ့ တပ်မှူးတံဆိပ်လည်း ရှိနေသေးတယ်။ အဲ့တော့ ရထားလုံးပေါ်မှာ ရှိတဲ့လူက အထူးတာဝန်တစ်ခု ဆောင်ရွက်ဖို့ ကျင်းချန်ကို ရောက်လာတဲ့ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်နိုင်တယ်။ ဒီပုဂ္ဂိုလ်ကြီးက သူ့ရဲ့ရောက်ရှိလာမှုူကို လျှို့ဝှက်ထားချင်လို့ ရထားလုံးထဲကနေ မထွက်ရဲတာ ဖြစ်နိုင်တယ်။

"သူ့နာမည် ဘယ်လိုခေါ်လဲ မေးကြည့်လိုက်"

စူးချင်းက ရာထူးအဆင့်အတန်း နိမ့်ကျ‌သော်လည်း တာဝန်သိတတ်သည့် ထိုခေါင်းဆောင်လေးကို အလွန်အမင်း သဘောကျနေပြီး သူ့နာမည်ကို မေးထားရန် ရှောင်တင်းအား ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ရှောင်တင်းက အမိန့်ကို နာခံကြောင်း တုံ့ပြန်လိုက်ပြီး ထိုမြို့စောင့်တပ်သားခေါင်းဆောင်ဘေးမှ ဖြတ်သွားချိန်တွင် ရထားလုံးကို ခတ္တရပ်လိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ?"

"ကျွန်တော်နာမည် ကျန်းယဲ့ပါ"

ကျန်းယဲ့က လေးလေးစားစား ပြန်ဖြေလိုက်သည်။ သို့သော် သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့သည်။

သူက အရမ်းတင်းတင်းကြပ်ကြပ် စစ်ဆေးမိလို့ ရထားလုံးထဲက အရာရှိကြီးက စိတ်တိုနေတာလား? သူ့ကို အပြစ်ပေးတော့မှာလား?

“ဟုတ်ပြီ”

ရှောင်တင်းက ခပ်ပေါ့ပေါ့ မှတ်ချက် ပြန်ပေးလိုက်ပြီး သူ့ဘေးမှ ဖြတ်မောင်းလာခဲ့သည်။

"ခေါင်းဆောင်၊ ခင်ဗျားက အရမ်းလေးနက်လွန်းတယ်။ အခုတော့ အဆင့်မြင့်တဲ့သခင်ကြီးတစ်ယောက်ကို စော်ကားမိသွားပြီ"

ရထားလုံး ဖြတ်ကျော်သွားသည်နှင့် ကျန်းယဲ့၏စစ်သည်များက သူ့ကို ဝိုင်းထားပြီး သူ့အတွက် စိုးရိမ်ပူပန်နေကြသည်။

ကျန်းယဲ့ရဲ့ ခေါင်းဆောင်ရာထူးကတော့ ဆုံးတော့မယ် ထင်ပါရဲ့။

“ငါ လိပ်ပြာလုံတယ်။ မြို့တံခါးကို သေသေချာချာ စုံစမ်းဖို့က ငါ့တာဝန်ပဲ”

ကျန်းယဲ့က သူကိုယ်တိုင် အနည်းငယ် စိုးရိမ်နေသော်လည်း သူ့ပါးစပ်ကတော့ သူ မမှားကြောင်း အခိုင်အမာပြောဆိုနေခဲ့သည်။

တကယ်လည်း သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ သူ ခံစားရတယ်။ ရထားလုံးပေါ်မှာ ရှိနေတဲ့သူက အဆင့်မြင့်အရာရှိဆိုရင် သူက ဘာလို့ ဒီလိုနိမ့်ကျတဲ့ပုံစံနဲ့ ရောက်လာခဲ့သေးလဲ? သူ့ဘက်က စစ်ဆေးတာအပြင် ဘာမှ လုပ်ပေးလို့ မရဘူး။

စူးချင်း၏ အကြားအာရုံက သာမန်လူများ၏အကြားအာရုံထက် အဆပေါင်းများစွာ ပိုထက်မြက်သည်။ ရထားလုံးက ခပ်ဝေးဝေးသို့ ရောက်နေပြီး သူတို့၏အသံများက မကျယ်လောင်သော်လည်း သူမ သူတို့၏အသံများကို ကြားနေရဆဲဖြစ်သည်။ ထို့ကြောင့် သူမက ကျန်းယဲ့ကို ပိုသဘောကျလာခဲ့သည်။

"ရထားလုံးကို ရပ်ပြီး ကျန်းယဲ့ကို ခေါ်လိုက်"

စူးချင်းက သက်တော်စောင့်ရှောင်တင်းကို ရုတ်တရက် အမိန့်ပေးလိုက်ပြီး ‌ရှောင်တင်းကလည်း ရထားလုံးကို ချက်ချင်း ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ခရီးတစ်လျှောက်လုံး အိပ်မောကျလာသည့် ကျုံးယုံတစ်ယောက် နိုးလာခဲ့သည်။ သူက အိပ်ချင်မူးတူးဖြင့် သူ့မျက်လုံးများကို ပွတ်သပ်နေကာ ကလေးတစ်ယောက်လို မေးနေပြန်သည်။

"ငါတို့ ရောက်ပြီလား?"

“ငါတို့ ရောက်ပြီ။ မင်း ​အိပ်ရေးမှ ဝရဲ့လား?"

စူးချင်းက ကျုံးယုံကို ပြုံးစိစိဖြင့် ပြန်မေးလိုက်သည်။

ဒီကောင်လေးက ရထားလုံးပေါ်မှာ အိပ်ချင်လို့ သူမနောက်ကို လိုက်လာခဲ့တာလား? ရထားလုံးပေါ် ရောက်ပြီး သိပ်မကြာခင်မှာပဲ သူ အိပ်ပျော်သွားတာလေ။

"ဟီး ဟီး ဆရာကလည်း"

ကျုံးယုံက ရှက်ရွံ့ဟန်ဖြင့် ခေါင်းကုတ်နေသည်။ သူ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းအရင်းက ဝူးခို့များကြောင့် အဆိပ်မိခဲ့ခြင်းပင်။ စူးချင်းက သူ့ကို အဆိပ်ဖြေဆေး ပေးခဲ့သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အကြွင်းအကျန် အနည်းငယ် ကျန်ရှိနေသဖြင့် သူ အိပ်ငိုက်နေခြင်း ဖြစ်သည်။

“အစ်မစူးချင်း၊ ကျွန်မတို့ သူတို့ကို အခု သွားဖမ်းတော့မှာလား?”

ကျန်းယွိရန်ကတော့ လမ်းတစ်လျှောက်လုံး တက်ကြွလန်းဆန်းနေပြီး စူးချင်းကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးခဲ့သည်။ စူးချင်းက မြို့စောင့်တပ်သားခေါင်းဆောင်ကို ခေါ်ခိုင်းနေသောကြောင့် စူးချင်း ချက်ချင်း လူသွားဖမ်းတော့မည်ဟု သူမ ထင်သွားခဲ့ခြင်း ဖြစ်သည်။

"အလျင်စလို လုပ်လို့ မဖြစ်ဘူး"

စူးချင်းက ခေါင်းယမ်းလိုက်သည်။

လန်ထင်နဲ့ ဝူးခို့သံတမန် ဒီမှာ ရှိ မရှိ ဆိုတာကို သူမ အတည်ပြုချင်သေးတယ်။ သူမ ရန်သူကို သတိပေးလိုက်လို့ မဖြစ်ဘူး။ သူမက သူတို့ရဲ့ သင်္ဘောကိုလည်း လိုချင်သေးတယ်။

“အိုး”

ကျန်းယွိရန်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

အစ်မစူးချင်းက ဘာလုပ်ရမယ်ဆိုတာကို တွေးပြီးသား ဖြစ်နိုင်တယ်။ သူမ လုပ်ဖို့လိုတာက အစ်မစူးချင်းကို ကောင်းကောင်းဂရုစိုက်ပေးဖို့ပဲ။

စူးချင်းက ကန့်လန့်ကာကို မတင်လိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ညနက်သန်းခေါင်ဖြစ်နေသောကြောင့် လမ်းပေါ်တွင် မီးရောင် မရှိတော့ချေ။ ကျောက်ခင်းလမ်းက လရောင်အောက်တွင် ခပ်ရေးရေး အရောင်လဲ့နေပြီး ရထားလုံးနောက်မှ ခပ်မြန်မြန် လျှောက်လာသည့် ခြေသံများ ထွက်ပေါ်လာသည်။ စူးချင်းက ကန့်လန့်ကာကို ချက်ချင်း ပြန်ချလိုက်သည်။

"သခင်ကြီး၊ ကျွန်တော် သူ့ကို ခေါ်လာခဲ့ပါပြီ"

သက်တော်စောင့်ရှောင်တင်းက ရထားလုံးအပြင်ဘက်မှ သတင်းပို့လိုက်သည်။

ကျန်းယဲ့က ရှောင်တင်း၏ဘေးနားတွင် ရပ်နေပြီး ထိတ်လန့်တကြားဖြင့် လက်သီးဆုပ်ထားသည်။

သွားပြီ။ အခုတော့ အားလုံး ပြီးသွားပြီ။

သူ မြင့်မြတ်တဲ့လူကြီးမင်းကို ‌စော်ကားမိလို့ အပြစ်ပေးခံရတော့မယ်။

"မင်းနာမည်က ကျန်းယဲ့နော်"

စူးချင်းက ယောက်ျားသံဖြင့် ကျန်းယဲ့ကို လှမ်းမေးလိုက်သည်။ ကျန်းယဲ့က အသက်ကို ပြင်းပြင်းရှူကာ လက်သီးအုပ်ရင်း ပြန်ဖြလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော်မျိုးက ကျန်းယဲ့ပါ"

"ဘာလို့ ငါတို့ကို ခက်ခဲအောင် လုပ်ခဲ့တာလဲ?"

စူးချင်းက ဖြည်းညှင်းစွာ မေးမြန်းလိုက်သည်။ သူမ၏လေသံက ပေါ့ပါးဟန်ပေါက်နေသော်လည်း ဘာကြောင့်မှန်းမသိ လေးနက်သလိုခံစားရစေသည်။ သက်တော်စောင့်ရှောင်တင်းက ကျန်းယဲ့ကို စာနာစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

သူတော့ သွားပြီ။ ဧကရီက တကယ်ပဲ ဒေါသထွက်သွားတာကွ။

ကျန်းယဲ့က ပြန်မဖြေသေးဘဲ ခဏလောက် စဉ်းစားနေခဲ့သည်။ သို့သော် နောက်တစ်ခဏမှာပင် သူ့မျက်လုံးထဲမှ စိုးရိမ်ရိပ်များ ပျောက်ကွယ်သွားပြီး သူက ရထားလုံးထဲမှ လူကို ဦးညွှတ်ကာ တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။

“ဒါက ကျွန်တော်မျိုးရဲ့တာဝန်ပါ၊ အဲ့ဒီအတွက် လူကြီးမင်းက ကျွန်တော်မျိုးကို အပြစ်တင်မယ်ဆိုရင်လည်း ကျွန်တော်မျိုးအနေနဲ့ ပြစ်ဒဏ်ကို လက်ခံဖို့ ဆန္ဒရှိပါတယ်”

ကျန်းယဲ့၏ မမောက်မာသလို နိမ်ချခြင်းကင်းသော သဘောထားက စူးချင်းကို ကျေနပ်ပြီးရင်း ကျေနပ်စေခဲ့သည်။

သူက သူရဲဘောကြောင်တဲ့သူ ဟုတ်ပုံမရဘူး၊ အရမ်း အသုံးဝင်နိုင်မယ့်လူမျိုးပဲ။

စူးချင်းက ရထားလုံးအပြင်ဘက်မှ လူကို တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

"မင်း ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးရမယ်"

“ဟုတ်ကဲ့”

ထိုစကားက ကျန်းယဲ့ကို အနည်းငယ် စိတ်ရှုပ်သွားစေခဲ့သည်။

လူကြီးမင်းက သူ့ကို အပြစ်ပေးဖို့ ခေါ်တာ မဟုတ်ဘူးလား?

သို့သော် ထိုစကားက သူ့ကို စိတ်သက်သာရာရသွားစေပြီး သူက သူ့လက်သီးကိုအုပ်ကာ ဦးညွှတ်ရင်း ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဝူးခို့တွေရဲ့ ကုန်သည်စခန်းကို သွားပြီး အဲ့နေရာမှာ သူတို့ရဲ့ သံတမန်နဲ့ မင်းသမီး ရှိ၊ မရှိ စစ်ဆေးပေးရမယ်၊ ဒါပေမယ့် သူတို့ကို သတိပေးသလို မဖြစ်စေနဲ့"

စူးချင်းက ကျန်းယဲ့ကို အနည်းငယ်ပြသနာများသည့် အလုပ်တစ်ခု ပေးလိုက်သည်။ ထိုအရာက သူ့ကို စစ်ဆေးခြင်းလည်း ဖြစ်သည်။ သူ သွားစုံစမ်းရမည်ဖြစ်သော်လည်း ရန်သူကို သတိမမူမိစေလောက်အောင် ထက်မြက်ရန်လည်း လိုအပ်နေသေးသည်။

စူးချင်းက ကျန်းယဲ့၏ ဉာဏ်ပညာနှင့် စွမ်းရည်ကို တပြိုင်နက် စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

သူက သစ္စာပဲ ရှိပြီး ဦးနှောက်မရှိတဲ့သူဆိုရင်တော့ သူရဲ့တစ်ဘဝလုံး မြို့စောင့်တပ်မှာပဲ နေရလိမ့်မယ်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခု ချက်ချင်း သွားစုံစမ်းပေးပါ့မယ်"

ကျန်းယဲ့က တုံ့ဆိုင်းခြင်း သို့မဟုတ် တွန့်ဆုန်နေခြင်းမရှိဘဲ အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။

“မင်းရဲ့ အစီအစဉ်ကို အရင် ပြောပြစမ်း။ ငါ သူတို့ကို ရှာနေတဲ့အကြောင်း သူတို့ မသိအောင် မင်း ဘယ်လို ပြောမလဲ?”

“အကျဥ်းသားတစ်ယောက် လွတ်သွားပြီး ကုန်သည်အဖွဲ့ဘက်ကို ထွက်ပြေးလာတယ်လို့ အကြောင်းပြချက် ပေးမှာပါ”

ကျန်းယဲ့ထံတွင်လည်း ကောင်းစွာ တွေးထားသော အစီအစဉ်တစ်ခု ရှိပြီး သူက သူ့အတွေးကို ချက်ခြင်း ထုတ်ပြောပြလိုက်သည်။

“မဆိုးဘူး၊ ဒါပေမယ့် ပန်းမုဆိုး(မုဒိမ်းကောင်)ကို ဖမ်းဖို့လို့ ပြောင်းပြောလိုက်”

စူးချင်းက ခဏလောက် စဉ်းစားလိုက်ပြီး ပိုသေချာစေရန် စကားလုံး ပြောင်းခိုင်းလိုက်သည်။ အကယ်၍ လန်တင်ကို ခေါ်သွားသည့်လူက အကျဉ်းသားတစ်ယောက်ဖြစ်နေလျှင် ရန်သူကို သတိပေးသလို ဖြစ်သွားပေလိမ့်မည်။

မုဒိမ်းကောင်ကို ဖမ်းဆီးခြင်းက အရေးပေါ်အခြေအနေ ဖြစ်ပြီး အလျင်စလို လိုက်ဖမ်းရခြင်းကြောင့် စစ်သည်များ ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းက ပုံမှန်သာ ဖြစ်သည်။

“လူကြီးမင်းရဲ့ အကြံဉာဏ်က ပိုကောင်းပါတယ်။ ကျွန်တော်မျိုးရဲ့ နိမ့်ကျတဲ့အတွေးအခေါ်အတွက် အရှက်ရမိပါတယ်”

စူးချင်း၏ အကြောင်းပြချက်ကို ကြားလိုက်ရချိန်တွင် ကျန်းယဲ့၏မျက်လုံးများ တောက်ပလာသည်။

နောက်ဆုံးတော့ ဒီလူက အဆင့်မြင့်အရာရှိကြီးလေ။ အရာအားလုံးကို သူထက်ပိုပြီး သာလွန်အောင် တွေးတောနိုင်မှာပေါ့။

စူးချင်းက “အင်း”ဟု အသံပြန်ပေးလိုက်ပြီး ကျန်းယဲ့ကို အမြန်သွားစုံစမ်းရန် ထပ်ပြောလိုက်သည်။

“သွားစုံစမ်းတော့။ တိတ်တဆိတ်လှုပ်ရှားပါ၊ ငါ မင်းကို ဒီရထားလုံးပေါ်က စောင့်နေမယ်"

“အစ်မစူးချင်း၊ ကျွန်မတို့ တည်းခိုဆောင်ကနေ သွားစောင့်သင့်တယ်"

ကျန်းယွိရန်က စူးချင်း၏ ကျန်းမာရေးအတွက် စိုးရိမ်နေပြီး စူးချင်းကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

"သူ ပြန်လာတာကို ခန စောင့်ကြည့်ရအောင်"

စူးချင်းထံတွင်လည်း သူမ၏ကိုယ်ပိုင်အတွေးတစ်ချို့ ရှိနေခဲ့သည်။ လန်တင်နှင့် သူမ၏လူများ တည်းခိုဆောင်တွင် မရှိပါက သူမက ဟိုင်ချန်သို့ တိုက်ရိုက်ဆက်လိုက်သွားမည် ဖြစ်သည်။ သူမ နားနေတည်းခိုဆောင်တွင် တည်းခိုလိုက်ပါက လူအများ သတိထားမိသွားနိုင်သည်။ အကယ်၍ ထိုနေရာ၌ ဂျပန်သူလျှိုများ ရှိနေပါက လန်တင်အား လွတ်မြောက်ခွင့်ပေးသလို ဖြစ်သွားပေလိမ့်မည်။

ကျန်းယဲ့က မြို့စောင့်တပ်သား အနည်းငယ်ဖြင့် သူ့စခန်းသို့ ပြန်သွားခဲ့သည်။ ထိုနောက် သူက ကင်းလှည့်စစ်သည်များ ဝတ်ဆင်ရသည့် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ထို့နောက်သူက မုဒိမ်းသမားတစ်ဦးကို လိုက်ဖမ်းရမည့်အကြောင်း သူ့လက်အောက်ငယ်သားကို ပြောပြလိုက်ပြီး ကျန်သည့်အကြောင်းအရာကိုတော့ ဖုန်းကွယ်ထားလိုက်သည်။

စူးချင်းက သက်တော်စောင့်‌ရှောင်တင်းအား ရထားလုံးကို လမ်းကြားတစ်ခုထဲသို့ မောင်းဝင်ခိုင်းလိုက်သည်။ ထို့နောက် ကျန်းယဲ့ သတင်းပြန်လာပို့မည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာပြီး စူးချင်းက ရထားလုံး၏နံရံကို မှီရင်း သူမ၏ မျက်လုံးများကိုကာ အနားယူနေခဲ့သည်။ တစ်ရှီးချန်ခန့် စောင့်ဆိုင်းပြီးနောက် ကျန်းယဲ့ ပြန်ရောက်လာခဲ့သည်။

All Chapters