← Chapters

ဝမ်းတွင်းမဲ ဧကရာဇ်

Vol. 39 Ch. 572

ဝမ်းတွင်းမဲ ဧကရာဇ်

Vol. 39 Ch. 572

ရှောင်းကျဲယွိက သူ့နှာခေါင်းကို အုပ်ကာ သနားစရာစဖွယ် ညည်းညူလိုက်သည်။

"ချင်းအာ၊ မင်း ကိုယ့်ရဲ့နှာခေါင်းကို သွေးထွက်အောင် လုပ်လိုက်ပြီ"

“ယောင်းမ၊ ယောင်းမ အစ်ကိုကြီးရဲ့နှာခေါင်းကို တကယ်ရိုက်လိုက်မိပြီ”

ရှောင်းလန်ရှင်းက ရှောင်းကျဲယွိအတွက် အလျန်အမြန် ကူပြောပေးလိုက်သည်။

သူမရဲ့အစ်ကိုကြီး ယောင်းမဆီကနေ ခွင့်လွှတ်မှုရနိုင်ဖို့ ယောင်းမရဲ့နှလုံးသားကို နာကျင်အောင် လုပ်ရမယ်။

"ဒီမှာ ယူလိုက်"

စူးချင်းက ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ရှောင်းလန်ရှင်းကို လှမ်းပေးလိုက်သည်။ သူမ ဆိုလိုသည်မှာ ​ဆေးယူသွားပြီး လိမ်းပေးလိုက်ဟု ဖော်ပြနေမှန်း သိသာနေသည်။ ထို့နောက် သူမက ရှောင်းလန်ရှင်းကို မကြည့်တော့ဘဲ ဧည့်ခန်းထဲသို့ ဝင်သွားကာ ခပ်တည်တည် ထိုင်နေပြန်သည်။

ရှောင်းလန်ရှင်းက ယောင်းမဖြစ်သူ ဒေါသထွက်နေဆဲဖြစ်ကြောင်း နားလည်နိုင်သည်။ သို့သော် သူမ၏ယောင်းမက သူမ၏အစ်ကိုကြီးအတွက် ဆေးထုတ်ပေးနေသောကြောင့် သူ့ကို ဂရုစိုက်နေဆဲဖြစ်သည်ဟု ဆိုလိုသည်။

ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ရှိပါသေးတယ်။

ရှောင်းလန်ရှင်းက ဆေးကို ယူကာ အပြင်သို့ ထွက်လာခဲ့သည်။ ရှောင်းကျဲယွိက သူ့၏ဟန်ဆောင်ပန်ဆောင် လှည့်ကွက်လေး အလုပ်ဖြစ်သွားပြီဟု တွေးကာ ပျော်နေပြန်သည်။ သို့သော် တံခါးပွင့်သွားပြီး သူ့ညီမတစ်ယောက်သာ ထွက်လာသောကြောင့် သူ့မျက်လုံးများ မှေးမှိန်သွားပြန်သည်။

ချင်းအာ စိတ်ဆိုးပြေဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ?

'ကျိုးဝမ်၊ လူယုတ်မာကောင်... မင်းက ငါတို့ရဲ့ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကျိုးစားနေတယ်ပေါ့၊ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ?'

ရှောင်းကျဲယွိက ကျိုးဝမ်ကို သူ့စိတ်ထဲမှ ဒေါသတကြီး ကြိမ်းမောင်းနေပြီး ကျိုးဝမ်ကို ကိုင်တွယ်ရန် ကြိုတင်တွေးတောနေခဲ့သည်။

“အစ်ကိုကြီး၊ ဒါ ယောင်းမ ပေးလိုက်တာ။ အစ်ကိုကြီး ညီလာခံကို အရင်သွားနှင့်လိုက်ပါ။ ဒေါသထွက်နေတဲ့ အချိန်ဆိုတာက ချော့ဖို့ မလွယ်ဘူးလေ၊ ကျွန်မ ယောင်းမနဲ့အတူတူ နေပေးပါ့မယ်”

ရှောင်းလန်ရှင်းက သူမ၏အစ်ကိုကြီးကို တိုးတိုးလေး အကြံပေးလိုက်သည်။

“ကောင်းပြီလေ”

ရှောင်းကျဲယွိအတွက်လည်း ထွက်သွားရန်မှတပါး ရွေးချယ်စရာမရှိဘဲ မသွားချင်သွားချင် ထွက်သွားရတော့သည်။ သူက စူးချင်း ပေးလိုက်သည့် ဆေးပုလင်းကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ ပြန်ရောက်လာချိန်တွင် သူမ စိတ်ဆိုးပြေနေစရန်သာ မျှော်လင့်နိုင်တော့သည်။

နံနက်ပိုင်းညီလာခံတွင် ကျိုးဝမ်က ဧကရာဇ်မင်းမြတ်၏ မျက်နှာကို စောင့်ကြည့်အကဲခတ်နေပြီး ဧကရာဇ်မင်းမြတ် သူ့၏လျှောက်တင်လွှာကို မြင် မမြင် တွေးတောနေလေသည်။

ဧကရာဇ်မင်းမြတ်က ချောမောလှပတဲ့ မိန်းကလေးတွေကို ရွေးချယ်ဖို့ သဘောတူလိုက်တာနဲ့ သူ့ညီမကို နန်းတော်ထဲ ပို့ရမယ်။ အဲ့ဒါဆို သူလည်း တော်ဝင်မိသားစုရဲ့ ဆွေမျိုးဖြစ်လာလိမ့်မယ်။ အဲ့အချိန်ရောက်လာရင် သူ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုရဖို့က အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာလိမ့်မယ်။

သူက ဆားကုန်သည်တွေကို အုပ်ချုပ်ရတဲ့ရာထူးကိုတောင် လှမ်းကြည့်ထားပြီးပြီ။ သူ ထိန်းသိမ်းရတဲ့ မှတ်တမ်းတွေအရဆိုရင် အဲ့အလုပ်ရဲ့တစ်နှစ်ဝင်ငွေက သူ့ဘဝတစ်လျှောက်လုံး ရှာနိုင်တဲ့ငွေထက် ပိုများတယ်။

ဟုတ်တာပေါ့၊ ဒါတွေ အားလုံးက နောက်ပိုင်းမှ စဥ်းစားရမှာပါ။ အခုတော့ အရင်ဆုံး ဧကရာဇ်မင်းမြတ် ကိုယ်လုပ်တော်ယူဖို့ ဖြားယောင်းသွေးဆောင်ရမယ်။ သူ မနေ့က အမတ်တစ်ချို့ကိုလည်း ပြောပြီးပြီ။ သူတို့အားလုံးကလည်း ဧကရာဇ်မင်းမြတ်ကို ကိုယ်လုပ်တော် လက်ခံစေချင်ကြတယ်။ အဲ့လိုမှပဲ သူတို့မိသားစုထဲက မိန်းမပျိုလေးတွေ နန်းတွင်းထဲသို့ ဝင်ဖို့ မျှော်လင့်ချက်ရှိမှာလေ။

လူတိုင်းက ဧကရာဇ်မင်းမြတ်ရဲ့ ဆွေမျိုးဖြစ်ချင်တာပေါ့။ အခုလက်ရှိမှာ ဧကရာဇ်မင်းမြတ်က သူ့ရဲ့ယောက္ခမတော်ဖြစ်တဲ့ ဧကရီရဲ့ဖခင်ကို ဘယ်လောက်လေးစားလဲဆိုတာ ကြည့်ကြဦးလေ။ ညီလာခံမှာ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေအားလုံး မတ်တပ်ရပ်နေကြရပေမယ့် စူးဟန်ရွှမ်ကတော့ ထိုင်စရာနေရာ ရတယ်လေ။ ဒါက ဘယ်လောက်တောင် ဘုန်းကံကြီးမားတဲ့အနေအထားလဲ?

လက်ရှိတွင် ရှောင်းကျဲယွိက တိုင်းရေးပြည်ရေးကိစ္စများကို အရင်ကိုင်တွယ်နေခဲ့ပြီး ယခုနှစ်၏နွေဦးရာသီတွင် စတင်ထွန်ယက်ရန် ပြောင်းများ စတင်စိုက်ပျိုးရန် အမိန့်ပေးနေသည်။ ဝန်ကြီးများနှင့် မှူးမတ်များကလည်း ထိုအစီအစဥ်ကို မကန့်ကွက်ကြပေ။ သူတို့လည်း ဧကရီ စိုက်ပျိုးသော ပြောင်းဖူးကို စားဖူးခဲ့ပြီး ထိုအရာက အရာရှိကာ အစာခံသည့်အပြင် စိုက်ပျိုးရန်လည်း လွယ်ကူလှသည်။

ရှောင်းကျဲယွိက ပြည်သူများ အကျိုးရှိစေမည့် နောက်ထပ်အမိန့်နှစ်ခုကို ထုတ်ပြန်ခဲ့ပြီး ခေါင်းစဉ်ပြောင်းကာ ဝူးခို့ပင်လယ်ဓားပြများအကြောင်း ဆက်ပြောနေပြန်သည်။

“နောက်လရဲ့ ပထမဆုံးနေ့မှာ ဝူးခို့တွေကို တိုက်ခိုက်ဖို့ ကျန်း ဆုံးဖြတ်ထားပြီးပြီ။ အမတ်ကြီးတို့အနေနဲ့ ကန့်ကွက်စရာ ရှိလား?"

(ကျန်း- ငါကိုယ်တော်)

"အဲဒါက အရမ်းကောင်းပါတယ်၊ ဒီလူယုတ်မာတွေကို သတ်ပစ်သင့်တာ ကြာနေပြီ”

တိုက်ခိုက်တော့မည်ဟု ကြားလိုက်သည်နှင့် ကျုံးယုံတစ်ယောက် စိတ်လှုပ်ရှားသွားကာ တိုက်ပွဲကို ထောက်ခံရန် အစပြုလိုက်သည်။

“အရှင်မင်းမြတ်၊ ဒီလက်အောက်ငယ်သားက အရှေ့ပင်လယ်အနှံ့ ဖြန့်ကျက်မယ့် တပ်ဖွဲ့တွေကို ဦးဆောင်ဖို့ ဆန္ဒရှိပါတယ်”

"ဒီပင်လယ်ဓားပြတွေက အရမ်းမောက်မာပြီး ကျွန်တော်မျိုးတို့ရဲ့ မြို့အများစုကို သိမ်းပိုက်ထားပါတယ်၊ သူတို့ကို တိုက်ခိုက်တာက သင့်တော်ပါတယ်"

ကျန်းကျင့်လင်းက ဒုတိယမြောက် သဘောတူသူ ဖြစ်သည်။ စူးဟန်ရွှမ်ကလည်း ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။

“အရှင်မင်းမြတ်က အမြှော်အမြင်ကြီးမြတ်လှပါပေတယ်၊ ဒီပင်လယ်ဓားပြတွေကို ချေမှုန်းပြီး တံငါသည်တွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းမှုကို ပြန်ယူပေးသင့်ပါတယ်”

ဧကရာဇ်မင်းမြတ်၏ယောက္ခမတော်နှင့် ကောင်းကင်ဗျူဟာတပ်၏ မဟာတပ်မှူးကြီးက ထောက်ခံနေသောကြောင့် အခြားသူများနှင့်အနေဖြင့် ထင်မြင်ချက် ရှိနေလျှင်ပင် ဘာမှ မပြောရဲကြတော့ဘဲ ဧကရာဇ်မင်းမြတ်က အမြှော်အမြင်ရှိသည်ဟုသာ မြှောက်ပင့်ကြတော့သည်။

ရှောင်းကျဲယွိက မှူးမတ်များ တင်ပြသည့် လျှောက်တင်လွှာများကို လက်ခံခဲ့ပြီး သူ မနေ့ညက မှတ်ချက်ပြန်ပေးထားသည့် လျှောက်တင်လွှာများကို ပြန်ဖြန့်ဝေပေးရန် မိန်းမစိုးများကို ညွှန်ကြားလိုက်သည်။

ထိုအချိန်တွင် ကျိုးဝမ်က အလွန်စိုးရိမ်နေသည်။

ဧကရာဇ်က အခုအချိန်အထိ သူ ကြားချင်တဲ့စကားကို မပြောသေးဘူး။ ဧကရာဇ်မင်းမြတ်မှာ မနေ့ညက လျှောက်တင်လွှာတွေကို အတည်ပြုပေးဖို့ အချိန် မရှိခဲ့တာ ဖြစ်နိုင်လား?

ဒီအကြောင်းပြချက်က လွဲရင် ဧကရာဇ်မင်းမြတ် သူရဲ့လျှောက်တင်လွှာကို အတည်မပြုပေးရသေးတဲ့ အကြောင်းပြချက်ကို သူလည်း မစဉ်းစားနိုင်တော့ဘူး။

ဘယ်ယောက်ျားက လက်နှစ်ဘက်လုံးမှာ အမျိုးသမီးတွေ အပြည့်ရှိနေတာကို မကြိုက်လို့လဲ? တစ်သက်လုံးမှာ မိန်းမတစ်ယောက်ထဲကိုပဲ ပွေ့ဖက်ခွင့်ရမယ်ဆိုရင် ဘဝက ဘာအဓိပ္ပါယ်ရှိတော့မှာတုန်း။

ဧကရာဇ်မင်းမြတ် မပြောနဲ့ သူ့မှာတောင် မိန်းမတွေ အများကြီး ရှိသေးတယ်။ မကြာသေးခင်က သူ အရင်မင်းဆက်က မိန်းမပျိုလေးတစ်ယောက်ကို ထပ်ယူဖို့ ကြံနေတာလေ။ သူမက ပန်းလေးတစ်ပွင့်လို လှပပြီး သနားစဖွယ် ချစ်စဖွယ်လေး ဖြစ်နေတာကြောင့် ကာကွယ်ပေးချင်စိတ်လည်း ဖြစ်မိတယ်။ သူမက သူရဲ့ဝိညာဉ်ကိုတောင် ခိုးယူသွားပြီးပြီ။

ဒါပေမယ့်လည်း တကယ်တမ်းမှာ အမျိုးသမီးတွေက အာဏာလောက်တော့ ဘယ်အရေးကြီးမှာလဲ? သူ့မှာ အာဏာမရှိရင် ဘယ်လိုလုပ်ပြီး မိန်းမတွေ အများကြီးရနိုင်ပါ့မလဲ?

ကျိုးဝမ်တစ်ယောက် သူ့စိတ်ကူးများကို ရွက်လွှင့်ထားပြီး မကြောက်မရွံ့ တွေးတောနေချိန်တွင် သူ့အပေါ်သို့ ကျရောက်လာသည့် စူးရှသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ သူ အမှတ်တမဲ့ မော့ကြည့်လိုက်ရာ ရှောင်းကျဲယွိ၏အေးစက်သောအကြည့်ကို ရင်ဆိုင်လိုက်ရပြီး အနည်းငယ် ထိတ်လန့်သွားရသည်။ ထို့နောက် ရှောင်းကျဲယွိက သူ့ကို ပြုံးပြလိုက်သည်အား သူ မြင်လိုက်ရပြီး ထိုအပြုံးက သူ့ကို ချွေးအေးများထွက်လာစေသည်အထိ ကြောက်ရွံ့သွားစေသည်။

ဧကရာဇ်မင်းမြတ်ရဲ့ ဒီအပြုံးက ဘာကြောင့် ဒီလောက် အေးစက်နေရတာလဲ?

ကျိုးဝမ် အဖြေမရှာနိုင်သေးခင်မှာပင် ဧကရာဇ်မင်းမြတ်၏အသံကို သူ ကြားလိုက်ရသည်။

“ကျန်းရဲ့အမတ်ကြီးတို့.... ကျန်း မနေ့ညက စိတ်ဝင်စားစရာကောင်းတဲ့ လျှောက်တင်လွှာတစ်စောင် တွေ့ခဲ့ရတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ မှတ်တမ်းပညာရှင်ကျိုးရဲ့ အကြံပြုချက်ပဲ၊ အဲ့ဒိ အကြံပြုချက် ပြီးပြည့်စုံလွန်းပြီး အခု ညီလာခံမှာပဲ အကောင်အထည်ဖော် ဆုံးဖြတ်သင့်တယ်လို့ ကျန်း ယူဆတယ်”

ဟူး....တော်ပါသေးရဲ.... ငါ မျှော်လင့်ထားတဲ့အချိန် ရောက်လာပြီ၊ ဧကရာဇ်မင်းမြတ်က ကြေညာဖို့ မစောင့်နိုင်တော့ဘူး။

ကျိုးဝမ်က ဧကရာဇ်မင်းမြတ်အား စိတ်လှုပ်ရှားစွာ မော့ကြည့်နေပြီး ဂုဏ်ယူဝင့်ကြွားဟန်ပေါ်နေသည့် သူ့မျက်နှာထားက သူ ရာထူးတိုးသွားပြီဟုပင် ထင်ရစေသည်။

ကျိုးဝမ်ကလည်း သူ့အတွေးနှင့်သူ ပျော်ရွှင်နေခဲ့သည်။

သူ အိမ်ပြန်ရောက်တာနဲ့ သူ့ညီမကို နန်းတော်ထဲ ဝင်ပြီး ကြင်ယာတော် အရွေးခံဖို့ ပြင်ဆင်ထားရမယ့်အကြောင်း ပြောပြရမယ်။ သူ့ညီမလည်း ဝမ်းသာသွားမှာ သေချာတယ်။ သူမက ဧကရာဇ်မင်းမြတ်ကို တစ်ကြိမ် တွေ့ဖူးသွားပြီး မြင်မြင်ချင်း ချစ်မိသွားတယ်လေ။ သူမကို နန်းတော်ထဲ ပို့ပေးဖို့ နည်းလမ်းတွေကို စဉ်းစားပေးပါလို့ သူမကိုယ်တိုင် တောင်းဆိုခဲ့တာ။ အခု သူ သူ့ညီမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီလို့ ယူဆနိုင်တယ်။

ကျိုးဝမ်က အားရကျေနပ်နေချိန်တွင် ရှောင်းကျဲယွိက သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

ဝန်ကြီးတွေ ရွေးချယ်တဲ့အချိန်တုန်းက ဒီလူက ဒီလောက်ဆိုးယုတ်တဲ့သူဖြစ်နေတာကို သူ ဘာကြောင့် မသိခဲ့တာလဲ?

သူ လူတွေကို ကြည့်တဲ့နေရာမှာ မကျွမ်းကျင်သေးပဲ မှားယွင်းဆုံးဖြတ်မိပုံရတယ်။

ဒါ​ပေမယ့်​ အခုလည်း သိပ်တော့ အချိန်​မ​နှောင်း​သေးပါဘူးလေ....

အောက်ဘက်မှ လူများအားလုံးကလည်း မနေ့ညက ဧကရာဇ်ကို စိတ်လှုပ်ရှားစေသည့် လျှောက်တင်လွှာကို သိချင်နေကြပြီး ဧကရာဇ်မင်းမြတ် မျှဝေပေးမယ့်အချိန်ကို စောင့်မျှော်နေကြသည်။ ဧကရာဇ်မင်းမြတ်က ကျိုးဝမ်ကို စိုက်ကြည့်လိုက်သည်ကို သူတို့ မြင်သွားကြပြီး တချို့လူများက ချက်ချင်း သဘောပေါက်သွားကြသည်။

ဒါဆို ဧကရာဇ်မင်းမြတ်က ကိုယ်လုပ်တော် လက်ခံဖို့ သဘောတူတော့မှာလား?

အားလုံးက မှန်းဆနေချိန်တွင် ရှောင်းကျဲယွိက ထပ်ပြောလိုက်ပြန်သည်။

“မနေ့က အမတ်ကျိုး ကျန်းဆီကို လျှောက်တင်လွှာတစ်စောင် တင်သွင်းခဲ့တယ်။ သူ့ရဲ့အဆိုပြုချက်က ပြီးပြည့်စုံပြီး ကောင်းမွန်တယ်လို့ ကျန်း ဆုံးဖြတ်လိုက်တယ်။ အခုအချိန်ကြစပြီး နောင်မှာ နန်းတွင်းအရာရှိတွေအားလုံး အဓိကဇနီး အသက်ရှင်နေသေးသရွေ့ မောင်းမမိဿံတွေ ယူခွင့်မရှိတော့ဘူး။ တစ်ယောက်ယောက်က နောက်ကွယ်မှာ ခိုးဝှက်ပြီး အငယ်အနှောင်း ယူထားရင် ကြိမ်ဒဏ်ငါးဆယ်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး သူတို့ရဲ့ အရာရှိဦးထုတ်ကိုလည်း ချွတ်ပစ်မယ်၊ ကျန်းရဲ့ နန်းတော်မှာ အမှုထမ်းချင်တဲ့ လူတိုင်းက တစ်လင်တစ်မယားစနစ်နဲ့ပဲ ပေါင်းသင်းနေထိုင်ရလိမ့်မယ်”

ရှောင်းကျဲယွိ၏စကားက အရာရှိများအားလုံး၏ မျက်နှာများကြီး အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။ ကိုယ်လုပ်တော်များ ထပ်ယူရန် ကြံရွယ်နေသည့်သူများ သို့မဟုတ် ယူထားပြီးသားလူများကလည်း ကျိုးဝမ်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ဒါက ဘယ်လို အကြံဆိုးကြီးလဲ? ဒီနည်းလမ်းနဲ့ မင်းမှာ အစွမ်းအစ မရှိကြောင်း ပြလိုက်တာလား?

မင်း ချောမောလှပတဲ့ ကိုယ်လုပ်တော်တွေ မလိုချင်ဘူးဆိုရင်တောင် ငါတို့ကတော့ လိုချင်တယ်လေ။

ကျိုးဝမ်ကလည်း ပါးစပ်အဟောင်းသားဖြင့် ရှောင်းကျဲယွိကို လှမ်းကြည့်နေကာ ဘာမှမပြောနိုင်လောက်အောင် ထိတ်လန့်သွားရသည်။

အဲဒါ မဟုတ်ဘူးလေ။ သူ့ရဲ့လျှောက်တင်လွှာမှာ ဧကရာဇ်မင်းမြတ်ကို ကိုယ်လုပ်တော် လက်ခံစေချင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့တယ်။ ဧကရာဇ်တောင် ကိုယ်လုပ်တော် လက်ခံမှတော့ သူတို့ ကိုယ်လုပ်တော်ယူတာလည်း မထူးဆန်းဘူးလေ။ အခု ဧကရာဇ်မင်းမြတ်က သူ့ရဲ့လျှောက်တင်လွှာမှာ မောင်းမမိဿံ ထပ်ယူတာကို တားမြစ်ဖို့ အကြံပြုထားတယ်လို့ ဘာလို့ ပြောနေရတာလဲ? ဒါက သူကို ညီလာခံတစ်ခုလုံးနဲ့ ရန်တိုက်ပေးနေတာ မဟုတ်ဘူးလား? ဒီမှာရှိတဲ့လူအားလုံးက သူ့ကို မုန်းတီးကြာတော့မှာပေါ့။

"ကဲ၊ အမတ်ကျိုး၊ ခင်ဗျားနဲ့ စလိုက်ကြရအောင်။ ခင်ဗျားက စံပြအနေနဲ့ ပြုမူရမှာပေါ့။ ခင်ဗျား အိမ်ပြန်တဲ့အချိန် ကျန်း ခင်ဗျားနဲ့အတူ တပ်ဖွဲ့တစ်ဖွဲ့ ထည့်ပေးလိုက်မယ်၊ ခင်ဗျားမှာ ကိုယ်လုပ်တော် ရှိနေတော့ အခုကတည်းက ခင်ဗျားဘာသာဆန္ဒအလျောက် နုတ်ထွက်သင့်တယ်”

ရှောင်းကျဲယွိက ကျိုးဝမ်ကို အေးစက်စွာ စိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည်။

'ခင်ဗျားက ကျုပ်နဲ့ ကျုပ်ရဲ့ဧကရီကြားမှာ မသင့်မမြတ်စ်အောင် လုပ်တဲ့သူလေ၊ ကျုပ်က ဘာလို ခင်ဗျားကို လွှတ်ပေးရမှာတုန်း'

“အရှင်မင်းမြတ်၊ ဒီအရာရှိရဲ့ လျှောက်တင်လွှာမှာ အဲ့ဒီလိုအဓိပ္ပါယ်မျိုး ရေးထားတာ မဟုတ်ပါဘူး။ အရှင်မင်းမြတ် မှားယွင်းပြီး အဓိပ္ပါယ်ကောက်မိတာ ဖြစ်မှာပါ"

ကျိုးဝမ်က အလွန်ထိတ်လန့်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချကာ ဦးတိုက်ဂါရဝပြုရင်း အော်ဟစ်တောင်းပန်နေသည်။

"ကျန်းက မောင်မင်းကို မဟုတ်မမှန် ပြောနေတယ်လို့ မောင်မင်းက ပြောချင်နေတာလား?"

ရှောင်းကျဲယွိ၏ အသံက အေးစက်လွန်းသဖြင့် ကျိုးဝမ်တစ်ယောက် ကျောရိုးထဲမှပင် တုန်တက်သွားရသည်။ ထိုစကားက ကျိုးဝမ်ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။

သူ ဘယ်လိုလုပ်ပြီး အဲ့လို ပြောရဲမှာလဲ? အဲ့လို ပြောတာက လုံးဝပုန်ကန်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား?

ကျိုးဝမ်က သူ လှည့်စားခံလိုက်ရပြီး မှားယွင်းစွာစွပ်စွဲခံနေရကြောင်း သိနေသော်လည်း ဘာမှမတတ်နိုင်ဘဲ အလွန်စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

သူ့ပတ်ဝန်းကျင်မှ ဒေါသထွက်နေသော အကြည့်များကို ခံစားလိုက်ရချိန်တွင် ကျိုးဝမ်တစ်ယောက် ချွေးအေးများပင် ထွက်လာတော့သည်။

သူ့အိမ်မှာ ချောမောလှပတဲ့ မောင်းမမိဿံတွေ အများကြီးရှိတယ်လေ။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရဆိုရင် ကိုယ်လုပ်တော်တစ်ဦး ရှိနေရင်ကို ကြိမ်ဒဏ်ငါးဆယ် အရိုက်ခံရပြီး အရာရှိဦးထုပ်ပါ ဖယ်ရှားခံရလိမ့်မယ်။

ဒါဆို သူ သူ့ရဲ့ အရာရှိရာထူးကို ဆုံးရှုံးပြီး သာမန်ပြည်သူတစ်ဦး ဖြစ်လာတော့မှာ အသေအချာပဲ။ အဲ့အချိန်ရောက်လာရင် ဒီလျှောက်တင်လွှာကြောင့် ကိုယ်လုပ်တော် ထပ်ယူခွင့် မရှိတဲ့ နန်းတွင်းက အကြီးအကဲတွေက သူ့ကို သင်ခန်းစာဝိုင်းပေးကြတော့မှာပေါ့။

သူ အခု တွေးနေတဲ့အတိုင်းဖြစ်လာရင် သူမှာ ပုန်းဖို့ နေရာတောင် မရှိနိုင်လောက်တော့ဘူး။

ကျိုးဝမ်၏ နဖူးမှ ချွေးများ စီးကျနေပြီး သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ဧကရာဇ်က သူ့ကို သတ်ဖို့ အကြောင်းပြချက်တစ်ခု ဖန်းတီးပေးနေတယ်လို့တောင် သူ ခံစားနေရတယ်။

All Chapters