မျောက်ကို ခြောက်ရန် ကြက်ကို သတ်ပြခြင်း
Vol. 39 Ch. 573
ကျိုးဝမ်၏ ထိတ်လန့်သောအကြည့်ကို မြင်လိုက်သောကြောင့် ရှောင်းကျဲယွိတစ်ယောက် စိတ်အခြေအနေ ပြန်ကောင်းလာသည်။
မင်းက ငါနဲ့ ငါ့ရဲ့ နတ်မိမယ်ဧကရီလေးကို ပြသနာဖြစ်စေမှတော့ မင်းကိုပဲ နမူနာအဖြစ် အသုံးချရတော့မှာပေါ့ကွာ။
ရှောင်းကျဲယွိက လုံးဝ အလေးအနက် ပြုမူနေကြောင်း မြင်လိုက်ရချိန်တွင် ကိုယ်လုပ်တော် မယူထားသော အရာရှိများက သူတို့၏တည်ငြိမ်မှုကို ထိန်းထားနိုင်ကြသည်။ သို့သော် မောင်းမမိဿံများ ရှိနေသည့်လူများကတော့ အလွန်ထိတ်လန့်နေကြပြီး သူတို့၏နှဖူးပေါ်မှ ချွေးများကို မကြာခဏ သုတ်နေကြသည်။ သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း ကျိုးဝမ်ကို မုန်းတီးနေသည့် အရိပ်အယောင်များလည်း ရှိနေသေးသည်။
အိမ်က ချောမောလှပတဲ့ မောင်းမလေးတွေကို မခွဲခွာ မစွန့်ပစ်ရက်ပေမယ့် အခုအချိန်ကနေစပြီး အရာရှိ ဖြစ်နေချင်သေးတယ်ဆိုရင်တော့ အလှလေးတွေကို တက်မက်နေလို့ မရတော့ဘူး။
သူတို့ထဲမှ တချို့က ဧကရာဇ်မင်းမြတ်ထံသို့ ကျိုးဝမ် တင်သွင်းခဲ့သည့် လျှောက်တင်လွှာ၏ အကြောင်းအရာအမှန်ကို သိထားကြသည်။ သို့သော်လည်း မည်သူကမျှ သူ့အတွက် သတ္တိရှိရှိ မပြောပေးရဲကြပေ။
ဧကရာဇ်မင်းမြတ်ရဲ့ ဒီလုပ်ရပ်က ကျိုးဝမ်ကို အပြစ်ပေးချင်နေတာ သိသာနေတဲ့အပြင် အခြားလူတွေကိုပါ သတိပေးချင်နေတာပဲ။ ဧကရာဇ်မင်းမြတ်ကို ကိုယ်လုပ်တော် လက်ခံဖို့ အကြံပေးတဲ့သူတွေက ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘဲ ကျိုးဝမ်လို မကောင်းတဲ့ အဆုံးသတ်ကို ရင်ဆိုင်ရလိမ့်မယ်။
နောက်ဆိုရင် ဘယ်သူက ဧကရာဇ်မင်းမြတ် ကိုယ်လုပ်တော် လက်ခံဖို့ လျှောက်တင်ရဲဦးမှာလဲ? အလုပ်ပြုတ်မှာကို မကြောက်ဘူးဆိုရင်တော့ စမ်းသပ်ကြည့်ကြပေါ့။
အလွန်ထက်မြက်သည့် စူးဟန်ရွှမ်ကလည်း ကျိုးဝမ်၏တုံ့ပြန်မှုနှင့် ရှောင်ကျဲယွိ၏ စိတ်ပိုင်းဖြတ်ထားမှုကို အတိုင်းသား မြင်နိုင်ခဲ့ပြီး ကျိုးဝမ် တင်ပြခဲ့သည့် လျှောက်တင်လွှာက ဧကရာဇ်မင်းမြတ်အား ကိုယ်လုပ်တော် လက်ခံရန် တိုက်တွန်းသည့် လျှောက်တင်လွှာမှန်း သူ သေချာပေါက်ခန့်မှန်းနိုင်ခဲ့သည်။ ထိုကိစ္စကြောင့် သူ့သမီး ဒေါသဖြစ်နိုင်ဖွယ်ရှိနေပြီး ဧကရာဇ်မင်းမြတ်က သူမကို ချော့မော့ရန် ကျိုးဝမ်ကို ကိုင်တွယ်နေခြင်းဖြစ်နိုင်သည်ဟု သူ ဆက်တွေးနေသေးသည်။
ဒါက သူ့သမီးလေးက ဧကရာဇ်မင်းမြတ်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သက်သေပြနေတာပဲ။ သူ့သမီးက အရမ်းအရေးကြီးလွန်းလို့ ဧကရာဇ်မင်းမြတ်က ကိုယ်လုပ်တော်တောင် ထပ်မယူတဲ့အထိ သူ့သမီးကို မျက်နှာသာပေးနေတာပေါ့။
စူးဟန်ရွှမ်က သူ့အတွေးနှင့်သူ အလွန်ကျေနပ်သဘောကျနေခဲ့သည်။
ပြောရရင် သူ့သမီးလေးက အမြင်ရှိပြီး လူကောင်းကို ရွေးချယ်နိုင်ခဲ့တယ်။ အခု ဧကရာဇ် ဖြစ်နေပြီဖြစ်တဲ့ ရှောင်းကျဲယွိကို မပြောနဲ့ သူဌေးသူကြွယ်တွေမှာတောင် ကိုယ်လုပ်တော် မယူတဲ့သူက ခပ်ရှားရှားပဲ။
ကျိုးဝမ်ကတော့ ကြောက်လန့်တကြားဖြင့် သက်တော်စောင့်များ ဆွဲခေါ်ရာသို့ လိုက်သွားရပြီး ညီလာခံခန်းမ၏ အပြင်ဘက်သို့ ရောက်သွားပြီ ဖြစ်သည်။ ရှောင်းကျဲယွိက ကျန်နေသည့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဝေ့ကြည့်ကာ သတိပေးစကား ထပ်ပြောလိုက်သည်။
“ကျန်းရဲ့အမတ်ကြီးတို့၊ အမတ်ကြီးတို့ တာဝန်ယူထားတဲ့ အလုပ်ကိုပဲ ကောင်းကောင်း လုပ်ပါ။ မလိုအပ်တဲ့အရာတွေအတွက် စိတ်မပူပါနဲ့”
ထိုစကားကို ကြားလိုက်သည်နှင့် မှူးမတ်များက ချက်ချင်း သဘောပေါက်သွားကြသည်။ ကျိုးဝမ်ကို ကိုင်တွယ်လိုက်သည့် အပြုအမူက သူတို့ကို သတိပေးနေခြင်းသာ ဖြစ်ပြီး တော်ဝင်မိသားစု၏ အိမ်တွင်းရေးကိစ္စများတွင် မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု ဆိုလိုသည်။
ညီလာခံအပြီးတွင် မှူးမတ်များအားလုံး ထိုကိစ္စကို မဆွေးနွေးရဲဘဲ အိမ်သို့ ခပ်သုတ်သုတ် ပြန်သွားကြသည်။
သူတို့လည်း သူတို့အိမ်က ချောမောလှပတဲ့ ကိုယ်လုပ်တော်လေးတွေကို ဖြေရှင်းရဦးမယ်လေ။ ဒါက ရင်နင့်စရာ ခွဲခွာခြင်းပါပဲ။
တစ်ချို့အရာရှိများက သူတို့ကိုယ်လုပ်တော်များကို အစေခံဟူသော အမည်ဖြင့် အိမ်တော်တွင် ဆက်ထားရန် ကြံစည်နေကြသေးသည်။ သို့သော် ကျိုးဝမ်တစ်ယောက် ကြိမ်ဒဏ်အချက်ငါးဆယ် အရိုက်ခံရပြီး ခြေထောက်ကျိုးသွားပြီဟု ကြားလိုက်ရချိန်တွင် သူတို့ ကြောက်လန့်ပြီး အားလုံးကို နှင်ထုတ်လိုက်ကြရတော့သည်။
ကျိုးဝမ်ကို ကိုင်တွယ်ပြီးနောက်တွင် ရှောင်းကျဲယွိက သူ့ယောက္ခမကို ဖိတ်ခေါ်လိုက်သည်။
“ယောက္ခမ၊ ကျွန်တော်တို့ လက်ဖက်ရည်အတူတူ မသောက်ရတာ ကြာနေပြီ။ ကျွန်တော်တို့တွေ ဒီနေ့ အေးအေးဆေးဆေး လက်ဖက်ရည်သောက်ကြမလား?"
ရှောင်းကျဲယွိက သူ့အဆင့်အတန်းကို အလွန်နှိမ့်ချကာ ပြောဆိုနေခဲ့သည်။ သူက ဧကရာဇ်ဖြစ်နေသည့်တိုင် သူ့ယောက္ခမရှေ့တွင် စူးဟန်ရွှမ်ကို ယောက္ခမဟု ခေါ်ဝေါ်နေသေးသည်။ သူ သူ့ကိုယ်သူ “ကျန်း(ငါကိုယ်တော်)”ဟု မသုံးနှုန်းဘဲ "ကျွန်တော်" ဟုသာ အမြဲပြောလေ့ရှိပြီး စူးဟန်ရွှမ်ကို "ယောက္ခမတော်" အစား “ယောက္ခမ” ဟုသာ ဆက်ခေါ်နေခဲ့သည်။ ထိုအရာက စူးဟန်ရွှမ်ကို လုံလောက်သည့် မျက်နှာပေးထားခြင်းပင်။
“ဒီလက်အောက်ငယ်သားက လေးစားမှုအပြည့်နဲ့ လက်ခံပါတယ်”
စူးဟန်ရွှမ်က သူ့သားမက် သူ့ကို ဆက်နေစေချင်ပြီး သမီးဖြစ်သူကို စည်းရုံးပေးရန် အကူအအညီ တောင်းချင်နေမှန်း ရှင်းရှင်းလင်းလင်း နားလည်နေသည်။ သူ၏သားမက်က သမီးဖြစ်သူအပေါ် အလွန်သစ္စာရှိသောကြောင့် သူကလည်း ဤတစ်ကြိမ်တွင် ဧကရာဇ်ကို ကူညီပေးချင်နေခဲ့သည်။
ညီလာခံမှ ပြန်ထွက်ခွာလာပြီူးနောက်တွင် အတွင်းနန်းတော်သို့ ပြန်လာခဲ့ကြပြီး ရှောင်းကျဲယွိက သူ့ယောက္ခမအား ရန်ရှင်းနန်းတော်ခန်းမသို့ ဖိတ်ခေါ်လာခဲ့သည်။ ထို့နောက် သူက ဧကရီကို ဖိတ်ခေါ်ရန် မိန်းမစိုးတစ်ယောက်ကို စေလွှတ်ခဲ့ပြီး သေသေချာချာ ညွှန်ကြားလိုက်သည်။
"ယောက္ခမတော်ကြီး ရောက်နေတယ်တဲ့အကြောင်း ဧကရီကို သေသေချာချာ လျှောက်တင်လာခဲ့"
သူ့ယောက္ခမ အကြောင်း ထည့်မပြောလျှင် ခေါင်းမာသည့် စူးချင်းက ဤနေရာသို့ ရောက်မလာနိုင်ကြောင်း ရှောင်းကျဲယွိ အသေအချာ သိနေသည်။
“အမိန့်တော်မြတ်အတိုင်းပါ”
မိန်းမစိုးက ဒူးထောက်နေရင်း အမိန့်တော်ကို လက်ခံကာ ကမန်းကတန်း ပြန်ထလိုက်ပြီး ဧကရီကို ခေါ်ဆောင်ရန် ထွက်သွားတော့သည်။
မနေ့ညက ဧကရာဇ်မင်းမြတ်နှင့် ဧကရီမယ်မယ်တို့ သဘောထားကွဲလွဲခဲ့ပြီး ဧကရီမယ်မယ်က ဧကရာဇ်မင်းမြတ်အား တံခါးအပြင်ဘက်သို့ နှင်ထုတ်ထားကြောင်း နန်းတွင်းရှိလူတိုင်း သိနေပြီ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ပင်လျှင် ဧကရီမယ်မယ်ကို ကြောက်ရသောကြောင့် သူတို့က ဧကရီကို ပို၍ပင် ကြောက်နေကြသည်။ ထို့ကြောင့် သူတို့ စူးချင်းကို တစ်နေကုန် တိတ်တိတ်ဆိတ်ဆိတ် အလုပ်အကျွေးပြု ခစားနေခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် ဧကရီက သူမ၏ဒေါသကို တခြားလူများအပေါ်ပုံချခြင်းမျိုး မလုပ်ခဲ့ပေ။ သို့သော်လည်း သူမက သူတို့၏ အကြံဉာဏ်ပေးချက်များကို လျစ်လျူရှူထားပြီး တစ်မနက်လုံး စိုက်ခင်းထဲတွင် အလုပ်ရှုပ်နေခဲ့သည်။
မိန်းမစိုး ထွက်သွားပြီးနောက် ရှောင်းကျဲယွိက သူ့ယောက္ခမအတွက် လက်ဖက်ရည်ကို သူကိုယ်တိုင် ငှဲ့ပေးလိုက်သည်။ စူးဟန်ရွှမ်က အခွင့်ကောင်းမယူဘဲ သူ့ကို ကျေးဇူးတင်ရန် ကမန်းကတမ်း ဒူးထောက်လိုက်သည်။ ရှောင်းကျဲယွိက သူ့ယောက္ခမကို အလျင်အမြန် ပြန်ဆွဲထူပေးလိုက်သည်။
"အဖေ၊ အဖေ ဒူးထောက်နေတာ တွေ့ရင် ချင်းအာက ကျွန်တော့်ကို ဒေါသထွက်လိမ့်မယ်"
ဟူး... နတ်ကောင်းနတ်မြတ်တို့ရေ....ကယ်ကြပါဦး
သူ ချင်းအာကို ချော့တောင် မချော့နိုင်သေးဘူးလေ။ သူမရဲ့အဖေ သူ့ရှေ့မှာ ဒူးထောက်နေတာကို တွေ့သွားရင် ချင်းအာက သူ့ကို ပိုပြီး ဒေါသထွက်သွားမှာပေါ့။
“ကောင်းကင်က ကောင်းကင်၊ မြေကြီးက မြေကြီး ဖြစ်သလို အရှင်သခင်နဲ့ ကျေးကျွန်ကလည်း အဆင့်အတန်းချင်း ကွာခြားပါတယ်၊ အရှင်မင်းမြတ်က အရှင်သခင်ဖြစ်ပြီး ကျွန်တော်မျိုးက လက်အောက်ခံမင်းမှုထမ်းပါ။ အရှင့်ရှေ့မှာ ဒူးထောက်ရမှာက လက်အောက်ငယ်သားရဲ့တာဝန်ဝတ္တရားပါ၊ ချင်းအာက ဒီသဘောတရားကို နားလည်ပေးမှာပါ"
စူးဟန်ရွှမ်က သမီးဖြစ်သူ၏အဆင့်အတန်းကို အခွင့်ကောင်းယူပြီး ဧကရာဇ်၏အဆင့်အတန်းကို ပေါ့ပျက်ပျက်လုပ်ကာ အဆုံးသတ်မကောင်းခဲ့သည့် သစ္စာမဲ့အရာရှိများထဲမှတစ်ဦး မဖြစ်ချင်ပေ။
ထို့ကြောင့် သူက မင်းမှုထမ်းတစ်ဦး၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း လိုက်နာပြီး စည်းမျဥ်းများကို ထိန်းထားရန် အထူးဂရုပြုနေခဲ့သည်။
“အဖေ၊ ကျွန်တော် အဖေ့ကို ဖုံးကွယ်မထားချင်ဘူး။ အခု ချင်းအာနဲ့ ကျွန်တော်ကြားမှာ ကတောက်ကဆဖြစ်နေလို့ပါ"
သူ့ယောက္ခမက အလွန်ယဉ်ကျေးနေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိလည်း သက်ပြင်းချလိုက်ပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို သူ့ယောက္ခမထံ စတင်တိုင်တန်းတော့သည်။
“အဖေ၊ ကျွန်တော် ကျိုးဝမ်ရဲ့လျှောက်တင်လွှာကို မဖတ်ရသေးပါဘူး။ ကျွန်တော် ဖတ်ဖို့ စဖွင့်တဲ့အချိန်မှာ ချင်းအာက တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာခဲ့တာပါ။ အဲ့ဒါကြောင့် ကျွန်တော် ချင်းအာကို ကြိုဖို့ အဲ့လျှောက်တင်လွှာကို စားပွဲပေါ် တင်ထားလိုက်တာ၊ ဒါပေမယ့် ချင်းအာက အဲ့ဒါကို မြင်သွားပြီး အရမ်းဒေါသထွက်သွားတယ်။ သူ(မ)ကို ဖျောင်းဖျဖို့ ကူညီပေးပါဦး၊ စိတ်ဆိုးတာက ချင်းအာရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်၊ အဖေ တတ်နိုင်သလောက် မြန်မြန်ကူပြောပေးပါဦး”
“အဲ့လိုတွေ ဖြစ်ခဲ့တာပေါ့"
ထိုအရာက စူးဟန်ရွှမ် မှန်းဆခဲ့သည့်အတိုင်း အတိအကျ တူညီနေခဲ့သည်။ ဓလေ့ထုံးတမ်များအရ ဧကရာဇ်မင်းမြတ် ကိုယ်လုပ်တော် လက်ခံခြင်းက ပုံမှန်သာဖြစ်သည်။ ဧကရီတစ်ပါးအနေဖြင့် ဧကရာဇ်အား ကိုယ်လုပ်တော် ယူခွင့်မပေးပါက သူမကို စိတ်ထားကျဉ်းမြောင်းပြီး နာခံမှုသုံးပါးနှင့် အကျင့်လေးပါးတို့ ဖောက်ဖျက်သည်ဟု စွပ်စွဲနိုင်သည်။ ဧကရီက အကျင့်သီလ မပြည့်စုံလျှင် ဧကရာဇ်က သူမကို ရာထူးမှ ထုတ်ပြန်ပြီး နန်းတွင်းမှ နှင်ထုတ်ခွင့်ရှိသည်။
"ဟုတ်ပါတယ်၊ အဖေ ကျွန်တော်က အပြစ်ကင်းပါတယ်”
ရှောင်းကျဲယွိက မျက်မှောင်ကြုတ်နေပြီး သူ အတော်စိတ်ညစ်နေပုံရသည်။ စူးချင်း သူ့ကို လျစ်လျူရှုလိုက်သည်နှင့် သူ မစားနိုင် မသောက်နိုင် မအိပ်နိုင် ဖြစ်နေခဲ့သည်။
သူ အကြောက်ဆုံးအရာက ချင်းအာ နောက်ဆုံးအကြိမ်ကလို နှုတ်မဆက်ဘဲ ထွက်သွားမှာကိုပဲ။ အဲ့ဒါကြောင့် သူ ညီလာခံ သွားနေတဲ့အချိန်မှာတောင် သူမကို စောင့်ကြည့်ဖို့ လူတွေ အများကြီး စီစဉ်ထားခဲ့တယ်။ ဧကရီ နန်းတော်ကနေ ထွက်လာတာနဲ့ သူ့ကို လာပြောဖို့ သေသေချာချာ ညွှန်ကြားထားခဲ့တယ်။
ဒီနေ့မနက် ညီလာခံမှာလည်း သူ တိုင်းပြည်ရဲ့အရေးကိစ္စတွေကို မဖြစ်မနေ ဆွေးနွေးနေခဲ့ပေမယ့် နောက်ကြောင်းမအေး ဖြစ်နေပြီး စိတ်မဖြောင့်နိုင်ဘူး။ ချင်းအာ အိမ်ကနေ ထွက်ပြေးသွားမှာကို သူ တချိန်လုံး စိုးရိမ်နေခဲ့မိတယ်။
“ဒါက တော်တော် မတရားဘူး။ ခနနေရင် အဖေ ချင်းအာကို ဖျောင်းဖျပေးမယ်"
ရှောင်းကျဲယွိက သက်ပြင်းချနေသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်က သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖေ"
သူ့ယောက္ခမထံမှ သဘောတူညီချက်ကို ရလိုက်မှ ရှောင်းကျဲယွိလည်း အနည်းငယ် စိတ်အေးသွားကာ ယောက္ခမဖြစ်သူကို ကျေးဇူးတင်စကားဆိုလိုက်သည်။
သူမ ပြန်လာဖို့ ငြင်းနေရင်တောင် သူက ချင်းအာ စိတ်ငြိမ်သွားတဲ့အထိ စောင့်ဖို့ပဲ တတ်နိုင်တဲ့သူပါ။
လက်ရှိအချိန်တွင် စူးချင်းက သူမ၏ ကိုယ်ပိုင်ချမ်ဖုန့်နန်းဆောင်အတွင်းမှ မြေကြီးများကို မြေညှိခိုင်းနေခဲ့သည်။ သူမက နန်းဆောင်ဝန်အတွင်းမှ အပြာရောင်လမ်းခင်းကျောက်များကို ပြန်တူးထုတ်စေပြီး မြေပြန်ညှိခိုင်းခဲ့သည်။ ထိုနောက် တွင်းများ တူးစေကာ မျိုးစေ့များ မြှုပ်နှံခိုင်းခြင်းတို့ကို လုပ်ဆောင်နေသည်။ သူမက မနေ့ညက အဖြစ်အပျက်များ ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သူမ၏အလုပ်ကိုသာ ကြိုးစားပမ်းစား လုပ်ကိုင်နေသည်။
ရှောင်းလန်ရှင်းက သူမ၏ယောင်းမကို အဖော်လုပ်ပေးနေပြီး လက်ဖက်ရည်နှင့် အဆာပြေမုန့်များ ပြင်ဆင်ကာ ဂရုတစိုက် ကျွေးမွေးနေသည်။ စူးချင်းက ဘာစကားမှ မပြောဘဲ အလုပ်လုပ်နေသည်ကို မြင်နေရသောကြောင့် ယောင်းမဖြစ်သူ စိတ်ဆိုးနေဆဲဖြစ်ပြီး စကားမပြောချင်ဖြစ်နေကြောင်း သူမ နားလည်းသွားသည်။ ထို့ကြောင့် သူမက စူးချင်း၏အနားတွင် တိတ်တိတ်လေး အဖော်ပြုပေးနေခဲ့သည်။
သူမ၏ယောင်းမက သူမ၏အစ်ကိုကို ဘာကြောင့် စိတ်ဆိုးနေမှန်း သူမ မသိသော်လည်း ယောင်းမဖြစ်သူ ဤမျှလောက် ဒေါသထွက်နေခြင်းကြောင့် သူမက သူမ၏အစ်ကိုကြီး ခွင့်မလွှတ်နိုင်သည့် အရာတစ်ခု လုပ်ခဲ့သည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် သူမလည်း စေ့စေ့စပ်စပ် စဥ်းစားကာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အစ်ကိုကြီးက ယောင်းမကို စိတ်ဆင်းရဲစေတာ သေချာသွားရင် သူမ ယောင်းမကို ခေါ်ပြီး မော့ချန် ဒါမှမဟုတ် ကျင့်ရှီလျိုမြောင်ကို ပြန်သွားတော့မယ်။ ဘာပဲဖြစ်ဖြစ် သူမ အကိုကြီးအစား အစ်မတစ်ယောက် ရနိုင်သေးတယ်။
စူးချင်းက နောက်ဆုံးတွင်းထဲသို့ ပြောင်းစေ့တစ်စေ့ မြှုပ်လိုက်ပြီး မြေဆီလွှာဖြည့်ကာ မြေပြန်ဖို့လိုက်သည်။ သူမ ပင်ပန်းနေသော်လည်း သူမ၏အတွေးများ မပျံ့လွင့်စေရန် အလုပ်လုပ်နေခြင်း ဖြစ်သည်။
တကယ်တော့ သူမ ထွက်သွားဖို့ စဥ်းစားခဲ့သေးတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ကြိမ်က သူမ ရွှေ့ရှန့်ကို မှားယွင်းစွပ်စွဲခဲ့မိတာကြောင့် ဒီတစ်ကြိမ်မှာ စိတ်လိုက်မာန်ပါ မလုပ်ချင်တော့ဘူး။
သူမ အခြေအနေကို နားလည်ပေးနိုင်ပေမယ့် သူမရဲ့နှလုံးသားထဲက အဲ့အထုံးကိုလည်းလွှတ်မချနိုင်သေးဘူး။
ရှောင်းကျဲယွိက သူမ မြင်စေရန် ထိုလျှောက်တင်လွှာကို ဖွင့်ပြထားခဲ့သည်ဟူသော အတွေးက စူးချင်း၏နှလုံးသားကို ဧရာမကျောက်တုံးကြီးတစ်တုံးနှင့် အဖိခံထားရသလို ခံစားရစေသည်။ ထို့ကြောင့် စူးချင်းက သူမ၏ လက်ရှိခံစားချက်များအရ ရှောင်းကျဲယွိနှင့် တွေ့ရန် မသင့်တော်ဘဲ သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် အရင် ပြန်ထိန်းရမည်ဟု တွေးထားခဲ့သည်။
"ယောင်းမ ခဏလောက် အနားယူပါဦး"
စူးချင်းက အပင်များအား ရေလောင်းရန် ပြင်ဆင်နေချိန်တွင် ရှောင်းလန်ရှင်းက သူမနားသို့ ရောက်လာပြီး သူမကို တားဆီးလိုက်သည်။
ယောင်းမမှာ ကိုယ်ဝန်ရှိနေတာလေ၊ ဘယ်လိုလုပ်ပြီး ဒီလိုအလုပ်မျိုးတွေ လုပ်နေရတာလဲ?
"ငါ အဆင်ပြေပါတယ်"
စူးချင်းက ယောင်းမဖြစ်သူ၏လက်ကို ပြန်ဆွဲဖယ်လိုက်သည်။
သူမ အလုပ်လုပ်နေမှ သူမရဲ့ဒေါသတွေ ပြေပျောက်သွားမှာ။
“ဧကရီမယ်မယ်ကို လျှောက်တင်ပါတယ်၊ ယောက္ခမတော်က နန်းတွင်းကို ရောက်နေကြောင်းပါ။ ဧကရာဇ်မင်းမြတ်က ဧကရီမယ်မယ် ရန်ရှင်းနန်းဆောင်ကို ကြွလာဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
စူးချင်းနှင့် ရှောင်းလန်ရှင်းတို့ စကားပြောနေစဉ်တွင် မိန်းမစိုးတစ်ယောက် စူးချင်းကို အရိုအသေပေး နှုတ်ဆက်ကာ သတင်းပို့လာခဲ့သည်။
"ငါ့အဖေ ရောက်နေတာလား?"
စူးချင်းက မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။
အဖေက ဘာလို့ ဒီအချိန်မျိုးမှာ ရောက်လာရတာတုန်း?
စူးဟန်ရွှမ် ရောက်နေကြောင်း ကြားလိုက်သည့် ရှောင်းလန်ရှင်းကတော့ ယောင်းမဖြစ်သူကို တိုက်တွန်းလိုက်သည်။
“ယောင်းမ၊ ကျွန်မတို့ မြန်မြန်သွားရအောင်၊ မဟုတ်ရင် ဦးလေးစူး အကြာကြီး စောင့်နေရလိမ့်မယ်"