← Chapters

ကူပိုးကောင် မွေးမြူခြင်း

Vol. 4 Ch. 41

ကူပိုးကောင် မွေးမြူခြင်း

Vol. 4 Ch. 41

မှတ်တမ်းအရဆို အဘွားအိုက အတောင်မာကူ တစ်ရာလောက် မွေးခဲ့တယ်တဲ့။ ဒီကူတွေက အလွယ်တကူ အသတ်ခံရနိုင်သလို လိုရင် လိုသလို သုံးရတော့ များများစားစား ရှိထားဖို့ လိုတယ်။

နောက်တစ်ချက်က အတောင်မာကူအချင်းချင်း စားသောက်တာ၊ မျိုးပွားတာကနေ ဆင့်ကဲတိုးတက်ပြီး အဆင့်မြင့်အတောင်မာကူကို မွေးထုတ်နိုင်ဖို့ ရည်ရွယ်တာ။ အဆင့်မြင့် အတောင်မာကူဖြစ်ရင် တိုက်ခိုက်ရေးစွမ်းရည်ပါ မြင့်မားလာမယ်။ သူ့ထူးခြားချက်က ဝိညာဥ်စွမ်းအင် အကာအကွယ်​တွေကို ထိုးဖောက်နိုင်တာ။ ဝိညာဥ်စွမ်းအင် အကာအကွယ်ရှိတဲ့ အခြေတည်အဆင့် (အခြေခံတည်ဆောက်ခြင်းအဆင့်) ကျင့်ကြံသူတွေလည်း တစ်ချက်ပေါ့ဆတာနဲ့ အကိုက်ခံရနိုင်ပြီး အသက်အန္တရာယ်ကြီးတယ်။ အဘွားအိုက သူ့တစ်သက် အဆင့်မြင့်အတောင်မာကူကို မမွေးမြူနိုင်ခဲ့ဘူးလို့ ရေးထားခဲ့တယ်။

သွေးကူနည်းစနစ်မှာ ပိုးဥ​တွေကို အသက်ဓာတ်စမ်းသပ်တဲ့နည်း ပါဝင်လို့ စုန့်ဝမ် သူသိမ်းထားတဲ့ ဥတွေကို စမ်းသပ်ကြည့်တယ်။ တစ်လုံးက အသက်ဓာတ် အားပျော့ပေမယ့်၊ ကျန်တဲ့ ၇ လုံးက အသက်ဓာတ် အားကောင်းတယ်။ ၇ ကောင်​ ပေါက်ဖို့ သေချာသလောက်ပဲ။ နည်းစနစ်မှာ ကူမွေးမြူတဲ့နည်းလမ်း ၂ ခု ​ဖော်ပြထားတယ်။ ပထမနည်းက အထူးပြုလုပ်ထားတဲ့ အိုးတစ်လုံးကို ကူအိမ်အဖြစ် အသုံးပြုပြီး မွေးမြူတာ၊ ဝိညာဥ်ရတနာတွေနဲ့ ကိုယ့်သွေးအနှစ်ကို အဟာရအဖြစ် ကျွေးရတယ်။ နောက်တစ်နည်းက ခန္ဓာကိုယ်ကို ကူအိမ်အဖြစ် အသုံးချ မွေးမြူတာ၊ သွေးအနှစ်ကို အဓိကအဟာရအဖြစ် ကျွေးပြီး၊ ဝိညာဥ်ရတနာတွေကို ဖြည့်စွက်အဟာရ​အနေနဲ့ ကျွေးရတယ်။

ဘယ်နည်းနဲ့ပဲမွေးမွေး ကူကောင်ရဲ့စွမ်းရည်က တူတူပဲ။ ကွာခြားတာက ကူအိုးနဲ့ မွေးရင် သခင်ပေါ် သစ္စာသိပ်မရှိဘဲ၊ သခင်ထက် အားကောင်းလာတဲ့နေ့ ပုန်ကန်တိုက်ခိုက်တတ်တယ်။ ခန္ဓာကိုယ်မှာ မွေးတဲ့ကူက သခင်ပေါ် သစ္စာတည်တယ်၊ လုံးဝ မပုန်ကန်ဘူး။ ချွင်းချက်အနေနဲ့ သခင်က သွေးအနှစ်နဲ့ ဝိညာဥ်ရတနာတွေ မကျွေးနိုင်လို့ ငတ်မွတ်ရင်တော့ သခင်ဖြစ်သူရဲ့အသားကို စားတတ်တယ်။ အဘွားအိုရဲ့ ကိုယ်တွင်းကလီစာတွေက ဒီလိုအစားခံရလို့ ပျက်စီးကုန်တာ။

စုန့်ဝမ်ကတော့ ကူပိုးကောင်တွေ မဖြစ်မနေ မွေးရမယ်ဆိုတာ သိပေမယ့် အချိန်ရသေးလို့ သေချာစဥ်းစားနေတယ်။ ဘယ်နည်းသုံးမလဲဆိုတာ ချက်ချင်း မဆုံးဖြတ်သေးဘူး။

……

ကူမွေးမြူတဲ့အကြောင်း ဖတ်ရှုပြီးတာနဲ့ စျေးမသိမ်းခင် သွေးအနှစ်တွေ ရောင်းချဖို့ ထွက်လာခဲ့တယ်။ သွေးအနှစ် ၃ ပုလင်း ရောင်းလို့ရမှ လိုအပ်တဲ့ရင်းမြစ်တွေ ဝယ်နိုင်မှာဆိုတော့ ဒါက အရေးကြီးတယ်။

စျေးထဲ ရောက်တာနဲ့ ဆေးမီးဖို ရောင်းခဲ့တဲ့ဆိုင်ဆီ တန်းသွားခဲ့တယ်။ အဲဒီဆိုင်က ဇစ်မြစ်မသိတဲ့ပစ္စည်းတွေ လက်ခံရဲတာနဲ့တင် အလုပ်ဖြစ်နေပြီ။

ဆိုင်ထဲ ဝင်လိုက်တာနဲ့ စုန့်ဝမ်ကို မှတ်မိတဲ့ ဆိုင်ဝန်ထမ်းလေးက ချက်ချင်း လာနှုတ်ဆက်တယ်။

“ဖောက်သည်ကြီးပါလား .. ဒီတစ်ခါ ဘာများ ကူညီပေးရမလဲ”

“သန့်စင်သွေးအနှစ် ရောင်းချင်တယ်”

စုန့်ဝမ်က ပြန်ဖြေရင်း သွေးအနှစ်တစ်ပုလင်း ထုတ်ပေးလိုက်တယ်။

ဆိုင်ဝန်ထမ်းလေးက အဖုံးဖွင့်ပြီး ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးကြည့်ရင်း သူ့မျက်နှာမှာ အံသြဝမ်းသာဟန်တွေ ထိန်းမရအောင် ပေါ်လာတယ်။

“ဟာ .. ဧည့်သည်တော်ကြီး။ ဒီသွေးအနှစ်က သန့်စင်မှု အရမ်းမြင့်တယ်။ ချီစုစည်းခြင်း အထွတ်အထိပ် ကျင့်ကြံသူကို သန့်စင်ထားတဲ့အတိုင်းပဲ။ အညစ်အကြေး လုံးဝမပါဘူး။ ဒါက လမ်းမှန်ကျင့်ကြံသူကို သန့်စင်ထားတာလား”

“မင်းမေးတာ အရမ်းများနေပြီ။ ယူမှာလား၊ မယူဘူးလား။ ယူမယ်ဆို ​စျေးနှုန်းပြော”

“ဟား ဟား .. တောင်းပန်ပါတယ်၊ ကျနော် စကားပြော လောသွားတယ်”

ဆိုင်ဝန်ထမ်းလေးက စုန့်ဝမ်ကို ခိုးရာပါပစ္စည်း ရောင်းသူ မဟုတ်ရင်၊ အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့ အရောင်းတာဝန်ယူထားသူလို့ မှတ်ယူထားလိုက်ပြီ။ ချီစုစည်းခြင်း ဒုတယအဆင့်ကျင့်ကြံသူက ဒီလို သန့်စင်သွေးအနှစ်ကို သူ့အဆင့်နဲ့ ကိုင်တွယ်ရယူနိုင်မှာမှ မဟုတ်တာ။

“ဒီသွေးအနှစ်က သန့်စင်တယ်ဆိုတော့ အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၂၀ ပေးမယ်”

“၁၂၀ ပဲလား”

စုန့်ဝမ်က ကိုယ်တိုင်ဆိုင်ခင်းရောင်းချရင် တစ်ပုလင်းကို နှစ်ရာလောက် ရမယ်လို့ တွက်ထားပြီးသား။ ဒါပေမယ့် အန္တရာယ်များတယ်။ ဒါကြောင့် ဆိုင်ကို သွင်းဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် ၁၂၀ က နည်းလွန်းတယ်။

စုန့်ဝမ် တွေဝေနေပေမယ့် ချက်ချင်း လှည့်ထွက်မသွားတာကြောင့် သူပေးတဲ့စျေးက တစ်ဖက်လူ မှန်းထားတာနဲ့ သိပ်မကွာမှန်း ဆိုင်ဝန်ထမ်းလေး ရိပ်မိသွားတယ်။

“ဒါဆို ၁၃၀ ပေးမယ်၊ ဘယ်လိုလဲ”

စုန့်ဝမ် တစ်ချက်စဥ်းစားပြီးမှ ကျန်တဲ့ ၂ ပုလင်းပါ ထုတ်ပြလိုက်တယ်။

“နောက်ထပ် နှစ်ပုလင်း ရှိသေးတယ်။ သင့်တော်စျေးပေးရင် အားလုံး ရောင်းမယ်ကွာ”

ဆိုင်ဝန်ထမ်းလေး မျက်လုံးတွေတောင် အရောင်တောက်လာတယ်။

“၁၄၀ ဗျာ .. အမြင့်ဆုံးစျေးပဲ”

“ရပြီ .. သဘောတူတယ်”

ဆိုင်ဝန်ထမ်းလေးလည်း အဆင့်နိမ့်ဝိညာဥ်ကျောက် ၄၂၀ အမြန်ယူလာပြီး စုန့်ဝမ်လက်ထဲ ထည့်ပေးလိုက်တယ်။ စုန့်ဝမ်ကလည်း ပုလင်းတွေ လွှဲပေးပြီး ချက်ချင်း ထွက်လာခဲ့တယ်။

“ဧည့်သည်တော်ကြီး .. နောက်ထပ် ပစ္စည်း​ကောင်းလေးတွေ ရောင်းမယ်ဆို လာခဲ့နော်။ စျေး​ကောင်းပေးပါ့မယ်”

စုန့်ဝမ် ရောင်းချတဲ့ သွေးအနှစ်က သန့်စင်မှု မြင့်မားလို့ ရောင်းချရင် အဆင့်နိမ့်ဝိညာဥ်ကျောက်နှစ်ရာတော့ ကျိန်းသေရမယ်။ သူလည်း ကော်မရှင် မျိုးမျိုးမြတ်မြတ် စားရမှာ သေချာနေလို့ ဆိုင်ဝန်ထမ်းအသံက တက်ကြွနေတယ်။

မကောင်းတတ်လို့ ခေါင်းညိမ့်ပြခဲ့ပေမယ့် စုန့်ဝမ်ကတော့ ဒီဆိုင်ကို နောက်တစ်ခါ လာရောင်းဖို့ စိတ်ကူးမရှိတော့ဘူး။ နှစ်ခါဆိုတာတောင် တကယ်က များနေပြီ။ လူသိခံရင် အန္တရာယ်များတယ်။ သိုသိုသိပ်သိပ် နေနိုင်မှ အန္တရာယ်ကင်းမှာ မဟုတ်လား။

ဝိညာဥ်ကျောက်တွေ ရတာနဲ့ ဆေးဆိုင်ကို အရင်သွားတယ်။ ဒီတစ်ခါ အလောင်းချီဆေးတွေ မဝယ်ဘဲ လမ်းမှန်ကျင့်ကြံသူတွေ အသုံးများတဲ့ ချီစုစည်းဆေးလုံးတွေ ဝယ်ခဲ့တယ်။ ဒီဆေးလုံးတွေ ကျင့်ကြံသူကို ဝိညာဥ်စွမ်းအားပါ ပေးစွမ်းနိုင်ပြီး ကျင့်ကြံမှု မြှင့်တင်ပေးနိုင်တယ်။ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အခြေခံကျင့်ကြံမှုအတွက် လိုအပ်တဲ့ သွေးစွမ်းအင်နဲ့ အလောင်းချီတော့ မပါဘူးပေါ့။ ဒါပေမယ့် စုန့်ဝမ်အတွက် အဲဒါတွေက ဝယ်သုံးစရာ မလိုတော့၊ လိုအပ်နေတဲ့ ချီစုစည်းဆေးလုံးတွေပဲ ဝယ်လိုက်တယ်။ ဆယ်ရက်စာ ကျင့်ကြံဖို့ ချီစုစည်းဆေးလုံး ၂၀ ကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၅၀ နဲ့ ဝယ်တယ်။

လမ်းဘေးဆိုင်ငယ်တစ်ခုမှာ တပတ်ရစ် ကူအိုးတစ်လုံး တွေ့တာနဲ့ ဝိညာဥ်ကျောက် ဆယ်လုံးသုံးပြီး ဝယ်လိုက်တယ်။ အိုးက အဆင့်နိမ့်ပေမယ့် ကူပိုးဥတွေ သားဖောက်ဖို့တော့ လုံလောက်တယ်။ စုန့်ဝမ်အနေနဲ့ ကူကောင်တွေကို ဘယ်နည်းနဲ့ မွေးမြူရမယ်ဆိုတာ ခုထိ မဆုံးဖြတ်ရသေးလို့ တန်ဖိုးကြီးမားတဲ့ကူအိုး မဝယ်ဖြစ်ခဲ့ဘူး။

ဝယ်ပြီးလို့ စျေးထဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေချိန် တစ်နေရာအရောက် မျက်မှန်းတန်းမိနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။

“ဒါ .. ညီမချန်ယီ မဟုတ်လား”

..................

All Chapters