← Chapters

ဂိုဏ်းတူညီမ

Vol. 4 Ch. 42

ဂိုဏ်းတူညီမ

Vol. 4 Ch. 42

တဲလေးထဲ ဆိုင်ခန်းဖွင့်​ထားတဲ့ မိန်းမချောလေးကလည်း စုန့်ဝမ်ကို မြင်သွားတယ်။

“ရှင်က .. အကိုကြီးကျိယင်မလား”

“ဟုတ်တယ် .. မင်းက ချန်ယီမလား”

ရိုးရိုးယဥ်ယဥ် ဝတ်ဆင်ထားတဲ့ ဒီမိန်းမချောလေးနာမည်က ချန်ယီ။ စုန့်ဝမ်နဲ့ အတူရောက်လာတဲ့ လေးယောက်အဖွဲ့ထဲက တစ်ဦးတည်းသော မိန်းကလေး။ သူတို့အုပ်စုက ဝိညာဥ်ဆေးပင်ခန်းမကို ရွေးခဲ့တာ။ စုန့်ဝမ်ကို အံအားသင့်စေတာက နှစ်လကျော်လား အချိန်တိုလေးထဲမှာ စျေးထဲ ဆိုင်ဖွင့်ရောင်းနိုင်တဲ့အထိ တိုးတက်လာတာကို။ စျေး​ကောက်က တစ်ရက်ကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး၊ ဝိညာဥ်ဆေးပင်စိုက်သူရဲ့ လစာက တစ်လမှ ၁၀ လုံး။ ချန်ယီကို တကယ်ချီးကျူးမိသွားတယ်။

ဆိုင်ထဲမှာ ဝိညာဥ်ဆေးပင် အမျိုးအစားအစုံ ခင်းကျင်းထားတယ်။ ဝိညာဥ်ဆေးပင်ဆိုရင် ကျိုးယင်ဆီကရတဲ့စာအုပ်မှာပါတဲ့ ၇ မျိုးက လွဲရင် စုန့်ဝမ်သိတာ တစ်ပင်မှ မရှိဘူး။ ဒါပေမယ့် ဒီလိုခင်းကျင်းထားပုံအရဆို တန်ဖိုးကြီးဆေးပင်တွေ မဟုတ်လောက်ဘူး။

ဂိုဏ်းထဲ အတူရောက်လာသူတွေမလို့ အခေါ်အပြော သိပ်မရှိခဲ့ပေမယ့် ရင်းနှီးမှုတော့ ရှိတယ်ဆိုရမလားပဲ။ ချန်ယီကတော့ စုန့်ဝမ်ကို သူငယ်ချင်းလို ရင်းရင်းနှီးနှီးပဲ ဆက်ဆံတယ်။

“တကယ်ပဲ အကိုကြီးကျိယင်ကိုး။ ဒီလောက်မြန်မြန် ပြန်ဆုံလိမ့်မယ်လို့ ထင်မထားဘူး။ အကို့အလုပ်မှာ အဆင်ပြေရဲ့လား”

ဒီလိုနဲ့ပဲ စုန့်ဝမ်လည်း ချန်ယီနဲ့ စကားလက်ဆုံ ကျသွားတယ်။ အကြောင်းစုံ မပြောဖြစ်ကြပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိသင့်သလောက် သိခဲ့ကြတယ်။

ချန်ယီအပြောအရ သူတို့အုပ်စုက အတော်လေး ကံကောင်းတယ်လို့ ဆိုရမယ်။ တစ်လမပြည့်ခင်မှာတင် ကျန်းရှောင်ဖန်းက ဝိညာဥ်ဆေးပင် စိုက်ပျိုးရာမှာ ထူးခြားတဲ့စွမ်းရည် ပြသနိုင်ခဲ့လို့ ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက်က တပည့်ရင်းအဖြစ် ခေါ်ယူတာ ခံရတယ်။ အပြင်စည်းတပည့်ကနေ အတွင်းတပည့်အဆင့်ကို ကျော်လွန်ပြီး တပည့်ရင်းဖြစ်ခွင့်ရသွားတာ တော်ရုံလူ အိပ်မက်တောင် မမက်နိုင်တဲ့ ကံကောင်းမှု မဟုတ်လား။ တစ်ဦးတစ်ယောက် အောင်မြင်လာရင် ပတ်ဝန်းကျင်ပါ မြှင့်တက်လာတဲ့သဘာဝအရ ကျန်းရှောင်ဖန်းရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ချန်ယီတို့ ၃ ယောက်ပါ အကျိုးခံစားခွင့် ရခဲ့ကြတယ်။

စိတ်ရင်းကောင်းတဲ့ ကျန်းရှောင်ဖန်းက သူထိန်းချုပ်တဲ့ ဝိညာဥ်ဆေးပင်စိုက်ခင်းက ထွက်ရှိတဲ့ အဆင့်နိမ့်ဝိညာဥ်ဆေးပင်တချို့ ချန်ယီကို ရောင်းခိုင်းပြီး အကျိုးအမြတ်ကို အချိုးကျ ခွဲဝေယူကြတယ်။ အမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို ချန်ယီတို့ ၃ ယောက်က အချိုးကျရတယ်။ အဆင့်နိမ့်ဝိညာဥ်ဆေးပင်တွေက အပြင်စည်းတပည့်တွေနဲ့ လုပ်သားတပည့်တွေ ဆေးဖော်တာ၊ ဆေးကုတာနဲ့ အလောင်းရုပ်သေး စီရင်ရာမှာ အသုံးဝင်လို့ ရောင်းအားကောင်းတယ်။

စုန့်ဝမ်လည်း ဝိညာဥ်ဆေးပင်ဆိုလို့ စိတ်ဝင်စားသွားတယ်။

“ညီမဆီမှာ အစိမ်းရောင်ဝိညာဥ်မြက် ရှိလား”

ဒီမြက်က အဆင့်နိမ့်ဆေးလုံး ဖော်စပ်ရာမှာ မပါမပြီးတဲ့ အရန်ဆေးပင်၊ အလောင်းရုပ်သေး ဖန်တီးဖို့ဆို အဓိကဆေးပင်။

“ရှိတာပေါ့ .. ဒီမှာ နှစ်ပင် ကျန်သေးတယ်။ အကို့ကို လက်ဆောင်ပေးလိုက်မယ်”

ချန်ယီက ပြောပြောဆိုဆို ကောက်ယူပေးလိုက်တယ်။ အပင်တွေက အရည်အ​သွေး အရမ်းကောင်းတယ်။ သူက စုန့်ဝမ် အလောင်းရုပ်သေး သန့်စင်ချင်တယ် ထင်နေတာ။ အလောင်းရုပ်သေးတစ်ခုဆို တစ်ပင်ပဲ လိုတယ်။ စျေးလည်း သိပ်မမြင့်တော့ လက်ဆောင်ပေးလို​က်တာ။

ချန်ယီက စေတနာနဲ့ ပေးပေမယ့် စုန့်ဝမ် ခေါင်းခါလိုက်တယ်။ သူက အလကားယူပြီး ကျေးဇူးကြွေး အတင်မခံချင်သလို၊ အများကြီး ဝယ်ဖို့လည်း စိတ်ကူးထားတယ်လေ။ အတောင်မာကူတွေ မွေးပြီးရင် အစိမ်းရောင်ဝိညာဥ်မြက် ကျွေးရမှာ။

“ကျေးဇူးတင်ပါတယ် ညီမချန်၊ ဒါပေမယ့် အကိုက အများကြီး ဝယ်ချင်တာ။ အလကား မပေးပါနဲ့”

“အော် .. ဒီလိုလား၊ အကိုက ဘယ်လော​က်များများ လိုချင်တာလဲ”

ချန်ယီ စိတ်ဝင်စားသွားတယ်။

“အနည်းဆုံး အပင်တစ်ရာလောက် လိုချင်တာ၊ ရမလား”

စာအုပ်ထဲက အတိုင်းဆို သွေးကူတစ်ကောင်က တစ်နေ့ကို အစိမ်းရောင်ဝိညာဥ်မြက်တစ်ပင် စားနိုင်တယ်။ ဥအားလုံး သားပေါက်ရင် အပင်တစ်ရာတောင် ဆယ်ရက်စာပဲ ရှိမယ်။

ချန်ယီ့မျက်ဝန်းအစုံ အရောင်တောက်လာတယ်။

“အကို သေချာလား။ ခဏစောင့်နော်၊ ဘယ်လောက်ကျန်လဲ စစ်ကြည့်ဦးမယ်”

ပြောပြောဆိုဆို ချန်ယီ ဝိညာဥ်စွမ်းအင် သုံးပြီး သိုလှောင်အိတ်ကို စစ်တယ်။ စစ်ပြီးတော့ မျက်နှာလေး ညိုးသွားတယ်။

“အကိုကြီး .. ညီမမှာ ၈၈ ပင်ပဲ ကျန်တော့တယ်။ လောက်ပါ့မလား”

စုန့်ဝမ် ခေါင်းညိမ့်လိုက်တယ်။

“အဆင်ပြေပါတယ် .. ယူမယ်”

အရောင်းအဝယ် မဖြစ်မှာ စိုးရိမ်နေတဲ့ချန်ယီ ဝမ်းသာသွားပြီး သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ပေးတယ်။

“အဆင့်နိမ့်ဝိညာ​ဥ်ကျောက် ၁၁ လုံး ကျသင့်တယ်။ ၁၀ လုံးပဲပေးပါ”

စုန့်ဝမ်က အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၀ လုံး ထုတ်ပေးပြီး ကျောက်စိမ်းသေတ္တာကို ယူလိုက်တယ်။

“အကိုကျိယင်က ဘာလို့ ဒီလော​က်အများကြီး လိုတာလဲ။ တမျိုးမထင်နဲ့နော်၊ ရှေ့လျှောက်လိုဦးမယ်ဆို ညီမ ထောက်ပံ့နိုင်ပါတယ်”

“ငါလည်း သေချာမသိသေးဘူး။ လိုရင် ညီမချန်ဆီက မှာမယ်။ ဒါနဲ့ ဆက်သွယ်ရေးအဆောင် ရှိတယ်မလား”

“ဟုတ်ကဲ့”

ချန်ယီက ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်သွယ်ရေးအဆောင် ကျောက်စိမ်းပြားလေး ထုတ်ပြီး အပြန်အလှန် ဖလှယ်ချိတ်ဆက်လိုက်ကြတယ်။

စုန့်ဝမ်က ချန်ယီနဲ့ အဆက်အသွယ် ထူထောင်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ချန်ယီဆီက ဝိညာဥ်ဆေးပင်တွေ ဝယ်လို့ရသလို၊ ဆေးခန်းမရဲ့ တပည့်ရင်းတစ်ယောက် နောက်ခံကြောင့် ရှားပါးဝိညာဥ်ဆေးပင်တွေ လိုအပ်လာရင် ရှာဖွေပေးနိုင်မယ့် လမ်းကြောင်းပါ ဖောက်ပြီးသား ဖြစ်သွားမယ် မဟုတ်လား။

ချန်ယီကို နှုတ်ဆက်ပြီးတာနဲ့ လိုဏ်ဂူဆီ တန်းတန်းမတ်မတ် ပြန်ခဲ့တယ်။ ရောက်တာနဲ့ ကူအိုးကို ထုတ်ယူပြီး ပိုးဥ ၈ လုံးကို ထည့်လိုက်တယ်။ ဝိညာဥ်ကျောက်တစ်လုံးကို အမှုန့်ဖြစ်အောင် ထုချေပြီး ဖြူးပေးတယ်။ အမှုန့်ဖြစ်သွားတဲ့ ဝိညာဥ်ကျောက်ဆီက ဖြည်းညှင်းတဲ့အရှိန်နဲ့ ထွက်ပေါ်လာတဲ့ ဝိညာဥ်စွမ်းအင်က ပိုးဥတွေ သားပေါက်ဖို့ အကောင်းဆုံး အဟာရလို့ ကျမ်းထဲမှာ ဆိုထားတယ်။

ပိုးဥတွေကိစ္စ လက်စသတ်ပြီးတာနဲ့ ချီစုစည်းဆေး ၂ လုံး ထုတ်ယူပြီး ကျင့်ကြံမှု စတင်ခဲ့တယ်။ ခဏနေတော့ စုန့်ဝမ် အံအားသင့်သွားတယ်။ ချီစုစည်းဆေးလုံး အာနိသင်နဲ့ ကိုယ်ထဲမှာရှိနေတဲ့ အလောင်းချီ၊ မကုန်ခမ်းနိုင်တဲ့ သွေးအနှစ်တို့ ပေါင်းစပ်လိုက်တဲ့အခါ ကျင့်ကြံမှုအရှိန်က အလောင်းသွေးဆေးလုံး သုံးတဲ့အချိန်ကထက် လျင်လျင်မြန်မြန် တိုးတက်လာနေတယ် မဟုတ်ပါလား။ ဒါပေမယ့် စျေးက အတော်လေး မြင့်နေတယ်။ အလောင်းခွဲစိတ်ဂူက သွေးအနှစ်တွေ ခိုးယူပြီး ရောင်းမစားရင် ဝယ်နိုင်မှာ မဟုတ်ဘူး။

စုန့်ဝမ်လည်း ခိုးလက်စနဲ့ သတိထားပြီး ဆက်ခိုးဖို့ ဆုံးဖြတ်လိုက်တယ်။

………….

All Chapters