အတောင်မာကူတွေ ပေါက်လာပြီ
Vol. 4 Ch. 43
နှစ်ရက်အကြာမှာ ပထမဆုံးပိုးဥ အောင်အောင်မြင်မြင် ပေါက်လာတယ်။ နို့နှစ်ရောင် အတောင်မာကူ သားလောင်းလေး ကူအိုးထဲ တွန့်လိမ်လှုပ်ရှားနေတာ ကြည့်ရင်း စုန့်ဝမ် အသည်းယားလာတယ်။ ဒီကောင်တွေ ပိုးအိမ်ဖွဲ့ပြီး အတောင်မာကူအဖြစ် မပြောင်းခင်ထိ ဒီပုံစံပဲ ရှိနေမှာ။ ပိုးအိမ်ဖွဲ့နိုင်ဖို့ အားရှိအောင် အစာကျွေးရဦးမယ်။ သူတို့အစာက အစိမ်းရောင်ဝိညာဥ်မြက်လို့ ဆိုထားတာကြောင့် သေချာအောင် မြက်ပင်တစ်ပင် ထည့်ပေးပြီး စောင့်ကြည့်နေခဲ့တယ်။ ခဏနေတော့ သားလောင်းလေးက အစာနံ့ ရသွားဟန်နဲ့ မြက်ပင်ပေါ် တွားသွားတက်ပြီး ကိုက်စားနေတယ်။
နောက် ၃ ရက်အတွင်း အသက်ဓာတ် လျှော့နည်းနေတဲ့ ဥတစ်လုံးက လွဲရင် ကျန်တဲ့ ဥ ၇ လုံးစလုံး အကောင်ပေါက်လာကြတယ်။ ကျန်နေတဲ့ဥကို စွန့်ပစ်ဖို့ တွေးမိပေမယ့် အသက်ဓာတ် တဖြည်းဖြည်း တိုးလာတာ ခံစားမိလို့ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပေါက်ပြီးသားကောင်တွေက အစိမ်းရောင်ဝိညာဥ်မြက်တွေပေါ် တွယ်ကပ်ရင်း တနေကုန် စားနေကြတယ်။ တလှုပ်လှုပ်နဲ့ ဆက်တိုက်သာ စားနေတာ၊ အရွယ်အစား ကြီးမလာကြသေးဘူး။ ဒီကောင်တွေ စားလိုက်တဲ့ ဝိညာဥ်မြက်ပင်တွေ ဘယ်ရောက်သွားလဲဆိုတာ စုန့်ဝမ် မတွေးတတ်တော့ဘူး။
နောက်နှစ်ရက်နေလို့ စုန့်ဝမ် အလောင်းခွဲစိတ်ဂူက ပြန်လာချိန် ကူအိုးကို စစ်ကြည့်တော့ နောက်ဆုံးကျန်တဲ့ဥလေး အကောင်ပေါက်နေတာ မြင်ပြီး ဝမ်းသာသွားတယ်။ ဒီသားလောင်းက နည်းနည်းထူးခြားတယ်။ အရင်ကောင်လေးတွေလို နို့နှစ်ရောင် ဆိုပေမယ့် ကျောပြင်ပေါ်မှာ အနက်ရောင်အစက်လေး ထင်ထင်ရှားရှား ပါနေတယ်။
“ဒီကောင်က ဘာလဲ။ မျိုးဗီဇပြောင်းတာလား”
စုန့်ဝမ် သေချာကြည့်ပေမယ့် အနက်စက်လေးပါတာက လွဲရင် ထူးခြားတဲ့လက္ခဏာ မတွေ့ရဘူး။ သွေးကူကျင့်စဥ်စာအုပ်မှာ ရှာတော့လည်း ဒီအကြောင်း မတွေ့ရပြန်ဘူး။ တစ်ညလုံး စောင့်ကြည့်တော့မှ ထူးခြားတာတစ်ခု တွေ့သွားတယ်။ ဒီကောင်က အခုမှ ပေါက်ပေမယ့် အရင်တစ်ပတ်က ပေါက်တဲ့သားလောင်းတွေနဲ့တန်းတူ အစာစားနိုင်တယ် ဆိုတာပါပဲ။
ဒီလိုနဲ့ သားလောင်းတစ်ကောင်က တစ်နေ့ကို ဝိညာဥ်မြက်ပင်တစ်ပင် စားသောက်လို့ ရှစ်ပင်ကုန်တယ်။ တစ်ရက်မှာ စုန့်ဝမ်အိတ်ထဲက အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်လုံး ပုံမှန် ထွက်ပါလေရော။ ဒီပမာဏက ပေါ့သေးသေး မဟုတ်ဘူး၊ ရက် ၂၀ နဲ့တင် လစာတစ်လစာ ပြုတ်ပြီ။ စာလိပ်ထဲမှာ ကူပိုးကောင်တွေက သားလောင်းအဆင့် ကျော်ဖြတ်ချိန် ရက်နှစ်ဆယ်မှာပဲ များများစားသောက်ပြီး အရွယ်ရောက်လာရင် စားအားကျသွားတယ်လို့ ဖော်ပြမထားရင် စုန့်ဝမ် မွေးရဲမှာတောင် မဟုတ်ဘူး။
မွေးဖွားပြီး ၁၅ ရက်လောက်နေတော့ ပထမအုပ်စု သားလောင်း ၇ ကောင် ပိုးမျှင်တွေ ထုတ်ပြီး ပိုးအိမ် စဖွဲ့ကြတယ်။ ဒါက အတောင်မာကူအဖြစ် ကူးပြောင်းတော့မယ့်အဆင့်ပဲ။ စုန့်ဝမ်လည်း သွေးကူကျင့်စဥ်ပါအတိုင်း သွေးအနှစ်ကို ပိုးအိမ်တွေပေါ် လိုက်ချပြီး မန္တန်ရွတ်ဆိုမှုကို စလိုက်တယ်။ မန္တန် အရှိန်ရလာတာနဲ့အမျှ ပိုးအိမ်တွေက မည်းနက်လာပြီး ကြောက်မက်ဖွယ်ပုံစံ ထင်ဟပ်လာတယ်။ ဒီအဆင့်က ကူပိုးကောင်ကို သန့်စင်တဲ့အချိန်ဖြစ်လို့ စုန့်ဝမ် အထူးသတိထားနေရတယ်။
အတန်ကြာတော့ မန္တန်ရွတ်ဖတ်တာ ပြီးဆုံးပြီး သန့်စင်တဲ့လုပ်ငန်းစဥ် လက်စသတ်လိုက်နိုင်တယ်။ သားလောင်းတွေလည်း ပိုးအိမ်ထဲမှာ စုန့်ဝမ်ရဲ့ သွေးအနှစ်နဲ့ ပေါင်းစည်းရင်း ငြိမ်သက်နေကြပြီ။ ပိုးအိမ်ကနေ အတောင်မာကူအဖြစ် ထွက်လာချိန်မှာ စုန့်ဝမ် ထိန်းချုပ်မှုအောက် ရောက်လာတော့မယ်။ ဒီလုပ်ငန်းစဥ်က ကူအိုးထဲမှာ မွေးမြူတဲ့ကူဖြစ်လို့ သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဆောင်ရတာ။ ကိုယ်ခန္ဓာထဲမှာ တိုက်ရိုက်မွေးမြူတဲ့ကူဆို ဒါတွေ မလိုဘူး၊ ခန္ဓာကိုယ်ပိုင်ရှင်ကို မွေးမိဘအဖြစ် သဘာဝအလျောက် အသိအမှတ်ပြုပြီး သစ္စာခံတယ်။ ဒါပေမယ့် စုန့်ဝမ်က ပထမဆုံးအကြိမ်မှာ အဲ့လောက် မစွန့်စားရဲသေးဘူး။
အနက်ရောင်အစက်နဲ့သားလောင်းက ပိုးအိမ်ဖွဲ့မယ့်လက္ခဏာ မပြသေးဘဲ အစားချည်း လိမ့်စားနေလို့ စုန့်ဝမ် မျက်လုံးပြူးလာတယ်။ တစ်နေ့ကို အစိမ်းရောင်ဝိညာဥ်မြတ် ၃ ပင်လောက် အပြတ်ရှင်းတာ။ စုန့်ဝမ်လည်း ထပ်ဝယ်ကျွေးနေရတယ်။ ဒီသားလောင်းက နည်းနည်းထူးခြားတော့ အဆင့်မြင့်အတောင်မာကူများ ဖြစ်လာမလား မျှော်လင့်ရင်းပေါ့။
နောက် ၇ ရက်လောက်နေတော့ စုန့်ဝမ် အလုပ်က ပြန်လာပြီးချိန် ပိုးအိမ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်လာတာ သတိထားမိလိုက်တယ်။ စောင့်ကြည့်နေရင်း အတန်ကြာတော့ ပိုးအိမ်ကို ဖောက်ပြီး အတောင်မာကူကောင်လေးတွေ ထွက်လာတာ။ အရွယ်အစားက ဆန်စေ့တစ်ဝက်လောက်ပဲ ရှိတယ်။ အတောင်မာကူကောင်တွေက ကူအိုးထဲက ပျံထွက်လာပြီး စုန့်ဝမ်ကို ပတ်ချာလှည့် ပျံသန်းနေကြတယ်။ သူတို့ဆီက ရင်းနှီးမှု အငွေ့အသက် ခံစားမိသလို၊ စိတ်ချင်းဆက်နွယ်သယောင်လည်း ခံစားမိနေတယ်။
အသွင်ပြောင်းပြီးစ အတောင်မာကူကောင်အားလုံး ချီစုစည်းခြင်း ပထမအဆင့်နဲ့ ညီမျှတဲ့စွမ်းအား ပိုင်ဆိုင်ထားတယ်။ အဘွားအိုရဲ့ မှတ်စုအရဆို အများစုက အရွယ်ရောက်ရင် ချီစုစည်းခြင်း ဒုတိယအဆင့်နဲ့ ညီမျှတဲ့စွမ်းအား ပိုင်ဆိုင်ကြတယ်။ တချို့တလေက တတိယအဆင့်ထိ ရောက်နိုင်တယ်လို့ ဆိုထားတယ်။
စုန့်ဝမ်လည်း ပျံသန်းနေတဲ့ အတောင်မာကူတွေကို ကြည့်ရင်း လက်တွေ့စမ်းသပ်ချင်စိတ် ပေါက်လာတာနဲ့ တစ်ကောင်ကို ဖမ်းယူပြီး လက်နဲ့ဖိညှစ်လိုက်တယ်။ ခန္ဓာကိုယ်အားသက်သက်နဲ့ ဖိညှစ်တာကို အတောင်မာကူကောင်လေးက သိပုံတောင် မရဘူး။ ချီစုစည်းခြင်း ပထမအဆင့်နဲ့အင်အားနဲ့ ဖိကြည့်တော့ နည်းနည်း လှုပ်လာတယ်။ ဒီကောင်လေးတွေက တိုက်ခိုက်ရေးစွမ်းအား မမြင့်မားပေမယ့် ခံနိုင်ရည်တော့ အတော်မြင့်တာပဲ။
အတောင်မာကူရဲ့ အကန့်အသတ်ကို သိချင်တာကြောင့် အလာင်းဘုရင်သွေးသန့်စင်ကျင့်စဥ် လည်ပတ်ပြီး ချီစုစည်းခြင်း ဒုတိယအဆင့်အင်အား ထုတ်သုံးလိုက်တယ်။ ချက်ချင်းဆိုသလို သိပ်သည်းတဲ့အလောင်းချီ ထွက်ပေါ်လာပြီး အရေပြားတွေ မည်းပြာလာတယ်။ အရေပြားနဲ့ အသားတွေ ကျုံ့ဝင်ပြီး မံမီအသွင် ပေါက်လာတယ်။ လက်ချောင်းတွေက အလောင်းချီကြောင့် မာကျောအေးစက်ပြီး ထိတ်လန့်စဖွယ်အော်ရာတွေ လွှမ်းမိုးလာတယ်။
အတောင်မာကူလည်း ပြင်းထန်တဲ့ဖိအားနဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားမိလို့ ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း စုန့်ဝမ်လက်ကို ကိုက်ဖို့တောင် ကြိုးစားလာတယ်။ ဒါက ကူကောင်တွေရဲ့ ပုန်ကန်တဲ့လက္ခဏာတစ်ရပ်။ ကူအိုးနဲ့ သားဖောက်ထားတဲ့ကူကောင်တွေရဲ့ သစ္စာခံမှုက အကန့်အသတ် ရှိတယ်။ အသက်အန္တရာယ် ပြုလာရင် သခင်ကို ပြန်အာခံတတ်တယ်။ စုန့်ဝမ်လည်း သူသိချင်တာ သိပြီးတာနဲ့ အတောင်မာကူကို ပြန်လွှတ်ပေးလိုက်တယ်။ အသက်ဘေးကလွတ်တာနဲ့ ကူကောင်လည်း ရန်လိုတဲ့အသွင် ပျောက်သွားပြီး တခြားအကောင်တွေနဲ့အတူ သခင်ဘေးမှာ ပျံဝဲနေတယ်။
ဒီတိုင်းဆို အတောင်မာကူတွေက ချီစုစည်းခြင်း ဒုတိယအဆင့်ရှိသူရဲ့ တိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုထိ ခံနိုင်တာ သေချာတယ်။ သူ့ရဲ့ တိုက်ခိုက်ရေးအင်အားက ပထမအဆင့်စွမ်းအင်နဲ့ ညီမျှတယ်။ ဒါကြောင့် အတောင်မာကူက တိုက်ခိုက်ရေးကူ မဟုတ်တာ။
အတောင်မာကူတွေ ခြိမ်းခြောက်နိုင်ရင် အလွန်ဆုံး ချီစုစည်းခြင်း ဒုတိယအဆင့်ကိုပေါ့။ ဒါက ကျင့်ကြံရေးလောကမှာ အနိမ့်ဆုံးအဆင့်။ ဒါတောင် မတော်တဆ နားထဲ၊ နှာခေါင်းထဲ ဝင်သွားဦးမှ။ တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်ချင်ရင် အရေအတွက် များများသုံးဖို့ပဲ ရှိတယ်။ အကောင်ရေ ထောင်ချီရှိရင် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတောင် ထွက်ပြေးရမှာ။ ဒါပေမယ့် ကုန်ကျစရိတ်က မတန်ဘူး။
စုန့်ဝမ်လည်း အတောင်မာကူရဲ့ အဓိကစွမ်းရည်ဖြစ်တဲ့ စုံစမ်းထောက်လှမ်းရေး လုပ်နိုင်စွမ်းကိုပဲ အာရုံစိုက်လိုက်တယ်။ အတာင်မာကူတစ်ကောင်ကို ဝိညာဥ်စွမ်းအင်နဲ့ ချိတ်ဆက်ပြီး အဝေးကို ပျံသန်းကင်းထောက်ဖို့ စေခိုင်းကြည့်တယ်။ အတောင်မာကူ ပျံသန်းမှုနဲ့အတူ သူ့ဝိညာဥ်စွမ်းအားက ပေ ၁၂၀ အထိ လွှမ်းခြုံနိုင်လို့ ဝမ်းသားသွားတယ်။ စုန့်ဝမ်ရဲ့ ဝိညာဥ်စွမ်းအား ဖြန့်ကြတ်နိုင်စွမ်းက ပေ ၅၀ ပဲ ရှိတယ်။ ဒါတောင် သူက တားမြစ်ဝိညာဥ်ကျင့်စဥ် ကျင့်ကြံထားလို့။ တကယ်ဆို ချီစုစည်းခြင်း အစောပိုင်း ကျင့်ကြံသူက အလွန်ဆုံး ပေ ၃၀ လောက်ပဲ ဝိညာဥ်စွမ်းအင် ဖြန့်ကြတ်နိုင်တာ။ အတောင်မာကူနဲ့ဆို စုန့်ဝမ်ရဲ့ ဝိညာဥ်စွမ်းအင် ဖြန့်ကြတ်နိုင်စွမ်းက အများကြီး တိုးလာပြီ။
ဒီတွေ့ရှိချက်ကြောင့် အနက်ရောင်အစက်ပါ အတောင်မာကူအပေါ် စုန့်ဝမ်ရဲ့ မျှော်လင့်ချက်တွေ ပိုမြင့်မားလာတယ်။ ဒီကောင်လေးက ဘယ်လိုအံသြစရာစွမ်းရည်တွေများ ပါလာလေမလဲ။
.............