← Chapters

ဝမ်းမည်းအတောင်မာကူ

Vol. 4 Ch. 44

ဝမ်းမည်းအတောင်မာကူ

Vol. 4 Ch. 44

ဆယ်ရက်လောက်​တော့မှ အနက်ရောင်အစက်ပါသားလောင်း ပိုးမျှင် ထုတ်ပြီး ပိုးအိမ်စဖွဲ့တယ်။ သူကြီးထွားချိန်က တစ်လကြာတယ်၊ တခြားကောင်တွေထက် ဆယ်ရက် ပိုကြာပြီး စွမ်းအင်ကလည်း ဆယ်ဆလောက် သာလွန်နေတယ်။ စုန့်ဝမ်အနေနဲ့ သူ့ကို ကြီးကြီးမားမား မျှော်လင့်နေမိတယ်။

ပိုးအိမ်ထဲမှာလည်း တခြားကောင်တွေလို ဆယ်ရက် မဟုတ်ဘဲ ၁၅ ရက် ကြာသွားတယ်။ နောက်ဆုံးတော့ စုန့်ဝမ် စောင့်ကြည့်နေတဲ့အောက်မှာ အကောင်ပေါက်လာခဲ့တယ်။ သူ့ကို ကြည့်ပြီး စုန့်ဝမ် ဇဝေဇဝါ ဖြစ်နေတယ်။ သူမျှော်လင့်သလို အဆင့်မြင့်ကူ ဖြစ်မလာဘဲ တောင်မရောက် မြောက်မရောက် ဖြစ်သွားတယ် မဟုတ်ပါလား။ သာမန်ကူခန္ဓာကိုယ်က မီးခိုးရောင် ရှိပြီး၊ အဆင့်မြင့်ကူက အနက်ရောင်လို့ ကူမွေးမြူနည်းကျမ်းမှာ ဆိုထားတယ်။ အခုကောင်က ဝမ်းဗိုက်ပဲ အနက်ရောင်ရှိတယ်၊ ကျန်တဲ့ကျောပိုင်းနဲ့ ခေါင်းပိုင်းက မီးခိုးရောင်။

“ဘာလဲဟ .. ဘာဖြစ်တာလဲ”

စုန့်ဝမ် ခေါင်းစားသွားတယ်။ သူက စာအုပ်ဖတ်ပြီး လုပ်နေတာ၊ တိုင်ပင်စရာလူလည်း မရှိတော့ အဖြေရှာမရ ဖြစ်နေတယ်။

“အား .. ဒီကောင် …”

စုန့်ဝမ် စဥ်းစားတွေဝေနေချိန် သူကိုင်ထားတဲ့ အတောင်မာကူဆီက အားပြင်းတဲ့စွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာတယ်။ ချက်ချင်းဆိုသလို ဝမ်းမည်းကူကောင်ဆီက ချီစုစည်းခြင်း စတုတ္ထအဆင့်အော်ရာ ထွက်ပေါ်လာတယ်။ ဒီအင်အားက ချီစုစည်းခြင်း ဒုတိယအဆင့်ပဲ ရှိတဲ့ စုန့်ဝမ် ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ ရုန်းကန်နေတဲ့ ဝမ်းမည်းကူကို အတင်းထိန်းထားရတယ်။

သူမေ့နေတဲ့ ကူမွေးမြူနည်းပညာထဲက သတိပေးချက်​ ခေါင်းထဲ ချက်ချင်းဝင်လာတယ်။ ကူအိုးနဲ့ မွေးမြူထားတဲ့ကူက သခင်ဖြစ်သူထက် အားကြီးလာရင် ပုန်ကန်တတ်တယ်တဲ့။ ဒီအခြေအနေမှာ ရွေးချယ်စရာ နည်းလမ်းနှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ကူပိုးကောင်ပေါ် စိတ်ဝိညာဥ် ထိန်းချုပ်ထားတာ ဖြတ်တောက်ဖို့နဲ့ နောက်တစ်နည်း​က ခန္ဓာကိုယ်ကို ကူအိုးလို အသုံးချပြီး ကူကောင်ကို လုံလောက်တဲ့သွေးအဆီအနှစ် ကျွေးရင် သန့်စင်ဖို့။ ပထမနည်းက လွတ်မြောက်သွားတဲ့ကူပိုးကောင် ထွက်ပြေးသွားရင် ပြဿနာ မရှိပေမယ့်၊ ဆက်တိုက်ခိုက်လာရင် သေမှာ။ ဒုတိယနည်းပဲ ကျန်တော့တယ်။

အဲဒီအချိန်မှာ ဝမ်းမည်းကူကောင်က စိတ်ဝိညာဥ် တိုက်ခိုက်မှုပါ လုပ်လာတယ်။ ပြင်းထန်တဲ့စိတိဝိညာဥ် တိုက်ခိုက်ချက်ကြောင့် စုန့်ဝမ်ရဲ့ ဝိညာဥ်ပင်လယ် ဗြောင်းဆန်သွားတယ်။ တားမြစ်ဝိညာဥ်ကျင့်စဥ်ကြောင့် ပုံမှန်ထက် ပိုအားကောင်းပြီး ချီစုစည်းခြင်း စတုတ္ထအဆင့်နီးနီး ရောက်နေလို့သာ တော်ရော့တယ်။

စုန့်ဝမ်လည်း သိပ်တွေးမနေတော့ဘဲ ပါးစပ်ဟပြီး ဝမ်းမည်းကူကောင်ကို မျိုချလိုက်တယ်။ ကူပိုးကောင်က အစာအိမ်ထဲ ရောက်တာနဲ့ ချက်ချင်းပဲ သွေးကြောထဲ ဖောက်ဝင်ပြီး အရေးကြီးအတွင်းအဂ်ါတွေဆီ ကူးသွားဖို့ ကြိုးစားလာတယ်။

စုန့်ဝမ် အချိန်မဆိုင်းရဲဘဲ သွေးကူကျင့်စဥ်ကို ချက်ချင်း ကျင်ကြံခဲ့တယ်။ ချက်ချင်းဆိုသလို များပြားလှတဲ့ သွေးအနှစ်တွေ ဝမ်းမည်းကူဘေးမှာ ဝန်းရံစုဝေးလာတယ်။ လူ့သွေးအနှစ်က သွေးကူတွေ ရှင်သန်ကြီးထွားဖို့ အရေးအကြီးဆုံးရင်းမြစ်ဖြစ်လို့ ဝမ်းမည်းကူလည်း ရန်လိုစိတ်ကို မေ့သွားပြီး အငမ်းမရ စားသုံးပါတော့တယ်။

သေရေး၊ ရှင်ရေး အခြေအနေမို့ စုန့်ဝမ်လည်း သွေးကူကျင့်စဥ်အတိုင်း သွေးအနှစ်တွေ ဆက်တိုက်ပို့ပေးရင်း ဝမ်းမည်းကူကို သန့်စင်နေတယ်။ အတန်ကြာတော့မှ ဝမ်းလည်းကူလည်း ချီစုစည်းအဆင့်တစ်ယောက် ရှိနိုင်တဲ့သွေးအနှစ်ရဲ့ နှစ်ဆပမာဏကို ဝါးမျိုပြီး သန့်စင်မှုလည်း ပြီးမြောက်သွားလို့ စုန့်ဝမ်ကိုယ်ထဲမှာ တွယ်ကပ်ရင်း ငြိမ်နေပါတော့တယ်။

ကူပိုးကောင်ကို သန့်စင်ပြီးတော့မှ စုန့်ဝမ် သက်ပြင်းချနိုင်တော့တယ်။ လျှို့ဝှက်ဆန်းကြယ်စွမ်းအားကြောင့် ပုံမှန်ထက် သွေးအဆီအနှစ် ကြွယ်ဝအောင် မစုဆောင်းထားနိုင်ခဲ့ရင် ဒီနေ့သေမှာက သူပဲလေ။ ဝိညာဥ်စွမ်းအင် အားကောင်းတာကလည်း ကူပိုးကောင်ရဲ့ စိတ်ဝိညာဥ် တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့တယ်။

“ကျင့်ကြံတယ်ဆိုတာ မလွယ်ပါ့လား။ ကိုယ့်အဆင့်နဲ့ မအပ်မရာတွေ ကြိုးစားမိရင် ပိုတောင်အန္တရာယ်ကြီးတယ်။ နောက်ဆို သတိထားရမယ်”

သူဗြောင်းဆန်နေချိန် ​ကူအိုးထဲမှာ ကြောက်ပြီးငြိမ်နေတဲ့ ကူပိုးကောင် ၇ ကောင်ကို သတိရတာနဲ့ ချက်ချင်းပဲ ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး သန့်စင်လိုက်တယ်။ ကူပိုး​ကောင်အားလုံး သန့်စင်ပြီးတာနဲ့ သွေးကြွလာပြီး စိတ်ကူးသစ်တစ်ခု ပေါ်လာပြန်တယ်။

ဝမ်းမည်းကူလို အဆင့်မြင့်တစ်ပိုင်းကူကို ပိုင်ဆိုင်ထားမှတော့ မျိုးပွားစေပြီး များများမွေးရင် မကောင်းဘူးလား။ အကောင်များလေ သခင်ဖြစ်သူရဲ့ စွမ်းအားလည်း ကြီးလေပဲ။ ဒီထဲကနေ အဆင့်မြင့်ကူကို မွေးထုတ်နိုင်ခြေလည်း မြင့်လာမယ်။ ပုံမှန်ဆိုရင် ကူသခင်တွေက အများအပြားမွေးမြူဖို့ စိတ်မကူးကြဘူး။ မျိုးပွားချိန်ဆို ကူပိုးကောင်က စွမ်းအင် အရမ်းသုံးရတော့၊ သခင့်သွေးအနှစ်ကို ဝါးမျိုနှုန်းလည်း မြင့်လာတယ်။ ဒါက ကူပိုးကောင်ရော၊ ကူသခင်အတွက်ပါ အန္တရာယ် ကြီးမားတယ်။

ဒါက စုန့်ဝမ်အတွက် ပြဿနာ မရှိဘူး။ သူ့ဆီမှာ သွေးအနှစ်က ရှိသင့်တာထက် ပိုများသလို၊ အလာင်းခွဲစိတ်ဂူကနေ ခိုးစုပ်ယူပြီး လိုသလောက် ပြန်ဖြည့်နိုင်စွမ်းလည်း ရှိတယ်လေ။ ပြဿနာက ပြင်ပရင်းမြစ် ဝယ်ယူဖို့ပဲ။ အခု သူ့ဆီမှာ သန့်စင်သွေးအနှစ် ရောင်းရငွေထဲက အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၃၀ လားပဲ ကျန်တော့တယ်။ ဒါပေမယ့် ဒီလထဲ ထပ်စုဆောင်းထားတဲ့ သန့်စင်သွေးအနှစ် ၅ ပုလင်း ရှိနေတော့ ရောင်းချလိုက်ရင် အသုံးစရိတ်အတွက် စိတ်ပူစရာ မလိုတော့ဘူး။

တစ်ခုပဲ၊ သန့်စင်သွေးအနှစ်ကို ရောင်းရင် အန္တရာယ် မကြုံရလေအောင် သတိထားရမယ်။ တစ်ယောက်ယောက် ရိပ်မိရင် ရင်းမြစ်အကြောင်း ရှင်းပြဖို့ မလွယ်ဘူး။ သတိနဲ့ စွန့်စားဖို့ စုန့်ဝမ် ဆုံးဖြတ်လိုက်တယ်။

မျိုးပွားမယ်ဆိုတော့ ကူပိုးကောင်တွေ မိတ်လိုက်ဖို့လည်း စီစဥ်ရပြန်တယ်။ ဝမ်းမည်းကူက အထီး၊ ကျန်တဲ့ ၇ ကောင်မှာ ၄ ​ကောင်က အမတွေ။ ပိုအားကောင်းတဲ့မျိုးဆက်ပဲ လိုချင်တာကြောင့် တစ်စုံစီ မတွဲပေးတော့ဘဲ သာမန်အထီး ၃ ​ကောင်ကို မိတ်လိုက်ခွင့် ကန့်သတ်ပြီး ဝမ်းမည်းကူကို အမလေးကောင်နဲ့ လွှတ်ပေးထားလိုက်တယ်။ ဒါကလည်း သေချာအောင် လုပ်တာပါ။ တကယ်တော့ သာမန်အထီးကောင်တွေက ဝမ်းမည်းကူကို ကြောက်လန့်ပြီး အမတွေနား ကပ်တောင် မကပ်ရဲဘူး။

…..

တစ်လလောက်နေတော့ ကူအမလေးကောင် ဥတွေ စဥတယ်။ ၃ လုံးစီနဲ့ ၁၂ လုံး။ အဲဒီအချိန်မှာ ခိုးလိုက်၊ ဝယ်လိုက်နဲ့ ရင်းမြစ် လုံလုံလောက်လောက် ရနေတဲ့စုန့်ဝမ်လည်း ချီစုစည်းခြင်း တတိယအဆင့် တက်ရောက်နိုင်ခဲ့တယ်။ အလောင်းနတ်ဆိုးဂိုဏ်းကို ရောက်ခဲ့တာလည်း ၆ လ ပြည့်သွားပြီ။ ဒီအချိန်အတွင်း တတိယအဆင့် ရောက်တာ ယုတ္တိမတန်လို့ ကျင့်ကြံမှုကို ဖုံးဖိပြီး ဒုတိယအဆင့်အသွင် ဟန်ဆောင်ထားရတယ်။ အဲဒါက ဆဋ္ဌမအဆင့်ဝိညာဥ်အမြစ်နဲ့ လိုက်ဖက်ညီပြီး သံသယဝင် မခံရမှာ။

၇ ရက်နေတော့ ပိုးဥတွေ အကောင်ပေါက်လာတယ်။ ခန္ဓာကိုယ်ကို ကူအိုးအဖြစ် အသုံးချတာက ဘယ်အဆင့်ကိုမဆို လျင်မြန်စေတယ်။ တစ်ရက်တည်းနဲ့ ဥ ၉ လုံး ပေါက်လာတယ်။ အားလုံးက သာမန်ပဲ။

စုန့်ဝမ်ကတော့ မပေါက်သေးတဲ့ ဥ ၃ လုံးကို စောင့်ရင်း ရင်ခုန်နေပါတော့တယ်။

…………

All Chapters