ဒီကောင် အတော်စားတယ်
Vol. 4 Ch. 45
နှစ်ရက်လောက်နေတော့ အတောင်မာကူတွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်လာတာကြောင့် စုန့်ဝမ်လည်း သူတို့တွေ လေကောင်းလေသန့် ရှူနိုင်အောင် အပြင်ထုတ်ပေးခဲ့တယ်။ ဝေးဝေးလံလံ မလွှတ်သေးဘဲ၊ လိုဏ်ဂူအိမ်ပတ်လည်လောက်ပဲ ပျံသန်းခွင့် ပေးထားတယ်။ သားလောင်း ၉ ကောင်ကတော့ ကူအိုးထဲမှာ အစိမ်းရောင်ဝိညာဥ်မြက် စားနေကြတယ်။ ကူကောင်တွေက တချိန်လုံး ခန္ဓာကိုယ်ထဲ ထားနေစရာတော့ မလိုဘူး။ အစာကျွေးတာလောက်ကတော့ ကူအိုးထဲမှာတင် ကျွေးလို့ ရတယ်။
လိုဏ်ဂူအပြင်မှာ ပျံသန်းနေတဲ့ ကူပိုးကောင်တွေကို ကြည့်နေရင်း ကိုယ်ထဲမှာ ထားရှိတဲ့ ဥ ၂ လုံး အကောင်ပေါက်နေတာ ခံစားမိလိုက်တယ်။ ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးပြီး စုန့်ဝမ် ဝမ်းသာသွားတယ်။ ဒီတစ်ခါလည်း အနက်ရောင်အစက်ပါတဲ့ သားလောင်း ၂ ကောင် ရပြန်ပြီ။ ကျန်တဲ့ဥက မအောင်မြင်ခဲ့ဘူး။ ဒါနဲ့ သားလောင်း ၂ ကောင်ရော၊ မအောင်တဲ့ဥကိုပါ ကူအိုးထဲ ထည့်လိုက်တယ်။ အနက်ရောင်အစက်ပါ သားလောင်း ၂ ကောင်က မအောင်တဲ့ဥကို စားလိုက်တယ်။ ကျန်တဲ့ သားလောင်းတွေက သူတို့နှစ်ကောင်ကို လန့်ပြီး ရှောင်နေကြတယ်။ စုန့်ဝမ်လည်း အကြံရတာနဲ့ သာမန်သားလောင်း ၉ ကောင်ကို သတ်ပြီး ချကျွေးကြည့်တော့ အနက်ရောင်အစက်ပါ သားလောင်းနှစ်ကောင်က စားပစ်လိုက်ပြန်တယ်။
ဒါကို ကြည့်ပြီး စုန့်ဝမ် ကျေနပ်သွားတယ်။ သူ့အနေနဲ့ သာမန်ကူတွေကို အကုန်ကျခံ မွေးနေဖို့ မလိုတော့ဘူး။ အလားအလာရှိတဲ့ကောင်တွေကိုပဲ မွေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီနှစ်ကောင်က စားအားကောင်းတော့ စျေးသွားပြီး အစိမ်းရောင်ဝိညာဥ်မြက် ထပ်ဝယ်ရဦးမယ်။
ဒီတစ်ခေါက် သန့်စင်သွေးအနှစ်ပါ ရောင်းမှာဆိုတော့ မူလအသွင်အပြင်နဲ့ မသွားတော့ဘူး။ ကျင့်ကြံမှုအဆင့်ကို ချီစုစည်းခြင်း ပထမအဆင့်ထိ ဖိနှိပ်ပြီး၊ အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ်ကို အသက်သွင်းတယ်။ ချက်ချင်းဆိုသလို အသားအရေ ပြာနှမ်းပြီး ပိန်ခြောက်ခြောက်အသွင် ပြောင်းသွားတယ်။ အလောင်းချီ လည်ပတ်မှုကို တမင်တကာ မထိန်းဘဲ နည်းည်းလွှတ်ထားလို့ ခန္ဓာကိုယ်အနီးဝန်းကျင်ထိ ပျံ့နှံ့နေတယ်။ ပြီးတာနဲ့ အနက်ရောင်ဝတ်ရုံ ခြုံလိုက်တယ်။ ဒီလောက်ဆို ကျင့်ကြံစမှာ အလောင်းချီကို အလွန်အကျွံ စုပ်ယူမိလို့ ချီဖောက်လွဲဖောက်ပြန် ဖြစ်လုနီးနီး ဂိုဏ်းသားသစ်အသွင် ပေါက်သွားပြီ။
…..
စျေးထဲ ရောက်တာနဲ့ စုဆောင်းထားတဲ့ သန့်စင်သွေးအနှစ် ၈ ပုလင်းကို ဆိုင်လေးဆိုင်မှာ ခွဲရောင်းပြီး အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၁၀၀ ရလာတယ်။ ဒီပမာဏက ချီစုစည်းခြင်း အစာပိုင်းအဆင့်ရှိသူအတွက် များပြားလွန်းတဲ့ပမာဏတစ်ခု။ ဒါပေမယ့် စုန့်ဝမ်အတွက်တော့ မမှန်ဘူး၊ သူက ကိုယ်ကျင့်ကြံဖို့တင်မက၊ ကူပိုးကောင်တွေအတွက်ပါ အရင်းအမြစ် များများစားစား ဝယ်ရတယ်လေ။
အစိမ်းရောင်ဝိညာဥ်မြက်တွေ ထပ်ဝယ်ပေမယ့် ချန်ယီ့ဆီက ထပ်မဝယ်တော့ဘူး။ တခြားဆိုင်တွေဆီကပဲ ဝယ်လိုက်တယ်။ ချန်ယီဆို အတွေးများလာနိုင်တယ်။ ဒီလောက်များများ ဆက်တိုက်ဝယ်နေရင် ဘာအတွက်လဲဆိုတာ လူတိုင်းသိချင်မှာ သေချာတယ်။ ချန်ယီနဲ့က ရင်းနှီးတယ်ဆိုပေမယ့် မိတ်ဆွေလို့ ပြောရလောက်အောင် မဟုတ်သေးဘူး။ တမင်မဟုတ်ဘဲ သူ့နှုတ်က လွှတ်ခနဲ ပြောမိရင်တောင် တခြားသူတွေ သိသွားနိုင်လို့ ကိုယ့်ဘက်ကပဲ လုံအောင် လုပ်ရမယ်။
အတွေ့အကြံအရဆို ကျင့်ကြံမှုလောကမှာ ကျင်လည်နေသရွေ့ ကိုယ့်ကိုယ်ကိုက လွဲရင် အားလုံးကို သံသယထားပြီး၊ သတိရှိမှသာ တန်ကာကျမယ်။
စုန့်ဝမ် ဆုံးဖြတ်ပြီးတာနဲ့ ဆေးပစ္စည်းဆိုင်ကြီးတစ်ခုကနေပဲ အစိမ်းရောင်ဝိညာဥ်မြက်တွေ ဝယ်လိုက်တယ်။ အရွယ်ရောက်ပြီး ကူပိုးကောင်တွေအတွက် ခရမ်းလသစ်ခွပွင့်တွေ ထပ်ဝယ်ရသေးတယ်။ ကူပိုးကောင်တွေက အမျိုးအစားပေါ် မူတည်ပြီး အစားအစာ ကွာတယ်။ လိုက်ဖက်ညီတဲ့အစာ စားရမှ စွမ်းအင်မြင့်တက်လာမှာ။ တချို့တွေက တွင်းထွက်ပစ္စည်းကို စားတယ်။ တချို့က နတ်ဆိုးသားရဲအသား၊ တချို့က လူသားအလောင်း .. စသဖြင့် ကွဲပြားတယ်။ အတောင်မာကူတွေလို အစိမ်းရောင်ဝိညာဥ်မြက်နဲ့ ခရမ်းလသစ်ခွပွင့် နှစ်သက်တဲ့ အသီးအရွက်စားမျိုးစိတ်က အတော်ရှားတယ်။ အဆင့်မြင့်မျိုးဆက်ဖြစ်ရင်တော့ တွင်းထွက်ပစ္စည်းကို နှစ်သက်လာတတ်တယ်တဲ့။ ခရမ်းလသစ်ခွပွင့်က ဒုတိယအဆင့် ဝိညာဥ်ဆေးမြစ်ပေမယ့် ပေါများတော့ စျေးမကြီးလှဘူး။ ၂ ပွင့်မှ အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်လုံးပဲ ကျသင့်တယ်။
……..
ခရမ်းသစ်ခွ တစ်လဆက်တိုက် ကျွေးပြီးတာနဲ့ သာမန်အတောင်မာကူ ၇ ကောင် စွမ်းအား အတော်တိုးလာတယ်။ တစ်နေ့ တစ်ပွင့်ကျွေးရုံနဲ့တင် အစာဝသွားလို့ မွေးရတာ စရိတ်သက်သာတယ်။ ဝမ်းမည်းအတောင်မာကူက တိုးတက်မလာဘဲ တန့်နေတယ်။ လေးပွင့်ကျွေးမှ ဗိုက်ဝပေမယ့် တိုးတက်မှုက မရှိပြန်ဘူး။ လေးပွင့်ဆို အဆင့်နိမ့်ဝိညာဥ်ကျောက်နှစ်လုံး ကုန်နေလို့ စရိတ်ကြီးတယ်။ ဒါပေမယ့် ကျွေးလည်း စွမ်းအားက တက်မလာတော့၊ ခရမ်းလသစ်ခွက သူ့အစာမှ ဟုတ်ရဲ့လားလို့ စုန့်ဝမ် သံသယ ဝင်လာတယ်။ သွေးကူနည်းစနစ်စာအုပ်အရဆို အဆင့်မြင့်အတောင်မာကူရဲ့အစာက ငွေရောင်ကျောက်ဆိုတဲ့ တွင်းထွက်တစ်မျိုး။ ဝမ်းမည်းကူက အဆင့်နိမ့် မဟုတ်သလို အဆင့်မြင့်အဆင့်လည်း မဟုတ်၊ စကောစကကောင်ဖြစ်လို့ ဘာကျွေးရမှန်းမသိ ဖြစ်နေတာ။
ငွေရောင်ကျောက်က စျေးကြီးလွန်းတယ်။ လက်မအရွယ်အတုံးလေးကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၅၀ ကျသင့်တယ်။ ဒါက သူ့လစာရဲ့ နှစ်လခွဲစာ ဖြစ်နေလို့ စုန့်ဝမ် နှမျောနေတာ။ အဆင့်မြင့်ကူပိုးကောင်က လူမှာဆို အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ နှိုင်းယှဥ်နိုင်လို့ ရင်းမြစ်လိုအပ်ချက် များတယ်။ နောက်ဆုံးတော့ ဟိုမရောက် ဒီမရောက် ဝမ်းမည်းကူကောင် စားနိုင်လည်း နည်းနည်းပေါ့လို့ ဖြေတွေးတွေးရင်း ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
……
ဒီတစ်ခေါက် စျေးထဲဆင်းရင်း ငွေရောင်ကျောက်တင်မက၊ အလောင်းချီဆေး၊ ချီစုစည်းဆေးနဲ့ အဟာရဆေးလုံးတွေပါ စုပြုံပြီး ဝယ်ပစ်လိုက်တယ်။ အရင်တစ်ခေါက် သန့်စင်သွေးအနှစ် ရောင်းထားတဲ့ ဝိညာဥ်ကျောက်ထောင်ကျော်က သိပ်မထိရသေးလို့ ဒီတစ်ခါ သူဌေးသုံး သုံးပစ်လိုက်မိတယ်။
ဝယ်ခြမ်းပြီးမှ စုန့်ဝမ် စိုးရိမ်စိတ် ဝင်လာတယ်။ ဝယ်တာ များသွားတော့ တခြားသူတွေ သတိထားမိသွားပြီ။ သူထုတ်ပြထားတဲ့ ချီစုစည်းခြင်း ဒုတိယအဆင့်နဲ့ဆို ဒါက ဆူဖြိုးတဲ့သိုးတစ်ကောင်လို ဖြစ်နေတယ်။
စုန့်ဝမ် ဟိုဟိုဒီဒီ ကြည့်ရင်း လောင်းကစားရုံ တွေ့တာနဲ့ အကြံရပြီး အမြန်ဝင်ခဲ့လိုက်တယ်။ ကျင့်ကြံမှုလောကမှာရှိတဲ့ လောင်းကစားရုံတွေက ကျင့်ကြံသူတွေ လာကစားရင် စိတ်ဝိညာဥ်စွမ်းအင် အသုံးချပြီး လိမ်လည်မရအောင် အစီအရင်တွေ အမျိုးမျိုးချပြီး ကန့်သတ်ထားတယ်။ အတွင်းမှာ ထုတ်သုံးမရသလို၊ အပြင်ကနေလည်း ကြည့်မရဘူး။ စုန့်ဝမ်ကို နောက်ယောက်ခံလိုက်နေသူတွေ မျက်ခြေပြတ်သွားတယ်။
လောင်းကစားရုံထဲ ရောက်တာနဲ့ စုန့်ဝမ် သန့်စင်ခန်းဆီ တန်းသွားတယ်။ ကျင့်ကြံမှုလောကပေမယ့် ချီစုစည်းခြင်းအဆင့်တွေက အစားအသောက် စားရသေးလို့ အိမ်သာ လိုသေးတယ်လေ။
အိမ်သာထဲ ရောက်တာနဲ့ အသွင်ပြောင်းပညာသုံးပြီး မုတ်ဆိတ်အပြည့်နဲ့ လူထွားကြီးအသွင် ပြောင်းလိုက်တယ်။ ဒီပညာက ကျင့်ကြံမှုလောကမှာ လူတိုင်းလိုလိုတတ်တဲ့ အခြေခံနည်းစနစ်။ ကျင့်ကြံမှုလောကမှာက ရုပ်ရည်ပိုင်းထက် စွမ်းအင်အော်ရာကို မှတ်သားကြတော့ ရုပ်ပြောင်းတာက သိပ်တော့ အသုံးမဝင်ပါဘူး။ ဒါပေမယ့် စုန့်ဝမ်က ချွင်းချက်။ သူ့အတွက် စွမ်းအင်အော်ရာ ပြောင်းလဲတာက ပင်ကိုယ်စွမ်းရည်လို ဖြစ်နေတယ်။ အလိုရှိရင် သက်ရှည်ကျင့်စဥ် သုံးပြီး လမ်းမှန်ကျင့်ကြံသူအသွင်ယူလို့တောင် ရသေးတယ်။ ရုပ်ပိုင်းရော၊ အော်ရာပါ ပုံပြောင်းပြီးတာနဲ့ စုန့်ဝမ်လည်း လောင်းကစာရုံကနေ ခပ်တည်တည် ထွက်လာခဲ့တယ်။ နောက်ယောင်ခံလိုက်သူတွေ သတိမထားမိဘဲ ဟိုကြည့်ဒီကြည့်နဲ့ ကျန်ခဲ့တယ်။
ချမ်းသားခြင်းဟာ မဂ်လာတစ်ပါးဆိုပေမယ့် အားနည်းသူအတွက်တော့ အန္တရာယ်ကို ဖိတ်ခေါ်တာနဲ့ အတူတူပဲ။
……….
လိုဏ်ဂူပြန်ရောက်တာနဲ့ ဝမ်းမည်းကူကို ငွေရောင်ကျောက် ကျွေးပြီး စောင်ကြည့်တယ်။ စားတော့ စားပေမယ့် အဆင့်မြင့်နေလို့လားမသိ ဖြည်းဖြည်းချင်းပဲ စားနေတယ်။ အတော်ကြာတော့ အပုံ ၂၀ ပုံ ၁ ပုံလောက် စားပြီး ဗိုက်ဝသွားတယ်။ အစာချေဖျက်ဖို့ ၂ ရက်၊ ၃ ရက်လောက် အချိန်ယူပြီးမှ ပြန်စားနိုင်တယ်။ ကြားထဲမှာ တစ်ရက်ကို ခရမ်းသစ်ခွပွင့် တစ်ပွင့် ကျွေးရတယ်။
တစ်လနေတော့ ငွေရောင်ကျောက် တစ်ဝက်လောက် ကုန်သွားသလို၊ ဝမ်းမည်းကူပိုးကောင်ရဲ့ စွမ်းအားလည်း သိသိသာသာ တက်လာတယ်။ နောက်ထပ် ဝမ်းမည်းကူပိုးကောင် ၂ ကောင်လည်း အရွယ်ရောက်လာပြီး နှစ်ကောင်လုံးက အမတွေ ဖြစ်နေလို့ စုန့်ဝမ် ဝမ်းသာသွားတယ်။ သားဖောက်တဲ့အစီအစဥ်သစ် စဖို့ ဆုံးဖြတ်လိုက်တယ်။ ဝမ်းမည်းကူတွေကို သူတို့ချင်းပဲ မိတ်လိုက်ခွင့် ပြုခဲ့တယ်။ သူတို့ဆီကနေ ဝမ်းမည်းကူပဲဖြစ်ဖြစ်၊ အဆင့်မြင့်ကူပဲဖြစ်ဖြစ် ပေါက်ဖွားလာဖို့ စုန့်ဝမ် မျှော်လင့်နေမိတယ်။
ဒီကြားထဲမှာတော့ အလောင်းခွဲစိတ်လိုက်၊ သွေးအနှစ် ခိုးယူလိုက်၊ ကျင့်ကြံလိုက်နဲ့ပဲ နေ့စဥ် ပုံမှန်လည်ပတ်နေခဲ့တယ်။
…………