အမှီကောင်းတော့ အညွှန့်တလူလူ
Vol. 4 Ch. 46
တစ်နေ့ .. စုန့်ဝမ် အလောင်းခွဲစိတ်ဂူထဲ ရောက်ရောက်ချင်း ယွမ်ချန်က သိုလှောင်အိတ်တွေပေးရင်း လေးနက်တဲ့လေသံနဲ့ ပြောလာတယ်။
“ကျိယင် .. ဒီနေ့ မင်းအတွက် အထူးအလောင်းတစ်သုတ် ရှိတယ်။ ခွဲစိတ်စင် အမှတ်(၈)ကို သုံးပြီး သေချာလုပ်ပါ။
စုန့်ဝမ် မျက်ခုံးပင့်ပြီး ယွမ်ချန်ကို ကြည့်လိုက်မိတယ်။ ပုံမှန်ဆို အလောင်းခွဲစိတ်သူတိုင်း ပုံသေတာဝန်ကျတဲ့ ခွဲစိတ်စင် ရှိပြီးသား။ သူဆို ခွဲစိတ်စင် အမှတ်(၇၃)ပဲ တောက်လျှောက် သုံးခဲ့ရတာ။ တစ်ခုတော့ ရှိတယ်၊ အမှတ်(၁၀)ကနေ (၁၀၀)ထိက သွေးစီးဆင်းရာမြောင်းတွေကို အလယ်ဗဟိုမှာရှိတဲ့ သွေးကန်ကြီးနဲ့ ချိတ်ဆက်ထားတယ်။ အမှတ်(၁)ကနေ အမှတ်(၉)ထိ သီးခြားသွေးကန်တွေ ရှိတယ်။ အဲဒီ အလောင်းခွဲစိတ်စင်တွေမှာ လုပ်ကိုင်ရတာ အရမ်းရှားတယ်။
ဒါက ကူမွေးမြူသူအဘွားအိုအလောင်းလို ထူးခြားတဲ့အလောင်းလား တွေးပြီး စုန့်ဝမ် စိတ်မသက်မသာ ဖြစ်သွားတယ်။ အဘွားအိုအလောင်းက ရိုးရိုးခွဲစိတ်စင်မှာပဲ ခွဲခဲ့ရတာ။ ခုဟာက ဘာကြီးလဲ ….
စုန့်ဝမ် အမူအရာကို ကြည့်ရင်း သူစိုးရိမ်နေတာကို ယွမ်ချန် ရိပ်စားမိသွားတယ်။
“စိတ်မပူပါနဲ့ ငါ့ညီရာ၊ ဒါက သာမန်ကလေးအလောင်းတွေပါ။ အန္တရာယ် မရှိပါဘူး။ အဲ .. နည်းနည်းတော့ ထူးခြားတယ်။ ခွဲစိတ်တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အထိအရှ မဖြစ်ရလေအောင် အာရုံစိုက်ပေးရုံပဲ .. ဟုတ်ပြီလား”
“နားလည်ပါပြီ .. အကိုယွမ်”
စုန့်ဝမ်လည်း အခုမှ စိတ်သက်သာရာရသွားတယ်။
ယွမ်ချန်က စုန့်ဝမ်ကို သိုလှောင်အိတ် ၄ လုံးပြင် ကျောက်စိမ်းပုလင်း တစ်ပုလင်းပါ ထည့်ပေးလိုက်တယ်။ အိတ်တွေက ထုံးစံအတိုင်းပဲ။ ကျောက်စိမ်းပုလင်းက သီးသန့်သွေးကန်ထဲက သွေးတွေ ထည့်ဖို့လို့ ယွမ်ချန်က ပြောလိုက်တယ်။
အလောင်းခွဲစိတ်စင် အမှတ်(၈)ကို ရောက်တာနဲ့ ရှင်းလင်းနေရာချပြီး အလောင်းသိုလှောင်အိတ်ကို ဝိညာဥ်စွမ်းအင်နဲ့ စစ်ဆေးရင်း စုန့်ဝမ် ပျို့တက်လာပြီး အန်ချမိလုမတတ် ဖြစ်သွားတယ်။ အထဲမှာ သာမန်သေမျိုး ကလေးသူငယ်အလောင်းတစ်ရာ ရှိနေတယ်။ အားလုံးက ၅ နှစ်အောက်၊ မွေးကင်းစကလေးတွေတောင် ပါတယ်။ နေ့စဥ် အလောင်းရာချီ ကိုင်တွယ်ရလို့ အတွေ့အကြုံရင့်နေတဲ့ စုန့်ဝမ်တောင် စက်စုပ်ရွံရှာစဖွယ် ဒီမြင်ကွင်းကို ချက်ချင်း လက်မခံနိုင် ဖြစ်သွားတယ်။
လမ်းလွဲမိစ္ဆာကျင့်စဥ်လိုင်း လိုက်စားတဲ့ အလောင်းနတ်ဆိုးဂိုဏ်းမှာ သာမန်လူတွေ စိတ်တောင်မကူးမိမယ့် ရက်စက်တဲ့နည်းစနစ်တွေ အပြည့်။ ထူးခြားတဲ့နက္ခတ်တာရာ၊ သွင်ပြင်လက္ခဏာနဲ့ မွေးဖွားလာသူ ကလေးအလောင်းတွေကို ကျင့်ကြံမှု တိုးတက်စေဖို့ အသုံးချတာ၊ အလောင်းရုပ်သေးသန့်စင်တာ၊ သရဲဝိညာဥ် ဖန်တီးရာမှာ သုံးကြတယ်။ ဒီကလေးတွေလည်း အဲဒီအတွက် အသတ်ခံရတာ။
စုန့်ဝမ် စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး အတွေးတွေပါ ရှင်းထုတ်လိုက်တယ်။ ဘာအတွက်ပဲသုံးသုံး သူနဲ့ မဆိုင်ဘူးလေ။ ကိုယ်တိုင် သတ်စရာ မလိုဘဲ ကြွင်းကျန်တဲ့ရုပ်အလောင်းကို ခွဲစိတ်ရုံပဲလို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်။ ဒါလေးတောင် မလုပ်နိုင်ရင် နတ်ဆိုးဂိုဏ်းထဲမှာ ဘယ်လိုရှင်သန်နိုင်မှာလဲ။
စုန့်ဝမ်လည်း စိတိတည်ငြိမ်ပြီဆိုတာနဲ့ စတင်ခွဲစိတ်ခဲ့တယ်။ ၆ လတာ ခွဲစိတ်ခဲ့တဲ့ အတွေ့အကြုံအရ မြန်မြန်ဆန်ဆန် သေသေသပ်သပ်နဲ့ ပြီးသွားတယ်။ အလောင်းအားလုံးက ကလေးအလောင်းတွေဆိုတော့ နှစ်နာရီပဲ ကြာတယ်။ အထူးတာဝန်ဆိုတော့ တခြားအလောင်းတွေ မကိုင်တွယ်ရတာနဲ့ စောစောစီးစီး အလုပ်ပြီးသွားတယ်။ ၆ လလုံးလုံး နောက်ဆုံးမှ အလုပ်ပြီးပေမယ့် ဒီနေ့တော့ အစောဆုံးပြီးသူ ဖြစ်ခဲ့တယ်။ အထူးအခြေအနေဖြစ်လို့ သွေးအဆီအနှစ်လည်း မစုပ်ယူခဲ့ဘူးလေ။
သီးသန့်သွေးကန်ထဲက သွေးအနှစ်တွေ ကျောက်စိမ်းပုလင်းထဲ ထည့်ပြီးတာနဲ့ သိုလှောင်အိတ်တွေ ယူပြီး ယွမ်ချန်ရှိရာလိုဏ်ဂူအိမ်ဆီ ထွက်လာခဲ့တယ်။ အထဲဝင်လိုက်တော့ ယွမ်ချန်ထိုင်နေကျ ထိုင်ခုံပေါ်မှာ ပျင်းတိပျင်းရွဲ ထိုင်နေတဲ့လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ယွမ်ချန်က အဲဒီလူငယ်ဘေးမှာ ရိုရိုကျိုးကျိုး ရပ်နေတယ်။
စုန့်ဝမ်ကို မြင်တာနဲ့ ယွမ်ချန်က အမြန်လှမ်းပြောတယ်။
“ကျိယင် .. အလောင်းခွဲစိတ်တာ ပြီးပြီလား”
စုန့်ဝမ်က လူပါး။ ထိုင်နေတဲ့လူငယ်ကို ဘယ်သူဘယ်ဝါရယ် မသိပေမယ့် ယွမ်ချန်ရဲ့ ရိုကျိုးတဲ့ပုံစံကို ကြည့်ပြီး ထူးခြားတဲ့နောက်ခံရှိမယ့်သူဆိုတာ ရိပ်မိတယ်။ ဒါကြောင့် ထိုင်နေတဲ့လူငယ်ကို အရင်အရိုအသေပေးပြီးမှ ယွမ်ချန်ကို အရိုအသေပေးရင်း ပြန်ဖြေလိုက်တယ်။
“အားလုံးပြီးပါပြီ .. ဂိုဏ်းတူအကိုယွမ်”
စုန့်ဝမ်က ပြောပြောဆိုဆို သိုလှောင်အိတ်တွေနဲ့ ကျောက်စိမ်းပုလင်းကို ရှေ့ထိုးပေးလိုက်တယ်။
ထင်တဲ့အတိုင်းပဲ၊ ယွမ်ချန် လှမ်းမယူခင် ထိုင်နေတဲ့လူငယ်က ယူလိုက်တယ်။ ယူပြီး ကျောက်စိမ်းပုလင်းထဲက သွေးအနှစ်ကို စစ်တယ်၊ ပြီးမှ သိုလှောင်အိတ်ထဲက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဝိညာဥ်စွမ်းအင်နဲ့ စစ်တယ်။ စစ်ပြီးတော့ အမူအရာကင်းတဲ့မျက်နှာမှာ ကျေနပ်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
“အရမ်းကောင်းတယ် .. မင်းရဲ့ ကျင့်ကြံမှုအဆင့် နိမ့်နေတာကို ထည့်စဥ်းစားရင် ခွဲစိတ်တဲ့လက်ရာက အရမ်းကောင်းတယ်”
“အကြီးအကဲ ချီးမွမ်းတာကို အပြင်စည်းတပည့်ကျိယင် ကျေးဇူးတင်ပါတယ်”
လူငယ်က ဘယ်သူဘယ်ဝါဆိုတာ မသိလို့ စုန့်ဝမ်လည်း သင့်လျော်မယ် ထင်သလို ခေါ်ဝေါ်ပြီး အရိုအသေပြု ကျေးဇူးစကား ဆိုလိုက်တယ်။
“ကျိယင် .. စီနီယာက ယင်နတ်ဆိုးခန်းမရဲ့ အတွင်းစည်းတပည့်ဝူစွေ့၊ ယင်နတ်ဆိုးခန်းမသခင် အကြီးအကဲဝူယန်ရဲ့ တပည့်ရင်းပါ”
လေထုအခြေအနေ ကောင်းလာတာကြောင့် ယွမ်ချန်လည်း စုန့်ဝမ်ကို လူငယ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။
စုန့်ဝမ် နည်းနည်းလန့်သွားတယ်။ အဲ့လောက်ထိ ထင်မထားမိဘူးလေ။ ယင်နတ်ဆိုးခန်းမသခင်ရဲ့ တပည့်ရင်း၊ ခန်းမရဲ့ အကြီးတန်းတပည့်။ ဒီကောင်လေးက ဂိုဏ်းရဲ့ဒုတိယမျိုးဆက်ကျင့်ကြံသူပဲ။ စိုးရိမ်စိတ် ဝင်မိပေမယ့် ဒီလိုတွေ့ဆုံခွင့်ရပြီး ချီးကျူးခံရတာ အကျိုးရှိတဲ့ကိစ္စလို့ ရိပ်စားမိတယ်။ ဒါကြောင့် ပိုပြီးတောင် ရိုရိုသေသေ ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
“အပြင်စည်းတပည့်ငယ်ကျိယင် အကြီးတန်းတပည့် စီနီယာဝူစွေ့ကို ဂါရဝပြုပါတယ်”
ဂါရဝတရားရှိတဲ့စုန့်ဝမ်ကို ကြည့်ရင်း ဝူစွေ့ သဘောကျသွားတယ်။
“ကောင်းတယ် .. ကောင်းတယ်။ မင်းက ငယ်ရွယ်သလောက် အသိတရားရှိတဲ့သူပဲ။ နောက်ပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့် တက်ရောက်နိုင်ရင် ယင်နတ်ဆိုးခန်းမမှာ ငါ့ကို လာတွေ့ပါ”
စကားဆုံးတာနဲ့ ဝူစွေ့ခန္ဓာကိုယ်က မှိန်ဖျော့ဖျော့ အမှုန်အမွှားတွေအဖြစ် ပြောင်းသွားပြီး ဂူအတွင်းပိုင်းဆီ လွင့်မျောပျောက်ကွယ်သွားတယ်။
လူငယ်လေး ပျောက်ကွယ်သွားတော့မှ ယွမ်ချန် သက်ပြင်းချရင်း စုန့်ဝမ်ဘက် လှည့်ကြည့်လာတယ်။ သူ့အကြည့်မှာ အားကျသလို မနာလိုတဲ့ အရိပ်အယောင်တွေပါ ထင်ဟပ်နေတယ်။
“ဂျူနီယာကျိယင် .. မင်းကတော့ တကယ်ကံကောင်းတဲ့ကောင်ပဲ ဟေ့။ တစ်ခါစုံမိရုံနဲ့ အကြီးတန်းတပည့်ဝူစွေ့ဆီက အသိအမှတ်ပြုခံရလိမ့်မယ်လို့ ငါဖြင့် ထင်ကို မထင်မိတာ”
“ကံကောင်းသွားတာပါဗျာ၊ ဒါနဲ့ စီနီယာဝူစွေ့က ခန်းမသခင်ရဲ့ တပည့်ရင်းဆိုတာအပြင် တခြားအဆင့်အတန်းတစ်ခုခုများ ရှိသေးလား”
စုန့်ဝမ် သိချင်တာလည်း မမှားဘူး။ တပည့်ရင်းဆိုတာ ကျင့်ကြံမှုလောကမှ မြင့်မားတဲ့အတင့်ဆိုပေမယ့် အလောင်းနတ်ဆိုးဂိုဏ်းလို နတ်ဆိုးလမ်းစဥ်အဖွဲ့အစည်းတွေမှာ ထင်သလောက် မရိုးရှင်းဘူး။ ဆရာက တပည့်ဖြစ်သူကို ယဇ်ပူဇော်တာ၊ အလောင်းရုပ်သေးသန့်စင်တာ၊ ဆေးမီးဖိုတွေအဖြစ် အသုံးချတာတွေ ရှိတတ်တယ် မဟုတ်လား။
ပြောရရင် နတ်ဆိုးလမ်းစဥ်ဂိုဏ်းတွေမှာ တပည့်ရင်းဖြစ်ရုံနဲ့ ကံကြမ္မာကောင်း ပိုင်ဆိုင်ပြီလို့ မဆိုနိုင်ဘူး။ သူတို့က အဆင့်မြင့်ပေမယ့် ချီစုစည်းခြင်းနယ်ပယ်မှာပဲ ရှိသေးလို့ အချိန်မရွေး အမြောက်စာအဖြစ် ပြောင်းသွားနိုင်တယ်။ အခြေတည်အဆင့် ရောက်ရှိပြီး အကြီးအကဲအဆင့် ဖြစ်မှာသာ အခြေခိုင်တာ။ အခု ယွမ်ချန်လို အခြေတည်အဆင့် ကျင့်ကြံသူက၊ ချီစုစည်းခြင်းအဆင့်ကို ရိုသေနေပုံက နည်းနည်းထူးဆန်းသလိုပဲ။
ယွမ်ချန် သက်ပြင်းချလိုက်တယ်။
“အင်း … စီနီယာဝူစွေ့က ယင်နတ်ဆိုးခန်းမသခင်ဝူယန်ရဲ့ မြေးလေ။ သူက သတ္ထမအဆင့်ဝိညာဥ်အမြစ် ပိုင်ဆိုင်ပြီး၊ အရည်အချင်း ရှိတယ်လို့ ပြောကြတယ်။ အခုမှ အသက် ၁၀ နှစ်ပဲ ရှိသေးပေမယ့် ချီစုစည်းခြင်း သတ္ထမအဆင့် ရောက်နေပြီ။ မကြာခင် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်လိမ့်မယ်”
ယွမ်ချန်လေသံနဲ့ အမူအရာက သိပ်အစာမကျေသလိုပဲ။ အမှန်တော့ စုန့်ဝမ်လည်း အဲဒီလိုပဲ ခံစားနေရတယ်။ ယွမ်ချန်ဆို မှီခိုရာနောက်ခံမရှိလို့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တယ်ဆိုရုံ ရောက်ရှိပြီး ပိတ်မိနေတာ။ ဒါကြောင့် ဂိုဏ်းဆီက အခြေခံတည်ဆောက်ခြင်းဆေးလုံး ရလိုရငြား မျှော်လင့်ချက်လေးနဲ့ အန္တရာယ်များတဲ့ အလောင်းခွဲစိတ်လိုဏ်ဂူမှာ တာဝန်ထမ်းဆောင်နေရတာ။ သူ့အသက်က အခုဆို ၆၀ နား နီးလာတော့ စိုးရိမ်နေရပြီ။ ဆေးလုံးအကူအညီ မပါရင် ချီစုစည်းခြင်း အထွတ်အထိပ်အဆင့်နဲ့ ဘာကွာတော့မှာလဲ။
တကယ်တော့ အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေက မရှားပါဘူး။ ပြင်ပက စျေးကြီးတွေမှာ မကြာခဏ ပေါ်လာတတ်တယ်။ ပြဿနာက စျေးနှုန်း။ ယွမ်ချန်အတွက် အိပ်မက်တောင် မမက်ရဲတဲ့ ပမာဏ ဖြစ်နေတယ်လေ။
………