← Chapters

ဂိုဏ်းတာဝန် လက်ခံရပြီ

Vol. 4 Ch. 47

ဂိုဏ်းတာဝန် လက်ခံရပြီ

Vol. 4 Ch. 47

အလုပ်ကိစ္စပြီးတာနဲ့ စုန့်ဝမ် အလောင်းခွဲစိတ်လိုဏ်ဂူကနေ ထွက်လာခဲ့တယ်။ ဂူထဲမှာ ဖြစ်ပျက်ခဲ့သမျှက သူ့အတွက် ပြဇတ်တစ်ခု ကပြတာထက် မပိုဘူး။ တကယ်လို့ အတွင်းစည်းတပည့် ဖြစ်လာရင်တောင် ယင်နတ်ဆိုးခန်းမကို မစဥ်းစား မဆင်ခြင်ဘဲ ရွေးချယ်မှာ မဟုတ်ဘူး။ နှိုင်းယှဥ်ချင့်ချိန်ပြီးမှ ​အဆင်ပြေမယ့်နေရာကို ရွေးချယ်ဖို့ ကြိုတွေးထားတယ်။ ယင်နတ်ဆိုးခန်းမမှာ သူ့ကို တချိန်က ရန်စစော်ကားခဲ့တဲ့ ဝူလျှို့ ရှိနေတာ စုန့်ဝမ် မှတ်မိတယ်။ အခါအခွင့် ကြုံဆုံလာရင်တော့ ရန်ကြွေးရှင်းရတာပေါ့လေ။

ယွမ်ချန်နဲ့ တခြားအလောင်းခွဲစိတ်သူတွေက ထွက်သွားတဲ့ စုန့်ဝမ်ကို ကြည့်ရင်း နည်းနည်းတော့ အံအားသင့်နေတယ်။ အလောင်းခွဲစိတ်ဂူက အန္တရာယ် များတယ်။ အထူးသဖြင့် စုန့်ဝမ်လို ချီစုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူအတွက်ပေါ့။ သွေးစွမ်းအင်တွေ၊ အငြိုးကြီးဝိညာဥ် အပိုင်းအစတွေက ကောင်းကောင်း ဒုက္ခပေးမှာ။ စုန့်ဝမ်အတွက် အဲဒီအရာတွေက အန္တရာယ် မဟုတ်ဘဲ အရင်းအမြစ်တွေ ဖြစ်နေတာ သူတို့ မရိပ်မိခဲ့ဘူး။ တစ်လ၊ နှစ်လအတွင်း နတ်ဆိုးစွဲကပ်ပြီး အလောင်းရုပ်သေးဖြစ်မယ်လို့ ထင်ထားတဲ့ကြားက ၆ လပြည့်တဲ့အထိ ကောင်းကောင်းမွန်မွန် ရှိနေလို့ အံသြနေကြတာ။ ဒါတောင် စုန့်ဝမ်က ကျင့်ကြံမှုကို ဖိနှိပ်ထားလို့ ချီစုစည်းခြင်း တတိယအဆင့် ရောက်နေတာ မသိကြလို့၊ သိရင် ပိုပွဲဆူသွားနိုင်တယ်။

…………….

နောက်ပိုင်းလတွေမှာ စုန့်ဝမ်လည်း နေ့စဥ်အလုပ်အချိန်ဇယားအတိုင်း လုပ်ကိုင်ဖြတ်ကျော်နေခဲ့တယ်။

တစ်နေ့တော့ သူမျှော်လင့်နေတဲ့နေ့ရက် ရောက်လာခဲ့ပြီ။ ဒီနေ့က စုန့်ဝမ် အလောင်းခွဲစိတ်လိုဏ်ဂူမှာ အလုပ်ဝင်တာ ၉ လပြည့်တဲ့နေ့ ဖြစ်သလို၊ အလောင်းနတ်ဆိုးဂိုဏ်းကို ဝင်ရောက်ခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့လည်း ဖြစ်တယ်။

နေ့လည် အလုပ်ပြီးလို့ ထောက်ပံ့ကြေးထုတ်နေချိန် ဆက်သွယ်ရေးအဆောင်ထဲ သတင်းပို့ချက်တစ်ခု ဝင်လာတယ်။ ဒီနေ့ နေမဝင်ခင် ပြင်ပရေးရာခန်းမဆီ လာရောက်သတင်းပို့ပြီး ဂိုဏ်းတာဝန်တစ်ခု လက်ခံရမယ်တဲ့။ စည်းမျဥ်းအရ အပြင်စည်းတပည့်တိုင်း တစ်နှစ်မှာ တစ်ကြိမ် ဂိုဏ်းကပေးအပ်တဲ့တာဝန် ထမ်းဆောင်ရတယ်။ ပျက်ကွက်ရင် ပြင်းထန်တဲ့ပြစ်ဒဏ် ကျခံရမယ်။

စုန့်ဝမ်လည်း တုံ့ဆိုင်းမနေတော့ဘဲ ပြင်ပရေးရာခန်းမဆီ သွားခဲ့တယ်။ ခန်းမရောက်​တော့ သူ့လိုပဲ တာဝန်လက်ခံယူဖို့ ရောက်နေတဲ့ အပြင်စည်းတပည့်တချို့ တွေ့ရတယ်။ လူတော့ သိပ်မများဘူး။

ခန်းမထဲ ရောက်တာနဲ့ အပြင်စည်းတပည့် တာဝန်ချထားရေးကိုင်တဲ့ စာရေးဆီ တန်းသွားပြီး တံဆိပ်ပြား ပေးလိုက်တယ်။

“အပြင်စည်းတပည့်ကျိယင် ဂိုဏ်းတာဝန် လက်ခံဖို့ စီနီယာကို သတင်းပို့ပါတယ်”

စာရေးက ချီစုစည်းခြင်း သတ္ထမအဆင့်လောက်ပဲ ရှိဦးမယ်၊ အသက်တော့ နည်းနည်းကြီးနေပြီ။ ကျင့်ကြံမှုအဆင့်နိမ့်ပြီး၊ အသက်ကြီးတဲ့ကြားက ခန်းမစာရေးရာထူး ရထားတယ်ဆိုတော့ နောက်ခံကောင်းတာ သေချာတယ်။

စာရေးကြီးက စုန့်ဝမ်ကို အထင်သေးတဲ့အကြည့်နဲ့ အေးစက်စက် ကြည့်လိုက်တယ်။ သူက ဂိုဏ်းမှာ အဆက်အသွယ် မရှိ၊ ရင်းမြစ်မရှိတဲ့ တစ်ကောင်ကြွက်ငမွဲတွေကို အထင်သေးတယ်။ ညစ်ထုတ်စရာ ဘာတစ်ခုမှ မရှိတဲ့ ဒီလိုလူတွေ အသုံးဝင်တာဆိုလို့ အန္တရာယ်များတဲ့တာဝန်တွေ ပေးလို့ရတာပဲ ရှိတယ်။ လူတိုင်းသာ အဆက်အသွယ်ရှိနေရင် အန္တရာယ်ကြီးတဲ့တာဝန်တွေ ဘယ်တော့မှ ပြီးမြှောက်မှာ မဟုတ်ဘူး။ စာရေးက စုန့်ဝမ်ကို အမဲတစ်ကောင်လို ကြည့်ရင်း စားပွဲပေါ်က စာအုပ်ဖွင့်ပြီး ပေးသင့်တယ်ထင်တဲ့တာဝန်ကို ရှာလိုက်တယ်။

အကင်းပါးတဲ့စုန့်ဝမ်ကလည်း စာရေးကြီးမျက်လုံးထဲက မကောင်းတဲ့ အရိပ်အယောင်တွေကို သတိထားမိတယ်။ နှစ်ဘဝစာ ရှင်သန်နေသူပီပီ ဘာလုပ်ရမယ်ဆိုတာ သိတာပေါ့။ ထောက်ပံ့ကြေး ရလာတဲ့အထဲက အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၀ လုံး ထုတ်​ယူပြီး စာရေးလက်ထဲ ထည့်ပေးလိုက်တယ်။

“တပည့်က ဂိုဏ်းထဲဝင်တာ တစ်နှစ်ပဲရှိသေးလို့ ခွန်အားနည်းပါတယ်။ စီနီယာအနေနဲ့ သင့်တော်သလို ငဲ့ညှာစီစဥ်ပေးဖို့ တောင်းဆိုပါတယ်”

စာရေးက ပမာဏ သိပ်မများပေမယ့် ထောက်ပံ့ကြေးရဲ့တစ်ဝ​က်အထိ ထုတ်ပေးလာတဲ့ စုန့်ဝမ်ကို နည်းနည်းသဘောကျသွားတယ်။ သိတတ်တဲ့ကောင်ဆိုတော့ နည်းနည်းပါးပါး မျက်နှာသာပေးရမှာပေါ့။

“အင်း .. ဆေးဝါးခန်းမမှာ ဝိညာဥ်ဆေးပင် စာရင်းစစ်တာဝန်တစ်ခု ရှိတယ်။ ဒါက မင်းလို လူသစ်အတွက် သင့်တော်တယ်။ တာဝန်ကျရာက ဂိုဏ်းရဲ့ အနောက်မြောက်ဘက် မိုင် ၆၀၀ ဝေးတဲ့ အဆိပ်​မြူခိုးရွှံ့တောမှာ ….”

စာရေးကြီးက လာဘ်ငွေမျက်နှာကြောင့် သေချာရှင်းပြနေတယ်။

တာဝန်က ရိုးရိုးရှင်းရှင်းပါပဲ။ အဆိပ်မြူခိုးရွှံ့တောက တစ်နှစ်ပတ်လုံး အဆိပ်ငွေ့တွေ ပျံ့လွင့်နေတဲ့နေရာ။ အဲဒီမှာ သက်တံဆေးမြစ်ဆိုတဲ့ အဖိုးတန်ဝိညာဥ်ဆေးပင် ပေါက်တယ်။ ဒီဆေးပင်က နက်နဲချီဆေးလုံးနဲ့ အ​ခြေခံတည်ဆောက်ခြင်းဆေးလို့ အဆင့်မြင့်ဆေးတွေ ဖော်စပ်ရာမှာ အရေးပါတဲ့အမယ်တစ်ခု ဖြစ်တယ်။ ဒါကြောင့် အလောင်းနတ်ဆိုးဂိုဏ်းက အဲဒီနေရာကို ဝိညာဥ်ဆေးစိုက်ခင်း ဖန်တီးစိုက်ပျိုးခဲ့တယ်။ ထိန်းသိမ်းစောင့်​ရှောက်ဖို့အတွက် ဂိုဏ်းနဲ့ နက်ရှိုင်းခိုင်မာတဲ့ ဆက်ဆံရေးရှိသူ ယန်မိသားစုကို တာဝန်ချထားတယ်။

ယန်မိသားစု အလွဲသုံးစား မလုပ်နိုင်အောင် ၂ နှစ်တစ်ကြိမ် တပည့်တွေ စေလွှတ်ပြီး စစ်ဆေးတယ်။ ဒီတာဝန်က တစ်ယောက်တည်းဆို မသမာမှု ကျူးလွန်မှာစိုးလို့ တပည့်နှစ်ယောက် စေလွှတ်တယ်၊ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်က ခေါင်းဆောင်၊ ချီစုစည်းခြင်း အစောပိုင်းဖြစ်ဖြစ် အလယ်အဆင့်ဖြစ်ဖြစ်က အကူ။ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ တင်းကြပ်ရက်စက်တဲ့ အုပ်ချုပ်မှုကြောင့် ယန်မိသားစုလည်း ဘယ်တုန်းကမှ အလွဲသုံးစား မပြုရဲခဲ့လို့ ဒါက အန္တရာယ် မရှိတဲ့ သာမန်လုပ်ရိုးလုပ်စဥ်လို ​ဖြစ်ပြီး၊ အလိုက်သိတဲ့တပည့်တွေ လက်ခံခွင့်ရလေ့ ရှိတယ်။

“နောက်သုံးရက်မြောက်နေ့ မနက် ၉ နာရီ ဆေးဝါးခန်းမက အကြီးအကဲရှန်ဆီ သွားသတင်းကူပို့လိုက်။ သူက အသေးစိတ် ရှင်းပြပြီး မင်းနဲ့အတူ တာဝန်ကျတဲ့သူနဲ့ တွေ့ပေးလိမ့်မယ်။ အချိန်အတိအကျ ရောက်အောင်သွားဖို့ မမေ့နဲ့”

“ကျေးဇူးတင်ပါတယ် စီနီယာ”

စုန့်ဝမ်လည်း အပြင်စည်းတပည့်တံဆိပ်နဲ့ တာဝန်တံဆိပ်ကို လက်ခံယူပြီး ပြန်ထွက်လာခဲ့တယ်။

……

၃ ရက်နေမှ ခရီးထွက်ရမှာဆိုတော့ ဒီကြားထဲ လိုအပ်မယ်ထင်တာတွေ ပြင်ဆင်ဖို့ စုန့်ဝမ် ရည်ရွယ်ထားတယ်။ တာဝန်က အန္တရာယ်ကင်းပြီး လွယ်ကူတယ်ဆိုပေမယ့် တစ်ခုခုဖြစ်ရင် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး။

ခရီးမထွက်ခင်မှာပဲ စုန့်ဝမ် ကျင့်ကြံနေရင်း ပိတ်ဆို့နေတဲ့ အတားအဆီးကို ချိုးဖျက်ပြီး ချီစုစည်းခြင်း စတုတ္ထအဆင့်ကို ရောက်ရှိခဲ့တယ်။ ဒါက ချီစုစည်းခြင်း အလယ်အဆင့်ရောက်ပြီး ကျင့်ကြံသူစစ်စစ် ဖြစ်လာတာပဲ။ ကျိုးယင် တစ်သက်လုံး မျှော်လင့်ခဲ့ရတဲ့အဆင့်ကို စုန့်ဝမ် တစ်နှစ်တည်းနဲ့ ရောက်လာခဲ့ပြီ။

ဒါက သေမျိုးလောကမှာနေရင် ဖြစ်လာနိုင်တဲ့အရာ မဟုတ်ဘူး။ သူ့ရဲ့ ဆဋ္ဌမအဆင့်ဝိညာဥ်အမြစ်နဲ့ ပေါကြွယ်ဝတဲ့အရင်းအမြစ်တွေအပြင် ကျင့်ကြံမှုနည်းပညာတွေ ရရှိတာကြောင့်သာ ဖြစ်လာခဲ့တာ။ ပတ်ဝန်းကျင်နဲ့ နောက်ခံက အ​ရေးကြီးတယ်။ ယင်နတ်ဆိုးခန်းမသခင်ရဲ့ မြေးတပည့်ဝူစွေ့ဆို ဆယ်နှစ်သားမှာတင် ချီစုစည်းခြင်း သတ္တမအဆင့် ရောက်ရှိပြီး အခြေတည်အဆင့်ကို မျှော်မှန်းနေပြီ မဟုတ်ပါလား။

စုန့်ဝမ်အတွက် အလာင်းခွဲစိတ်လိုဏ်ဂူကနေ သွေးအဆီအနှစ်တွေ လိုသလောက် ခိုးယူရရှိနေတာ တကယ့်ကို ကံကောင်းခြင်းတစ်ရပ်ပဲ။ အလောင်းဘုရင်သွေးသန့်စင်နည်းပညာကလည်း သူနဲ့ ကွက်တိပဲ။ ခန္ဓာကိုယ်သန့်စင်ပညာရဲ့သဘောဖြစ်တဲ့ စိတ်ဝိညာဥ်ပစ္စည်းတွေ၊ ဝိညာဥ်သားရဲတွေနဲ့ လူသား​တွေဆီက ချီနဲ့ သွေး စုပ်ယူသန့်စင်တာက စုန့်ဝမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားနဲ့ လိုက်ဖက်ညီပြီး အင်မတန် အကျိုးများစေခဲ့တယ်။ မဟုတ်ရင် အချိန်တိုအတွင်း စတုတ္ထအဆင့်ကို ရောက်စရာ အကြောင်းမရှိဘူး။

အဆင့်ချိုးဖျက်နိုင်ခဲ့ပေမယ့် ကျင့်ကြံမှုကို ဖိနှိပ်ပြီး ဒုတိယအဆင့်မှာပဲ ထိန်းထားခဲ့တယ်။ အခုထိ ဖုံးကွယ်ထားတဲ့ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်မြင်နိုင်သူ မရှိသေးလို့ အဆင်ပြေနေတယ်။ ဒါ​ပေမယ့် အဆင့်မြင့် ကျင့်ကြံသူတွေနဲ့ မဆုံဖူးသေးလို့ ဘယ်လောက်ထိ ဖုံးကွယ်နိုင်မယ်ဆိုတာ တပ်အပ်သေချာမသိ ဖြစ်နေတယ်။

အဆင့်ချိုးဖျက်ပြီးတာနဲ့ တိုက်ခိုက်ရေးအပိုင်း အားဖြည့်ဖို့ စဥ်းစားတယ်။ အခုမှ တိုက်ခိုက်ရေးပညာ ထပ်လေ့လာဖို့ မဖြစ်နိုင်တော့ မှော်အဆောင်တွေ အသုံးချဖို့ပဲ ရှိတော့တယ်။ အားရင် အားသလို ရေးဆွဲထားတဲ့အဆောင်တွေက အတော်များနေပြီ။ မီးတောက်အဆောင် အခု ၅၀ ကျော်၊ ဒိုင်းကာအဆောင် ၂၀ ကျော် ရှိတယ်။ ဒါတွေက ပထမအဆင့်မှော်အဆောင်ဆိုတော့ အရေအတွက် အားပြုအသုံးချရမှာ။ တစ်ခုချင်းစီဆို မသိသာပေမယ့် ဆယ်ခုလောက် တပေါင်းတည်း သုံးလိုက်ရင် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တောင် ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ သေချာတယ်။

……..

All Chapters