← Chapters

ပွဲမဝင်ခင် ကြိုပြင်ဆင်

Vol. 4 Ch. 48

ပွဲမဝင်ခင် ကြိုပြင်ဆင်

Vol. 4 Ch. 48

မှော်အဆောင်တွေ ပြီးတာနဲ့ အတောင်မာကူတွေကို စစ်တယ်။ ခုဆို ဝမ်းမည်းအတောင်မာကူ ၂၁ ကောင် ရှိနေပြီ၊ အစောပိုင်း ၅ ကောင်ဆို ချီစုစည်းခြင်း ပဥ္စမအဆင်နဲ့ ညီမျှတဲ့အင်အား ပိုင်ဆိုင်နေပြီ။ မွေးမယ်ဆို ထပ်မွေးနိုင်ပေမယ့် အရင်းအမြစ်ကုန်ကျမှု မတတ်နိုင်လို့ ဒီလောက်နဲ့ ရပ်ထားရတာ။ အခု ဝမ်းမည်းအတောင်မာကူ ၂၁ ကောင်နဲ့တင် တစ်ရက်ကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀ နဲ့ တစ်လကို ၆၀၀ ကုန်တယ်။ ဒါက ကြီးမားလွန်းတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့ သာမန်အတောင်မာကူဆို မွေးတောင် မမွေးတော့ဘူး။

ကူပိုးကောင်တွေကို ထိန်းချုပ်ရတာကလည်း စိတ်စွမ်းအင် ကုန်ခမ်းတယ်။ လက်ရှိ ၂၁ ကောင်က တပြိုင်တည်း ထိန်းချုပ်နိုင်တဲ့ ပမာဏနား ကပ်နေပြီ။ ဒါတောင် တားမြစ်ဝိညာဥ်နည်းစနစ်ကြောင့် စိတ်ဝိညာဥ် အားကောင်းလို့ ထိန်းနိုင်တာ။ ကျင့်ကြံမှုက စတုတ္ထအဆင့်ပေမယ့် စိတ်ဝိညာဥ်စွမ်းအင်က သတ္တမအဆင့်နဲ့ ညီနေပြီ။

စိတ်စွမ်းအား တိုးတက်လာတာက မှတ်ဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်းပါ တိုးတက်လာစေတယ်။ ဒီလိုနဲ့ ကျင့်ကြံမှုပါ တိုးတက်နှုန်း မြန်လာတယ်။ အရင်က စာအုပ်ဖတ်ရင်း ကျင့်ခဲ့ရလို့ အလောင်းဘုရင်သွေးသန့်စင်ပညာ တိုးတက်မှု နှေးခဲ့တယ်။ အဆင်မပြေတာတွေ ကြုံရတယ်။ စိတ်စွမ်းအား တိုးတက်လာတော့မှ နားလည်နိုင်စွမ်း တိုးလာပြီး အဆင်ပြေ ချောမွေ့ခဲ့တာ။

စိတ်ဝိညာဥ်စွမ်းအားကို အခြေခံတဲ့ မှောင်အဆောင်ပညာဆို အရှိန်အဟုန်နဲ့ကို တိုးတက်လာတယ်။ ရေးဆွဲရာမှာ လျင်မြန်လာသလို အသုံးချရာမှာလည်း မြန်လာတယ်။ ချီစုစည်းခြင်း စတုတ္ထအဆင့်တွေ မီးတောက်အဆောင် အသက်သွင်းဖို့ အသက်တစ်ရှိုက်စာ ကြာပေမယ့် စုန့်ဝမ်က အချိန်တစ်ဝက်ပဲ လိုတယ်။ ဒိုင်းကာအဆောင် အ​သက်သွင်းဖို့ ပုံမှန်ဆို အသက်နှစ်ခါရှိုက်စာ လိုပေမယ့် စုန့်ဝမ်က တစ်ခါစာပဲ လိုတယ်။

သိသိသာသာ တိုးတက်လာပေမယ့် စုန့်ဝမ် အားမရသေးဘူး။ လိုအပ်တာ ထပ်ဖြည့်ဖို့ စဥ်းစားတွက်ချက်နေတယ်။ ပထမဆုံး အားနည်းချက်က အနီးကပ်တိုက်ခိုက်နိုင်စွမ်း အားနည်းတာ၊ ဒါကြောင့် ခံနိုင်ရည်မြင့်ဖို့ အလောင်းဘုရင်သွေးသန့်စင်နည်းနဲ့ အဆင့်နိမ့်ဝိညာဥ်လက်နက်ဖြစ်တဲ့ အရိုးသန့်စင်ဓားကို ကျွမ်းကျင်လာအောင် လေ့ကျင့်တယ်။ ခက်တာက ဓားနည်းစနစ် မပိုင်ဆိုင်တာပဲ၊ ကာလတိုအတွင်း သင်ယူဖို့ မဖြစ်နိုင်လို့ တစ်ချက်ကောင်းသုံးဖို့ပဲ တွေးထားတယ်။

အဝေးတိုက်ခိုက်ချက်အတွက်က မှော်အဆောင်နဲ့ အတောင်မာကူတွေ​က လုံလောက်တယ်။ ထွက်ပြေးဖို့အတွက် ပျံသန်းခြင်းနည်းစနစ်နဲ့ သွေးလွတ်မြောက်ခြင်းနည်းစနစ်တွေ ရှိတယ်။ အသက်လုတိုက်ခိုက်ဖို့က သွေးစတေးနည်းစနစ် ရှိတယ်။ အားလုံးနီးပါးက ကျွမ်းကျင်နေပြီ။ ချီစုစည်းခြင်း အလယ်လွှာရောက်မှ အသုံးပြုနိုင်တဲ့ ပျံသန်းခြင်းနည်းစနစ်က လေ့ကျင့်တာ ၂ ရက်ပဲ ရှိသေးတော့ သိပ်မကျွမ်းသေးတာပဲ ရှိတယ်။

စဥ်းစားနေရင်း လိုဏ်ဂူထောင့်မှာ ရှိတဲ့ အနီရောင်အခေါင်းကြီးဆီ စုန့်ဝမ်အကြည့်​ ရောက်သွားတယ်။ ဒီထဲမှာ အ​လောင်းရုပ်သေး ရှိတယ်။ လွန်ခဲ့ ၂ လက အလောင်းရုပ်သေး စီရင်ဖို့ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် အလောင်းတစ်လောင်း ဝယ်ခဲ့တယ်။ အဲဒီအချိန်က သူကိုယ်တိုင် တတိယအဆင့်ပဲ ရှိသေးတော့ အလောင်းရုပ်သေး သန့်စင်ရင် အားနည်းတဲ့ သာမန်အလောင်းရုပ်သေးပဲ ဖြစ်မှာ နားလည်လို့ အချိန်စောင့်နေခဲ့တာ။ ချီစုစည်းခြင်း စတုတ္ထအဆင့် ရောက်ရှိတော့မှ သန့်စင်ခဲ့တယ်။ ဝယ်လာတည်းက အထူးပြင်ဆင်ထားတဲ့ အခေါင်းထဲမှာ လူ့သွေးနဲ့ ယင်ဓာတ်ဝိညာဥ်ပစ္စည်းတွေ ပါရှိပြီးသား။ အလောင်းပေါ်မှာ အစီအရင်နဲ့ အဆောင်တွေလည်း မြုပ်နှံ့ထည့်သွင်းပြီးပြီ။ သန့်စင်သူက အလောင်းချီ ထည့်သွင်း သန့်စင်ရုံပဲ။

ခရီးမထွက်ခင် တစ်ရက်အလိုဆို သန့်စင်တဲ့လုပ်ငန်းစဥ် ပြီးဆုံးပြီး အသုံးချဖို့ အသင့်ဖြစ်ပြီ။ ရလာမယ့် အလောင်းရုပ်သေးက အနိမ့်ဆုံး ချီစုစည်း​ခြင်း စတုတ္ထအဆင့်အင်အား ပိုင်ဆိုင်လိမ့်မယ်။ နောက်ပိုင်းမှာ ယင်ဓာတ်ဝိညာဥ်ပစ္စည်းတွေ အသုံးချသန့်စင်ပြီး အင်အားထပ်မြှင့်လို့ ရသေးတယ်။ စုန့်ဝမ်က ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံမှုကို ထုတ်ပြထားတာဆိုတော့ ဒီရုပ်သေးနဲ့ လိုက်လျောညီထွေ ရှိတယ်။

အားလုံးခြုံ​ကြည့်ရင် အသင့်ဖြစ်နေပြီဆိုပေမယ့် စုန့်ဝမ်စိတ်ထဲ တစ်ခုခု လိုနေသလို ခံစားမိနေတယ်။ အကာအကွယ်အပိုင်းက နည်းနည်းများ အားနည်နေလားလို့။ ဒိုင်းကာအဆောင်နဲ့ ဒိုင်းကာမန္တန် ရှိပေမယ့် ပထမအဆင့် အဆင့်နိမ့်ဆိုတော့ ချီစုစည်းခြင်း အလယ်အလွှာရှိသူ တိုက်ခိုက်လာရင် ကာကွယ်ဖို့ မလွယ်ဘူး။

နောက်ဆုံးတော့ စိတ်ချရအောင် ကာကွယ်ရေးအပိုင်း အားဖြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းပဲ အနက်ရောင်ဝတ်ရုံ ခြုံလွှမ်းပြီး တောင်ခြေစျေးကို ထွက်လာခဲ့တယ်။ စျေးရောက်တာနဲ့ လက်နက်ကိရိယာဆိုင်ကြီးတစ်ဆိုင်ထဲ ဝင်လိုက်တယ်။

“လူကြီးမင်း .. ဘာများ အလိုရှိပါသလဲရှင့်”

ချိုသာတဲ့အသံနဲ့အတူ အရောင်းဝန်ထမ်း မိန်းမချောတစ်ယောက် အနားရောက်လာတယ်။ အရောင်းဝန်ထမ်း မိန်းမချောက ချီစုစည်း​ခြင်း ကနဦးအဆင့်အော်ရာပဲ ပိုင်ဆိုင်ထားတယ်။ ခန္ဓာကိုယ်က ပြည့်ဖြိုးတောင့်တင်းပြီး အဝတ်အစားက ​အတော့်ကို ပါးလွှာသလို ရင်ဘက်နေရာက ဟိုက်လွန်းတယ်။ ဂါဝန်ကလည်း ပေါင်ရင်းထိ ခွဲထားတော့ လမ်းလျှောက်တာနဲ့ ပေါင်တံ​ဖြူဖြူလေးက ဖွေးခနဲပဲ။

အနားရောက်လာပြီး ခါးကို နည်းနည်းညွှတ်ပြီး ဦးညွှတ်လိုက်တော့ ရင်ဟိုက်ဝတ်စုံက ထွက်ပြူလာတဲ့မြင်ကွင်းကြောင့် စုန့်ဝမ် ရင်တဒိန်းဒိန်း ခုန်သွားတယ်။ အကြည့်လည်း မနည်းလွှဲလိုက် ရတယ်။ သောက်ကျိုးနည်း .. ကျင့်ကြံမှုလောကမှာ ဒီလိုအရောင်းဗျူဟာလည်း သုံးတာပဲလား။

စုန့်ဝမ် စိတ်ကို မနည်းထိန်းပြီး လာရင်းအကြောင်း ပြောလိုက်တယ်။

“အဟမ်း .. အဟမ်း။ ဒီလိုပါ ခုခံကာကွယ်ရေးလက်နက်ပစ္စည်းတွေ ဝယ်ချင်လို့”

“ဟုတ် ရှိပါတယ်ရှင့် .. ကျမနောက်က လိုက်ခဲ့ပါနော်”

အရောင်းဝန်ထမ်းမိန်းမချောက ချိုချိုသာသာပြောရင်း ရှေ့ကနေ လှုပ်လီလှုပ်လဲ့ ထွက်သွားတယ်။

စုန့်ဝမ်လည်း ငေးမော​ရင်း လိုက်သွားလိုက်တာ ဘေးဘီဝဲယာမှာ ဘာပစ္စည်းတွေ ခင်းကျင်းထားလဲတောင် မသိလိုက်ဘူး။ မိန်းမချောဆီက ဘာရယ်မသိတဲ့ အမွှေးရနံ့လေးကလည်း ညို့ငင်နိုင်စွမ်း အပြည့်ပဲ။

မိန်းမချောလေးက ပြခန်းတစ်ခုဆီ ရောက်တော့ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေအကြောင်း ရှင်းပြတယ်။

“လူကြီမင်း .. ကြည့်ပါဦး။ ဒီဒိုင်းသေးသေးလေးက အဆင့်နိမ့်ပစ္စည်းထဲ အရည်အသွေးအကောင်းဆုံးပဲရှင့်။ လက်တစ်ဖဝါးစာပဲ ရှိပေမယ့် ဝိညာဥ်စွမ်းအင် ထည့်လိုက်တာနဲ့ လူတစ်ယောက်ကို လုံလုံခြုံခြုံ ကာကွယ်နိုင်တဲ့အထိ ကြီးမားလာလိမ့်မယ်။ ချီစုစည်းခြင်း စတုတ္ထအဆင့် တိုက်ခိုက်တာကို ခံနိုင်ပါတယ်”

“ဒါလေးက ပထမအဆင့် ဝတ်ရုံလေးပါ။ ဝတ်ဆင်သူအရွယ်အစားနဲ့ ကွက်တိချိန်ညှိနိုင်ပါတယ်”

“ဒါလေးက တစ္ဆေအလံပါရှင့်၊ သူကတော့ …”

အရောင်းဝန်ထမ်းအမျိုးသမီးက ချိုသာတဲ့အသံလေးနဲ့ ရှင်းပြနေပေမယ့် စုန့်ဝမ်က လန့်နေပြီ။ စောစောက ငမ်းနေတဲ့ဖီလင်တောင် ပျောက်သွားပြီ။ သူက ချီစုစည်းခြင်း တတိယအဆင့်ကို ထုတ်ဖော်ထားတယ်။ ဒီမိန်းမက ကနဦးအဆင့်။ သူပြနေတာတွေက ချီစုစည်းခြင်း အစောပိုင်းအဆင့်နဲ့ လိုက်ဖက်ညီတာတွေချည်းပဲ။ ဒါဆို သူက တတိယအဆင့်ဆိုတာ ဘယ်လိုသိသွားတာလဲ။ ကနဦးအဆင့်သမားက သိမြင်နိုင်စရာအကြောင်း မရှိဘူးလေ။ ဒီမိန်းမလည်း ကျင့်ကြံမှုအဆင့် ဖုံးဖိထားပြီး သူ့ထက် အဆင့်မြင့်တယ်ဆိုတာ စုန့်ဝမ် ရိပ်မိသွားတယ်။

ဒါက သူ့ကို အန္တရာယ်ပေးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ အလုပ်သဘောအရ ဖုံးဖိထားတာ ဖြစ်မယ်လို့ တွေးမိတော့မှ စုန့်ဝမ် စိတ်သက်သာရာ ရသွားတယ်။ သူ့ထက် ကျင့်ကြံမှု မြင့်နေတော့ မစပ်စုရဲတော့ဘဲ ဝိညာဥ်စွမ်းအင်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်တယ်။

“ဒါက အဆင့်နိမ့်တွေမလား၊ အလယ်အလတ်အဆင့်တွေရော ရှိလား”

…….

All Chapters