← Chapters

ညို့ငင်ဖမ်းစားပညာ

Vol. 4 Ch. 49

ညို့ငင်ဖမ်းစားပညာ

Vol. 4 Ch. 49

“အော် .. အလယ်အလတ်အဆင့် လိုချင်တာလား”

အမျိုးသမီးက စုန့်ဝမ်ကို အံသြသလို ကြည့်လိုက်တယ်။ ကြည့်ရတာ သာမန်ဂိုဏ်းတပည့်ပုံစံပါပဲ။ သတိကြီးတာကလွဲရင် ထူးထူးခြားခြား မရှိသလို ကျင့်ကြံမှုကလည်း နိမ့်တယ်။ ဒီလိုလူစားက သူဆွဲဆောင်တာကို တွန်းလှန်နိုင်တာကြောင့် စိတ်ဝင်စားသွားတယ်။

အမျိုးသမီးက စုန့်ဝမ်ကို အနီးနားက ကောင်တာတစ်ခုစီ ခေါ်သွားပြီး ပစ္စည်းတွေကို ပြတယ်။

“ဒါက အလယ်အလတ်အဆင့် လက်နက်ကိရိယာတွေပါ။ တစ်ခုချင်းစီ ရှင်းပြပေးမယ်နော်”

“ဒီဒိုင်းအသေးလေးက ဘယ်စျေးလဲ”

အမျိုးသမီး ရှင်းမပြခင် စုန့်ဝမ်က ဒိုင်းသေးသေးလေးတစ်ခုကို လက်ညိုးထိုးပြရင်း မေးလိုက်တယ်။ ဒိုင်းက တစ်လက်မအရွယ်ပဲ ရှိတယ်။ မည်းနက်တောက်ပပြီး ရှေ့မျက်နှာစာမှာ ထွင်းထုထားတဲ့ တစ္ဆေဦးခေါင်းရုပ်ကလည်း အသက်ဝင်လွန်းတယ်။ ခုန်ထွက်ပြီး တိုက်ခိုက်တော့မယောင် ထင်ရတယ်။

အမျိုးသမီးက ဒိုင်းကို တစ်ချက်လှမ်းကြည့်ပြီး စုန့်ဝမ်ကို ညို့ငင်ဆွဲဆောင်အား ကောင်းလွန်းတဲ့အပြုံးလေးနဲ့ ရှင်းပြတယ်။

“လူကြီးမင်းက တကယ်မျက်စိလျင်တာပဲ။ ဒါက တစ္ဆေဦးခေါင်းဒိုင်းလို့ ခေါ်တယ်။ ယင်ဝိညာဥ်ကျောက်ကို အခြေခံပြီး တန်ဖိုးကြီးပစ္စည်း ဆယ်မျိုးကျော်နဲ့ ပေါင်းစပ်စီရင်ထားတာ။ အထဲမှာ ချီစုစည်းခြင်း ပဥ္စမအဆင့်နဲ့ ညီမျှတဲ့ စွမ်းအားကြီးတစ္ဆေတစ်ကောင်ပါ ထည့်ထားတယ်။ ခုခံရုံတင်မကဘူး၊ တိုက်ခိုက်ရေးစွမ်းအားပါ ရှိတယ်။ စျေးနှုန်းက အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀၀ ပါ”

စျေးနှုန်းကြောင့် စုန့်ဝမ် အံအားသင့်သွားတယ်။ စျေးကြီးမယ်ထင်တာ စျေးပေါလွန်းလို့လေ။ တွေ့ဖူးသမျှ အလယ်အလတ်အဆင့်လက်နက်ဆို အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀၀ နဲ့ ၃၀၀ ကြား ရှိတယ်။ ကာကွယ်ရေးပစ္စည်းဆို စျေးပိုကြီးတယ်၊ အဆင့်နိမ့်ဝိညာဥ်ကျောက် ၃၀၀ ဆိုတာ အနိမ့်ဆုံးပဲ။ ဒီဟာက စွမ်းအားကြီး တစ္ဆေပါ ထည့်သွင်းထားလို့ စျေးပိုကြီးရမှာလေ။

စုန့်ဝမ်လည်း ပစ္စည်းက စျေးပေါသလို၊ ဒီအမျိုးသမီးနား ကြာကြာ မနေချင်တာကြောင့် အမြန်ဝယ်ပြီး လစ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“၁၅၀ ထားဗျာ”

“မရဘူးရှင့်၊ ကျမတို့ကအတွက် အမြတ်ချန်ရဦးမယ်။ ၂၀၀ ပဲ”

“၁၈၀”

“အင်း … ထားပါ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ ၁၈၀”

စုန့်ဝမ်လည်း ဝိညာဥ်ကျောက်တွေ ပေးချေပြီးတာနဲ့ ဒိုင်းကို ယူပြီး အမြန်ထွက်လာခဲ့တယ်။

အမျိုးသမီးက လူအုပ်ထဲ ချက်ချင်းပျောက်ကွယ်သွားတဲ့ စုန့်ဝမ်ကို လှမ်းကြည့်ရင်း နားမလည်သလို ငေးကြည့်နေမိတယ်။ ခဏနေမှ ဆိုင်အတွင်းဘက် လှည့်ပြီး လှမ်းအော်လိုက်တယ်။

“ဟေ့ .. ရှောင်ဟီ၊ ထွက်လာခဲ့”

ခဏနေတော့ အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက် အပြေးရောက်လာတယ်။

“သခင်မလေး၊ ကျမကို ခေါ်တာလား”

သခင်မလေးဆိုသူ အမျိုးသမီးက မျက်နှာတည်လိုက်ပြီး ဆက်သွယ်ရေးအဆောင် ကျောက်စိမ်းပြားကို ထုတ်ပြပြီး အေးစက်စက် ပြန်ဖြေတယ်။

“နင့်မခေါ်လို့ ဘယ်သူ့ခေါ်ရမှာလဲ။ ငါပြောထားတယ်လေ၊ ဝယ်သူကို ညို့ငင်နည်းစနစ်နဲ့ စမ်းသပ်နေချိန် ငါ့ကို မနှောင့်ယှက်နဲ့လို့။ အဲဒါကို ဘာဖြစ်လို့ စာတွေ ဆက်တိုက်ပို့နေတာလဲ။ ဒီနေ့ ငါကံမကောင်းဘူးဟ။ ဘာမဟုတ်တဲ့ ချီစုစည်းခြင်း တတိယအဆင့်လူကတောင် ငါဆွဲဆောင်တာ တွန်းလှန်နိုင်ရတယ်လို့”

“အား ... အဲ့လူက ဟိုဟာ အားမရှိတာလား၊ ကုန်းကုန်းလား တစ်ခုခု ဖြစ်ရမယ်။ မဟုတ်ရင် သခင်မလေး ဆွဲဆောင်တာကို ဘယ်လိုလုပ် တွန်းလှန်နိုင်မှာလဲ”

“တိတ်စမ်း၊ လျှောက်ပြောမနေနဲ့။ အဲဒီလူမှာ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ ပစ္စည်းတစ်ခုခု ပိုင်ဆိုင်ထားတာလား။ အသိစိတ်ပင်လယ် တည်ငြိမ်စေတဲ့ နည်းစနစ် တစ်ခုခု ကျင့်ကြံထားတာလား၊ ဒါပဲ ဖြစ်ရမယ်”

ရှောင်ဟီ မျက်လုံးအစုံ တောက်ပသွားတယ်။ ဒါတွေက ကျင့်ကြံမှုလောကမှာ ရှားပါးလွန်းတဲ့ အဖိုးတန်ရတနာတွေလေ။ ရှောင်ဟီ မနေနိုင်တော့ဘဲ သူ့လည်ပင်းကို လက်ချောင်းနဲ့ လှီးဖြတ်ဟန် လုပ်ပြရင်း ..

“သခင်မလေး .. လုပ်လိုက်ရအောင်”

သခင်မလေးဆိုသူက မျက်လုံးပြူးသွားပြီး အတင်းခေါင်းခါတယ်။

“ဟဲ့ .. နင်ငါ့ကို သတ်ချင်နေတာလား။ ဒါက အလောင်းနတ်ဆိုးဂိုဏ်း နယ်မြေ။ ဒီနေရာမှာ တိုက်ခိုက်သတ်ဖြတ်တာ တားမြစ်ထားတယ်။ သူက အလောင်းချီအော်ရာ ထွက်နေတော့ ဂိုဏ်းတပည့်တစ်ယောက် ဖြစ်မယ်။ ရတနာတစ်ခုခု ပိုင်ထားမှတော့ နောက်ခံရိုးရှင်းပါ့မလား။ မတော်ရင် အလောင်းရုပ်သေး ဖြစ်ကုန်မယ်၊ ထပ်မပြောနဲ့”

အလောင်းရုပ်သေးလို့ ကြားလိုက်တာနဲ့ ရှောင်ဟီ ငြိမ်ကျသွားတယ်။

“နေစမ်းပါဦး၊ နင်ခုနက ငါ့ကို ဘာပြောဖို့ လုပ်နေတာလဲ”

“အဲဒါလား၊ သခင်မလေးကို သတိပေးချင်လို့လေ။ အဲဒီ တစ္ဆေဦးခေါင်းဒိုင်းကို အများကြီး စျေးလျှော့ပေးမိမှာ စိုးရိမ်လို့ပါ။ အဲဒါက ကုန်ကျစရိတ်တင် ဝိညာဥ်ကျောက် ၂၀၀ လေ၊ ရောင်းစျေးက ၄၀၀”

“ဘာ .. သေစမ်း …”

သခင်မလေးလည်း ဆိုင်အပြင် ပြေးထွက်ပြီး စျေးတန်းထဲမှာ စုန့်ဝမ်ကို လိုက်ရှာတယ်။

အတော်ကြာတော့မှ စိတ်ပျက်လက်ပျက်နဲ့ ဆိုင်စောင့်နေတဲ့ ရှောင်ဟီဆီ ပြန်ရောက်လာတယ်။

“အာ .. ဒီတစ်ခါလည်း ရှုံးပြန်ပြီ”

“သခင်မလေး၊ ကျမတို့ ညို့ငင်ပညာ လေ့ကျင့်ဖို့ တခြားနေရာ ပြောင်းရအောင်လေ။ ဒီမှာ စျေးဆက်ရောင်းရင် ပါသမျှ ကုန်တော့မယ်”

တကယ်တော့ သူတို့က ဆိုင်မှာ ခဏအလုပ်ဝင်လုပ်နေတာ။ သခင်မလေးက ညို့ငင်ပညာ လေ့ကျင့်ရင်း စျေးရောင်းငွေရှာဖို့ ကြံထားတာ။ ဖြစ်ချင်တော့ မှတ်ဥာဏ်မကောင်း၊ ပေါ့ပေါ့ဆဆလုပ်ရင်း ညို့ငင်ပညာနဲ့ ဆွဲဆောင်ဖို့ချည်း မဲနေတော့ စျေးတွေ အလွဲလွဲ အမှားမှား ဖြစ်ပြီး အိတ်စိုက်နေရတာ၊ ၃ ရက် အတွင်း ဝိညာဥ်ကျောက် တစ်ထောင်နီးနီး ရှုံးနေပြီ။

“ဘယ်ပြောင်းပြီး လေ့ကျင့်ရမှာလဲ”

“ဟိုလေ .. မီးနီရပ်ကွက်လေ”

သခင်မလေး နည်းနည်းတော့ တွန့်သွားတယ်။

“စိတ်ကူးကတော့ ကောင်းတယ်။ ဒါပေမယ့် ငါအသင့်မဖြစ်သေးဘူး”

“အာ .. သခင်မလေးကလည်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထားမှပေါ့။ ဒီပညာလေ့ကျင့်ရင် ယောက်ျားတွေနဲ့ ကင်းလို့မှ မရတာ။ လုပ်မှတော့ တစ်ယောက်တလေ စမ်းမနေနဲ့၊ ရာချီစမ်းသပ်တာ မကောင်းဘူးလား”

“အင်း .. လုပ်မယ်ဟာ”

………

စုန့်ဝမ်က ဆိုင်ကထွက်တာနဲ့ စားသောက်ဆိုင်တစ်ခုထဲ ဝင်၊ သန့်စင်ခန်းမှာ အသွင်ပြောင်းပြီးမှ အေးအေးဆေးဆေး ဝိုင်ထိုင်သောက်နေခဲ့တယ်။ အတော်ကြာလို့ နောက်ယောင်ခံလိုက်သူ မရှိတာ သေချာမှ ထွက်ခဲ့တယ်။

စျေးထဲ တစ်ပတ်ပတ်ကြည့်ပေမယ့် သူလိုချင်တဲ့ အစွမ်းထက်ပစ္စည်းမျိုး ရှာမတွေ့ဘူး။ နောက်ဆုံးတော့ ဝယ်နေကျ ဖောက်သည်ဆို​င်တွေမှာပဲ ပြန်ရှာရတော့တယ်။

“စီနီယာရှု .. မင်းဆီမှာ ပစ္စည်းကောင်းလေး ရောင်းစရာ ရှိသေးလား”

စီနီယာရှုဆိုတာ အလောင်းနတ်ဆိုးဂိုဏ်းသား ချီစုးည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်။ သူက အပြင်သွားလာပြီး လေလွင့်ကျင့်ကြံသူတွေနဲ့ အပေါင်းအသင်းများတော့ ဗဟုသုတများသလို ပစ္စည်းကောင်းတွေ ရတတ်တယ်။ သူ့ဆီကနေ အလောင်းချီဆေးလုံး ပုံမှန်ဝယ်ရင်း စုန့်ဝမ်နဲ့ ရင်းနှီးလာတာ။

“အော် .. ဂျူနီယာကျိယင်ပါလား၊ လာလေ .. ဘာလိုချင်လို့လဲ။ အစွမ်းထက်တဲ့ဟာဆိုတာ ချီစုစည်းခြင်း နှောင်ပိုင်းနဲ့ အထွတ်အထိပ်အဆင့်တွေကို ခြိမ်းခြောက်နိုင်မယ့်ဟာမျိုးလား”

“ဟုတ်တယ် .. အကိုရှု၊ အဲဒါမျိုး ရနိုင်မလား”

“မင်းလိုချင်တဲ့ပစ္စည်းတစ်ခု ငါ့မှာ ရှိတယ်၊ ဒါပေမယ့် …”

အကိုရှုက ခဏလောက် စဥ်းစားနေပြီးမှ ဘေးဘီဝဲယာ ကြည့်ရင်း ဆက်ပြောလာတယ်။

“မင်းကိုယ်တိုင်ပဲ ကြည့်လိုက်”

……..

All Chapters